တိကနိပါတ်

၃-တိကနိပါတ်

၁-အင်္ဂဏိကဘာရဒွါဇတ္တေရဂါထာ

ဝိဇ္ဇာသိပ္ပတို့၌ တတ်မြောက်ပြီးသော အင်္ဂဏိကဘာရဒွါဇသည် ပရိဗိုဇ်ရဟန်းအဖြစ်မှ ဘုရားရှင်ကိုကြည်ညို၍ ရဟန်းပြုပြီးလျှင် ဝိပဿနာပွါးများသဖြင့် မကြာခင် ရဟန္တာ ဖြစ်သော အခါ ယခုမှဗြဟ္မဏအစစ် ဖြစ်ရကြောင်း ရွတ်ဆိုသော ဂါထာများ

၂၁၉။ မသင့်သော အကြောင်းဖြင့် သံသရာစင်ကြယ်မှု (ဘဝနိဿရဏ) ကို ရှာမှီးလျက် တော၌ မီးကိုပူဇော်ခဲ့ပြီ၊ စင်ကြယ်ကြောင်း လမ်းစဉ်ကို မသိသည်ဖြစ်၍ ပဉ္စာတပအစရှိသောအတ္တကိလမထာနုယောဂအကျင့်ကို ပြုကျင့်ခဲ့ပြီ။

၂၂ဝ။ ထိုနိဗ္ဗာန်ချမ်းသာကို သုခပဋိပဒါအကျင့်ဖြင့် ငါ ရအပ်ပြီ၊ (မြတ်စွာဘုရား) တရား တော်၏ကောင်းသော တရား၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့သို့ ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း လိုက်နာ ပြုကျင့်ပြီးပြီ။

၂၂၁။ ရှေးအခါက (ပုဏ္ဏားတို့ သမုတ်သဖြင့်) ဗြဟ္မာမင်း၏ အဆွေဖြစ်သော ဗြာဟ္မဏ ဇာတ်ရှိသူဖြစ်ခဲ့၏၊ ယခုသော်ကား (မကောင်းမှုကို အပပြုပြီးသော) ဗြာဟ္မဏအစစ် ဖြစ်ခဲ့၏၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူ၊ ကိလေသာအညစ်အကြေးတို့ကို ဆေးကြောပြီးသူ၊ (ပရမတ္ထ အားဖြင့်) ချမ်းသာခြင်းရှိသူ၊ ဝေဒဟုဆိုအပ်သော မဂ်ဉာဏ်ဖြင့် (သံသရာရေအလျဉ်၏ တစ်ဖက်ကမ်းသို့) ရောက်ပြီးသူ ဖြစ်၏။

ဤသို့လျှင် အင်္ဂဏိကဘာရဒွါဇမထေရ်သည် ရွတ်ဆို၏။

၂-ပစ္စယတ္ထေရဂါထာ

ပစ္စယမည်သော မင်းသားသည် ဘုရားရှင့်တရားကိုနာရ၍ ရဟန်းပြုကာ ရှေးကဿပဘုရားလက်ထက်ကကဲ့သို့ ဝိပဿနာပွါများသဖြင့် ထိုခဏချင်း ဥာဏ်ရင့်ကျက်သည့် အလျောက်အရဟတ္တဖိုလ်သို့ ရောက်၍ လွန်ကဲသော လုံ့လအကြောင်း ရွတ်ဆိုသော ဂါထာများ

၂၂၂။ ငါသည် ရဟန်းပြုသော နေ့မှ ငါးရက်မြောက်အတွင်း၌ အရဟတ္တဖိုလ်သို့ မရောက်သေးဘဲကျင့်ဆဲ 'သေက္ခ' သာ ဖြစ်သေး၏၊ ငါသည် ကျောင်းတွင်းသို့ ဝင်နေစဉ် စိတ်၏ တောင့်တခြင်းသည် ဖြစ်ပေါ်လာ၏။

၂၂၃။ ငါသည် တဏှာတည်းဟူသော ငြောင့်ကို မနုတ်ရသေးသမျှ မည်သည့် ဘောဇဉ် ကိုမျှမသုံးဆောင်တော့အံ့၊ မည်သည့် သောက်ဖွယ်ကိုမျှ မသောက်တော့အံ့၊ ကျောင်းအခန်းမှလည်းမထွက်တော့အံ့၊ မည်သည့် နံပါးဖြင့်မျှ မအိပ်စက်တော့အံ့။

၂၂၄။ ဤသို့ နေသော ထိုငါ၏ လွန်ကဲသော လုံ့လကို ရှုပါလော့ (ယင်းလုံ့လ၏ တန်ခိုး ကြောင့်) ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာ ပြုကျင့်ပြီးပြီ။

ဤသို့လျှင် ပစ္စယမထေရ်သည် ရွတ်ဆို၏။

၃-ဗာကုလတ္ထေရဂါထာ

သူဌေးနှစ်ဦး၏ အမွေခံ နှစ်ပေါင်း ရှစ်ဆယ်မျှ လူ့ဘဝ၌နေခဲ့သော ဗာကုလသည် ဘုရားရှင့်ထံရဟန်းပြု၍တရားအားထုတ်ရာ ရှစ်ရက်မြောက်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ အနာကင်းရာ၌ဧတဒဂ်ရပြီးနောက် ပရိနိဗ္ဗာန်ပြုကာနီးတွင် သံဃာ့အလယ်၌ အဆုံးအမပေးကာ ရွတ်ဆိုသော ဂါထာများ

၂၂၅။ အကြင်ပုဂ္ဂိုလ်သည် ငယ်စဉ်အခါက ပြုသင့်ပြုထိုက်သော အမှုကိစ္စတို့ကို နောင် အိုမင်းသောအခါမှ ပြုလုပ်ရန် အလိုရှိ၏၊ ထိုပုဂ္ဂိုလ်သည် ချမ်းသာတည်ရာ အဖြာဖြာမှ ဆုတ်ယုတ်ရ၏၊ နောင်တတစ်ဖန်လည်း ပူပန်ရ၏။

၂၂၆။ အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏၊ အကြင် အမှုကို မပြုလုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ၊ မပြုလုပ်ဘဲ ပြောဆိုသော သူကို ပညာရှိတို့ သိကြကုန်၏ (အထင်မကြီးကြကုန်)။

၂၂၇။ အကြင်နိဗ္ဗာန်၌ ဆင်းရဲအားလုံး ချုပ်ငြိမ်း၏၊ မြတ်စွာဘုရား ဟောတော်မူသော ပူဆွေးခြင်းကင်းသော, ရာဂစသော မြူကင်းသော, ဘေးကင်းသော ထိုနိဗ္ဗာန်သည် အလွန် ချမ်းသာလေစွတကား။

ဤသို့လျှင် ဗာကုလမထေရ်သည် ရွတ်ဆို၏။

၎-ဓနိယတ္ထေရဂါထာ

အိုးထိမ်းသည်သား ဓနိယသည် ပုက္ကုသာတိမင်း ပရိနိဗ္ဗာန်ပြုကြောင်းကြားရလျှင် သဒ္ဓါတရားဖြစ်ကာရဟန်းပြုပြီးနောက် ကျောင်းအတွက် ဘုရားရှင်ကဲ့ရဲ့တော်မူသည်တွင် သံဃိကကျောင်း၌ နေလျက့်ဝိပဿနာပွါးများသဖြင့် အရဟတ္တဖိုလ်သို့ ရောက်၍ တရားတစ်ခုကိုသာ ပွါးများသင့်ကြောင်း ရွတ်ဆိုသော ဂါထာများ

၂၂၈။ ရဟန်းအဖြစ်၌ ငဲ့ကွက်မှု ရှိသူသည် ချမ်သာစွာ အသက်မွေးရန် အလိုရှိပါမူ သံဃိကဥစ္စာဖြစ်သောသင်္ကန်း အဖျော် ခဲဖွယ်ဘောဇဉ်ကို မထီမဲ့မြင် မပြုရာ။

၂၂၉။ ရဟန်းအဖြစ်၌ ငဲ့ကွယ်မှု ရှိသူသည် ချမ်းသာစွာ အသက်မွေးရန် အလိုရှိပါမူ ကြွက်တွင်းကိုမှီဝဲနေထိုင်သော မြွေကဲ့သို့ ကျောင်း အိပ်ရာ နေရာကို မှီဝဲနေထိုင်ရာ၏။

၂၃ဝ။ ရဟန်းအဖြစ်၌ ငဲ့ကွက်မှု ရှိသူသည် ချမ်းသာစွာ အသက်မွေးရန် အလိုရှိပါမူ (ကောင်း, ဆိုး, ယုတ်, မြတ် မသတ်မှတ်ဘဲ) ရတတ်သမျှသော ပစ္စည်းဖြင့် ရောင့်ရဲရာ၏၊ (မမေ့မလျော့မှု) တရားတစ်ခုကိုသာလျှင် ပွါးများရာ၏။

ဤသို့လျှင် ဓနိယမထေရ်သည် ရွတ်ဆို၏။

၅-မာတင်္ဂပုတ္တတ္ထေရဂါထာ

မာတင်္ဂသူကြွယ်၏သား မာတင်္ဂပုတ္တသည် ပျင်းရိလှသဖြင့် ချမ်းသာလို၍ ဘုရားရှင့်ထံ ရဟန်းပြုကာကမ္မဌာန်းယူ၍ ဘာဝနာကို အားထုတ်သောအခါ အဘိညာဉ်အရ ရဟန္တာ ဖြစ်လျှင် ပျင်းရိခြင်းကို ကဲ့ရဲ့၊ လုံ့လရှိခြင်းကို ချီးကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၂၃၁။ ဤအခါသည် အလွန် ချမ်းအေး၏၊ ဤအခါသည် အလွန် ပူပြင်း၏၊ (ဤအခါ သည် အလွန်စောသေး၏)

ဤအခါသည် အလွန် ညဥ့်နက် (နောက်ကျ)၏၊ ဤသို့ အလုပ် ကိစ္စကို စွန့်လွှတ်ကုန်သော သတ္တဝါတို့ကို ဗုဒ္ဓုပ္ပါဒစသော အခါကောင်း အခွင့်ကောင်းတို့သည် လွန်သွားကုန်၏။

၂၃၂။ အကြင်သူသည် အချမ်းကိုလည်းကောင်း၊ အပူကိုလည်းကောင်း မြက်မှိုက်ထက် ပိုလွန်၍မထင်မှတ်၊ မအောက်မေ့။ ထိုသူသည် ယောက်ျားတို့ ပြုအပ်သော အမှုကိစ္စတို့ကို ပြုလုပ်သည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာမှ မဆုတ်ယုတ်။

၂၃၃။ ငါသည် ဆိတ်ငြိမ်မှု 'ဝိဝေက'ကို ပွါးလိုသည်ဖြစ်၍ မြေဇာမြက်ကိုလည်းကောင်း၊ သမန်းမြက်ကိုလည်းကောင်း၊ ဆူးရှိသော ချုံကိုလည်းကောင်း၊ ပန်းရင်းကိုလည်းကောင်း၊ ဖြူဆန်မြက်ပြိတ်မြက်ကိုလည်းကောင်း ရင်ဖြင့် ပယ်ရှား၍ သွားပါအံ့။

ဤသို့လျှင် မာတင်္ဂပုတ္တမထေရ်သည် ရွတ်ဆို၏။

၆-ခုဇ္ဇသောဘိတတ္ထေရဂါထာ

ခါးအနည်းငယ်ကုန်းသော ခုဇ္ဇသောဘိတသည် အရွယ်ရောက်သောအခါ သျှင်အာနန္ဒာ ထံတွင် ရဟန်းပြု၍အားထုတ်သဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်လျှင် စရည်းပင်စောင့်နတ် လျှောက်သည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

၂၃၄။ ပါဋလိပုတ်ပြည်၌ နေလေ့ရှိကုန်သော ဆန်းကြယ်သော တရားစကားကို ဟောတတ်ကုန်သော များသော အကြားအမြင်ရှိကုန်သော ရဟန်းတို့တွင် တစ်ပါးအပါအဝင်ဖြစ်သောခုဇ္ဇသောဘိတအမည်ရသော ဤအရှင်သည် စရည်းပင်ရောက်ရာ လိုဏ်တံခါး၌ ရပ်နေ၏။

၂၃၅။ ပါဋလိပုတ်ပြည်၌ နေလေ့ရှိကုန်သော ဆန်းကြယ်သော တရားစကားကို ဟောတတ်ကုန်သော များသော အကြားအမြင်ရှိကုန်သော ရဟန်းတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော ခုဇ္ဇသောဘိတ အမည်ရသော ဤအရှင်သည် လေဖြင့် ကြွလာသည်ဖြစ်၍ စရည်းပင်ရောက်ရာ လိုဏ်တံခါး၌ ရပ်နေ၏။

၂၃၆။ ဤခုဇ္ဇသောဘိတမထေရ်သည် (ကိလေသာတို့ကို) ကောင်းစွာ စစ်တိုက်ခြင်းဖြင့် လည်းကောင်း၊ အဆွေခင်ပွန်းကောင်းတို့ပေးအပ်သည့် လျောက်ပတ်သော ဓမ္မဒါနဖြင့်လည်းကောင်း၊ (အလုံးစုံသော ကိလေသမာရ် အဘိသင်္ခါရမာရ်ကို နှိမ်နင်းရာ) စစ်မြေပြင်ဝယ် အောင်ပွဲရသဖြင့် လည်းကောင်း၊ အရဟတ္တမဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်ခြင်းဖြင့် လည်းကောင်း ဤဆိုခဲ့ပြီးသော အပြားအားဖြင့်ချမ်းသာကို ခံစားရ၏။

ဤသို့လျှင် ခုဇ္ဇသောဘိတမထေရ်သည် ရွတ်ဆို၏။

၇-ဝါရဏတ္ထေရဂါထာ

တောကျောင်းမထေရ်တစ်ပါးထံ၌ တရားနာ၍ သဒ္ဓါဖြစ်ကာ ရဟန်းပြုလာသော ဝါရဏ မထေရ်သည်ဘုရားရှင့်ထံသို့ လာရာလမ်းတွင် မြွေနှင့်မြွေပါတို့ အချင်းချင်းကိုက်သတ် ကြသည်ကို မြင်ကာသံဝေဂဖြစ်နေစဉ် ဘုရားရှင်၏ သြဝါဒကို ကြားရပြန်သဖြင့် ဝိပဿနာ ပွါးများ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

၂၃၇။ ဤလောက၌ လူတို့တွင် မည်သူမဆို တစ်စုံတစ်ယောက်သော သူသည် အခြား တစ်ပါးသောသတ္တဝါတို့ကို ညှဉ်းဆဲ၏၊ ထိုသူသည် ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ချမ်းသာမှ ဆုတ်ယုတ်၏။

၂၃၈။ အကြင်သူသည်ကား မေတ္တာစိတ်ဖြင့် ခပ်သိမ်းသော သတ္တဝါတို့ကို သနားစောင့် ရှောက်တတ်၏၊ ထိုသို့သဘောရှိသော မေတ္တာဖြင့် နေလေ့ရှိသောသူသည် များစွာသော ကုသိုလ်တရားကိုပွါးစည်းစေနိုင်၏။

၂၃၉။ ကောင်းစွာ ဟောအပ်သော ပရိယတ္တိတရားကို သင်ယူရာ၏၊ ကိလေသာတို့ကို ငြိမ်းစေပြီးသောရဟန်း (အဆွေခင်ပွန်း ဒါယကာ) တို့သို့ ရံခါရံခါ ဆည်းကပ်ခြင်းကိုလည်း ပြုကျင့်ရာ၏၊ ဆိတ်ငြိမ်ရာ၌တစ်ယောက်တည်း နေခြင်းကိုလည်းကောင်း၊ စိတ်၏ ငြိမ်းချမ်းခြင်းကိုလည်းကောင်း ပြုကျင့်ရာ၏။

ဤသို့လျှင် ဝါရဏမထေရ်သည် ရွတ်ဆို၏။

၈-ဝဿိကတ္ထေရဂါထာ

ဘုရားရှင်၏ ယမိုက်ပြာဋိဟာကိုမြင်၍ သဒ္ဓါဖြစ်ကာ ရဟန်းပြုလာသော ဝဿိကမထေရ် သည်ရောဂါဖြစ်နေရာ ဆေးဆရာကုစားသဖြင့် ရောဂါမှ အထတွင် သံဝေဂဖြစ်၊ ဝိပဿနာကို ပွါး၍အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

၂၄ဝ။ ဤလောက၌ ယုံကြည်မှု 'သဒ္ဓါ'တရားနှင့်ပြည့်စုံသော၊ ပညာရှိသော၊လောကုတ္တရာတရားကိုးပါး၌ တည်သော၊ သီလနှင့်ပြည့်စုံသော သူသည် တစ်ယောက်တည်းပင် ဖြစ်သော်လည်းသဒ္ဓါတရား မရှိကုန်သော မိမိနှင့် ဆွေမျိုးတော်စပ်သောသူ၊ ချစ်ကျွမ်းဝင်သူ၊ အဆွေ ခင်ပွန်းတို့၏ အကျိုးစီးပွါးအလို့ငှါ ဖြစ်၏။

၂၄၁-၂။ ငါသည် သနားငဲ့ညှာသောအားဖြင့် (ထိုထိုတရားစကားကို ပြောဟောကာ) ဖိနှိပ် ဆုံးမပြီးလျှင်ဆွေမျိုးတို့ကို တိုက်တွန်းနိုးဆော်အပ်ကုန်ပြီ၊ (ထိုဆွေမျိုးတို့သည်) အဆွေ အမျိုးဟူသော ချစ်ခြင်း, အဆွေခင်ပွန်းဟူသော ချစ်ခြင်းဖြင့် ရဟန်းတို့၌ ကြည်ညိုသော စိတ်ရှိကာ အရိုအသေပြုကုန်သောကြောင့် ထိုအဆွေအမျိုး အဆွေခင်ပွန်းတို့သည် ကွယ်လွန် သေဆုံးကုန်သည်ရှိသော် ချမ်းသာတည်ရာ တာဝတိံသာနတ်ပြည်သို့ ရောက်ကြရကုန်၏၊ ငါ၏ညီအစ်ကိုမောင်နှမ မိဘဆွေမျိုးတို့သည် အလိုရှိတိုင်းသော ဝတ္ထုကာမတို့နှင့် ပြည့်စုံကုန်၍ မွေ့လျော်စံပျော်ရကုန်၏။

ဤသို့လျှင် ဝဿိကမထေရ်သည် ရွတ်ဆို၏။

၉-ယသောဇတ္ထေရဂါထာ

တံငါသည် သား ယသောဇသည် တံငါသည် တို့နှင့် အတူအစိရဝတီမြစ်၌ ကွန်ပစ်ရာ ရွှေအဆင်းရှိသောငါးကြီးကို ရလျှင် ကောသလမင်းထံပို့ ထိုမှတစ်ဆင့် ဘုရားရှင်ထံ ရောက်လျှင် ကပိလရဟန်းဖြစ်ခဲ့သောရွှေငါးကြီးအကြောင်းကို ကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါး၍ အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

၂၄၃။ မည်းနက်သည်ဖြစ်၍ ကိုင်းသော ကိုယ်အင်္ဂါရှိသော ကြုံလှီ၍ အကြောပြိုင်းပြိုင်း ထသည့်ကိုယ်ရှိလျက် မပျင်းရိသော စိတ်ရှိသူသည် ထမင်းအဖျော်၌ အတိုင်း အရှည်ကို သိ၏။

၂၄၄။ ဆင်ပြောင်ကြီးသည် စစ်မြေဦး၌ (လက်နက်တို့ဖြင့် ပုတ်ခတ်မှုကို သည်းခံ၍ သူတစ်ပါးစစ်သည်ကို ဖျက်ဆီးသကဲ့သို့ ထို့အတူ ရဟန်းသည်) တောနက်ကြီးအတွင်းဝယ် သတိနှင့် ပြည့်စုံသည်ဖြစ်၍ ခြင် မှက်တို့ တွေ့ထိကိုက်ခဲမှုကို သည်းခံလျက် (မာရ်စစ်သည်ကို ဖျက်ဆီးရာ၏)။

၂၄၅။ တစ်ယောက်တည်းနေသော ရဟန်းသည် ဗြဟ္မာကဲ့သို့ (ဝိဝေကသုခကို ပွါးလျက် နေနိုင်၏)၊ နှစ်ယောက်နေမူ နတ်နှစ်ယောက်တို့ကဲ့သို့ (အချင်းချင်း ထိပါးသဖြင့် အမျက်ဒေါသ ဖြစ်ရာ၏)၊ သုံးယောက်တို့ နေကြကုန်မူ ရွာ၌နေသော သူတို့ကဲ့သို့ (ဆိတ်ငြိမ်မှု 'ဝိဝေက' မဖြစ်နိုင်)၊ ထို့ထက်အလွန်များစွာ နေကြကုန်မူ အုတ်အုတ်ကျက်ကျက် ဖြစ်ကြရကုန်၏။

ဤသို့လျှင် ယသောဇမထေရ်သည် ရွတ်ဆို၏။

၁ဝ-သာဋိမတ္တိယတ္ထေရဂါထာ

တောကျောင်း ရဟန်းတို့ထံတွင် ရဟန်းပြုကာ ဝိပဿနာပွါးသဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်သောသာဋိမတ္တိယမထေရ်သည် မာရ်နတ်လှည့်စားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ရွတ်ဆိုသော ဂါထာများ

၂၄၆။ (ဥပါသကာ) သင့်အား ရှေးအခါက (ငါ့အပေါ်၌) ယုံကြည်မှု 'သဒ္ဓါ'တရား ရှိ၏၊ ထိုသဒ္ဓါတရားသည်ယခုအခါ သင့်မှာ မရှိတော့ပြီ၊ (ထို့ကြောင့်) သင်၏ ဤပစ္စည်းလေးပါး သည် သင် (ဥပါသကာ) အားသာလျှင် ဖြစ်ပါစေ၊ ငါ့အား မကောင်းသော အကျင့် 'ဒုစရိုက်' သည် မရှိ။

၂၄၇။ အကြင်ကြောင့် (ပုထုဇဉ်တို့သန္တာန်၌ ဖြစ်သော) သဒ္ဓါတရားသည် အမြဲ မတည်၊ တုန်လှုပ်၏၊ ဤသို့ ဖြစ်သော ထိုသဒ္ဓါတရားကို ငါ တွေ့မြင်အပ်ပြီ။ ထို့ကြောင့်ပင် ဤ သတ္တဝါတို့သည် ရံခါအဆွေခင်ပွန်း၏ အစွမ်းဖြင့် ချစ်ခင်ကြ၍ (ရံခါ) မုန်းတီးကြကုန်၏၊ ထိုပုထုဇဉ်တို့ ချစ်ခြင်း, မုန်းခြင်းဖြစ်ရာ၌ ရဟန်းသည် အဘယ်အကျိုး ဆုတ်ယုတ်ပါ သနည်း။

၂၄၈။ ရဟန်းအတွက် ဆွမ်းမည်သည် အိမ်တိုင်း အိမ်တိုင်း၌ အနည်းငယ်စီ အနည်းငယ် စီချက်ထား၏၊ ငါ ဆွမ်းခံစားတော့အံ့၊ ငါ့အား (ဆွမ်းခံသွားစွမ်းနိုင်သော) ခြေသလုံးစွမ်းအား သည် ရှိပါသေး၏။

ဤသို့လျှင် သာဋိမတ္တိယမထေရ်သည် ရွတ်ဆို၏။

၁၁-ဥပါလိတ္ထေရဂါထာ

ဝိနယဧတဒဂ်ရ ဥပါလိမထေရ်သည် ဘုရားရှင့်စကားတော်ကို ခံယူ၍ ဝိပဿနာ ပွါးများလျှင် မကြာမီ ရဟန္တာဖြစ်သောအခါ ဥပုသ်ပြုရာဝယ် သြဝါဒပေးသော အနေဖြင့် ရဟန်းကောင်းဖြစ်သူတိုင်းပစ္စညးလေးပါးတို့၌ တောင့်တမှုကင်းသင့်ကြောင်း ရွတ်ဆိုသော ဂါထာများ

၂၄၉။ ယုံကြည်မှု 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ငယ်ရွယ်စဉ်ကပင် ရဟန်းပြုသော ရဟန်းငယ်သည်စင်ကြယ်သော အသက်မွေးခြင်းရှိကုန်သော ပျင်းရိခြင်းမှ ကင်းကုန်သော အဆွေခင်ပွန်းကောင်းတို့ကို မှီဝဲရာ၏။

၂၅ဝ။ (ဂုဏ်ကို) ယုံကြည်မှု 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ငယ်ရွယ်စဉ်ကပင် ရဟန်းပြုသောပညာရှိ ရဟန်းငယ်သည် သံဃာ့ဘောင်၌ နေလျက် ဝတ်ကြီး, ဝတ်ငယ်ကို ဖြည့်သည်၏ အစွမ်းဖြင့်ဝိနည်း (ပရိယတ်) ကို သင်ရာ၏။

၂၅၁။ ယုံကြည်မှု 'သဒ္ဓါ'ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ငယ်ရွယ်စဉ်ကပင် ရဟန်းပြုသော ရဟန်းငယ်သည်အပ်သည်, မအပ်သည်တို့၌ လိမ္မာသည်ဖြစ်၍ (ပစ္စည်းလေးပါးတို့၌) တောင့်တမှု ကင်းလျက် ကျင့်ရာ၏။

ဤသို့လျှင် ဥပါလိမထေရ်သည် ရွတ်ဆို၏။

၁၂-ဥတ္တရပါလတ္ထေရဂါထာ

ဘုရားရှင်၏ ယမိုက်ပြာဋိဟာကိုမြင်၍ သဒ္ဓါတရားဖြင့် ရဟန်းပြုသော ဥတ္တရပါလမထေရ် သည်နှလုံးသွင်း ချွတ်ချော်၍ ကာမရာဂ ဖြစ်သည်ကို နှိပ်ကွပ်ဆုံးမကာ သံဝေဂဖြစ်ပွါး ဝိပဿနာအားထုတ်၍အရဟတ္တဖိုလ် သို့ရောက်သည်တွင် မိမိ၏ ပဋိပတ်ကို ဆင်ခြင်၍ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ

၂၅၂။ ပညာနှင့် ပြည့်စုံ၍ အကျိုးစီးပွါးကို ကြံစည်ခြင်းငှါ စွမ်းနိုင်သူ ဖြစ်ပါလျက် တွေဝေခြင်းကိုပြုတတ်ကုန်သော ရူပါရုံစသော ကာမဂုဏ်ငါးပါးတို့သည်လောကမှ ထွက် မြောက်လိုသော ငါ့ကိုလောကအတွင်း၌ ကျရောက်စေကုန်၏။

၂၅၃။ ငါသည် ကိလေသာမာရ်၏ နိုင်ငံသို့ ပြေးဝင်ကာ မြဲမြံသော ကိလေသာဟူသော ငြောင့်စူးဝင်နေသူဖြစ်လျက် သေမင်း၏ ကျော့ကွင်းမှ လွတ်ခြင်းငှါ စွမ်းနိုင်ခဲ့၏။

၂၅၄။ ငါသည် အလုံးစုံသော ကိလေသာကာမတို့ကို (အရဟတ္တမဂ်ဖြင့်) ပယ်အပ်ပြီ၊ ငါသည် အလုံးစုံသော ကိလေသာကာမတို့ကို (အရဟတ္တမဂ်ဖြင့်) ဖျက်ဆီးအပ်ကုန်ပြီ၊ ပဋိသန္ဓေနေခြင်းလျှင်အကြောင်းရှိသော သံသရာဝဋ်သည်ကုန်ပြီ၊ ယခုအခါ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိပြီ။

ဤသို့လျှင် ဥတ္တရပါလမထေရ်သည် ရွတ်ဆို၏။

၁၃-အဘိဘူတတ္ထေရဂါထာ

ဝေဌပုရပြည့်ရှင် ဘုရင်အဘိဘူတသည် မိမိပြည်သို့ ကြွရောက်လာသော ဘုရားရှင်ကို ဖူးမြင်ကာတရားနာယူအလှူကြီးပေးပြီးလျှင် အနုမောဒနာတရားအကျယ်ကို နာရသဖြင့် ရဟန်းပြု၍ နိဗ္ဗာန်ကိုမျက်မှောက်ပြုသော အခါ မိမိ၏ ရဟန်းဖြစ်ပုံကို ထင်ရှားဖော်ပြ ရွတ်ဆိုသော ဂါထာများ

၂၅၅။ ဤအရပ်သို့ အညီအညွတ် စည်းဝေးရောက်လာကြသမျှသော ဆွေမျိုးအားလုံးတို့ (သင်တို့) နားထောင်ကြကုန်လော၊ သင်တို့အား (ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ) တရားကို ဟောကြားပေအံ့၊ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှ၏။

၂၅၆။ မြတ်စွာဘုရား သာသနာတော်အတွင်း၌ အားထုတ်ကြကုန်လော့၊ ကြိုးစားကြကုန်လော့၊ လုံ့လပြုကြကုန်လော့။ 'ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့' (သင်တို့ သည်) သေမင်း၏ (ကိလေသာ) စစ်သည်ကို ချေမှုန်းဖျက်ဆီးကြကုန်လော့။

၂၅၇။ အကြင်သူသည် ဓမ္မဝိနယ သာသနာတော်၌ မမေ့မလျော့ဘဲ နေအံ့၊ ထိုသူသည်ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိသော သံသရာဝဋ်ကို ပယ်၍ ဆင်းရဲ၏ အဆုံးကို ပြုနိုင် လတ္တံ့။

ဤသို့လျှင် အဘိဘူတမထေရ်သည် ရွတ်ဆို၏။

၁၄-ဂေါတမတ္ထေရဂါထာ

သာကီဝင်မင်းသား ဂေါတမသည် ဆွေေ တာမ်ျိုးတော်တို့ အစည်းအဝေးတွင် ရဟန်း ပြုကာဝိပဿနာပွါးများသဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ နိဗ္ဗာန်ချမ်းသာကို ရရှိပြီဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာများ

၂၅၈။ ငါသည် (အစမထင်သော သံသရာ၌) ကျင်လည်ရသည်ဖြစ်၍ ငရဲသို့လည်း အဖန်ဖန့်ကျရောက်ခဲ့ရပြီ၊ ပြိတ္တာဘုံသို့လည်း အဖန်ဖန် ကပ်ရောက်ခဲ့ရလေပြီ၊ ဆင်းရဲ အမျိုးမျိုးတို့ကြောင့်အခံခက်သော တိရစ္ဆာန်မျိုး၌လည်း ဘဝဇာတ်အမျိုးမျိုးဖြင့် ကာလ ရှည်စွာ နေခဲ့ရ၏။

၂၅၉။ လူ့ဘဝကိုလည်း ရခဲ့၏၊ ကာမာဝစရနတ်ပြည်သို့လည်း (ပဋိသန္ဓေအားဖြင့်) ရံဖန် ရံခါရောက်ခဲ့ရ၏၊ ရူပဘဝတို့၌လည်းကောင်း၊ အရူပဘဝတို့၌လည်းကောင်း၊ နေဝသညာနာသညာယတနဘုံတို့၌လည်းကောင်း၊ အသညသတ်ဘုံတို့၌လည်းကောင်း (ပဋိသန္ဓေအားဖြင့်) ငါသည် နေခဲ့ရဖူး၏။

၂၆ဝ။ ကာမဘဝစသော ဘဝတို့ကို ''အနှစ်မှ ကင်းကုန်၏၊ အကြောင်းတရားတို့ ပေါင်း ဆုံ၍ပြုအပ်ကုန်၏၊ တုန်လှုပ်ခြင်း ရှိကုန်၏၊ အခါခပ်သိမ်း ပျက်စီးခြင်းသို့ ရောက်ကုန်၏''ဟု ကောင်းစွာသိအပ်ကုန်၏၊ ထိုဆိုအပ်ခဲ့ပြီးသော များစွာဖြစ်သော အတ္တဘောကို သိပြီး၍ သတိရှိသော ငါသည် နိဗ္ဗာန်သို့သာလျှင် ကောင်းစွာ ရောက်ရပြီ။

ဤသို့လျှင် ဂေါတမ မထေရ်သည် ရွတ်ဆို၏။

၁၅-ဟာရိတတ္ထေရဂါထာ

ဇာတိမာနဖြင့် သူတပါးကို လူယုတ်များဟူ၍ ခေါ်လေ့ရှိသော ဟာရိတသည် ရဟန်းတို့ထံတွင် တရားနာရ၍ ရဟန်းပြုသော်လည်း လူယုတ်ခေါ်ခြင်းဝါဒ မပျောက်၊ ဘုရားရှင်ထံရောက်မှလျော်သောတရားကို နာရ၍ ဝိပဿနာပွါးများကာ အရဟတ္တဖိုလ် ရောက်သည်တွင် ငယ်စဉ်ကပြုသင့်သောကိစ္စကို နောက်မှပြုမိခြင်းအပြစ်ကို ပြကာ ရွတ်ဆိုသော ဂါထာများ

၂၆၁။ အကြင်ပုဂ္ဂိုလ်သည် ငယ်ရွယ်စဉ် ရှေးအခါက ပြုသင့် ပြုထိုက်သော အမှုကိစ္စတို့ကို နောင်အိုမင်းသော အခါမှ ပြုလုပ်ရန် အလိုရှိ၏၊ ထိုပုဂ္ဂိုလ်သည် ချမ်းသာတည်ရာ အဖြာဖြာမှဆုတ်ယုတ်ရ၏၊ နောင်တတစ်ဖန်လည်း ပူပန်ရ၏။

၂၆၂။ အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏၊ အကြင်အမှုကို မပြု လုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ၊ မပြုလုပ်ဘဲ ပြောဆိုသူကို ပညာရှိတို့ သိကြကုန်၏ (အထင်မကြီးကြကုန်)။

၂၆၃။ အကြင်နိဗ္ဗာန်၌ ဆင်းရဲအားလုံး ချုပ်ငြိမ်း၏၊ မြတ်စွာဘုရား ဟောတော်မူသော ပူဆွေးခြင်းကင်းသော ရာဂစသော မြူကင်းသော ဘေးကင်းသော ထိုနိဗ္ဗာန်သည် အလွန် ချမ်းသာလေစွတကား။

ဤသို့လျှင် ဟာရိတမထေရ်သည် ရွတ်ဆို၏။

၁၆-ဝိမလတ္ထေရဂါထာ

သောမမိတ္တမထေရ်ကိုအမှီပြု၍ ရဟန်းပြုသော ဝိမလမထေရ်သည် ဆရာ၏ တိုက်တွန်း ချက်အရဝိပဿနာကိုဖြစ်စေရာ မကြာခင် ရဟန္တာဖြစ်၍ မိမိ၏ အဆွေတော် ရဟန်းအား ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၂၆၄။ မတုန်မလှုပ်သော ချမ်းသာကို တောင့်တသော သူသည် ယုတ်မာသော အဆွေ ခင်ပွန်းတို့ကို ဝေးစွာ ကြဉ်ရှောင်၍ သူတော်ကောင်းဖြစ်သော အဆွေခင်ပွန်းသို့ ဆည်းကပ် ရာ၏၊ ထိုအဆွေခင်ပွန်းကောင်း၏ အဆုံးအမ၌ တည်ရာ၏။

၂၆၅။ သမုဒ္ဒရာ၏ တစ်ဖက်ကမ်းသို့ ကူးမြောက်လိုသူသည် သေးငယ်သော သစ်သား ဖောင်ကိုတက်စီး၍ ကူးသည်ရှိသော် မဟာသမုဒ္ဒရာ၌ နစ်မြုပ်ရသကဲ့သို့ ဤအတူ ပျင်းရိသူ ကို အကြောင်းပြု၍ကောင်းသော အသက်မွေးခြင်းရှိသူသည်လည်း (သံသရာ၌) နစ်မြုပ်ရ၏၊ ထို့ကြောင့် ပျင်းရိ၍ဝီရိယယုတ်လျော့သော ထိုသူကို ရှောင်ကြဉ်ရာ၏။

၂၆၆။ ကာယဝိဝေကစသည်ဖြင့် ကင်းဆိတ်ကြသူ, နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိ ကြသူ, သမထဝိပဿနာဖြင့် ရှုလေ့ရှိကြသူ, အမြဲ ထက်သန်သော လုံ့လရှိကြသူ အရိယာ ပညာရှိတို့နှင့်အတူတကွ နေထိုင်မှီဝဲရာ၏။

ဤသို့လျှင် ဝိမလမထေရ်သည် ရွတ်ဆို၏။

တိကနိပါတ် ပြီး၏။

၎-စတုက္ကနိပါတ်

၁-နာဂသမာလတ္ထေရဂါထာ

သာကီဝင်မင်းသား နာဂသမာလသည် ဘုရားရှင်ထံ ရဟန်းပြုပြီး တခါတရံ ဘုရားရှင်၏ အလုပ်အကျွေးဖြစ်ကာ တနေ့တွင် ဆွမ်းခံသွားစဉ် လမ်းမ၌ ကပွဲကို မြင်ရ၍ စိတ္တဇလေကြောင့်လှုပ်ရှားနေကြသည်ဟု အမှန်ကို မြင်ပြီးတရားကို ဆင်ခြင်သည်တွင် အရတ္တဖိုလ်သို့ ရောက်လေရာ မိမိ၏ပဋိပတ်ကို ပြောကြားသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၂၆၇။ တူရိယာကို တီးမှုတ်လိုက်သည်ရှိသော် (လက်ဝတ်တန်ဆာတို့ဖြင့်) တန်ဆာဆင် ထားသော၊ တင့်တယ်သော အဝတ်တို့ကို ဝတ်လျက် ပန်းကို ပန်ဆင်ထားသော၊ စန္ဒကူး နံ့သာရည်ဖြင့်လိမ်းကျံထားသော ကချေသည်မိန်းမ တစ်ယောက်သည် ခရီးလမ်းမအလယ်၌ ကခုန်နေ၏။

၂၆၈။ ငါသည် ဆွမ်းအလို့ငှါ ရွာအတွင်းသို့ ဝင်သွားစဉ် (လက်ဝတ်တန်ဆာတို့ဖြင့်) တန်ဆာဆင်ထားသော၊ တင့်တယ်သော အဝတ်တို့ကို ဝတ်ထားသော ထိုကချေသည်မိန်းမကိုသေမင်းထောင်ထားသော ကျော့ကွင်းကဲ့သို့ တွေ့မြင်ရ၏။

၂၆၉။ ထို့ကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်ပေါ် လာ၏၊ အပြစ်ဟု ထင်မြင်သော အာဒီနဝဉာဏ်သည် ထင်ရှားဖြစ်ပေါ်၏၊ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ် သည် (ငါ၏နှလုံး၌) ကောင်းစွာ တည်၏။

၂၇ဝ။ ထိုနိဗ္ဗိဒါဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ် မြောက်ပြီ၊ မြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်သော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် နာဂသမာလမထေရ်သည် ရွတ်ဆို၏။

၂-ဘဂုတ္ထေရဂါထာ

အနုရုဒ္ဓါ ကိမိလတို့နှင့်အတူ ရဟန်ပြုလာသော သာကီဝင်မင်းသား ဘဂုသည် တနေ့တွင် ထိနမိဒ္ဓနှိပ်စက်သဖြင့် စင်္ကြံတွင်လဲကျရာမှ စိတ်ကို ဆွဲဆောင်၍ ဝိပဿနာ ပွါးများသည်တွင် ရဟန္တာဖြစ်လေလျှင် အပ္ပမာဒဖြင့် နေခြင်းကို ဖြေကြား ရွတ်ဆိုသော ဂါထာများ

၂၇၁။ ငါသည် ကိုယ်၏ ထိုင်းမှိုင်းမှု 'မိဒ္ဓ' နှိပ်စက်သည်ဖြစ်၍ နေရာကျောင်းမှ (စင်္ကြံ သွားအံ့သောငှါ) ထွက်ခဲ့၏၊ အကျွန်ုပ်သည် စင်္ကြံလျှောက်နေစဉ် ထိုစင်္ကြံစောင်းတန်းဝယ် (ငိုက်မျဉ်းမှု 'မိဒ္ဓ'နှိပ်စက်သောကြောင့် ) မြေ၌ လဲကျခဲ့ပါ၏။

၂၇၂။ ထိုငါသည် (မြေမှုန့်လိမ်းကပ်သော) ကိုယ်တို့ကို သုတ်ခါ၍ စင်္ကြံသို့ တစ်ဖန် တက်ပြီးလျှင် ကမ္မဋ္ဌာန်းအာရုံ၌ ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ စင်္ကြံ စောင်းတန်း၌ စင်္ကြံသွားခဲ့ပါ၏။

၂၇၃။ ထိုသို့စင်္ကြံသွားပြီးနောက် ငါ့အား စက်ဆုပ်ရွံရှာဖွယ်ဟု အသင့်အားဖြင့် နှလုံး သွင်းမှုဖြစ်ပေါ်လာ၏၊ အပြစ်ဟု မြင်သော 'အာဒီနဝ'ဉာဏ်သည် ထင်ရှားဖြစ်ပေါ်ပါ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ်သည် (ငါ၏ နှလုံး၌) ကောင်းစွာ တည်၏။

၂၇၄။ ထိုနိဗ္ဗိဒါဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ် မြောက်ပြီ၊ မြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်သော တရားတော်၏အဖြစ်ကို ရှုပါလော့၊ ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် ဘဂုမထေရ်သည် ရွတ်ဆို၏။

၃-သဘိယတ္ထေရဂါထာ

ဝါဒပေါင်းများစွာ တတ်မြောက်၍ အရပ်တကာသို့ လှည့်လည်နေသော သဘိယပရိဗိုဇ် သည်ရာဇဂြိုဟ်ပြည် ဘုရားရှင့်ထံရောက်သောအခါ ပြဿနာမေးလျှောက်လျင် ဖြေကြား တော်မူသည်ကိုကြည်ညို၍ ရဟန်းပြုကာ ဝိပဿနာပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်၏၊ ထို့နောက်ဒေဝဒတ်အသင်းသား ရဟန်းများအား ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၂၇၅။ (ပညာရှိမှ) တစ်ပါးသော သူတို့သည် ဤငြင်းခုံရာ၌ ငါတို့သည် သေမင်းနိုင်ငံသို့သွားကြရကုန်အံ့ဟူ၍ မသိကုန်၊ အကြင်ပညာရှိတို့သည်ကား ထိုငြင်းခုံရာ၌ (ငါတို့သည် သေမင်းနိုင်ငံသို့သွားရောက်ရကုန်အံ့ဟု) သိကုန်၏၊ ထိုသို့ သိသောကြောင့် ငြင်းခုံမှုတို့သည် ငြိမ်းကုန်၏၊

၂၇၆။ အကြင်အခါ၌ (ငြင်းခုံမှု ငြိမ်းကြောင်းကို) မသိကုန်သော သူတို့သည် မအိုမသေအမြဲနေကြရမည့်သူတို့ကဲ့သို့ လှည့်လည်သွားလာကြကုန်၏၊ (ထိုအခါ ငြင်းခုံမှု မငြိမ်းကုန်သည်သာတည်း)။ အကြင် ပညာရှိတို့သည်ကား မြတ်စွာဘုရား အဆုံးအမတရားတော်ကို သိကုန်၏၊ ထိုသူတို့သည် (ကိလေသာရောဂါဖြင့်) နာကျင်မှုရှိသော သတ္တဝါတို့တွင် (ကိလေသာ အားဖြင့်) နာကျင်မှုမရှိကုန်သည်ဖြစ်၍ နေကြရကုန်၏။

၂၇၇။ လျော့လျော့ပြုအပ်သော ကုသိုလ်ကံဟူသမျှသည်လည်းကောင်း၊ ညစ်နွမ်းစွာ ဆောက်တည်မှုအကျင့်သည်လည်းကောင်း၊ မိမိသူတစ်ပါး နှစ်ပါးစုံကပင် ယုံမှားအပ်သော ရဟန်းတရားကိုပြုခြင်းသည်လည်းကောင်း ထိုဆိုအပ်ပြီးသော ကမ္မဝတ ဗြဟ္မစရိယမျိုးသည် များမြတ်သောအကျိုးရှိသည် မဟုတ်။

၂၇၈။ အကြင် သူသည် သီတင်းသုံးဖော်တို့ အပေါ်၌ ရိုသေလေးမြတ်မှု မရှိ၊ 'ကောင်း ကင်သည်မြေကြီးမှ ဝေးသကဲ့သို့' ထိုသူသည် သူတော်ကောင်းတရားမှ ဝေး၏။

ဤသို့လျှင် သဘိယမထေရ်သည် ရွတ်ဆို၏။

၎-နန္ဒကတ္ထေရဂါထာ

သာဝတ္ထိပြည်သား နန္ဒကသည် ဘုရားရှင်ထံ ရဟန်းပြု၍ ဝိပဿနာပွါးများရာတွင် ရဟန္တာဖြစ်ပြီးနောက် ဘိက္ခုနောဝါဒကဧတဒဂ်ရလျက် သာဝတ္ထိပြည်၌ ဆွမ်ခံစဉ် မယား ဟောင်းက ပြုံးရယ်ပြရာ၌ ခန္ဓာကိုယ်၏စက်ဆုပ်ဖွယ်ဖြစ်ပုံကို ရွတ်ဆိုသော ဂါထာများ

၂၇၉။ (စက်ဆုပ်ရွံရှာဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့်) ပြည့်၍ မကောင်းသော အနံ့ရှိသော၊ ကိလေသာမာရ်၏ အသင်းအပင်း၌ ဖြစ်သော၊ (ကိလေသာမိုးရည်) စိုစွတ်သော သင်၏ ကိုယ်၌ အခါခပ်သိမ်းကိုးဒွါရတို့မှ (ယိုစီးနေသော) ကိုးခုသော အလျဉ်တို့သည် စက်ဆုပ် ဖွယ် ဖြစ်လေစွတကား။

၂၈ဝ။ အဟောင်းဖြစ်သော အမူအရာကို မအောက်မေ့လင့်၊ (ယခုလည်း ရှေးကအတိုင်း ပြုကျင့်လိမ့်မည်ဟု မကြံစည်လင့်)၊ အရိယာသာဝကအပေါင်း၌ မထီမဲ့မြင် မအောက်မေ့လင့်၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် နတ်ပြည်ချမ်းသာ၌သော်လည်း မတပ်မက်ကြကုန်၊ (မစင်စုနှင့် တူသော) လူတို့ကာမဂုဏ်ချမ်းသာ၌ကား အဘယ်မှာ တပ်မက်ပါတော့အံ့နည်း။

၂၈၁။ အကြင်သူတို့သည်ကား မိုက်ကုန်၏၊ ပညာ မရှိကုန်၊ (အသုဘကို သုဘဟု ရှုခြင်းဖြင့်) မကောင်းသော အကြံကို ကြံစည်ကုန်၏၊ မသိမှု 'မောဟ'ဖြင့် ထက်ဝန်ကျင် ဖုံးလွှမ်း အပ်သော စိတ်ရှိကုန်၏၊ ထိုသို့သဘောရှိသော (အန္ဓပုထုဇဉ်) လူမိုက်တို့သည် မာရ်မင်း ထောင်ထားအပ်သော ထိုမိန်းမဟူသော အနှောင်အဖွဲ့ (ကျော့ကွင်း) ၌ တပ်မက်သောအားဖြင့် တည်ကုန်၏။

၂၈၂။ အကြင်ပုဂ္ဂိုလ်သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ အဝိဇ္ဇာ'မောဟ'ကိုလည်းကောင်း (အရိယမဂ်ဖြင့်) ပယ်ဖြတ်ပြီး ဖြစ်ကုန်၏။ တဏှာတည်းဟူသော ကြိုးကို ပယ်ဖြတ်ပြီး ဖြစ်ကုန်၍ တဏှာတည်းဟူသော အနှောင်အဖွဲ့မှ ကင်းကုန်သော ထိုသို့ သဘောရှိသောပုဂ္ဂိုလ်တို့သည် ထိုဆိုအပ်ပြီးသော မာရ်မင်း၏ ကျော့ကွင်း၌ မတပ်မက်သော အားဖြင့် တည်ကုန်၏။

ဤသို့လျှင် နန္ဒကမထေရ်သည် ရွတ်ဆို၏။

၅-ဇမ္ဗုကတ္ထေရဂါထာ

ဘဝဝဋ်ဟောင်းကြောင့် မစင်ကို စား၍ ကျင်ငယ်ရေကို သောက်နေရသော ဇမ္ဗုကသည်အရတ္တဖိုဟ်ရနိုင်သော အခြေခံရှိသည့်အတွက် ဘုရားရှင်ကိုယ်တိုင် ကြွလာ၍ တရားဟော သည်တွင် သောတာပန်တည်ပြီးနောက် ဝိပဿနာကို ပွါးများသောအခါ ရဟန္တာဖြစ်၍ မိမိအဖြစ်ကိုပြောကြား ရွတ်ဆိုသော ဂါထာများ

၂၈၃။ ငါသည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး (ရေချိုးခြင်းကို ပယ်သောအားဖြင့် ကိုယ်၌ ကင်းသော) မြူအညစ်အကြေးတို့ကို ဆောင်ခဲ့ပြီ၊ (ကောင်းမှုကို လိုလားသူတို့ လှူအပ်သော ) ဆွမ်းကိုတစ်လတစ်ကြိမ် (လျှာဖျား၌ တင်ထားသဖြင့်) စားလျက် ဆံမုတ်ဆိတ်ကို (လက်ဖြင့်) နုတ်စေခဲ့၏။

၂၈၄။ ခြေတစ်ဖက်တည်းဖြင့် ရပ်ခဲ့ပြီ၊ ထိုင်ခြင်းကို (အခါခပ်သိမ်း) ရှောင်ကြဉ်ခဲ့ပြီ၊ မစင်ခြောက်တို့ကိုလည်း ခဲစားခဲ့၏၊ ဒါယကာတို့ ပင့်ဖိတ်သော ဆွမ်းကိုလည်း မသာယာခဲ့။

၂၈၅။ ဒုဂ္ဂတိ လားကြောင်းဖြစ်သော ဤသို့သော မကောင်းမှုများစွာကို ပြုလုပ်ခဲ့၍ (ကာမောဃစသော) ကြီးစွာသော ရေအလျဉ်ဖြင့် မျောပါနေရစဉ် (လူဘဝကို ရ၍ ယခုအခါ၌ ကောင်းမှု၏ အကျိုးကြောင့်) မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်ခြင်းသို့ ရောက်ခဲ့၏။

၂၈၆။ (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ငါ့ကို ရှုပါလော့၊ မြတ်စွာဘုရားတရားတော်၏ ကောင်းမြတ်သော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ဝိဇ္ဇာ သုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာ ပြုကျင့်အပ်ပြီ။

ဤသို့လျှင် ဇမ္ဗုကမထေရ်သည် ရွတ်ဆို၏။

၆-သေနကတ္ထေရဂါထာ

ဥရုဝေလကဿပ၏တူ သေနကသည် တပေါင်းလနက္ခတ်ပွဲတွင် ဂယာဆိပ်၌ ဘိတ်သိက်သွန်းလောင်းနေရာ ထိုအနီးတွင် သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ ရောက်ကာ တရားတော်ကိုနာရ၍ ရဟန်ပြုဝိပဿနာပွါးများလျင် မကြာခင် ရဟန္တာဖြစ်၍ မိမိ၏ ပဋိပတ်ကို ဆင်ခြင်လျက်ဝမ်းမြောက်ဝမ်းသာ ဥဒါန်ကျူးသော ဂါထာများ

၂၈၇။ ဂယာဖဂ္ဂုမည်သော ဥတ္တရဖဂ္ဂုနိနက္ခတ်ပွဲ၌ ဂယာမည်သော ရေဆိပ်အနီးတွင် မြတ်သော တရားကို ဟောတော်မူသော-

၂၈၈။ များစွာသော ကိုယ်ရောင် ဉာဏ်ရောင်နှင့် ပြည့်စုံတော်မူသော၊ ဂိုဏ်းတို့၏ ဆရာဖြစ်တော်မူသော၊ အထွတ်အထိပ်သို့ ရောက်တော်မူသော၊ နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော၊ မာရ်ငါးပါးကို အောင်တော်မူပြီးသော၊ အတုမဲ့ ဉာဏ်အမြင် ရှိတော် မူသော-

၂၈၉။ မြတ်သော ရဟန္တာဖြစ်တော်မူသော၊ ကြီးမြတ်သော လုံ့လရှိတော်မူသော၊ များ သောတန်ခိုးရှိတော်မူသော၊ အာသဝအားလုံးကုန်ပြီးဖြစ်၍ အာသဝ ကင်းစင်တော်မူသော၊ (ဝေနယျသတ္တဝါတို့၏) ဆရာဖြစ်တော်မူသော၊ မည်သည့် အရပ်ကမျှ ဘေးမရှိသော မြတ်စွာဘုရားကို ဖူးမြော်ရပြီး ဖြစ်သောကြောင့် ငါ၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါပေ၏။

၂၉ဝ။ ထိုမြတ်စွာဘုရားသည် သက္ကာယဟူသော တိုင်၌ ဒိဋ္ဌိဟူသော ကြိုးဖြင့်ဖွဲ့ချည် အပ်သည်ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး ညစ်နွမ်းနေရသော သေနကမည်သော ငါ့ကို ခပ်သိမ်းသော အထုံးအဖွဲ့'ဂန္ထ'တရားတို့မှ (အရိယမဂ်တည်းဟူသော လက်ဖြင့်) လွတ်စေ တော်မူပေစွတကား။

ဤသို့လျှင် သေနကမထေရ်သည် ရွတ်ဆို၏။

၇-သမ္ဘူတတ္ထေရဂါထာ

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် အသျှင်အာနန္ဒာထံတွင် တရားနာကာ ရဟန်းပြုသော သမ္ဘူတမထေရ်သည်ဝိပဿနာကို ပွါးများသဖြင့် ရဟန္တာဖြစ်လေရာ ဓမ္မသံဝေဂဖြစ်၍ ရွတ်ဆိုသော ဂါထာများ

၂၉၁။ အကြင်ပုဂ္ဂိုလ်သည် နှေးကွေးစွာ ပြုသင့်သော အခါ၌ ဆောလျင်စွာ ပြု၏၊ ဆော လျင်စွာပြုသင့်သော အခါ၌ နှေးကွေးစွာ ပြု၏၊ မသိမလိမ္မာသော ထိုပုဂ္ဂိုလ်သည် မသင့် လျော်သောအစီအရင်ကြောင့် ဆင်းရဲသို့ ရောက်ရ၏။

၂၉၂။ ထိုပုဂ္ဂိုလ်၏ အကျိုးစီးပွါးတို့သည် 'လဆုတ်ပက္ခ၌ လကဲ့သို့' တစ်နေ့တခြား ဆုတ်ယုတ်ကုန်၏၊ အကျော်အစော မရှိသည်၏အဖြစ်သို့လည်း ရောက်ရ၏၊ အဆွေခင်ပွန်း တို့နှင့်လည်း ဆန့်ကျင်ဘက်ဖြစ်ရ၏။

၂၉၃။ အကြင်ပုဂ္ဂိုလ်သည် နှေးကွေးစွာ ပြုသင့်သော အခါ၌ နှေးကွေးစွာ ပြု၏၊ ဆောလျင်စွာပြုသင့်သော အခါ၌လည်း ဆောလျင်စွာ ပြု၏၊ ပညာရှိသော ထိုပုဂ္ဂိုလ်သည် သင့်လျော်သောအစီအရင်ကြောင့် ချမ်းသာခြင်းသို့ ရောက်ရ၏။

၂၉၄။ ထိုပုဂ္ဂိုလ်၏ အကျိုးစီးပွါးတို့သည် 'လဆန်းပက္ခ၌ လကဲ့သို့' တစ်နေ့တခြား ပြည့်ဝကုန်၏၊ အခြံအရံများ၍ ကျော်စောခြင်းသို့လည်း ရောက်ရ၏၊ အဆွေခင်ပွန်းတို့နှင့်လည်း ဆန့်ကျင်ဘက် မဖြစ်။

ဤသို့လျှင် သမ္ဘူတမထေရ်သည် ရွတ်ဆို၏။

၈-ရာဟုလတ္ထေရဂါထာ

သားတော်ရာဟုလာသည် ဘုရားရှင်ထံတွင် ရဟန်ဖြစ်ကာ သုတ်ပေါင်များစွာကို နာယူရသည့်အတိုင်း ဥာဏ်ရင့်လျက် ဝိပဿနာကို ပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်သောအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်၍ ရွတ်ဆိုသော ဂါထာများ

၂၉၅။ မြတ်စွာဘုရား၏ သားတော်အစစ် ဖြစ်သောကြောင့် လည်းကောင်း၊ သစ္စာလေးပါး တရားတို့၌မဂ်ပညာမျက်စိရှိသောကြောင့် လည်းကောင်း (အမျိုးအကျင့်) နှစ်မျိုးနှင့် ပြည့်စုံ သော ရာဟုလာဘဒ္ဒဟူ၍ငါ့ကို ပညာရှိတို့ သိကြကုန်၏။

၂၉၆။ ငါ့အား အာသဝတရားတို့ကုန်ပြီ၊ ဘဝသစ်၌ တစ်ဖန်ဖြစ်ခြင်း မရှိပြီ။ ထို့ကြောင့် ငါသည် သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတတ်သူ၊ မြတ်သော အလှူကို ခံထိုက်သူ၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူ၊ နိဗ္ဗာန်ကို မြင်သူ ဖြစ်၏။

၂၉၇။ (ဤသတဝ္တါအပေါင်း တသို့ ည)် ကာမတို့၌ ကန်းကုန်၏၊ တဏှာ ကွန်ရက်ဖြင့် အဖုံး လွှမ်းခံရကုန်၏၊ တဏှာ အမိးု ဖြင့် မိးု ထားခရံ ကနု ၏် ၊ 'မြှုံးဝ၌ ဖွဲ့အပ်သော ငါးကဲ့သို့' မာရ်၏ အနှောင်အဖွဲ့ဖြင့်နှောင်ဖွဲ့ခံရကုန်၏။

၂၉၈။ ငါသည်ကား ထိုကာမအနှောင်အဖွဲ့ကို ပယ်ကာ ကိသေသာမာရ် အနှောင်အဖွဲ့ကို (အရဟတ္တမဂ်ဓားသန်လျှက်ဖြင့် အကြွင်းမဲ့) ဖြတ်ပြီးလျှင် (အဝိဇ္ဇာဟုအိုအပ်သော ) အမြစ်နှင့်တကွသော တဏှာ ကပို ယန် တု လ်ျက် ငြမိး အေးပြီး သူ (သဥပါဒိသေသနိဗ္ဗာနဓာတ်ဖြင့်) ပရိနိဗ္ဗာန်ပြုပြီးသူ ဖြစ်၏။

ဤသို့လျှင် ရာဟုလမထေရ်သည် ရွတ်ဆို၏။

၉-စန္ဒနတ္ထေရဂါထာ

ဘုရားရှင်ထံတွင် ရဟန်းပြုသောအခါ သားတယောက်ရပြီးဖြစ်သော်လည်း သံယောဇဉ် ကိုဖြတ်တောက်လျက် သောတာပန်အဖြစ်မှဆက်လက်၊ ကိးစား၍ ရဟန္တာဖြစ်လာသော စန္ဒန မထေရ်သည်အဖေါ်ရဟန်းတို့က သစ္စာလေးပါး ထိုးထွင်းသိပုံကို မေးမြန်းသည့် အတိုင်း ဖြေကြား ရွတ်ဆိုသော ဂါထာများ

၂၉၉။ ရွှေဖြင့် ပြုအပ်သော တန်ဆာဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိသော မယားဟောင်း သည်ကျွန်မအပေါင်း ခြံရံလျက် သားကို ရင်ခွင်ပိုက်၍ ငါ့ထံသို့ ချဉ်းကပ်လာ၏။

၃ဝဝ။ တန်ဆာဆင်လျက် (အဝတ်တို့ကို) ကောင်းစွာ ဝတ်ဆင်ကာ လာနေသော ငါ့သား၏ မိခင်ကိုတွေ့မြင်လတ်သော် သေမင်းထောင်ထားသော ကျော့ကွင်းကဲ့သို့ ထင်မိ၏။

၃ဝ၁။ ထို့ကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်ပေါ် လာ၏၊ အပြစ်ဟု ထင်မြင်သော 'အာဒီနဝ' ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် သည် (ငါ၏နှလုံး၌) ကောင်းစွာ တည်၏။

၃ဝ၂။ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ မြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်သော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော် မူသောအတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် စန္ဒနမထေရ်သည် ရွတ်ဆို၏။

၁ဝ-ဓမ္မိကတ္ထေရဂါထာ

ဇေတဝန်ကျောင်းတော်ခံယူပွဲတွင် ကြည်ညို၍ ရဟန်းပြုသော ဓမ္မိကမထေရ်သည် ရုက္ခဓမ္မဇာတ်ကိုနာကြားပြီးနောက် မြတ်စွာဘုရား၏ သြဝါဒဒေသနာကို အစဉ်လျှောက်၍ တထိုင်ချင်းပင်အရဟတ္တဖိုဟ်ရောက်သောအခါ မြတ်စွာဘုရား ဟောကြားသည့်အတိုင်း ပြန်လည် ရွတ်ဆိုသော ဂါထာများ

၃ဝ၃။လောကီလောကုတ္တရာ နှစ်ဖြာသော သုစရိုက်တရားသည် တရားကျင့်သူကို အမှန် စင်စစ် (ဆင်းရဲမှ) စောင့်ရှောက်တတ်၏၊ ကေင်းစွာ ဆည်းပူးအပ်သော တရားသည် (လောကီ,လောကုတ္တရာ) ချမ်းသာကို ရွက်ဆောင်တတ်၏၊ တရားကို ကျင့်သော ပုဂ္ဂိုလ်သည် မကောင်းသော လားရာဒုဂ္ဂတိဘဝသို့ မလားရောက်ရ၊

ဤဖြစ်ခြင်းသည် ကောင်းစွာ ကျင့်သော တရားတော်၏အကျိုးဆက်တည်း။

၃ဝ၄။ ကုသိုလ်တရား, အကုသိုလ်တရားအားဖြင့် နှစ်ပါးသော တရားတို့သည် တူမျှသော အကျိုးရှိကြသည်မဟုတ်ကုန်၊ အကုသိုလ်တရားသည် ငရဲသို့ ဆောင်တတ်၏၊ ကုသိုလ်တရား သည် ကောင်းသောလားရာသုဂတိဘဝသို့ ရောက်စေတတ်၏။

၃ဝ၅။ ထို့ကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော မြတ်စွာဘုရား ပေးအပ်သော အဆုံးအမဖြင့် ဝမ်းမြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ ပြုလုပ်လိုမှု 'ဆန္ဒ'ကို ဖြစ်စေရာ၏၊ မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်ကုန်သော ကိုးစားရာ အမြတ်ဆုံး နိဗ္ဗာန်သို့ ရောက်လိုသူ ပညာရှိတို့သည် တရား၌တည်ကုန်လျက် အလုံးစုံသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြကုန်၏။

၃ဝ၆။ ငါသည် ဂဏ္ဍအမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး၏ အကြောင်းမူလကို ခွာချအပ်ပြီ၊ တဏှာဟုဆိုအပ်သော ကွန်ရက်ကို (မဂ်ဖြင့်) ဖျက်ဆီးအပ်ပြီ၊ ထိုငါသည် သံသရာကုန်ပြီးသူ ဖြစ်၏၊ လပြည့်နေ့အခါဝယ် 'အပြစ်ငါးပါး ကင်းစင်သော လမင်းကဲ့သို့' ငါ့အား ရာဂစသောကြောင့် ကြမှု (အပြစ်) မရှိတော့သည်သာတည်း။

ဤသို့လျှင် ဓမ္မိကမထေရ်သည် ရွတ်ဆို၏။

၁၁-သပ္ပကတ္ထေရဂါထာ

သဒ္ဒါတရားအလျောက် ဘုရားရှင်ထံတွင် ရဟန်းပြုလာသော သပ္ပကမထေရ်သည် ဘုရားရှင်ထံမှကမ္မဋ္ဌာန်းယူ၍ အဇကရဏီယမြစ်ကမ်း သေလာဂီရိကျောင်း၌ နေထိုင်ရင်း တရားအားထုတ်၍ရဟန်းန္တာဖြစ်လာသောအခါ ဆွေမျိုးတို့အား မိမိနေရာကို ညွှန်ကြား သောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၃ဝ၇။ အကြင်အခါ အလွန်စင်ကြယ်ဖြူဖွေးသော အတောင်ရှိသော ဥဗျိုင်းငှက်တို့သည် မည်းညိုသောမိုးတိမ်၏ ဘေးဖြင့် ခြိမ်းခြောက်ခြင်း ခံရသောကြောင့် မိမိနေရာ အသိုက်၌ ခိုအောင်းလိုသည်ဖြစ်၍ အသိုက်သို့ ပျံသွားလတ္တံ့၊ ထိုအခါဝယ် အဇကရဏီမြစ်သည် ငါ့ကို မွေ့လျော်စေ၏။

၃ဝ၈။ အကြင်အခါ၌ အလွန့်အလွန် စင်ကြယ်ဖြူဖွေးသော ဥဗျိုင်းငှက်တို့သည် မည်းညို သော မိုးတိမ်၏ဘေးဖြင့် ခြိမ်းခြောက်ခံရသည်ဖြစ်၍ ခိုအောင်းရာကို မမြင်သောကြောင့် အသိုက်ကို ရှာလင့်၏၊ ထိုအခါဝယ် အဇကရဏီမြစ်သည် ငါ့ကို မွေ့လျော်စေ၏။

၃ဝ၉။ ငါနေသော လိုဏ်ဂူ၏ နောက်ကျောဘက် ထိုထိုအရပ်၌ ပေါက်ရောက်ကုန်သော ကမ်းနှစ်ဖက်ရှိသပြေပင်တို့သည် အဇကရဏီမြစ်ကမ်း နှစ်ဖက်လုံးကို တင့်တယ်စေကုန်၏၊ ယင်းသပြေပင်တို့သည် ထိုအရပ်၌ နေသော အဘယ်မည်သော သူကို မမွေ့လျော်စေဘဲ ရှိနိုင် အံ့နည်း။

၃၁ဝ။ မြွေအပေါင်းတို့မှ ကောင်းစွာ ကင်းဝေးကုန်သော၊ ငြိမ့်ညောင်းသော အသံရှိကုန် သောထိုဖားတို့သည် (ချိုမြိန်သော အသံဖြင့်) အော်မြည်ကြကုန်၏။ ယခုအခါ တောင်ကျစမ်း ချောင်းတို့နှင့်ကင်းကွာသော အခါသမယ မဟုတ်၊ အဇကရဏီမြစ်သည် ဘေးကင်း၏၊ အေးချမ်း၏၊ မွေ့လျော်ဖွယ်လည်းကောင်း၏။

ဤသို့လျှင် သပ္ပကမထေရ်သည် ရွတ်ဆို၏။

၁၂-မုဒိတတ္ထေရဂါထာ

မင်းဘေးကို ကြောက်၍ ပြေးလာပြီးလျှင် ရဟန္တာတပါးထံတွင် နေရင်း ရဟန်းပြုကာကမ္မဋ္ဌာန်းအားထုတ်သဖြင့် အရဟတ္တဖိုဟ်သို့ ရောက်ရသော မုဒိတမထေရ်သည် ရဟန်း အဖေါ်တို့ကမေးမြန်း၍ မိမိ၏ ပဋိပတ်အခြင်းအရာကို ပြောကြာ ရွတ်ဆိုသော ဂါထာများ

၃၁၁။ ငါသည် အသက်ရှည်ခြင်းကို အလိုရှိသည်ဖြစ်၍ ရှင်ရဟန်း ပြုခဲ့ပြီ၊ ရှင်ရဟန်း အဖြစ်ကိုရပြီးနောက် ယုံကြည်မှု 'သဒ္ဓါ'တရားကို ရခဲ့၏၊ မြဲမြံသော လုံ့လရှိသည်ဖြစ်၍ ပြင်းစွာ အားထုတ်ခဲ့ပြီ။

၃၁၂။ (ဤလုံ့လဖြင့်) ငါ၏ ဤခန္ဓာကိုယ်သည် ပြိုကွဲမူလည်း ပြိုကွဲပစေ၊ အသားတုံးအသားတစ်တို့သည် ကြေမွမူလည်း ကြေမွပစေ၊ သလုံးမြင်းခေါင်း နှစ်ခုတို့သည် ငါ၏ပုဆစ်ဒူးအဆက်တို့မှ ပြုတ်ကျမူလည်း ပြုတ်ကျပစေကုန်။

၃၁၃။ ငါသည် တဏှာတည်းဟူသော ငြောင့်ကို မနုတ်ရသေးသမျှ မည်သည့် ဘောဇဉ် ကိုမျှမသုံးဆောင်တော့အံ့၊ မည်သည့် သောက်ဖွယ်ကိုမျှ မသောက်တော့အံ့၊ ကျောင်းအခန်းမှလည်းမထွက်တော့အံ့၊ မည်သည့် နံပါးဖြင့်မျှ မအိပ်စက်တော့အံ့။

၃၁၄။ ဤသို့နေသော ထိုငါ၏ လွန်ကဲသော လုံ့လကို ရှုပါလော့၊ (ယင်းလုံ့လ၏ တန်ခိုး ကြောင့်) ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာ ပြုကျင့်အပ်ပြီ။

ဤသို့လျှင် မုဒိတမထေရ်သည် ရွတ်ဆို၏။

စတုက္ကနိပါတ် ပြီး၏။

၅-ပဉ္စကနိပါတ်

၁-ရာဇဒတ္တတ္ထေရဂါထာ

ပြည့်တန်ဆာမနှင့် ပျော်ပါးသဖြင့် ဆင်းရဲနွမ်းပါးပြီးနောက် ဘုရားရှင်ထံရောက်ကာ တရားတော်ကိုနာယူ၍ ရဟန်းပြုပြီးလျှင် သုသာန်ဓုတင်ဆောက်တည်နေရာ သုသာန်သို့ ပစ်လာသောပြည့်တန်ဆာမရုပ်အလောင်၌ အသုဘရှုလျက် အရဟတ္တဖိုဟ်ရရှိသော ရာဇဒတ္တမထေရ်သည် မိမိ၏ပဋိပတ်ကို ဆင်ခြင်၍ ဝမ်းမြောက်စွာ ရွတ်ဆိုသော ဂါထာများ

၃၁၅။ ရဟန်းသည် သင်္ချိုင်းသို့ သွား၍ သုသာန်၌ မငဲ့မကွက် စွန့်ပစ်ထားခဲ့သော ပိုးလောက်တို့ဖြင့်ပြည့်သည်ဖြစ်၍ ခဲစားထားသော မိန်းမအသေကောင်ကို မြင်ရ၏။

၃၁၆။ အသက်ဝိညာဉ်မှ ကင်းသော အကြင်အသေကောင်ယုတ်ကို မြင်ရသောကြောင့် အချို့သောသူတို့သည် စက်ဆုပ်ရွံရှာကြကုန်၏၊ ငါ့မူကား ကာမရာဂသည် ထင်ရှားဖြစ်ပေါ်၏၊ (ထိုအကောင်ပုပ်၌ ကိုးဒွါရတို့မှ မစင်ကြယ်သော အရာသည် ယိုစီး၏၊ မစင်ကြယ်သော အဖြစ်ကိုမမြင်ခြင်းကြောင့်) ငါသည် 'သူကန်းကဲ့သို့' ဖြစ်ခဲ့၏။

၃၁၇။ ထမင်းအိုးတစ်လုံးချက်ခန့်မျှ အချိန်အတွင်း (ရာဂကို ပယ်ဖျောက်လျက်) ထိုအရပ်မှ ဖဲသွားခဲ့၏၊ (ဖဲသွားပြီးနောက် ငါသည် ) သတိနှင့် ပြည့်စုံသည်ဖြစ်၍ ပညာအဆင်အခြင်နှင့် ပြည့်စုံလျက်သင့်တော်သော နေရာသို့ ဝင်ခဲ့၏။

၃၁၈။ ထို့ကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်ပေါ် လာ၏၊ အပြစ်ဟု ထင်မြင်သော 'အာဒီနဝ'ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် သည် (ငါ၏ နှလုံး၌) ကောင်းစွာ တည်၏။

၃၁၉။ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ မြတ်စွာဘုရားတရားတော်၏ ကောင်းမြတ်သော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူ သောအတိုင်း ပြုကျင့်အပ်ပြီ။

ဤသို့လျှင် ရာဇဒတ္တမထေရ်သည် ရွတ်ဆို၏။

၂-သုဘူတတ္ထေရဂါထာ

သူကြွယ့်သားသုဘူတသည် အရွယ်ရောက်လျင် လူ့အဖြစ်ကိုပယ်ခွါ တိတ္တိတို့သာသနာ၌ ရဟန်းပြုပြီးမှအနှစ်သာရမရှိကြောင်းသိ၍ သျှင်သာရိပုတြာ သျှင်မောဂ္ဂလ္လာန်စသည်တို့ ရဟန်းပြုပုံကို မြင်ကာသဒ္ဓါဖြင့်ရဟန်းပြုပြီးလျှင် ဆိတ်ငြိမ်ရာ၌ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်သောအခါ မိမိ၏ သဋိပတ်ကိုဆင်ခြင်လျက် ရွတ်ဆိုသော ဂါထာများ

၃၂ဝ။ အားမထုတ်အပ်သည့် (အယုတ်တရားနှစ်ပါး) ၌ မိမိကိုယ်ကို အားထုတ်လိုသော ယောက်ျားသည်နှစ်ပါးသော အစီးအပွါးကို ဆောင်တတ်သော ကိစ္စကို အလိုရှိလျက် ကျင့်ခဲ့ ပါမူ (အလိုရှိအပ်သော စီးပွါးချမ်းသာသို့) မရောက်ရာ၊ ငါသည် ထိုဘုန်းကျက်သရေ မရှိ သော သဘောကို အားထုတ်မိခဲ့၏။

၃၂၁။ နှိပ်စက်တတ်သော သဘောရှိသည်၏အဖြစ်ကြောင့် အဃမည်သော ရာဂစသော ကိလေသာတို့ကို မနုတ်ပယ်မူ၍ တစ်ခုတည်းသော (အပ္ပမာဒ) တရားကို အကယ်၍ စွန့်လွှတ်မူ သူယုတ်မာကဲ့သို့ ဖြစ်ရာ၏၊ သဒ္ဓါစသော တရားအားလုံးတို့ကို စွန့်လွှတ်ပါမူ ညီညွတ် သည်, မညီညွတ်သည်ကို မမြင်သောကြောင့် 'သူကန်းကဲ့သို့' ဖြစ်ရာ၏။

၃၂၂။ အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏၊ အကြင်အမှု ကို မပြုလုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ၊ မပြုလုပ်ဘဲ ပြောဆိုသူကို ပညာရှိတို့ သိကြကုန်၏ (အထင်မကြီးကြကုန်)။

၃၂၃။ အဆင်းသာရှိ၍ အနံ့မရှိသည့် တင့်တယ်လှပသော ပန်းကို ပန်ဆင်သူကဲ့သို့ ထို့အတူ ကောင်းစွာ့ဟောတော်မူသော (ပိဋကတ်သုံးပုံတည်းဟူသော) စကားတော်သည် (တရားတော်လာတိုင်း) မပြုကျင့်သောသူအား နတ်ရွာနိဗ္ဗာန်ဟူသော အကျိုး မရှိနိုင်။

၃၂၄။ အဆင်းလည်းရှိ ကောင်းသော ရနံ့လည်းရှိ၍ တင့်တယ်လှပသော ပန်းကို ပန်ဆင် သူကဲ့သို့ထို့အတူ ကောင်းစွာ ဟောတော်မူသော (ပိဋကတ်သုံးပုံတည်းဟူသော) စကားတော် သည် (တရားတော်လာတိုင်း) ကောင်းစွာ ကျင့်သူအား (နတ်ရွာနိဗ္ဗာန်ဟူသော) အကျိုးရှိ၏။

ဤသို့လျှင် သုဘူတထေရ်သည် ရွတ်ဆို၏။

၃-ဂရိမာနန္ဒတ္ထေရဂါထာ

ဗိမ္ဗိသာရမင်း၏ ပုရောဟိတ်သား ဂိရိမာနန္ဒသည် ဘုရားရှင်တန်ခိုးတော်ကို မြင်၍ ကြည်ညိုသမှုရဟန်းပြုပြီးလျှင် ဘုရားရှင်ကိုဖူးမြင်ရန် ရာဇဂြိုလ်ပြည်သို့ ရောက်လာ ဗိမ္ဗိသာရမင်းကြီးကပစ္စည်းလေပါးဖြင့် ဘိတ်ကြားသည်ကို ကိစ္စများ၍ မေ့လျော့လျက် အဗ္ဘောကာသိကလွင်ပြင်၌ နေထိုင်စဉ်ဗိမ္ဗိသာရမင်းက ကျောင်းဆောက်လှုမှ အာဝါသ လျောက်ပတ်သဖြင့် အရဟတ္တဖိုဟ်သို့ ရောက်၍ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုသော ဂါထာများ

၃၂၅။ မိုးသည် ကောင်းစွာ သီဆိုအပ်သော သီချင်းသံကဲ့သို့ ထစ်ချုန်းလျက် ရွာ၏၊ ငါ၏ကုဋီ (ကျောင်းငယ်) သည် မိုးထားပြီးဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးမှ ကင်း၏၊ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ (အရဟတ္တဖိုလ်သမာဓိဖြင့် ကောင်းစွာ) ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ နေ၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

၃၂၆။ မိုးသည် ကောင်းစွာ သီဆိုအပ်သော သီချင်းသံကဲ့သို့ ထစ်ချုန်းလျက် ရွာ၏၊ ငါ၏ကုဋီ (ကျောင်းငယ်) သည် မိုးထားပြီးဖြစ်၍ ချမ်းသာကို ဆောင်နိုင်၏၊ လေတည်းဟူသော ဘေးရန်မှကင်း၏၊ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ (အရဟတ္တဖိုလ်သမာဓိဖြင့် ကောင်းစွာ) ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍ နေ၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

၃၂၇။ မိုးသည် ရွာ၏။ လ။ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ ရာဂကင်းသည်ဖြစ်၍ နေ၏။

၃၂၈။ မိုးသည် ရွာ၏။ လ။ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ ဒေါသကင်းသည်ဖြစ်၍ နေ၏။

၃၂၉။ မိုးသည် ရွာ၏။ လ။ ငါသည် ထိုကုဋီ (ကျောင်းငယ်) ၌ မောဟကင်းသည်ဖြစ်၍ နေ၏၊ မိုးနတ်သား အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလော့။

ဤသို့လျှင် ဂရိမာနန္ဒမထေရ်သည် ရွတ်ဆို၏။

၎-သုမနတ္ထေရဂါထာ

သူကြွယ့်သား သုမနသည် အရွယ်ရောက်သောအခါ ဦးရီးဖြစ်သူ ရဟန္တာက ရဟန်းပြု စေကာစရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို ပေး၍ အားထုတ်သည်တွင် ဈာန်လေးပါးနှင့် အဘိညာဉ်ငါးပါးကိုရပြီးနောက် ဝိပဿနာသို့ တက်၍ အားထုတ်စေသဖြင့် အရဟတ္တဖိုဟ်သို့ ရောက်ရာ တနေ့သ၌ဦးရီးရဟန္တာထံအရောက် ရရှိသော မဂ်ဖိုဟ်ကို မေး၍ ဖြေကြားလျှောက်ထားသော ဂါထာများ

၃၃ဝ။ ဥပဇ္ဈာယ်ဆရာသည် (သမထဝိပဿနာစသော အပြစ်ကင်းသော) တရားတို့တွင် အကြင်နိဗ္ဗာန်တရားကို အကျွန်ုပ်အတွက် လိုလားတောင့်တလျက် အမြိုက်နိဗ္ဗာန်ကို အလိုရှိပါ၏၊ ဥပဇ္ဈာယ်ဆရာသည် ထိုနိဗ္ဗာန်တရားကို လိုလားတောင့်တသော (ငါ့ကို အဆုံးအမ ပေးသည်၏အစွမ်းဖြင့်) ချီးမြှောက်ပါ၏၊ (ထိုနိဗ္ဗာန်ကို ရခြင်းငှါ) ပြုသင့်သော (တစ်ဆယ့်ခြောက်ပါးသော မဂ်) ကိစ္စကိုပြုအပ်ပြီးပါပြီ။

၃၃၁။ (ထို့ကြောင့်သာလျှင် အကျွန်ုပ်သည် မဂ်လေးပါးသို့) အစဉ်ရောက်ပြီးသူ၊ (မဂ်လေး ပါးကို)့ မျက်မှောက်ပြုပြီးသူ၊ ကိုယ်တိုင် အမြင်ရသော နိဗ္ဗာန်တရားရှိသူ၊ တစ်ဆင့်ကြား မဟုတ် ကိုယ်တိုင်သိပြီးသူ၊ (ကိလေသာအားလုံးတို့မှ) စင်ကြယ်သော ဉာဏ်ရှိသူ၊ (တစ်ဆယ့် ခြောက်ပါးသော) ယုံမှားခြင်းကင်းပြီးသူ ဖြစ်ပါ၏ဟု အရှင်ဘုရားအထံ၌ ပြောကြား လျှောက်ထားပါ၏။

၃၃၂။ အကျွန်ုပ်သည် ရှေးက နေဖူးသော ခန္ဓာအစဉ်ကို သိပါ၏၊ နတ်မျက်စိနှင့် တူသော မျက်စိ'ဒိဗ္ဗစက္ခု'ကို စင်ကြယ်ကြည်လင်စေအပ်ပါပြီ၊ အကျွန်ုပ်သည် မိမိအကျိုးဖြစ်သော (အရဟတ္တဖိုလ်) ကိုရပါပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပါပြီ။

၃၃၃။ အရှင်ဘုရား၏ အဆုံးအမတော်၌ မမေ့မလျော့သော အကျွန်ုပ်သည် သိက္ခာသုံးပါး တို့ကို ကောင်းစွာ သင်ကြားအပ်ပါကုန်ပြီ၊ အကျွန်ုပ်အား အာသဝတရားအားလုံးတို့ကုန်ပါကုန်ပြီ၊ ယခုအခါတစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပါ။

၃၃၄။ အရှင်ဘုရားသည် အရိယာတို့၏ အကျင့်ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မူပါပေ၏၊ အစဉ်သနားစောင့်ရှောက်တော်မူပါပေ၏၊ ချီးမြှောက်တော်မူပါပေ၏၊ အရှင်ဘုရား၏ အဆုံးအမ သည်အချည်းနှီးမရှိပါ၊ အကျွန်ုပ်သည် အရှင်ဘုရား၏ အဆုံးအမကို (လိုက်နာသည်ဖြစ်၍) အနီးနေတပည့်ဖြစ်ပါ၏။

ဤသို့လျှင် သုမနမထေရ်သည် ရွတ်ဆို၏။

၅-ဝဍ္ဎတ္ထေရဂါထာ

သူကြွယ့်သားဝဍ္ဎသည် အမိဖြစ်သူကရှေးဦး ဘိက္ခုနီမပြု ရဟန္တာဖြစ်ပြီးမှ သားဖြစ်သူကိုလည်းရဟန်းပြုစေရာ ဗဟုဿုတ ဓမ္မကထိကဖြစ်လျင် မယ်တော်ကိုတွေ့မြင်ရန်သင်းပိုင်ကိုယ်ရုံမျှဖြင့်သွားသည်ကို မယ်တော်ကစောဒနာသဖြင့် သံဝေဂရရှိကာ ဝိပဿနာကို ပွါးများ၍ရဟန္တာဖြစ်သည်တွင် မယ်တော်၏သြဝါဒပြည့်စုံခြင်းကိုအရင်းပြုကာ ရွတ်ဆိုသော ဂါထာများ

၃၃၅။ ငါ၏ အမိသည် (အဆုံးအမဟု ဆိုအပ်သော ) တုတ်နှင်တံကို ပြပေသည် ဖြစ်ရ ကားကောင်းမြတ်လှပါပေစွ၊ ငါသည် မွေးသမိခင်က ဆုံးမအပ်သည်ဖြစ်၍ ယင်းအမိ၏ စကားကိုကြားနာရသောကြောင့် ထက်သန်သော လုံ့လရှိသူ၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူ၊ မြတ်သောအရဟတ္တဖိုလ်သို့ ရောက်သူ ဖြစ်ရပါ၏။

၃၃၆။ ငါသည် ပူဇော်အထူးကို ခံထိုက်သူ၊ မြတ်သော အလှူကို ခံထိုက်သူ၊ ဝိဇ္ဇာသုံးပါး နှင့် ပြည့်စုံသူ၊ အမြိုက်နိဗ္ဗာန်ကို မြင်ပြီးသူ ပုဂ္ဂိုလ်ဖြစ်ရပေ၏၊ မာရ်မင်း၏ (ကိလေသာတည်းဟူသော) စစ်သည်ကိုအောင်မြင်၍ အာသဝေါ မရှိသူဖြစ်၍ နေရပါ၏။

၃၃၇။ ရှေးအခါက ငါ၏ အတွင်း 'အဇ္ဈတ္တ'သန္တာန်၌လည်းကောင်း၊ အပ 'ဗဟိဒ္ဓ'သန္တာန်၌ လည်းကောင်း၊ အကြင်အာသဝေါတရားတို့ ရှိကုန်၏။ ထိုအာသဝေါအားလုံးတို့သည် (ယခု အခါ) အကြွင်းမဲ့ ဖြတ်အပ်ပြီး ဖြစ်၍ နောင်တစ်ဖန် မဖြစ်ကြကုန်လတ္တံ့။

၃၃၈။ နှမ၁ထိုအကြောင်းကို ရဲရဲရင့်ရင့် ဆုံးမပါပေ၏၊ (သင်၏ သားဖြစ်သော) ငါ၌သော်လည်း အဆွေခင်ပွန်း မဖွဲ့လေို ယာငတ် ကား၊ သင်၏ သဏ္ဌာ န၌် (အဝဇ္ဇိာ အစရှိသော) တောအုပ်သည် မရှိတော့ယောင်ကား။

၃၃၉။ ငါသည် ဆင်းရဲကို အဆုံးပြုပြီးပြီ၊ ဤခန္ဓာကိုယ်သည် အဆုံးဖြစ်သော ခန္ဓာကိုယ်တည်း၊ ယခုအခါ ပဋိသန္ဓေနေမှု, သေမှုနှင့်တကွဖြစ်သော ခန္ဓာအစဉ်ဖြင့် မှတ်အပ်သည့် သံသရာဟူသောဘဝသစ် မရှိတော့ပြီ။

ဤသို့လျှင် ဝဍ္ဎမထေရ်သည် ရွတ်ဆို၏။

၁။ မိခင်နှင့် မိမိ နှစ်ဦးစလုံးပင် အရဟတ္တဖိုလ်ကို ရခြင်းဖြင့် မြတ်စွာဘုရား၏ သမီးတော် သားတော် အဖြစ်ကို ပြလို၍ အမိကိုပင် နှမဟု ခေါ်သည်။ (အဋ္ဌကထာ)

၆-နဒီကဿပတ္ထေရဂါထာ

နေရဉ္ဇရာမြစ်ကမ်းအနီးတွင် သင်ခမ်းဆောက်လုပ်နေထိုင်သော နဒီကဿပသည် ဘုရားရှင် ကြွလာ၍ပရိသတ်နှင့်တကွ ဧဟိဘိက္ခုရဟန်းဖြစ်ပြီးနောက် အာဒိတ္တပရိယာယ သုတ်ကို နာကြားရသည်တွင် ရဟန္တာဖြစ်လေ၏၊ နောက်အခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်လျက် အယူမှားကို ပယ်ခွာပြီးကြောင်းပြောကြား ရွတ်ဆိုသော ဂါထာများ

၃၄ဝ။ မြတ်စွာဘုရားသည် ငါ၏ အကျိုးစီးပွါးအလို့ငှါသာလျှင် နေရဉ္ဇရာမြစ်အနီးသို့ကြွလာတော်မူပါပေ၏၊ ငါသည် ယင်းမြတ်စွာဘုရား၏ (သစ္စာလေးပါးနှင့်စပ်သော) တရား တော်ကိုကြားနာမှတ်သား ရသောကြောင့် (ယဇ်ပူဇော်ခြင်းစသော) မှားသော အယူကိုစွန့်ပြီ။

၃၄၁။ ငါသည် အမျိုးမျိုးသော ယဇ် (ပူဇော်ခြင်း) တို့ကို ပူဇော်ခဲ့ပြီ၊ ဤယဇ်ပူဇော်သော အကျင့်သည်သံသရာမှ စင်ကြယ်ကြောင်း အကျင့်ဟု အမှတ်ရှိ၍ မီးကို လုပ်ကျွေးခြင်းကို လုပ်ကျွေးပူဇော်ခဲ့၏၊ ပုထုဇဉ်သည် (မောဟတည်းဟူသော အမိုက်တိုက်ဖြင့်) အလွန်မိုက်စွတ ကား။

၃၄၂။ ငါသည် မိစ္ဆာအယူဟူသော တောအုပ်သို့ ပြေးဝင်ကာ မှားသော နှလုံးသွင်းခြင်းဖြင့် တွေဝေသောအဖြစ်သို့ ရောက်လျက် အဝိဇ္ဇာဖြင့် ကန်းသည်ဖြစ်၍ (တရားဟုတ်သည်, မဟုတ် သည်ကို) မသိမှုကြောင့် မစင်ကြယ်သော အကျင့်လမ်းစဉ်ကို စင်ကြယ်သော အကျင့်လမ်းစဉ်ဟူ၍ မှတ်ထင်ခဲ့၏။

၃၄၃။ ငါသည် မိစ္ဆာအယူကို ပယ်အပ်ပြီ၊ ဘဝအားလုံးတို့ကို အကြွင့်မဲ့ ဖျက်ဆီးအပ်ကုန် ပြီ၊ မကောင်းမှုအားလုံးကိုလောင်ကျွမ်းစေ၍ အမြတ်ဆုံးမီး 'ဒက္ခိနေယျဂ္ဂိ'ဖြစ်သော မြတ်စွာဘုရားကိုပူဇော်ပါ၏၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။

၃၄၄။ ငါသည် အလုံးစုံသော မောဟတို့ကို ပယ်အပ်ကုန်ပြီ၊ ဘဝ၌ တပ်မက်တတ်သော 'ဘဝတဏှာ'ကိုဖျက်ဆီးအပ်ပြီ၊ ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိသော သံသရာဝဋ်ကုန်ပြီ၊ ယခုအခါ နောင်တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိပြီ။

ဤသို့လျှင် နဒီကဿပမထေရ်သည် ရွတ်ဆို၏။

၇-ဂယာကဿပတ္ထေရဂါထာ

ဂယာအရပ်၌နေသော ဂယာကဿပသည် ဘုရားရှင်ကြွလာ၍ ပရိတ်သတ်နှင့်တကွဧဟိဘိက္ခုဖြစ်ပြီးနောက် အာဒိတ္တပရိယာယသုတ်ကို နာကြားသည်တွင် ရဟန္တာဖြစ်၍ မိမိ၏ ပဋိပတ်ကိုဆင်ခြင်ကာ မကောင်းမှုမျှောပစ်ခြင်းကို ပြောကြားသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၃၄၅။ ငါသည် နံနက်တစ်ကြိမ်, မွန်းတည့်တစ်ကြိမ်, ညနေချမ်းတစ်ကြိမ်အားဖြင့် တစ်နေ့သုံးကြိမ် ရေသို့ဆင်းသက်ခဲ့၏၊ (ယင်းသို့ ဆင်းသက်ရာဝယ်) ထိုငါသည် ဂယာဖဂ္ဂု မည်သော ဥတ္တရဖဂ္ဂုနိနက္ခတ်ပွဲအခါ၌ ဂယာရေဆိပ်၌သာ ရေသို့ ဆင်းသက်ခဲ့၏။

၃၄၆။ ငါသည် ရှေးအခါ ကာလက တစ်ပါးသော ဘဝတို့၌ ပြုလုပ်ဆည်းပူးခဲ့သော ယုတ် ညံ့သောမကောင်းမှုကံကို ယခုအခါ ဤဂယာဆိပ်၌ မျှောတော့အံ့ဟု မြတ်စွာဘုရားထံ မရောက်မီ ဤသို့အယူရှိခဲ့၏။

၃၄၇။ ငါသည် အကြောင်းအကျိုးနှင့် စပ်သော ပုဒ်ဗျည်းရှိသော၊ ကောင်းစွာ ဟောတော်မူ အပ်သော မြတ်စွာဘုရား စကားတော်ကို ကြားနာရသောကြောင့် (ပရမတ္တသဘောဖြင့်) မှန်ကန်သော၊ဟုတ်မှန်တိုင်းသော ဒုက္ခစသော အနက်သဘောကို အသင့်အားဖြင့် ဆင်ခြင်ခဲ့ပြီ။

၃၄၈။ ထို့ကြောင့် ငါသည် မကောင်းမှုအားလုံးကို ဆေးလျှော်ပြီးသူ၊ (ရာဂစသော) အညစ်အကြေးမရှိသူ၊ ကိုယ်အမူအရာ ဖြူစင်သူ၊ နှုတ်အမူအရာ သန့်ရှင်းသူ၊ စိတ်အမူအရာ စင်ကြယ်သူ ဖြစ်၏၊ စင်ကြယ်သော မြတ်စွာဘုရား၏ တရားအမွေခံ ဖြစ်၏၊ ဘုရားရှင်၏ ရင်တော်အနှစ် သားတော်စစ် ဖြစ်၏။

၃၄၉။ ငါသည် (သမ္မာဒိဋ္ဌိစသော) အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော (မဂ်ဟူသော) အယဉ်သို့ သက်ဝင်၍မကောင်းမှုအားလုံးကို မျှောခဲ့ပြီ၊ ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမ တော်မူသောအတိုင်းလိုက်နာပြုကျင့်ပြီးပြီ။

ဤသို့လျှင် ဂယာကဿပမထေရ်သည် ရွတ်ဆို၏။

၈-ဝက္ကလိတ္ထေရဂါထာ

ပုဏ္ဏားမျိုးဝက္ကလိသည် အရွယ်ရောက်၍ ဘုရားရှင်ကို ဖူးမြင်ရသည်တွင် အမြဲဖူးမြင် ရအောင်ရဟန်းပြုကာ ဘုရားရှင်ကို အမြဲကြည့်ရှုနေလေရာ ဘုရားရှင်က တရားကို မြင်မှ ငါဘုရားကိုမြင်နိုင်ကြောင်း ဟောပြမှ သဘောကျလျက် ဝိပဿနာကို အဆင့်ဆင့်၊ ကိးစား၍ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

၃၅ဝ။ ရဟန်း သင်သည် လေနာ နှိပ်စက်ခံနေရလျက် လူတို့ ကျက်စားသွားလာရာ မဟုတ်သောပစ္စည်းလေးပါး ရခဲသော တောကြီးမျက်မည်း၌ နေသည်ရှိသော် အဘယ်သို့ ပြုလုပ်နေထိုင်လတ္တံ့နည်း။

၃၅၁။ အကျွန်ုပ်သည် ပြန့်ပြောများမြတ်သော နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ' ဖြင့် ခန္ဓာကိုယ်ကိုပျံ့နှံ့စေလျက် (ပစ္စည်းလေးပါး ခေါင်းပါးရခဲခြင်း) ကိုလည်း သည်းခံကာ တောကြီးမျက်မည်း၌ နေပါအံ့။

၃၅၂။ (မဂ်၌ အကျုံးဝင်သော) သတိပဋ္ဌာန်တို့ကို ပွါးစေလျက် (သဒ္ဓါစသော) ဣနြေ္ဒ, ဗိုလ်, ဗောဇ္ဈင်တို့ကိုလည်း ပွါးစေကာ တောကြီးမျက်မည်း၌ နေပါအံ့။

၃၅၃။ ထက်သန်သော လုံ့လရှိကုန်သော၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိကုန်သော၊ အခါခပ်သိမ်းမြဲမြံခိုင်ခံ့သော လုံ့လရှိကုန်သော၊ အညီအညွတ်ဖြစ်ကုန်သော သီတင်းသုံးဖော်တို့ ကို ရှုကြည့်၍တောကြီးမျက်မည်း၌ နေပါအံ့။

၃၅၄။ သတ္တဝါအားလုံးတို့ထက် မြတ်တော်မူသော၊ မြတ်သော ဆုံးမခြင်းဖြင့် ယဉ်ကျေး တော်မူသော၊ အတုမရှိသော သမာဓိဖြင့် တည်ကြည်တော်မူသော မြတ်စွာဘုရားကို နေ့ရော ညဥ့်ပါ မပျင်းမရိဘဲအဖန်ဖန် အောက်မေ့လျက် တောကြီးမျက်မည်း၌ နေပါအံ့။

ဤသို့လျှင် ဝက္ကလိမထေရ်သည် ရွတ်ဆို၏။

၉-ဝိဇိတသေနတ္ထေရဂါထာ

ဆင့်ဆရာ့သား ဝိဇိတသေနသည် ဦးရီးတော်နှစ်ယောက် ရဟန်းပြုသကဲ့သို့ ဘုရားရှင် ကို ကြည်ညိုလျက်ဦးရီးတော်တို့ထံတွင် ရဟန်းပြုကာ ဆုံးမတော်မူသည့်အတိုင်း ဝိပဿနာ ပွါးများ၍အရဟတ္တဖိုဟ်သို့ရောက်သောအခါ စိတ်ယုတ်ကိုဖိနှိပ်ထားပုံ အခြင်းအရာဖြင့် ရွတ်ဆိုသော ဂါထာများ

၃၅၅။ ကာမဂုဏ်ကွန်ရက်သဖွယ် ဖြစ်၍ ခန္ဓာကိုယ်၌ ဖြစ်သော ဟယ် စိတ် (တံတိုင်းဖြင့် ဖွဲ့အပ်သော မြို့၏) 'ကန့်လန့်ကျင် ထိုးထားသော မလွယ်ပေါက် တံခါးငယ်၌ ဆင်တို့၏ ထွက်သွားခြင်းကိုတားမြစ်သကဲ့သို့' သင့်ကို တားမြစ်ထားအံ့၊ သင့်ကို မကောင်းမှု၌ မယှဉ် စေသောအားဖြင့် တားမြစ်အံ့။

၃၅၆။ 'တံခါးဖွင့်ခြင်းကို မရသော ဆင်ကဲ့သို့' သင် စိတ်မိုက်သည် ယခုအခါ တားမြစ် ထားသည်ဖြစ်၍ အလိုရှိတိုင်း မသွားရလတ္တံ့၊ ဟယ် စိတ်ယုတ် အဖန်ဖန် ထိုထိုအာရုံ၌ ပြောင်းရွှေ့ ပြေးသွားသည်၏အစွမ်းဖြင့် မကောင်းမှု၌ မွေ့လျော်လျက် သင် လှည့်လည်ရတော့ မည် မဟုတ်။

၃၅၇။ အားကောင်းသော ဆင်ဆရာသည် ဖမ်းပြီးစဖြစ်၍ မယဉ်ကျေးသေးသော ဆင်ပြောင်ကိုဆင်အလိုအတိုင်း မဟုတ်ဘဲ ပြန်လည် ဆုတ်နစ်လာစေသကဲ့သို့ ထို့အတူ သင်စိတ်ယုတ်ကိုသင့်အလိုအတိုင်း မဟုတ်ဘဲ ပြန်လည် ဆုတ်နစ်လာစေအံ့။

၃၅၈။ မြတ်သော မြင်းကို ဆုံးမခြင်း၌ လိမ္မာသော မြတ်သော ရထားထိန်းသည် အာဇာနည်မြင်းကိုဆုံးမသကဲ့သို့ ထို့အတူ ငါသည် (သဒ္ဓါစသော) ဗိုလ်ငါးပါးတို့၌ တည် လျက် သင်စိတ်ယုတ်ကိုဆုံးမတော့အံ့။

၃၅၉။ ငါသည် သင် စိတ်ယုတ်ကို သတိတည်းဟူသော ကြိုးဖြင့် (ကမ္မဋ္ဌာန်းဟူသော တိုင်၌) ချည်ထားအံ့၊ (ကမ္မဋ္ဌာန်း၌) အားစိုက်သည်ဖြစ်၍ သင် စိတ်ယုတ်ကို ဆုံးမအံ့၊ ဟယ် စိတ်ယုတ် (သင်သည်လည်း) ဝီရိယဟူသော ရထားဦးဖြင့် ဖိနှိပ်ထားခံရသည်ဖြစ်၍ ဤ (ကမ္မဋ္ဌာန်းအာရုံ) မှဝေးရာသို့ မသွားရလတ္တံ့။

ဤသို့လျှင် ဝိဇိတသေနမထေရ်သည် ရွတ်ဆို၏။

၁ဝ-ယသဒတ္တတ္ထေရဂါထာ

မလ္လမင်းသား ယသဒတ္တသည် သဘိယပရိဗိုဇ်နှင့်အတူ ခရီးလှည့်လည်ရင်း ဘုရားရှင် ထံသို့ ရောက်လျှင်သဘိယပရိဗိုဇ်က မေးလျှောက်ပြစ်တင်မည်ဟူသော စိတ်အကြံကို ဘုရားရှင် သိတော်မူသဖြင့် သဘိယသုတ္တန်ကို ဟောပြဆုံးမတော်မူသည်တွင် သံဝေဂရ ရှိလျက် ရဟန်းပြု၍အရဟတ္တဖိုဟ်သို့ရောက်သောအခါ ပညာမဲ့သူတို့ သူတော်ကောင်း တရားမှ ဝေးပုံကို ရွတ်ဆိုသော ဂါထာများ

၃၆ဝ။ အပြစ်တင် ခြုတ်ခြယ်လိုသော စိတ်ရှိသည့် ပညာမဲ့ပုဂ္ဂိုလ်သည် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူ၏၊ (ထိုပုဂ္ဂိုလ်သည်) ကောင်းကင်မှ မြေကြီး ဝေးသကဲ့သို့ပဋိပတ်ဟူသော သူတော်ကောင်းတရားမှ ဝေး၏။

၃၆၁။ အပြစ်တင် ခြုတ်ခြယ်လိုသော စိတ်ရှိသည့် ပညာမဲ့ပုဂ္ဂိုလ်သည် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူ၏၊ (ထိုပုဂ္ဂိုလ်သည်) လဆုတ်ပက္ခ၌ လကဲ့သို့လောကုတ္တရာတရား ကိုးပါးမှ ဆုတ်ယုတ်၏။

၃၆၂။ အပြစ်တင် ခြုတ်ခြယ်လိုသော စိတ်ရှိသည့် ပညာမဲ့ပုဂ္ဂိုလ်သည် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူ၏၊ (ထိုပုဂ္ဂိုလ်သည်) ရေနည်းငါးကဲ့သို့ သူတော်ကောင်းတရားမှခြောက်သွေ့လေတော့၏။

၃၆၃။ အပြစ်တင် ခြုတ်ခြယ်လိုသော စိတ်ရှိသည့် ပညာမဲ့ပုဂ္ဂိုလ်သည် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူ၏၊ (ထိုပုဂ္ဂိုလ်သည်) 'လယ်၌ (မျိုးစေ့ ပုပ်ကဲ့သို့)'သူတော်ကောင်းတရား၌ ပေါက်ပွါးစည်ပင်ခြင်းသို့ မရောက်။

၃၆၄။ အကြင် ပုဂ္ဂိုလ်သည်ကား နှစ်သက် ဝမ်းမြောက်သော စိတ်ဖြင့် မြတ်စွာဘုရား အဆုံးအမပရိယတ္တိသာသနာတော်ကို နာကြားသင်ယူလို၏၊ (ထိုပုဂ္ဂိုလ်သည်) အာသဝေါ တရားအားလုံးတို့ကို ကုန်စေပြီးလျှင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ လွန်မြတ် ငြိမ်သက် သော နိဗ္ဗာန်သို့ ရောက်၍အာသဝေါတရား ကင်းလျက် (အနုပါဒိသေသနိဗ္ဗာန်ဖြင့်) ပရိနိဗ္ဗာန် ပြုရ၏။

ဤသို့လျှင် ယသဒတ္တမထေရ်သည် ရွတ်ဆို၏။

၁၁-သောဏကုဋိကဏ္ဏတ္ထေရဂါထာ

တစ်ကုဋေတန် နားတောင်းကို ဝတ်ဆင်သဖြင့် ကုဋိကဏ္ဏသောဏမည်သော သူဌေးသား သည်ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် ဂန္ဓကုဋိတစ်ခုအတွင်း ဘုရားရှင်နှင့်အတူ နေခွင့်ရရှိလျက်ဘုရားရှင်တိုက်တွန်းချက်အရ အဋ္ဌကဝဂ်၁၆ သုတ်ကို ရွတ်ပြခြင်းဖြင့် သာဓုခေါ်တော်မူကာဥဒါန်းဂါထာအဆုံးတွင် ရဟန္တာဖြစ်လေ၏၊ နောက်အခါ မိမိပဋိပတ်ကို ဆင်ခြင်လျက်ဥဒါန်းကျူးရင့်သော ဂါထာများ

၃၆၅။ ငါသည် ပဉ္စင်းအဖြစ်ကို ဆင်းရဲငြိုငြင်သဖြင့် ရအပ်ပြီ၊ အရဟတ္တမဂ်ဖြင့် ကိလေသာ အားလုံးတို့မှလွတ်မြောက်သည်ဖြစ်၍ အာသဝေါကင်းသူ ဖြစ်၏၊ ငါသည် ရှေးက မမြင် ဖူးသောထိုမြတ်စွာဘုရားကိုလည်း ဖူးမြင်ရ၏၊ ဂန္ဓကုဋိတိုက်တော်၌လည်း (မြတ်စွာဘုရားနှင့်) အတူတကွ နေရ၏။

၃၆၆။ မြတ်စွာဘုရားသည် များစွာသော ညဥ့်ပတ်လုံး လွင်တီးခေါင်၌ အချိန်အခါကို လွန်စေ၏၊ လွန်ပြီးသည့် နောက်အခါဝယ် (ဒိဗ္ဗ, ဗြဟ္မ, အာနေဉ္ဇ, အရိယ) ဝိဟာရတို့၌ လိမ္မာ တော်မူသောမြတ်စွာဘုရားသည် ကျောင်းတော်တွင်းသို့ ဝင်တော်မူ၏။

၃၆၇။ ခြင်္သေ့မင်းသည် ကျောက်လိုဏ်ဂူ၌ ကြောက်ရွံ့ထိတ်လန့်မှုဘေးရန် မရှိဘဲ အိပ်စက်သကဲ့သို့ထို့အတူ ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည်လည်း ကြောက်ရွံ့ထိတ်လန့်မှု စိတ္တုတြာသ မရှိဘဲဒုကုဋ်သင်္ကန်းကြီးကို ခင်း၍ ကျိန်းစက်တော်မူ၏။

၃၆၈။ ထို့နောက် မြတ်စွာဘုရား၏ တပည့်သားတော်ဖြစ်သော ကောင်းသော စကား အစဉ်ရှိသောသောဏ (ကုဋိကဏ္ဏ) ရဟန်းငယ်သည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ အဋ္ဌကဝဂ် တစ်ဆယ့်ခြောက်သုတ်ဟု ဆိုအပ်သော တရားတော်ကို ရွတ်ဆို၏။

၃၆၉။ သောဏကုဋိကဏ္ဏ ရဟန်းငယ်သည် ဥပါဒါနက္ခန္ဓာတရား ငါးပါးတို့ကို ပိုင်းခြား သိပြီး၍နိဗ္ဗာန်ရောက်ကြောင်း ခရီးလမ်းကောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးကို ပွါးများပြီးလျှင် လွန်မြတ်ငြိမ်သက်သောနိဗ္ဗာန်သို့ ရောက်၍ အာသဝေါကင်းလျက် (အနုပါဒိသေသနိဗ္ဗာန ဓာတ်ဖြင့်) ပရိနိဗ္ဗာန်ပြုရလတ္တံ့။

ဤသို့လျှင် သောဏကုဋိကဏ္ဏမထေရ်သည် ရွတ်ဆို၏။

၁၂-ကောသိယတ္ထေရဂါထာ

ပုဏ္ဏားမျိုးကောသိယသည် သျှင်သာရိပုတြာထံ မပြတ်ဆည်းကပ်လျက် တရားနာ၍ ရဟန်းပြုကာကမ္မဋ္ဌာန်းအားထုတ်သည်တွင် မကြာမီ ရဟန္တာဖြစ်လေလျှင် မိမိ၏ ပဋိပတ်ကို ဆင်ခြင်၍ သူတော်ကောင်းကိုမှီဝဲခြင်း၏အကျိုးကို ချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၃၇ဝ။ ဆရာတို့၏ ဆုံးမစကားကို သိသော အကြင်ပညာရှိသည် ထိုပညာရှိတို့၏ အဆုံး အမစကား၌လိုက်နာပြုကျင့် နေထိုင်ရာ၏၊ ထိုဆရာ၌ ချစ်ခြင်းကို ဖြစ်စေရာ၏၊ ထိုသူသည် (ဆုံးမတိုင်း ကျင့်သဖြင့်) ဆည်းကပ်သူလည်း မည်၏၊ ပညာရှိသူလည်း မည်၏၊ (သစ္စာ လေးပါးတရားတို့ကို) သိခြင်းကြောင့်လောကီ,လောကုတ္တရာ တရားထူးရှိသူလည်း ဖြစ်၏။

၃၇၁။ ဆင်ခြင်မှု 'ပဋိသင်္ခါန'ဉာဏ်အား၌ တည်သော အကြင်ပုဂ္ဂိုလ်ကို ဖြစ်ပေါ်လာသောထူပြောအားကြီးသော ဘေးရန်တို့သည် အနည်းငယ်မျှ မတုန်လှုပ်စေနိုင်ကုန်၊ ထိုပုဂ္ဂိုလ်သည်အားရှိသူလည်း မည်၏၊ ပညာရှိသူလည်း မည်၏၊ (သစ္စာလေးပါးတရားတို့ကို) သိခြင်း ကြောင့်လောကီ,လောကုတ္တရာ တရားထူးရှိသူလည်း ဖြစ်၏။

၃၇၂။ 'မြင်းမိုရ်တောင်၏ အနီး၌ မဟာသမုဒ္ဒရာသည် အရပ်ရှစ်မျက်နှာတို့မှ တိုက်သော လေတို့ကြောင့်မတုန်လှုပ်မူ၍ တည်သကဲ့သို့' အကြင်သူသည် (ကိလေသာတည်းဟူသော လေ, တိတ္ထိတို့၏အယူဝါဒတည်းဟူသော လေတို့ကြောင့်) မတုန်မလှုပ် တည်၏၊ နက်နဲသော ပညာလည်း ရှိ၏၊ သိမ်မွေ့သော အနက်ကိုလည်း မြင်နိုင်၏၊ ထိုသူသည် (ကိလေသာတို့) မလှုပ်မရှားစေနိုင်သော (အသံဟာရိယ) ပုဂ္ဂိုလ်လည်း မည်၏၊ ပညာရှိသူလည်း မည်၏၊ (သစ္စာလေးပါးတရားတို့ကို) သိခြင်းကြောင့် (လောကီ,လောကုတ္တရာ) တရားထူးရှိသူလည်း ဖြစ်၏။

၃၇၃။ အကြင်သူသည် အကြင်ဆရာကို အမှီပြု၍ အကြားအမြင် များသူလည်း ဖြစ်၏၊ တရားကိုဆောင်နိုင်သူလည်း ဖြစ်၏၊ သင်ကြားထားသော တရား၏ (ပါဌ်အနက်ကို သိ၍)လောကုတ္တရာကိုးပါးအားလျော်သော အကျင့်ရှိသူလည်း ဖြစ်၏၊ ထိုသူသည် ထိုဆရာနှင့် တူသော သဘောရှိသောပညာရှိသူလည်း ဖြစ်၏၊ (သစ္စာလေးပါးတရားတို့ကို) သိခြင်း ကြောင့် (လောကီ,လောကုတ္တရာ) တရားထူး ရှိသူလည်း ဖြစ်၏။

၃၇၄။ အကြင်ပုဂ္ဂိုလ်သည် မြတ်စွာဘုရား ဟောကြားတော်မူသော ပရိယတ္တိတရားတော်၏အနက်ကိုလည်း သိ၏၊ အနက်ကို သိပြီးလျှင် သိသည့်အတိုင်းလည်း ကျင့်၏၊ ထိုပုဂ္ဂိုလ်သည်အနက်အထူးကို သိသော ပညာရှိလည်း မည်၏၊ (သစ္စာလေးပါးတရားတို့ကို) သိခြင်းကြောင့် (လောကီ,လောကုတ္တရာ) တရားထူးရှိသူလည်း ဖြစ်၏။

ဤသို့လျှင် ကောသိယမထေရ်သည် ရွတ်ဆို၏။

ပဉ္စကနိပါတ် ပြီး၏။

၆-ဆက္ကနိပါတ်

၁-ဥရုဝေဠကဿပတ္ထေရဂါထာ

ဥရုဝေလကဿပသည် ဥရုဝေလတော၌ တပည့်ရသေ့ငါးရာနှင့်နေစဉ် ဘုရာရှင်ကြွလာ ဆုံးမ၍တပည့်များနှင့်အတူ ဧဟိဘိက္ခုရဟန်းဖြစ်လျက် အာဒိတ္တသရိယာယသုတ်ကို နာကြားပြီးလျင်အရဟတ္တဖိုဟ်သို့ ရောက်ပြီးနောက် မိမိပဋိပတ်ကို ဆင်ခြင်၍ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ

၃၇၅။ ငါသည် ကျော်စောခြင်းရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာတို့ ကိုမြင်သော်လည်း မြတ်စွာဘုရားက မခြိမ်းချောက်သေးသမျှ ကာလပတ်လုံး ငြူစူမှု 'ဣဿာ', ထောင်လွှားမှု 'မာန' လှည့်ပတ်ခံရသောကြောင့် အရိုအသေ ကိုးကွယ်ခြင်းကို မပြု။

၃၇၆။ လူနတ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ငါ၏ မှားယွင်းသောအကြံကို သိတော်မူ၍ လှုံ့ဆော်တိုက်တွန်းတော်မူ၏၊ ထို့ကြောင့် ရှေးက မဖြစ်ဖူးသေးသောထိတ်လန့်မှု 'သံဝေဂ'တရားသည်လည်းကောင်း၊ ရှေးက မဖြစ်ဖူးသေး သော ကြက်သီးမွေးညင်းထခြင်းသည်လည်းကောင်း ငါ့အား ဖြစ်ပေါ်လာ၏။

၃၇၇။ ထိုအခါ ရှေးက ရသေ့ဖြစ်ဖူးသော ငါ့အား ရှိပြီးဖြစ်သော အနည်းငယ်မျှသော လာဘ်ပူဇော်သကာပြည့်စုံမှုကို ပယ်စွန့်၍ မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုခဲ့၏။

၃၇၈။ ငါသည် ရှေးအခါက ကာမလောကကို ရှေးရှုတည်ကာ ယဇ်ပူဇော်ခြင်းဖြင့် နှစ်သက် ရောင့်ရဲခဲ့၍နောက်အခါ၌မူ တပ်မက်မှု 'ရာဂ'ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ'ကိုလည်းကောင်း၊ တွေဝေမှု 'မောဟ' ကိုလည်းကောင်း အကြွင်းမဲ့ ပယ်နုတ်ဖျက်ဆီးခဲ့ပြီ။

၃၇၉။ ငါသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိ၏၊ နတ်မျက်စိနှင့် တူသော မျက်စိ'ဒိဗ္ဗစက္ခုအဘိညာဉ်'ကို စင်ကြယ်ကြည်လင်စေအပ်ပြီ၊ တန်ခိုးဖန်ဆင်းခြင်း 'ဣဒ္ဓိဝိဓအဘိညာဉ်' ကို ရပြီ၊ သူတစ်ပါးစိတ်ကို ပိုင်းခြား၍ သိသော 'စေတောပရိယ' ဉာဏ်ကို ရပြီ၊ နတ်တို့၏ နားနှင့် တူသောနား'ဒိဗ္ဗသောတအဘိညာဉ်'သို့လည်း ရောက်ပြီ။

၃၈ဝ။ အကြင် အရဟတ္တဖိုလ်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်း ပြု)၏၊ ငါသည် အလုံးစုံသော နှောင်ကြိုး (သံယောဇဉ်) တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ် သောထိုအကျိုးကိုလည်း ရပြီ။

ဤသို့လျှင် ဥရုဝေလကဿပမထေရ်သည် ရွတ်ဆို၏။

၂-တေကိစ္စကာရိတ္ထေရဂါထာ

အဖဖြစ်သူကို စန္ဒဂုတ်မင်းက အချုပ်ထောင်ချထားရာတွင် တိမ်းရှောင်ကာ သာဏဝါသီ မထေရ်ထံတွင် ရဟန်းပြုသော ပုဏ္ဏားသား တေကိစ္ဆကာရီသည် ကမ္မဋ္ဌာန်းအားထုတ်နေစဉ် မာရ်နတ်လာရောက်ဖျက်ဆီးသော်လည်း ဂုဏ်တော်ကို ဆင်ခြင် ဝိပဿနာတင်၍ အားထုတ်သဖြင့် အရဟတ္တဖိုဟ်ကိုမျက်မှောက်ပြုသောအခါ မာရ်နတ်နှင့် အပြန်အလှန် ပြောဆိုပုံ ဖော်ပြသော ဂါထာများ

၃၈၁။ ရဟန်း ကောက်လတ်စပါးတို့သည် ကျီ၌ သွင်းထားပြီး ဖြစ်ကုန်၏၊ ကောက်ကြီးသလေးစပါးတို့သည်လည်း တလင်း၌ တည်ရှိနေကုန်သေး၏၊ (သို့ဖြစ်ပါလျက်) ထမင်း တစ်ခဲမျှကိုလည်းငါ မရ၊ ယခုအခါ၌ ငါ အဘယ်သို့ ပြုရပါအံ့နည်း (ဟု မာရ်နတ်က ပြက်ရယ်ပြောဆို၏)။

၃၈၂။ သင်ကား မနှိုင်းယှဉ်အပ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဂုဏ်ကိုအဖန်ဖန် အောက်မေ့ကာ ကြည်ညိုနှစ်သက်မှု 'ပီတိ'ဖြင့် တစ်ကိုယ်လုံး တွေ့ထိ သည်ဖြစ်၍ အခါခပ်သိမ်း (ဥဗ္ဗေဂါပီတိဖြင့်) တက်ကြွသူ ဖြစ်လတ္တံ့။

၃၈၃။ သင်ကား မနှိုင်းယှဉ်အပ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော တရားတော်၏ ဂုဏ်ကိုအဖန်ဖန် အောက်မေ့ကာ ကြည်ညိုနှစ်သက်မှု 'ပီတိ'ဖြင့် တစ်ကိုယ်လုံး တွေ့ထိသည်ဖြစ်၍ အခါခပ်သိမ်း (ဥဗ္ဗေဂါပီတိဖြင့်) တက်ကြွသူ ဖြစ်လတ္တံ့။

၃၈၄။ သင်ကား မနှိုင်းယှဉ်အပ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော သံဃာတော်၏ ဂုဏ်ကိုအဖန်ဖန် အောက်မေ့ကာ ကြည်ညိုနှစ်သက်မှု 'ပီတိ'ဖြင့် တစ်ကိုယ်လုံး တွေ့ထိသည်ဖြစ်၍ အခါခပ်သိမ်း (ဥဗ္ဗေဂါပီတိဖြင့်) တက်ကြွသူ ဖြစ်လတ္တံ့၊ (သုံးဂါထာကို တေကိစ္စကာရိ မထေရ်သည် ရွတ်ဆို၏)။

၃၈၅။ (ရဟန်း သင်သည်) အမိုးမရှိ ဟင်းလင်းပြင် (လွင်တီးခေါင်) ၌ နေဘိ၏၊ ဤ ညဥ့်တို့သည် ဆောင်းတွင်း အခါကာလ ဖြစ်၍ ချမ်းအေးကုန်၏၊ (ထို့ကြောင့်) အအေး နှိပ် စက်သဖြင့် မပင်ပန်းပါစေလင့်၊ တံခါးပိတ်ထားသော ကျောင်းတွင်းသို့ ဝင်ပါလော့၊ (ဤသို့ နေသည်ရှိသော်သင်ရဟန်းအား ချမ်းသာစွာ နေရလတ္တံ့ဟု မာရ်နတ်သည် ဆို၏)။

၃၈၆။ ငါသည် အပ္ပမညာဟုခေါ်ရသော ဗြဟ္မဝိဟာရတရားလေးပါးတို့ကို တွေ့ထိဝင်စား နေအံ့၊ ထိုဗြဟ္မဝိဟာရတရားတို့ဖြင့် ချမ်းသာခြင်းရှိသည်ဖြစ်၍ နေပါအံ့၊ ငါသည် တုန်လှုပ်ခြင်း မရှိမူ၍နေသည်ရှိသော် အအေးဖြင့် ပင်ပန်းလိမ့်မည် မဟုတ်။

ဤသို့လျှင် တေကိစ္စကာရိမထေရ်သည် ရွတ်ဆို၏။

၃-မဟာနာဂတ္ထေရဂါထာ

ပျားရည်ကုန်သည့်သား မဟာနာဂသည် အရွယ်ရောက်သောအခါ ဘုရားရှင် အဉ္ဇနတော၌ သီတင်းသုံးစဉ်ဂဝမ္ပတိမထေရ်၏ တန်ခိုးတော်မြင်၍ ကြည်ညိုကာ ရဟန်းပြု လျက် ထိုမထေရ် အဆုံးအမ၌ တည်ပြီးလျှင့်ဝိပဿနာပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်သောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကို ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၃၈၇။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု မရှိ၊ ထိုရဟန်းသည် ရေနည်းငါးကဲ့သို့ သူတော်ကောင်းတရားမှ ဆုတ်ယုတ်၏။

၃၈၈။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု မရှိ၊ ထိုရဟန်းသည် လယ်၌စိုက်ပျိုးကြဲချသော မျိုးစေ့ပုပ်ကဲ့သို့ သူတော်ကောင်းတရား၌ စည်ပင်ခြင်းသို့ မရောက်နိုင်။

၃၈၉။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု မရှိ၊ ထိုရဟန်းသည် တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ ကိလေသာငြိမ်းခြင်းမှ ဝေး၏။

၃၉ဝ။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု ရှိ၏၊ ထိုရဟန်းသည် ရေများသောအိုင်၌ ငါးကဲ့သို့ သူတော်ကောင်းတရားမှ မဆုတ်ယုတ်။

၃၉၁။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု ရှိ၏၊ ထိုရဟန်းသည် လယ်၌စိုက်ပျိုးကြဲချသော မျိုးစေ့ကောင်းကဲ့သို့ သူတော်ကောင်းတရား၌ စည်ပင်ခြင်းသို့ ရောက်၏။

၃၉၂။ အကြင်ရဟန်းအား သီတင်းသုံးဖော်တို့၌ ရိုသေလေးမြတ်မှု ရှိ၏၊ ထိုရဟန်းသည်တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ နိဗ္ဗာန်နှင့် နီး၏။

ဤသို့လျှင် မဟာနာဂမထေရ်သည် ရွတ်ဆို၏။

၎-ကုလ္လတ္ထေရဂါထာ

ရာဂစရိုက်အားကြီးသော ကုလ္လမထေရ်သည် သုသာန်၌ အမြဲလှည့်လည်ရန် ဘုရားရှင်ညွှန်ကြားတော်မူသည့်အတိုင်း လိုက်မာကျင့်ကြံသော်လည်း ရာဂမငြိမ်းဖြစ်နေသဖြင့် ဘုရားရှင်ကအသုဘရုပ်အသွင် ဖန်ဆင်း၍ ပြတော်မူမှ ရာဂကင်းကွာ၍ ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင် ရွတ်ဆိုသော ဂါထာများ

၃၉၃။ ကုလ္လရဟန်းသည် သင်္ချိုင်းသို့ သွား၍ သုသာန်၌ မငဲ့မကွက် စွန့်ပစ်ထားခဲ့သော ပိုးလောက်တို့ဖြင့်ပြည့်သည်ဖြစ်၍ ခဲစားထားသော မိန်းမ (အသေကောင်) ကို မြင်ခဲ့ရ၏။

၃၉၄။ ကုလ္လရဟန်း ဆင်းရဲအမျိုးမျိုးတို့ဖြင့် မပြတ်နှိပ်စက်အပ်သော မစင်ကြယ်သောပုပ်သောအနံ့ရှိသော အထက်သို့လည်းလျှံ အောက်သို့လည်း စီးဆင်းယိုကျ၍ နေသောပုထုဇဉ်လူမိုက်တို့သာ အလွန်နှစ်သက်အပ်သော

ဤခန္ဓာကိုယ်ကြီးကို သဘောအားဖြင့် ကြည့်ရှု ပါလော့။

၃၉၅။ ငါသည် ဝိပဿနာဉာဏ်တည်းဟူသော တရားကြေးမုံကို ယူ၍ မဂ်ဉာဏ်ဟု ဆိုအပ်သော ဉာဏ်အမြင်ကို ရခြင်းငှါ အတွင်းရော အပြင်ပါ အချည်းနှီးဖြစ်သော ဤကိုယ်ကို (ဉာဏ်မျက်စိဖြင့်) ရှုဆင်ခြင်ပြီ။

၃၉၆။ ဤငါ၏ ကိုယ်သည် မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ ထိုအသေကောင်သည်လည်းမတင့်မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ ထိုအသေကောင်သည် မတင့်မတယ်စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ဤငါ၏ ကိုယ်သည်လည်း မတင့်မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ ဤခန္ဓာကိုယ် သည် အောက်ပိုင်း၌မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ အထက်ပိုင်း၌လည်း မတင့် မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ အထက်ပိုင်၌ မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ အောက်ပိုင်း၌လည်း မတင့်မတယ်စက်ဆုပ်ဖွယ်ပင်ဖြစ်၏။

၃၉၇။ ဤခန္ဓာကိုယ်သည် နေ့အခါ၌ မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ ညဥ့် အခါ၌လည်းမတင့်မတယ် စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ ညဥ့်အခါ၌ မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ် သကဲ့သို့နေ့အခါ၌လည်း မတင့်မတယ်စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊ ဤခန္ဓာကိုယ်သည် ရှေးငယ် ရွယ်စဉ်အခါ၌မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ နောက်အိုမင်းသော အခါ၌လည်း မတင့်မတယ် စက်ဆုပ်ဖွယ်ပင်ဖြစ်၏၊ အိုမင်းသော အခါ၌ မတင့်မတယ် စက်ဆုပ်ဖွယ် ဖြစ်သကဲ့သို့ ရှေးငယ်ရွယ်စဉ်အခါ၌လည်းမတင့်မတယ်စက်ဆုပ်ဖွယ်ပင် ဖြစ်၏၊

၃၉၈။ တည်ကြည်သော စိတ်ရှိ၍ ခန္ဓာတို့၏ သဘောတရားကို ရှုသော ယောဂါဝစရ ပုဂ္ဂိုလ်အားတရား၌ မွေ့လျော်မှုဖြစ်သကဲ့သို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော တူရိယာဖြင့် ကာမဂုဏ်ငါးပါးခံစားသောသူအား ထိုသို့သဘောရှိသော မွေ့လျော်မှုမျိုး မဖြစ်နိုင်။

ဤသို့လျှင် ကုလ္လမထေရ်သည် ရွတ်ဆို၏။

၅-မာလုကျပုတ္တတ္ထေရဂါထာ

မာလုကျပုတ္တသည် ပရိဗိုဇ်တို့ထံတွင် ရှေးဦးရဟန်းပြု၍ ဘုရားရှင့်တရားကို နာရမှ သာသနာတွင်းရဟန်းပြုလျက် ဝိပဿနာပွါးများရာ မကြာခင် အဘိညာဉ်ရ ရဟန္တာ ဖြစ်ပြီးနောက် ဆွေမျိုးတို့၍လူထွက်ရန်ဥစ္စာဖြင့် ဖြားယောင်းကြသည်တွင် ကောင်းကင်၌ ရပ်တည်၍ ရွတ်ဆိုသော ဂါထာများ

၃၉၉။ မာလောနွယ်သည် (မှီရာ သစ်ပင်ကို လွှမ်းမိုး၍) ကြီးပွါးသကဲ့သို့ တဏှာသည် မေ့မေ့လျော့လျော့လှည့်လည်နေထိုင်လေ့ရှိသော သတ္တဝါကို လွှမ်မိုး၍ ကြီးပွါး၏၊ 'သစ်သီးကို အလိုရှိသော မျောက်သည်တောထဲ၌ တစ်ပင်မှ တစ်ပင် တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးပြောင်း ပြေးသွားသကဲ့သို့' တဏှာတိုးပွါးနေသော ထိုပုဂ္ဂိုလ်သည် တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်း ကျင်လည်နေရ၏။

၎ဝဝ။လောက၌ ကပ်ငြိတွယ်တာတတ်သောကြောင့် 'ဝိသတ္တိက'အမည်ရသော ဤတဏှာ ယုတ်သည်အကြင်ပုဂ္ဂိုလ်ကို လွှမ်းမိုးနှိပ်စက်၏၊ 'အကြိမ်ကြိမ် မိုးစွတ်ထားသော ပြိတ်မြက် သည် တိုးပွါးသကဲ့သို့'ထို့အတူ (ဝဋ်ဆင်းရဲလျှင် အကြောင်းရှိကုန်သော ) ပူဆွေးမှု 'သောက' တို့သည် ထိုပုဂ္ဂိုလ်အားတိုးပွါးကုန်၏။

၎ဝ၁။ အကြင်ပုဂ္ဂိုလ်သည်ကားလောက၌ လွန်မြောက်နိုင်ခဲသော ဤတဏှာယုတ်ကို လွှမ်းမိုးနှိပ်စက်နိုင်၏၊ 'ပဒုမ္မာကြာဖက်ပေါ်၌ ကျသော ရေပေါက်သည် (ကြာဖက်မှ) လျှောကျသကဲ့ သို့'ဝဋ်ဆင်းရဲလျှင် အကြောင်းရှိကုန်သော ပူဆွေးမှု 'သောက'တို့သည် ထိုပုဂ္ဂိုလ်မှ လျှောကျကုန်၏။

၎ဝ၂။ ထို့ကြောင့် ဤအရပ်၌ အညီအညွတ် စည်းဝေးလာရောက်ကြကုန်သော အရှင် ဘုရားတို့ကို ပြောဆိုလိုပါ၏၊ အရှင်ဘုရားတို့အား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေသတည်း၊ 'ပန်းရင်းကို အလိုရှိသောသူသည် ပြိတ်မြက်တောကို တူးဖြိုရသကဲ့သို့' (နိဗ္ဗာန်ကို အလိုရှိ သော အရှင်ဘုရားတို့သည်) တဏှာ၏အမြစ်အရင်းဖြစ်သော (အဝိဇ္ဇာစသော ကိလေသာ) တောချုံကို တူးပစ်ကြကုန်လော့၊ 'ရေအလျဉ်သည်ကျူပင်ကို ဖျက်ဆီးသကဲ့သို့' ကိလေသာ မာရ်သည် အရှင်ဘုရားတို့ကို မဖျက်ဆီးပါစေလင့်။

၎ဝ၃။ (ထို့ကြောင့်) မြတ်စွာဘုရား အဆုံးအမစကားတော်ကို (ဆုံးမတော်မူတိုင်း) လိုက်နာပြုကျင့်ကြကုန်လော့၊ (ဗုဒ္ဓုပ္ပါဒခဏစသော) ခဏသည် အရှင်ဘုရားတို့ကို ကျော်လွန်၍မသွားပါစေလင့်၊ ထိုစကား မှန်၏၊ (ဗုဒ္ဓုပ္ပါဒခဏစသော) ခဏကို လွန်ကုန်သော ပုဂ္ဂိုလ်တို့ သည် ငရဲ၌ဖြစ်ကြကုန်၍ စိုးရိမ်ကြရကုန်၏။

၎ဝ၄။ သတိမေ့လျော့မှု 'ပမာဒ'သည် မြူအညစ်အကြေး မည်၏၊ မေ့လျော့မှု 'ပမာဒ' ကြောင့်ဖြစ်သောမေ့လျော့မှု 'ပမာဒ'သို့ အစဉ်လိုက်သော ရာဂစသော အကုသိုလ်တရား အပေါင်းသည်လည်းမြူအညစ်အကြေးပင် မည်၏၊ မမေ့မလျော့မှု 'အပ္ပမာဒ'ဖြင့်လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် 'ဝိဇ္ဇာ'ဖြင့်လည်းကောင်း မိမိ၏ (နှလုံး၌ မှီသော ရာဂစသော) ငြောင့်ကို နုတ်ရာ၏။

ဤသို့လျှင် မာလုကျပုတ္တမထေရ်သည် ရွတ်ဆို၏။

၆-သပ္ပဒါသတ္ထေရဂါထာ

သုဒ္ဓေါဒနမင်းကြီး၏ ပုရောဟိတ်သား သပ္ပဒါသသည် ဆွေတော်မျိုးတော်တို့ အစည်း အဝေး၌သဒ္ဓါတရားဖြစ်ကာ ရဟန်းပြု၍ တရားအားထုတ်သော်လည်း သမာဓိမရနိုင်၍ သင်ဓုန်းဓားဖြင့်လည်ပင်းလှီးရန်ကြံရွယ်ခဲ့ပြီးမှ အရဟတ္တဖိုဟ်သို့ ရောက်သည်တွင် ပြန်ကြား ရွတ်ဆိုသော ဂါထာများ

၎ဝ၅။ ငါသည် ရဟန်းပြုသော အခါမှ စ၍ နှစ်ဆယ့်ငါးဝါတို့ပတ်လုံး မြတ်သော အကျင့်ကို ကျင့်ပါလျက်လက်ဖျစ်တစ်တွက်မျှလည်း စိတ်တည်ငြိမ်မှုကို မရခဲ့ပေ။

၎ဝ၆-၇။ ငါသည် ရာဂနှိပ်စက်အပ်သည်ဖြစ်၍ စိတ်တည်ငြိမ်မှုကို မရသောကြောင့် ဓားလက်နက်ဖြင့်မူလည်း သတ်၍ သေတော့အံ့၊ ငါ့အား အသက်ရှည်ခြင်းဖြင့် အဘယ်အကျိုးရှိ အံ့နည်း၊ ငါကဲ့သို့သော ရဟန်းသည် သိက္ခာကို စွန့်လျက် (လူထွက်သော) သေခြင်းမျိုး အဘယ့်ကြောင့်ပြုရအံ့နည်းဟု နှလုံးပိုက်၍ လက်နှစ်ဖက်တို့ကို မြှောက်ချီကာ ငိုကြွေးလျက် ကျောင်းမှ ထွက်လာခဲ့ပြီ။

၎ဝ၈။ ထိုအခါ ၌ ငါသည် သင်တုန်းဓားငယ်ကို ယူ၍ (အခန်းတစ်ခုသို့) ဝင်ပြီးလျှင် ညောင်စောင်းငယ်၌ထိုင်နေလျက် မိမိ လည်ကြောကို ဖြတ်ရန် သင်တုန်းဓားငယ်ကို (လည်ပင်း) ဆီသို့ ရှေ့ရှုဆောင်၏။

၎ဝ၉။ ထိုနောက် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်လတ်၏၊ အပြစ်ဟုထင်မြင်သော 'အာဒီနဝ'ဉာဏ် ဖြစ်ပေါ်လာ၏၊ ငြီးငွေ့မှု 'နိဗ္ဗဒါ'ဉာဏ်သည် (ငါ၏ နှလုံး၌) ကောင်းစွာတည်၏။

၄၁ဝ။ ငြီးငွေ့မှု 'နိဗ္ဗဒါ'ဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ တရားတော်၏ ကောင်းသော တရားတော်၏ အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့် အပ်ပြီ။

ဤသို့လျှင် သပ္ပဒါသမထေရ်သည် ရွတ်ဆို၏။

၇-ကာတိယာနတ္ထေရဂါထာ

ကာသိယာနမထေရ်သည် ရဟန်းတရားကို အားထုတ်ရင်း အိပ်ငိုက်သဖြင့် မြေပေါ်သို့ လဲကျသည်ကိုဘုရားရှင်သိ၍ ကြွလာပြီး ကောင်းကင်မှ သတိပေးတော်မူသည်တွင် သံဝေဂဖြစ်ပွါးအရဟတ္တဖိုဟ်ကိုရရှိသောအခါ ဘုရားရှင်ဟောတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

၄၁၁။ ကာတိယာန (အိပ်ခြင်းမှ) ထလိုက်ပါလော့၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလိုက်ပါလော့၊ အအိပ်များသူမဖြစ်မူ၍ နိုးကြားသူ ဖြစ်ပါလော့၊ မာရ်မင်း၏ ကျော့ကွင်းဖြင့် သေမင်းသည် ပျင်းရိသော သင့်ကိုအောင်နိုင်ခြင်း မဖြစ်ပါစေလင့်။

၄၁၂။ မဟာသမုဒ္ဒရာ လှိုင်းတံပိုးအဟုန်သည် အားနည်းသော ယောက်ျားကို လွှမ်းမိုး သကဲ့သို့ ထို့အတူ ဇာတိဇရာတည်းဟူသော လှိုင်းတံပိုးအဟုန်သည်လည်း သင့်ကို လွှမ်းမိုး၏၊ ထိုသင်သည် မိမိအတွက်မှီခိုရာ ကျွန်းသဖွယ်ဖြစ်သော အရဟတ္တဖိုလ်ကို ဖြစ်ပါစေလော့၊ အရဟတ္တဖိုလ်မှ တစ်ပါးသောကိုးကွယ်ရာသည် သင့်အား မရှိတော့သည်သာတည်း။

၄၁၃။ မြတ်စွာဘုရားသည် ကပ်ငြိမှုငါးမျိုးမှလည်းကောင်း၊ ပဋိသန္ဓေနေမှု, အိုမှုဘေး မှလည်းကောင်းလွန်မြောက်ကြောင်းဖြစ်သော ထိုအရိယမဂ်ကို ပြီးစေတော်မူ၏။ (ထို့ကြောင့် အရဟတ္တဖိုလ်ကို ရခြင်းငှါ) ပုရိမယာမ် ပစ္ဆိမယာမ်ပတ်လုံး မမေ့မလျော့ဘဲ အားထုတ်လော့၊ ပွါးများခြင်းကို မြဲမြံစွာ ပြုလော့။

၄၁၄။ ကာတိယာန ရှေးလူဖြစ်စဉ်အခါက ဖြစ်ကုန်သော (ကာမဂုဏ်) အနှောင်အဖွဲ့တို့ကို ဖြေလွှတ်လိုက်ပါလော့၊ (သင်သည်) ဒုကုဋ်ကို ဆောင်ကာ သင်တုန်းဖြင့် ခေါင်းတုံးလျက် ဆွမ်းခံမှုဖြင့်အသက်မွေးသူ ဖြစ်ရကား မြူးတူးခြင်း မွေ့လျော်ခြင်းကိုလည်း မဖြစ်စေလင့်၊ အိပ်စက်မှုကိုလည်းအားမထုတ်လင့်၊ အာရုံသို့ ကပ်၍ရှုမှု 'အာရမ္မဏူပနိဇ္ဈာန်'ကို အားထုတ်လော့။

၄၁၅။ ကာတိယာန လက္ခဏာသို့ ကပ်၍ရှုမှု 'လက္ခဏူပနိဇ္ဈာန်'ကို ဝင်စားလော့၊ (ကိလေသာတို့ကို) အောင်စေလော့၊ ယောဂလေးပါးတို့မှ ဘေးကင်းရာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော (ဗောဓိပက္ခိယ) တရားတို့၌ လိမ္မာလော့၊ (ယင်းသို့အားထုတ်သည်ရှိသော်) အတု မရှိ၍ အထူးသဖြင့် စင်ကြယ်သောအရိယမဂ်မိုးရေကျသဖြင့် ကိလေသာမီး ငြိမ်းအေးရ လတ္တံ့။

၄၁၆။ သိကြားမင်းနှင့် အနွယ်တူဖြစ်သော ကာတိယာန လေသည် မီးတောက်မီးလျှံ အားနည်းသောဆီမီးကိုလည်းကောင်း၊ အားနည်းသော နွယ်ပင်ကိုလည်းကောင်း ဖျက်ဆီးပစ် သကဲ့သို့ ထို့အတူ သင်သည်လည်း မာရ်၏ အလိုသို့ မလိုက်မူ၍ မာရ်ကို ဖျက်ဆီးလော့။ (ဤသို့ ဖျက်ဆီးသည်ရှိသော်) သင်သည် ခံစားအပ်သော ဝေဒနာတို့၌ စွဲမက်မှုကင်းသည်ဖြစ်၍ ဤဘဝ၌သာလျှင် ကိလေသာငြိမ်းအေးသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုရအံ့သော အခါကို ငံ့လင့်လေလော့။

ဤသို့လျှင် ကာတိယာနမထေရ်သည် ရွတ်ဆို၏။

၈-မိဂဇာလတ္ထေရဂါထာ

ဝိသာခါကျောင်းအမကြီး၏သား မိဂဇာလသည် ကျောင်းသို့အစဉ်မပျက်သွား၍ တရား နာရသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါးသည်တွင် အရဟတ္တဖိုဟ်သို့ရောက်၍ ရွတ်ဆိုသော ဂါထာများ

၄၁၇။ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား ကောင်းစွာဟောတော်မူအပ်သော တရားတော်သည် သံယောဇဉ်အားလုံးတို့ကို လွန်စေနိုင်၏၊ ဝဋ်အားလုံးတို့ကို ဖျက်ဆီးတတ်၏။

၄၁၈။ သံသရာနှောင်အိမ်မှ ထွက်မြောက်စေတတ်၏၊ (သံသရာရေအလျဉ်မှ) ထုတ်ဆောင် တတ်၏၊ တဏှာတို့၏ အကြောင်း'မူလ'ကို သွေ့ခြောက်စေတတ်၏၊ ဆင်းရဲကြောင်း ဖြစ်၍ လူသတ်ရာအိမ်နှင့်တူသော ကံ ကိလေသာကို ဖြတ်၍ နိဗ္ဗာန်သို့ ရောက်စေတတ်၏။

၄၁၉။ မသိမှု 'အဝိဇ္ဇာ'၏ အကြောင်းဖြစ်သော အာသဝတို့ကို ဖျက်ဆီးခြင်းငှါ ဖြစ်၏၊ ကံသည်ဆက်စပ်အပ်သော အတ္တဘောတည်းဟူသော ယန္တရားကို ဖျက်ဆီးတတ်၏၊ ဝိညာဉ် တို့ကို သိမ်းဆည်းရာ၌ ဉာဏ်တည်းဟူသော ဝရဇိန်ကို ကျစေတတ်၏။

၄၂ဝ။ ဝေဒနာသုံးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သိစေတတ်၏၊ ဥပါဒါန်တို့မှ လွတ်စေတတ်၏၊ ဘဝကြီးကိုးပါးကို 'ရဲရဲတောက်သော မီးကျီစုကဲ့သို့' (မဂ်) ဉာဏ်ဖြင့် ကပ်၍ ရှုတတ်၏။

၄၂၁။ မြတ်သော အရသာနှင့် တူ၏၊ အလွန်နက်နဲ၏၊ အိုခြင်း, သေခြင်းကိုလည်း တား မြစ်တတ်၏၊ မြတ်သော အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်လည်း ဖြစ်၏၊ အလုံးစုံသော ဝဋ်ဆင်းရဲ ကို ငြိမ်းစေတတ်၏၊ ဘေးကင်း၏။

၄၂၂။ အကြောင်းကို စွဲ၍ဖြစ်သော တရားတို့၌ အကြောင်းကံကို အကြောင်းကံဟူ၍လည်းကောင်း၊ အကျိုးဝိပါက်ကို အကျိုးဝိပါက်ဟူ၍လည်းကောင်း သိ၍ဟုတ်မှန်တိုင်းသောလောကုတ္တရာ (ဉာဏ်) အလင်းရောင်ကို ပြတတ်၏။

ဘေးကင်းရာ မြတ်သော နိဗ္ဗာန်ကို ရောက်စေတတ်၏၊ ကိလေသာပူလောင်မှုတို့မှ ငြိမ်းအေး၏၊ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ရောက်စေသဖြင့် အဆုံး၏ ကောင်းခြင်း ရှိ၏။

ဤသို့လျှင် မိဂဇာလမထေရ်သည် ရွတ်ဆို၏။။

၉-ပုရောဟိတပုတ္တဇေန္တတ္ထေရဂါထာ

မာနကြီးသော ပုရောဟိတ်သားဇေန္တသည် ''ဘုရားရှင်က စကားပြောမှ ငါပြောမည်''ဟုစိတ်ဖြစ်နေသည်ကို ဘုရားရှင်သိရှိ၍ မာနမကောင်းကြောင်း မိန့်တော်မူသည်တွင် သတိတရားရမာနကျကာ တရားတော်ကို နာယူပြီး ရဟန်းပြု၍ ရဟန္တာဖြစ်သောအခါ မိမိ၏ပဋိပတ်ကိုပြောကြာသောအားဖြင့် ရွတ်ဆိုသော ဂါထာများ

၄၂၃။ ဇာတိမာန်ဖြင့် မာန်ယစ်၍ နေသော ငါသည် စည်းစိမ်ချမ်းသာကို စွဲ၍ ဖြစ်သော ဘောဂမာန်အစိုးရခြင်းကို စွဲ၍ ဖြစ်သော ဣဿရိယမာန်ဖြင့်လည်းကောင်း၊ လုံးရပ်သဏ္ဌာန် ကြန်အင်အဆင်းကို စွဲ၍ဖြစ်သော ရူပမာန်ဖြင့်လည်းကောင်း မာန်ယစ်သည်ဖြစ်၍ လှည့် လည်သွားလာခဲ့၏။

၄၂၄။ လွန်ကဲသောမာန ဖျက်ဆီးခံရသည်ဖြစ်၍ မိုက်မဲခက်ထန်သော မာနတံခွန်စိုက်ထူကာ မိမိနှင့် တူသူတစ်စုံတစ်ယောက်ကိုလည်းကောင်း၊ မိမိထက် သာလွန်သူ တစ်စုံတစ်ယောက်ကိုလည်းကောင်း ရှိ၏ဟုငါ မထင်မှတ်ခဲ့။

၄၂၅။ ငါသည် မာနခက်ထန်သည်ဖြစ်၍ ရိုသေမှု ကင်းမဲ့လျက် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း၊ အလေးအမြတ် ပြုသင့်သူဟု သမုတ်အပ်ကုန်သော အခြားသူတို့ကိုလည်းကောင်းတစ်စုံတစ်ယောက်ကိုမျှ မရှိခိုးခဲ့ချေ။

၄၂၆-၇။ (ဤသို့ မာန်ခက်ထန်သည်ဖြစ်၍ လှည့်လည်သွားလာနေစဉ်) ရဟန်းအပေါင်း ခြံရံလျက်'နေမင်းကဲ့သို့' ထွန်းလင်းတောက်ပတော်မူသော, ဆုံးမတတ်သော ဆရာတို့ထက် သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားကို မြင်ရသောကြောင့် မာနကိုလည်းကောင်း၊ မာန်ယစ်ခြင်းကိုလည်းကောင်း စွန့်ပယ်၍ အလွန်ကြည်လင်သော စိတ်ဖြင့် သတ္တဝါခပ်သိမ်းတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ဦးညွတ်ရှိခိုးခဲ့ပြီ။

၄၂၈။ ငါသည် လွန်ကဲသော မာန်ကိုလည်းကောင်း၊ ယုတ်သော မာန်ကိုလည်းကောင်း ပယ်အပ်ကုန်ပြီ။ ကောင်းစွာ ဖျက်ဆီးပယ်နုတ်အပ်ကုန်ပြီ၊ ငါဟူသော မာန်ကို အကြွင်းမဲ့ ဖြတ် အပ်ပြီ၊ အလုံးစုံသောမာန်အဖို့အစုတို့ကို သတ်ဖြတ်အပ်ကုန်ပြီ။

ဤသို့လျှင် ပုရောဟိတ်ပုဏ္ဏားသားဖြစ်သော ဇေန္တမထေရ်သည် ရွတ်ဆို၏။

၁ဝ-သုမနတ္ထေရဂါထာ

အနောတတ်အိုင်နေ မိစ္ဆာဒိဋ္ဌိ နဂါးကို ဆုံးမနိုင်သော ခုနစ်နှစ်ရွယ် သုမနသာမဏေသည် ၄င်းအားဘုရားရှင်ချီးကျူး မိန့်ကြားတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

၄၂၉။ အကြင်အခါ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်မျှသာ ရှိသေး၍ သာမဏေ ပြုသစ်စသာ ဖြစ်လျက်တန်ခိုးကြီးသော နဂါးမင်းကို တန်ခိုးဖြင့် နှိမ်နင်းပြီးလျှင်-

၄၃ဝ။ အနောတတ္တအိုင်ကြီးမှ ရေကို ဥပဇ္ဈာယ်ဆရာ (အနုရုဒ္ဓါ)၏ အလို့ငှါ ဆောင်ယူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို မြင်တော်မူ၍ ဤစကားကို မိန့်တော်မူ၏။

၄၃၁။ သာရိပုတ္တရာ ရေအိုးကို ယူ၍ လာနေသော (အရဟတ္တဖိုလ်) သမာဓိဖြင့် ကောင်းစွာတည်ကြည်သော

ဤသာမဏေငယ်ကို ကြည့်ရှုစမ်းပါလော့။

၄၃၂။ အနုရုဒ္ဓါ၏ တပည့်ဖြစ်သော သာမဏေသည် ကြည်ညိုဖွယ်ကို ဆောင်သော ကျင့် ဝတ်နှင့် ပြည့်စုံ၍ ကောင်းမြတ်သော ဣရိယာပုထ် ရှိ၏၊ တန်ခိုးအရာ၌လည်း လိမ္မာရဲရင့်လှ ပေ၏။

၄၃၃။ အကြင်သာမဏေကို ယောက်ျားအာဇာနည်ဖြစ်သော အနုရုဒ္ဓါသည် အာဇာနည်ဖြစ် ရန်ပြုလုပ်ထားအပ်၏၊ သူတော်ကောင်းဖြစ်သော အနုရုဒ္ဓါသည် သူတော်ကောင်းဖြစ်ရန် ပြုလုပ်ထားအပ်၏၊ ရဟန်းကိစ္စ ပြီးဆုံးပြီး ဖြစ်သော အနုရုဒ္ဓါသည် ဆုံးမသင်ကြားထား အပ်၏။

၄၃၄။ ထိုသာမဏေသည် မြတ်သော ငြိမ်းအေးသော နိဗ္ဗာန်သို့ ရောက်၍ ကိလေသာတို့မဖျက်ဆီးနိုင်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုပြီး ဖြစ်သော်လည်း ငါ့ကို ထိုသာမဏေ သည်သုမနသာမဏေတည်းဟု တစ်စုံတစ်ယောက်က မသိပါစေနှင့်ဟု လိုလားတောင့်တ၏။

ဤသို့လျှင် သုမနမထေရ်သည် ရွတ်ဆို၏။

၁၁-နှာတကမုနိတ္ထေရဂါထာ

ပုဏ္ဏားမျိုးနှာတကသည် ရှေးဦးစွာ ရသေ့ပြုကာ တောအရပ်၌ ကြိတ်ဆန်ကို စား မီးကို လုပ်ကျွေးနေစဉ်သူ၏ ဥပနိဿယကို ဘုရားရှင်မြင်တော်မူသဖြင့် ကြွလာ၍ တရား ဟောတော်မူသည်တွင် ရဟန်းပြု၍ရဟန္တာဖြစ်၏၊ နောက်အခါ လေရောဂါနှိပ်စက်ခြင်းကို ခံနေရဆဲ ဘုရားရှင်ကြွလာကာမေးမြန်းတော်မူသဖြင့် ဖြေကြားလျောက်ထားသော ဂါထာများ

၄၃၅။ ရဟန်း သင်သည် လေနာ နှိပ်စက်ခံနေရလျက် (လူတို့) ကျက်စားသွားလာရာ မဟုတ်သော (ပစ္စည်းလေးပါး) ရခဲသော တောကြီးမျက်မည်း၌ နေသည်ရှိသော် အဘယ်သို့ ပြုလုပ်နေထိုင်လတ္တံ့နည်း။

၄၃၆။ မြတ်စွာဘုရား အကျွန်ုပ်သည် ပြန့်ပြောများမြတ်သော နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ'ဖြင့်ခန္ဓာကိုယ်ကို ပျံ့နှံ့စေလျက် (ပစ္စည်းလေးပါး) ခေါင်းပါးရခဲခြင်းကိုလည်း သည်းခံ ကာတောကြီးမျက်မည်း၌ နေပါအံ့။

၄၃၇။ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း၊ ဣနြေ္ဒငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ပွါးစေလျက် သိမ်မွေ့သော (အရူပ) ဈာန်နှင့် ပြည့်စုံလျက် အာသဝကင်း သည်ဖြစ်၍ နေပါအံ့။

၄၃၈။ ကိလေသာအားလုံးတို့မှ လွတ်မြောက်သော, စင်ကြယ်သော စိတ်ရှိသော, မနောက်ကျုသောအရဟတ္တဖိုလ်ကို မပြတ်ဆင်ခြင်လျက် အာသဝကင်းသည်ဖြစ်၍ နေပါအံ့။

၄၃၉။ ရှေးအခါက ငါ၏ အတွင်း 'အဇ္ဈတ္တ'သန္တာန်၌လည်းကောင်း၊ အပ 'ဗဟိဒ္ဓ'သန္တာန်၌လည်းကောင်းအကြင် အာသဝတရားတို့ ရှိကုန်၏။ ထိုအာသဝ အားလုံးတို့သည် (ယခု အခါ) အကြွင်းမဲ့ဖြတ်အပ်ပြီးဖြစ်၍ နောက်တစ်ဖန် မဖြစ်ကြကုန်လတ္တံ့။

၄၄ဝ။ ငါသည် ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဝဋ်မြစ် ပြတ်ကုန်သည်ဖြစ်၍ တည်ကုန်၏၊ ငါသည် ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ရောက်ပြီ၊ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် နှာတကမုနိမထေရ်သည် ရွတ်ဆို၏။

၁၂-ဗြဟ္မဒတ္တတ္ထေရဂါထာ

ကောသလမင်း၏သားတော် ဗြဟ္မဒတ္တသည် ဇေတဝန်ကျောင်းပူဇော်ပွဲတွင် ဘုရားရှင့်တန်ခိုးတော်ကိုမြင်၍ ကြည်ညိုကာ ရဟန်းပြုပြီးနောက် ဝိပဿနာပွါးသဖြင့် ပဋိသမ္ဘိဒါတို့နှင့်တကွအဘိညာဉ်ရ၏။ သူတပါးကမည်သို့ပင် ဆဲရေးသော်လည်း သည်းခံလျက် လူများအား ဆုံးမ၍နောက်ဂါထာနှစ်ပုဒ်ဖြင့် မိမိကိုယ်ကို ဆုံးမကာ ရဟန္တာဖြစ်သည်တွင် ပြန်လည် ရွတ်ဆိုသော ဂါထာများ။

၄၄၁။ အမျက်ကင်း၍ ယဉ်ကျေးပြီးသော၊ ညီမျှသည့် အသက်မွေးမှုရှိသော၊ ကောင်းစွာ သိ၍ကိလေသာမှ လွတ်မြောက်ပြီးသော၊ (ပူပန်မှု) ငြိမ်းအေးပြီးသော၊ တာဒိဂုဏ်နှင့် ပြည့်စုံ သောရဟန္တာပုဂ္ဂိုလ်အား အဘယ့်ကြောင့် အမျက်ထွက်မှု ဖြစ်နိုင်ပါတော့အံ့နည်း။

၄၄၂။ အကြင်ပုဂ္ဂိုလ်သည် (မိမိအပေါ်၌) အမျက်ထွက်သူကို တုန့်ပြန်၍ အမျက်ထွက်၏၊ ထိုတုန့်ပြန်၍အမျက်ထွက်သော ပုဂ္ဂိုလ်အားသာလျှင် ထိုအမျက်ထွက်မှုကြောင့် သာလွန်၍ ယုတ်မာသော ပုဂ္ဂိုလ်မည်၏။

အကြင်ပုဂ္ဂိုလ်သည် အမျက်ထွက်သူကို တုန့်ပြန်၍ အမျက် မထွက်၊ ထိုတုန့်ပြန်၍ အမျက်မထွက်သောပုဂ္ဂိုလ်သည် အောင်နိုင်ခဲသော (ကိလေသာတည်းဟူသော) စစ်သည်ဗိုလ်ပါကို အောင်မြင်နိုင်သူ မည်၏။

၄၄၃။ အကြင်ပုဂ္ဂိုလ်သည် အမျက်ထွက်သော တစ်ပါးသော သူကို သိလတ်၍ ထိုအမျက် ထွက်သူကိုသတိရှိသည်ဖြစ်၍ သည်းခံ၏၊ ထိုပုဂ္ဂိုလ်သည် မိမိသူတစ်ပါး နှစ်ပါးစုံသော ပုဂ္ဂိုလ်၏ အကျိုးစီးပွါးကိုကျင့်သည် မည်၏။

၄၄၄။ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အမျက်ဒေါသကို ကုစားနိုင်သော ပုဂ္ဂိုလ်ကိုအရိယာသူတော်ကောင်းတို့၏ အကျင့်တရား၌ မလိမ္မာသူတို့က သူမိုက်ဟု ထင်မှတ်ကြကုန်၏။

၄၄၅။ သင့်အား အကယ်၍ အမျက်'ဒေါသ' ဖြစ်ပေါ်လာမူ လွှဥပမာ (ရှိသောတရား) ကို ဆင်ခြင်လော့၊ (အချိုအချဉ်စသော) အရသာ၌ တပ်မက်မှု 'တဏှာ' ဖြစ်ပေါ်လာမူ မိမိရင်သွေး၏ အသားစားခြင်းဥပမာ (ရှိသောတရား) ကို အောက်မေ့လေလော့။

၄၄၆။ သင်၏ စိတ်သည် ကာမဂုဏ်တို့၌လည်းကောင်း၊ ဘဝတို့၌လည်းကောင်း ပြေး သွားနေခဲ့မူကောက်ခင်းကို ဝင်ရောက်မွှေနှောက်စားသော နွားဆိုးကို (ကြိုးဖြင့် တိုင်၌ ဖွဲ့ချည်၍) နှိပ်နင်းရာသကဲ့သို့ထို့အတူ သင်၏ စိတ်ကို သတိ (ဟူသော ကြိုး) ဖြင့် (သမာဓိဟူသော တိုင်၌ ဖွဲ့ချည်၍) လျင်မြန်စွာနှိပ်နင်းဆုံးမလော့။

ဤသို့လျှင် ဗြဟ္မဒတ္တမထေရ်သည် ရွတ်ဆို၏။

၁၃-သိရိမဏ္ဍတ္ထေရဂါထာ

သိရိမဏ္ဍမထေရ်သည် ဥပုသ်နေ့၌ ဥပုသ်ပြုပါတိမောက်ပြစဉ် တရားအတိုင်း ပြုလုပ်ခြင်း၏ချမ်းသာနိုင်ပုံကို ဆင်ခြင်လျက် သာသနာတော်၏စင်ကြယ်ခြင်၌ ကြည်ညို စိတ်ထား ဝိပဿနာပွါးသည်တွင် အရဟတ္တဖိုဟ်သို့ရောက်လေလျှင် မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ကြည်လင်သောစိတ်ထားဖြင့်ရဟန်းတို့အား ဆုံးမသော ဂါထာများ

၄၄၇။ မိမိအပြစ်ကို ဖုံးဖိထားသူကို အလွန် (ကိလေသာမိုး) စိုစွတ်၏၊ မိမိအပြစ် ဖွင့်လှစ် ထားသူကိုကိလေသာမိုး မစိုစွတ်၊ ထို့ကြောင့် ဖုံးကွယ်ထားသော မိမိအပြစ်ကို ဖွင့်လှစ်ရာ၏၊ ဤသို့ အပြစ်ကိုဖွင့်လှစ်သည်ရှိသော် ထိုဖွင့်လှစ်ထားသူကို ကိလေသာမိုး မစိုစွတ်နိုင်။

၄၄၈။လောကကြီးကို သေမင်းသည် အလွန်နှိပ်စက်အပ်၏၊ အိုခြင်း 'ဇရာ'တရားသည်ခြံရံလွှမ်းမိုးအပ်၏၊ တဏှာ ငြောငသ့် ည် (နလှုးံ တငွ်း ၌) စူး ဝငေ် န၏၊ (အာရုံကို တောင့်တမှုလက္ခဏာရှိသော) အလိုသည် အခါခပ်သမိး ပူလောင်စေအပ်၏။

၄၄၉။လောကကြီးကို သေမင်းသည် အလွန်နှိပ်စက်အပ်၏၊ အိုခြင်း 'ဇရာ'တရားသည်ခြံရံလွှမ်းမိုးအပ်၏၊ ပြစ်မှုကျူးလွန်၍ အပြစ်ဒဏ်ရောက်သူသည် ကိုးကွယ်ရာမဲ့ ဖြစ်၍ ညှဉ်းဆဲနှိပ်စက်ခံရသကဲ့သို့လောကကြီးသည် ကိုးကွယ်ရာမဲ့ ဖြစ်၍ အမြဲမပြတ် (ဇရာမရဏတို့) ညှဉ်းဆဲနှိပ်စက် ခံနေရ၏။

၄၅ဝ။ အိုခြင်း, နာခြင်း, သေခြင်း တရားသုံးပါးတို့သည် မီးပုံကြီးတို့ကဲ့သို့ (ဤ သတ္တလောကကို နှိပ်စက်ကုန်လျက်) ရှေးရှုရောက်လာကုန်၏၊ (ထိုအိုခြင်း, နာခြင်း, သေခြင်း တို့ကို) ပြန်လည်တွန်းလှန်ဖို့ရန် အားစွမ်းလည်း မရှိ၊ ထွက်ပြေးရန် လျင်မြန်မှု အဟုန်လည်း မရှိ။

၄၅၁။ အချိန်ကာလ အနည်းငယ်ဖြစ်စေ၊ များစွာဖြစ်စေ ဝိပဿနာ မနသိကာရဖြင့် နေ့ရက်ကိုအချည်းနှီးမဖြစ်အောင် ပြုလုပ်ရာ၏။ အကြင်သူသည် အကြင်အကြင်ညဥ့်ကို (အချည်းနှီး) ကုန်စေ၏၊ ထိုသူ၏ အသက်ရှည်ခြင်းသည် ထိုထိုကုန်သော ညဥ့်မှ လျော့နည်း သွား၏။

၄၅၂။ သေရမည့် နေ့ညဥ့်အချိန်သည် သွားသော သူအားလည်းကောင်း၊ ရပ်သော သူအားလည်းကောင်း၊ ထိုင်နေသော သူအားလည်းကောင်း၊ အိပ်သော သူအားလည်းကောင်း ကပ် ရောက်၏။ (ထို့ကြောင့်) သေရမည့်အချိန် မသိသော သင့်အား မေ့လျော့နေရန် အချိန်အခါ မဟုတ်။

ဤသို့လျှင် သိရိမဏ္ဍမထေရ်သည် ရွတ်ဆို၏။

၁၄-သဗ္ဗကာမိတ္ထေရဂါထာ

ဝေသာလီမင်းမျိုး သဗ္ဗကာမိသည် အိမ်ယာကိုစွန့်ခွာ၍ သျှင်အာနန္ဒာထံတွင် ရဟန်းပြု၏၊ သျှင်အာနန္ဒာနှင့်အတူ ဝေသာလီပြည် ဆွေမျိုးအိမ်သို့ရောက်သောအခါ မယားဟောင်းက ဖြားယောင်း၍ကိလေသာဖြစ်ပေါ်လာသော်လည်း တရားဖြင့် ဆုံးမ သုသာန်သို့ သွားကာ ဝိပဿနာပွါးသည်တွင် ရဟန္တာဖြစ်လေ၏၊ ယောက္ခမဖြစ်သူက သမီးကလေးကိုပြ၍ လူထွက်ရန်အကြောင်းပြသော်လည်းကာမဂုဏ်၌ တပ်မက်မှုမရှိကြောင်း ရွတ်ဆိုသော ဂါထာများ

၄၅၃။ အခြေနှစ်ချောင်းရှိသော ဤကိုယ်သည် မစင်ကြယ်၍ မကောင်းသော အနံ့ရှိ သည့်အပြင်ပိုးအမျိုးမျိုးတို့ဖြင့် ပြည့်ကာ ထိုထိုဒွါရ ကိုးပေါက်တို့မှ ယိုစီးနေသည် ဖြစ်ပါ လျက်ပန်းနံ့သာစသည်တို့ဖြင့် ပြုပြင်၍ ဆောင်ထား၏။

၄၅၄။ (မုဆိုးသည်) ပုန်းအောင်းလျက် သမင်ကို ကျော့ကွင်းဖြင့် ဖမ်းယူသတ်ဖြတ်သကဲ့ သို့လည်းကောင်း၊ (တံငါသည် သည်) ငါးကို သံမျှားချိတ်ဖြင့် ဖမ်းယူနှိပ်စက်သကဲ့သို့လည်းကောင်း၊ (မုဆိုးသည်) မျောက်ကိုမျောက်နှဲစေးဖြင့် ဖမ်းယူ နှိပ်စက်သကဲ့သို့လည်းကောင်း (ထို့အတူ မိန်းမတို့သည် ရူပါရုံစသည်တို့ဖြင့်) အန္ဓပုထုဇဉ်ကို ဖမ်းယူနှိပ်စက်ကုန်၏။

၄၅၅။ နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတည်းဟူသောထိုကာမဂုဏ်ငါးပါးတို့သည် မိန်းမ၏ ကိုယ်သဏ္ဌာန်၌ တွေ့မြင်သိရှိကြရကုန်၏။

၄၅၆။ အကြင် ပုထုဇဉ်တို့သည် ထိုမိန်းမတို့ကို ပြင်းစွာ တပ်သော ရာဂစိတ်ရှိကုန်သည်ဖြစ်၍ ပေါင်းသင်းဆက်ဆံကြကုန်၏၊ ထိုပုထုဇဉ်တို့သည် ကြောက်မက်ဖွယ်ဖြစ်သော သင်္ချိုင်း မြေကိုတိုးပွါးစေကုန်၏၊ ဘဝသစ်၌ ဆည်းပူးကုန်၏။

၄၅၇။လောက၌ အကြင်ပုဂ္ဂိုလ်သည် မြွေဦးခေါင်းကို မိမိခြေထောက်ဖြင့် (မထိခိုက်ရန်) ရှောင်လွှဲသကဲ့သို့ထိုမိန်းမတို့ကို ရှောင်ကြဉ်၏၊ ထိုပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ တဏှာကို လွန်မြောက် နိုင်၏။

၄၅၈။ ငါသည် ဝတ္ထုကာမ, ကိလေသာကာမတို့၌ အပြစ်ကို မြင်၍ (ကာမဂုဏ်တို့မှ) လွတ်မြောက်ရာနိဗ္ဗာန်ကို ဘေးမရှိသောအားဖြင့် ရှုမြင်လျက် အလုံးစုံသော ကာမ, တေဘူမကတရားတို့မှ ကျွတ်လွတ်ပြီးဖြစ်၍ အာသဝကုန်ရာ အရဟတ္တဖိုလ်ကို ရအပ်ပြီ။

ဤသို့လျှင် သဗ္ဗကာမိမထေရ်သည် ရွတ်ဆို၏။

ဆက္ကနိပါတ် ပြီး၏။

၇-သတ္တကနိပါတ်

၁-သုန္ဒရသမုဒ္ဒတ္ထေရဂါထာ

သူဌေးသားသုန္ဒရသမုဒ္ဒသည် ရဟန်းပြုပြီးနောက် ဝိပဿနာပွါးလျက်နေစဉ် အမိဖြစ်သူ ကလူထွက်စေလိုသဖြင့် ပြည့်တန်ဆာမတစ်ဦးကိုလွှတ်၍ ဖြားယောင်းစေ၏။ သို့ရာတွင် ကိလေသာကိုအလိုမလိုက် ဂရုစိုက်ကာ ဘာဝနာကို ကြိုးစားသည်တွင် အဘိညာဉ်ရ ရဟန္တာဖြစ်၍ ပြည့်တန်ဆာမနှင့်အပြန်အလှန် ပြောကြားဟန် ရွတ်ဆိုသော ဂါထာများ

၄၅၉။ တန်ဆာဆင်လျက် တင့်တယ်သော အဝတ်ကို ဝတ်သော ပြည့်တန်ဆာမသည် ပန်းတို့ကို ပန်ဆင်ကာ အလှပြင်လျက် ခြေတို့ကို ချိပ်ရည်ဆိုးပြီးလျှင် ခြေနင်းကို စီး၍ ရပ်နေ၏။

၄၆ဝ။ ထိုပြည့်တန်ဆာမသည် ခြေနင်းတို့ကို ချွတ်၍ ရှေ့မှ လက်အုပ်ချီလျက် ပြေပြစ် နူးညံ့သောစကားဖြင့် ငါ့ကို ပြုံးရယ်လျက် ပြောဆိုလေ၏။

၄၆၁။ အရှင်သည် ပျိုမျစ်နုနယ် ငယ်ရွယ်သေးသည် ဖြစ်ပါလျက် ရဟန်းပြုဘိ၏၊ အကျွန်ုပ် စကား၌တည်စေချင်၏၊ လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားသုံးဆောင်ပါဦးလော့၊ အကျွန်ုပ်သည် အရှင့်အားစည်းစိမ်ဥစ္စာကို ပေးပါအံ့၊ အမှန်ကိုသာလျှင် ဝန်ခံပါ၏၊ (အကယ်၍ မယုံကြည်ပါမူ) သင့်ထံသို့ မီးကိုဆောင်၍ အကျွန်ုပ် (ကျိန်စာ) ဆိုပါအံ့။

၄၆၂။ အကျွန်ုပ်တို့နှစ်ဦး အိုမင်း၍ တောင်ဝှေး စွဲကိုင်ရသော အခါ၌ နှစ်ဦးစလုံး ရဟန်း ပြုကြပါကုန်အံ့၊ (ဤသို့ ဖြစ်သော်) ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌ အောင်ဆု ယူခြင်းပါတည်း။

၄၆၃။ တန်ဆာဆင်လျက် (အဝတ်တို့ကို) ကောင်းစွာ ဝတ်ဆင်ကာ လက်အုပ်ချီ၍ တောင်းပန်လာသောထိုပြည့်တန်ဆာမကို တွေ့မြင်လတ်သော် သေမင်း ထောင်ထားသော ကျော့ကွင်းကဲ့သို့ ထင်မိ၏။

၄၆၄။ ထို့ကြောင့် ငါ့အား (စက်ဆုပ်ရွံရှာဖွယ်ဟု) အသင့်အားဖြင့် နှလုံးသွင်းမှု ဖြစ်လတ်၏၊ အပြစ်ဟုထင်မြင်သော'အာဒီနဝ'ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ်သည် (ငါ၏ နှလုံး၌) ကောင်းစွာတည်၏။

၄၆၅။ ငြီးငွေ့မှု 'နိဗ္ဗိဒါ'ဉာဏ် ဖြစ်သည်မှ နောက်၌ ငါ၏ စိတ်သည် (ကိလေသာတို့မှ) လွတ်မြောက်ပြီ၊ တရားတော်၏ ကောင်းသော တရားတော်အဖြစ်ကို ရှုပါလော့၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့် အပ်ပြီ။

ဤသို့လျှင် သုန္ဒရသမုဒ္ဒမထေရ်သည် ရွတ်ဆို၏။

၂-လကုဏ္ဍကဘဒ္ဒိယတ္ထေရဂါထာ

လကုဏ္ဍကဘဒ္ဒိယ (အရပ်ပုကွသောဘဒ္ဒိယ) မထေရ်သည် ဗဟုဿုတ ဓမ္မကထိက ဖြစ်လျက်သာယာသော အသံဖြင့် တရားဟောနိုင်၏၊ တစ်နေ့သ၌ လမ်းသွားရင်း ပြည့်တန်ဆာမ တစ်ယောက်ကပြုံးရယ်သည်တွင် သွားရိုးကိုကြည့်ကာ ဝိပဿနာပွါး၍ အနာဂါမ်တည်၏၊ နောက် ကာယဂတာသတိကိုပွါးများ သျှင်သာရိပုတြာ၏ သြဝါဒတရား အတိုင်း အားထုတ်ရာ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် မိမိ၏ပဋိပတ်ကို ဖေါ်ပြရွတ် ဆိုသော ဂါထာများ

၄၆၆။ သီလစသည်တို့ဖြင့် ကောင်းမြတ်သော ဘဒ္ဒိယမထေရ်သည် အမ္ဗာဋက အမည်ရှိ သော မြတ်သောတောအုပ်၌ တဏှာ ကို အမြစပ်ါ နတု၍ ထေို တာအပု ၌် ပင် (အရဟတ္တဖိုလ် ဈာန်ဖြင့်) ဈာန်ဝင်စားနေ၏။

၄၆၇။ (ကာမဂုဏ်ခံစားသူ) အချို့လူတို့သည် မုရိုးစည်တို့ဖြင့်လည်းကောင်း၊ စောင်းတို့ဖြင့်လည်းကောင်း၊ ထက်စည်တို့ဖြင့်လည်းကောင်း မွေ့လျော်ကုန်၏။ ငါတမူကား မြတ်စွာဘုရားသာသနာတော်ဝယ် သစ်ပင်ရင်း၌ (တစ်ယောက်တည်း) မွေ့လျော်၏။

၄၆၈။ မြတ်စွာဘုရားသည် ငါ့အား အကယ်၍ ဆုကို ပေးခဲ့မူ ထိုဆိုလတ္တံ့သော ဆုကို ရယူလို၏၊ လူခပ်သိမ်း၏ အမြဲမပြတ် ကာယဂတာသတိ ပွါးများနေခြင်းဟူသော ဆုကို ငါ ယူလို၏။

၄၆၉။ အကြင်သူတို့သည် ငါ့ကို အဆင်းအားဖြင့် (ကဲ့ရဲ့ဖွယ်ဟု) အထင်အမြင် သေးကြကုန်၏၊ အကြင်သူတို့သည်ကား အသံကို ကြားရသော အားဖြင့် ချီးမွမ်းထောမနာ ချဉ်းကပ် လာကုန်၏၊ ထိုသူနှစ်မျိုးလုံးတို့ပင် ပြင်းစွာတပ်သော ဆန္ဒရာဂအလိုသို့ လိုက်ကုန်သည်ဖြစ်၍ ငါ့ကိုဟုတ်တိုင်းမှန်စွာမသိနိုင်ကြလေကုန်။

၄၇ဝ။ (အကြင်သူသည်) မိမိသန္တာန်၌ဖြစ်သော (ခန္ဓာအာယတန) တရားကိုလည်း မသိ၊ သူတစ်ပါးသန္တာန်၌ဖြစ်သော (ခန္ဓာအာယတန) တရားကိုလည်း မမြင်၊ ထိုသူမိုက်သည် ထက်ဝန်းကျင်မှ (ဉာဏ်အမြင်) ပိတ်ပင်သူဖြစ်၍ စင်စစ်သဖြင့် သူတစ်ပါးတို့ စကားသံဖြင့် မျောပါနေရ၏။

၄၇၁။ (အကြင်သူသည်) မိမိသန္တာန်၌ ဖြစ်သော (ခန္ဓာအာယတန) တရားကိုလည်း မသိ၊ သူတစ်ပါးသန္တာန်၌ဖြစ်သော (ခန္ဓာအာယတန) တရားကိုကား (သူတစ်ပါး စကားသံဖြင့်လည်းကောင်း၊ အသွင်အပြင်ကို မှတ်သောအားဖြင့်လည်းကောင်း) သိမြင်၏။ ထိုသူသည် သူတစ်ပါး သန္တာန်၌ ဖြစ်သောတရားကို နည်းယူသဖြင့် အကျိုးမျှကို ယူသည်ဖြစ်၍ သူတစ်ပါးတို့ ဆိုသော စကားသံဖြင့် မျောပါနေရ၏။

၄၇၂။ (အကြင်သူသည်ကား ရဟန္တာပုဂ္ဂိုလ်၏) အတွင်းသန္တာန်၌ ဖြစ်သော တရားကိုလည်းအပြားအားဖြင့် သိ၏၊ အပသန္တာန်၌ ဖြစ်သော (ရဟန္တာပုဂ္ဂိုလ်၏ အကျင့်ကို မှတ် သဖြင့် ဂုဏ်အထူးနှင့်ယှဉ်ခြင်းကို) အထူးအားဖြင့် မြင်၏၊ ထိုသူသည် (တစ်စုံတစ်ယောက် က) မပိတ်ပင်နိုင်မူ၍ (အရိယာတို့၏ ဂုဏ်ကို) မြင်လေ့ရှိသည်ဖြစ်၍ သူတစ်ပါးတို့ ဆိုသော စကားသံဖြင့် မမျောပါနိုင်တော့ပေ။

ဤသို့လျှင် လကုဏ္ဍကဘဒ္ဒိယမထေရ်သည် ရွတ်ဆို၏။

၃-ဘဒ္ဒတ္ထေရဂါထာ

သိကြားမင်း၏ အမိန့်အရ လူ့ပြည်၌ ဖြစ်လာသော ဘဒ္ဒသည် ၇နှစ်အရွယ်တွင် မိဘများကတန်ဆာဆင်၍ ဘုရားရှင့်ထံ အပ်နှံလျင် သျှင်အာနန္ဒာအားလွှဲအပ်၍ ရှင်ပြုစေရာ အကျဉ်းမျှသင်ကြားပေးသော ဝိပဿနာဖြင့်၊ ကိးစား၍ နေမဝင်မီပင် အဘိညာဉ်ရ ရဟန္တာဖြစ်သဖြင့် မိမိ၏အကြောင်းအရာကို ရွတ်ဆိုသော ဂါထာများ

၄၇၃။ ငါသည် (မိဘတို့၏) များစွာသော ဝတ်အကျင့်တို့ဖြင့်လည်းကောင်း၊ (နတ်တို့နှင့်ဘုရားအား) တောင်းပန်ခြင်းတို့ဖြင့်လည်းကောင်း ရအပ်သည်ဖြစ်၍ အမိလည်းချစ်, အဖလည်း ချစ်သောတစ်ဦးတည်းသောသား ဖြစ်ခဲ့ပါ၏။

၄၇၄။ ငါ့အကျိုးကို အလိုရှိကြကုန်သည်ဖြစ်၍ အစီးအပွါးကို ရှာမှီးလေ့ရှိကုန်သော ထိုအမိအဖနှစ်ပါးစုံတို့သည် ငါ့ကို အစဉ်သနားသဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်စေကြကုန်၏။

၄၇၅။ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရား ဆင်းရဲငြိုငြင်စွာ ရအပ်သော ဤသားသည် နူးညံ့သိမ်မွေ့၏၊ ချမ်းသာဖြင့် ကြီးပွါး၏၊ မြတ်စွာဘုရား၏ အလုပ်အကျွေး အကျိုးငှါဤသားငယ်ကို မြတ်စွာဘုရားအား ပေးလှူပါကုန်၏။

၄၇၆။ မြတ်စွာဘုရားသည်လည်း ငါ့ကို အလှူခံတော်မူ၍ အာနန္ဒာ ဤသူငယ်ကို လျင်စွာ ရဟန်းပြုလော့၊

ဤသူငယ်သည် ယောက်ျားအာဇာနည် (ရဟန္တာ) ဖြစ်တ္တံ့ဟု အသျှင်အာနန္ဒာ အား ဤစကားကိုမိန့်ဆိုတော်မူ၏။

၄၇၇။ မာရ်ငါးပါးကို အောင်တော်မူပြီးသော လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါ့ကို ရှင်သာမဏေ ပြုစေပြီး၍ ဂန္ဓကုဋီကျောင်းတော်သို့ ဝင်တော်မူ၏၊ ရှင်သာမဏေပြုပြီးနောက့် နေမဝင်မီပင် ငါ၏ စိတ်သည် (အလုံးစုံသော အာသဝတရားတို့မှ) လွတ်မြောက်၏။

၄၇၈။ ထိုအာသဝေါတရားကုန်ခန်းပြီးနောက် မြတ်စွာဘုရားသည် (မိမိဝင်စားမြဲ) (ဖလသမာပတ်ကို) ဝင်စားတော်မူ၍ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထပြီးလျှင် ''ဘဒ္ဒ လာလှည့်''ဟု ငါ့ကိုမိန့်တော်မူ၏၊ ထိုစကားသည်ပင် ငါ့အား ပဉ္စင်းအဖြစ်ကို ပြီးစေတော့၏။

၄၇၉။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် ပဉ္စင်းအဖြစ်ကို ရခဲ့ပြီ၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပြီ၊ တရားတော်၏ ကောင်းသော တရားတော်အဖြစ်သည် သြော် အံ့ဖွယ်ရှိပါပေစွ။

ဤသို့လျှင် ဘဒ္ဒမထေရ်သည် ရွတ်ဆို၏။

၎-သောပါကတ္ထေရဂါထာ

နိမ့်ကျသော အမျိုး၌ဖြစ်ရသော သောပါကသည် လေးနှစ်အရွယ်က အဖဆုံး၍ ဘထွေးဖြစ်သူ၏လက်တွင်ကြီးပွါးရ၏၊

၇နှစ်အရွယ်တွင် ဘထွေးက ၄င်းသားနှင့် မတည့်၍ သုသာန်တွင်ပစ်ထားရာ ဘုရားရှင်ကကြွရောက်တရားပြသဖြင့် သောတာပန်ဖြစ်၊ ဇေတဝန်ကျောင်းတော်ရောက် နောက်တနေ့မိခင်အရင်းလိုက်လာသည်တွင် တရားဟောပြ ဆုံးမသည်ကို ကြားနာရလျင် အရဟတ္တဖိုဟ်သို့ ရောက်ကာပုစ္ဆာအမေးဖြင့် ရဟန်း အဖြစ်သို့ ရောက်ရ၍ မိမိ၏အဖြစ်ကိုဖေါ်ပြ ရွတ်ဆိုသော ဂါထာများ

၄၈ဝ။ ပြာသာဒ်ဆောင် ကျောင်းရိပ်၌ စင်္ကြံကြွတော်မူသော လူသုံးပါးတို့ထက် မြတ်တော်မူ သောမြတ်စွာဘုရားကို မြင်၍ ထိုကျောင်းရိပ်၌ ယောာက်ျားမြတ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသို့ချဉ်းကပ်၍ ရှိခိုးခဲ့ပြီ။

၄၈၁။ သင်္ကန်းကို ပခုံးတစ်ဖက်၌ တင်၍ လက်တို့ကို ပူးယှက် ရှိခိုးပြီးလျှင် ကိလေသာ မြူ ကင်း၍သတ္တဝါခပ်သိမ်းတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၏ နောက်မှ လိုက်၍ စင်္ကြံသွားနေခဲ့ပါ၏။

၄၈၂။ ထို့နောက် ပြဿနာတို့၌ လိမ္မာတော်မူသော မြတ်စွာဘုရားသည် ငါ့အား ကုမာရ ပြဿနာတို့ကို မေးတော်မူ၏၊ ငါသည် တုန်လှုပ်ခြင်း မရှိဘဲ ကြောက်ရွံ့ခြင်း ကင်းစွာဖြင့် မြတ်စွာဘုရား၏ ကုမာရပြဿနာတို့ကို ဖြေကြားခဲ့၏။

၄၈၃။ ကုမာရပြဿနာတို့ကို ဖြေဆိုသည်ရှိသော် မြတ်စွာဘုရားသည် ဝမ်းမြောက် တော်မူ၏၊ (ထို့နောက်) ရဟန်းသံဃာကို စောင့်ငဲ့ကြည့်ရှုတော်မူ၍ ဤအနက်သဘောကို မိန့် တော်မူ၏။

၄၈၄။ အင်္ဂတိုင်း မဂဓတိုင်းသားတို့အား အရတော်လေစွ၊ ဤသောပါက သာမဏေသည် အကြင်အင်္ဂတိုင်း မဂဓတိုင်းသားတို့၏ သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ သူနာ၏ အထောက်အပံ့ဆေးကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာကိုလည်းကောင်း ခံယူ၏၊ ခရီးဦးကြိုဆိုခြင်း အရိုအသေပြုခြင်းကိုလည်း ခံယူ၏။ ထိုအင်္ဂတိုင်း မဂဓတိုင်းသား တို့အား အရတော်လေစွတကား၊ ဤသို့လည်းမိန့်တော်မူ၏။

၄၈၅။ သောပါက ယနေ့မှ အစပြု၍ ငါဘုရားကို ဖူးမြင်ခြင်းငှါ ချဉ်းကပ်လော့၊ သောပါကဤပြဿနာကို ဖြေခြင်းသည် ပင်လျှင် သင့်အား ပဉ္စင်းအဖြစ် ပြီးစေလော့၊ (ဤသို့လည်းမိန့်ဆိုတော်မူ၏)။

၄၈၆။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် ပဉ္စင်းအဖြစ်ကို ရပြီးလျှင် အဆုံးစွန်သောခန္ဓာကိုယ်ကို ဆောင်ရ၏၊ တရားတော်၏ ကောင်းသော တရားတော်၏ အဖြစ်သည် သြော် အံ့သြဖွယ်ရှိပါပေစွတကား။

ဤသို့လျှင် သောပါကမထေရ်သည် ရွတ်ဆို၏။

၅-သရဘင်္ဂတ္တေရဂါထာ

မြှားမြက်များကို နှုတ်ယူ၍ ကျောင်းသင်ခမ်းလုပ်သောကြောင့် သရဘင်္ဂအမည်ရသော အနဘိလက္ခိတရသေ့ထံသို့ ဘုရားရှင်ကြွလာ၍ တရားဟောသည်တွင် ရဟန်းပြု၊ ဝိပဿနာ ပွါး၍မကြာခင် ရဟန္တာဖြစ်လေ၏၊ ထိုအခါ လူအများက ''ရသေ့ဖြစ်တုံးကကဲ့သို့ ကျောင်းကိုပြုပြင်ဦးမည်လား''ဟု မေးကြသည်တွင် ထိုသို့ မပြုပြင်တော့ကြောင်း သစ္စာ လေးပါးကိုမြင်ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာများ

၄၈၇။ (ရှေးရသေ့ ဖြစ်စဉ်အခါက ) အိုင်၌ (ပေါက်သော) မြက်တို့ကို လက်တို့ဖြင့် ချိုးနုတ်ပြီးလျှင်မြက်မိုးကျောင်း ပြုလုပ်နေခဲ့၏၊ ထို့ကြောင့် ငါ့အား အနွတ္ထသမုတိအားဖြင့် သရဘင်္ဂဟူသော အမည်သည်ဖြစ်၏။

၄၈၈။ ယခုအခါ ငါ့အား အိုင်၌ (ပေါက်သော) မြက်တို့ကို လက်ဖြင့် ချိုးနုတ်ခြင်းငှါ မအပ်၊ များသောအခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရားသည် ငါတို့အား သိက္ခာပုဒ်တို့ကို ပညတ်တော်မူကုန်၏။

၄၈၉။ သရဘင်္ဂ အမည်ရသော ငါသည် မြတ်စွာဘုရား သြဝါဒကို မရသေးမီ ရှေးအခါက ဥပါဒါနက္ခန္ဓာငါးပါးဟူသော အနာရောဂါကို အလုံးစုံ ပြည့်စုံစွာ မသိမမြင်နိုင်ခဲ့ပါ၊ (ယခုအခါ) လွန်ကဲသောနတ်ဖြစ်တော်မူသော မြတ်စွာဘုရား၏ သြဝါဒစကားကို လိုက်နာပြုကျင့်ခြင်း ကြောင့် ဥပါဒါနက္ခန္ဓာငါးပါးဟူသော ထိုအနာရောဂါကို မဂ်ပညာဖြင့် မြင်ရပြီ။

၄၉ဝ။ အကြင်မဂ်ခရီးဖြင့်သာလျှင် ဝိပဿီမြတ်စွာဘုရားသည် (နိဗ္ဗာန်သို့) ကြွတော်မူ၏၊ အကြင်မဂ်ခရီးဖြင့်သာလျှင် သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား သည်လည်းကောင်း၊ ကကုသန်မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား သည်လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည်လည်းကောင်း (နိဗ္ဗာန်သို့) ကြွတော်မူ၏။ ထိုမဂ်ခရီးဖြင့်ပင်ဂေါတမဘုရားရှင်သည် (နိဗ္ဗာန်သို့) ကြွတော်မူ၏။

၄၉၁။ တဏှာကင်းတော်မူကုန်ပြီးသော တစ်ဖန်ပဋိသန္ဓေ မယူကုန်သော ကိလေသာကုန်ရာ နိဗ္ဗာန်၌သက်ဝင်ကုန်သော ဘုရားရှင် ခုနစ်ဆူတို့သည် ရှိကုန်၏၊လောကုတ္တရာတရား ကိုးပါးကြောင့်ဖြစ်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ယင်းမြတ်စွာဘုရားတို့သည် ဤဆိုလတ္တံ့သောတရားတော်မြတ်ကို ဟောတော်မူအပ်၏။

၄၉၂။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာဟူသော ဤအရိယသစ္စာ လေးပါးတရားတော်မြတ်တို့ကို သတ္တဝါတို့အား သနားတော်မူသဖြင့် ဟောတော်မူကုန်၏။

၄၉၃။ အကြင်နိဗ္ဗာန်ကို ရသည်ရှိသော် သံသရာ၌ (ဖြစ်သည့်) အဆုံးအပိုင်းအခြား မရှိ သော ဒုက္ခသည်ဆုတ်နစ်ရပ်တန့်၏၊ (ထိုနိဗ္ဗာန်ကို ငါ ရအပ်ပြီ) ဤခန္ဓာကိုယ် ပျက်စီး၍ အသက်ကုန်သည်မှ နောက်၌ငါ့အား အခြားတစ်ပါးသော ဘဝသစ် မရှိတော့ပြီ၊ ခပ်သိမ်းသော ဘဝတို့မှ ငါသည် ကောင်းစွာလွတ်မြောက်ပြီ။

ဤသို့လျှင် သရဘင်္ဂမထေရ်သည် ရွတ်ဆို၏။

သတ္တကနိပါတ် ပြီး၏။

၈-အဋ္ဌကနိပါတ်

၁-မဟာကစ္စာယနတ္ထေရဂါထာ

စဏ္ဍပဇ္ဇောတမင်း၏ ပုရောဟိတ်သား ကစ္စာယနသည် အဖကွယ်လွန်သောအခါ ပုရောဟိတ်ရာထူးကိုရ၏၊ ဘုရင်က ဘုရားပွင့်တော်မူကြောင်းကြားရ၍ ဘုရားထံသွားရောက် ပင့်ဆောင်ရန် ပုရောဟိတ်ကိုလွှတ်လေရာ ဘုရားရှင်၏ တရားတော်ကို နာရ၍ တရားအဆုံး တွင် အဖော်ခုနစ်ဦးနှင့်တကွပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ

၄၉၄။ (ရဟန်းတရား အားထုတ်မှု၏ ဘေးရန်ဖြစ်သော) အမှုကြီးငယ် အသွယ်သွယ်ကို မပြုရာ၊ ကလျာဏမိတ္တမဟုတ်သောသူကို ကြဉ်ရှောင်ရာ၏၊ (လူဒါယကာတို့အတွက်) ကြောင့်ကြ မစိုက်ရာ၊ မိမိချမ်းသာကို ဆောင်ရွက်နိုင်သော အကြင်ရဟန်းသည် အရသာ၌ တပ်မက်မောသည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်း၌ ကြောင့်ကြစိုက်သူ ဖြစ်၏၊ ထိုရဟန်း သည် သီလစသော အကျိုးကိုဆိတ်သုဉ်း စေ၏။

၄၉၅။ ဒါယကာတို့၏ ရှိခိုးပူဇော်မှုကို ရွှံ့ညွန်ဟူ၍လည်းကောင်း၊ သိမ်မွေ့၍ အနုတ်ခက် သောဆူးငြောင့်တံသင်းဟူ၍လည်းကောင်း ဘုရားစသော အရိယာသူတော်ကောင်းတို့ ပြော ကြားကုန်၏၊ ထိုပူဇော်သက္ကာရမျိုးကို စိတ်နေစိတ်ထား ယုတ်ညံ့သူသည် စွန့်နိုင်ခဲ၏။

၄၉၆။ သူတစ်ပါးကို အထောက်အထားပြု၍ သတ္တဝါအား သတ်ဖြတ်ခြင်းစသော မကောင်း မှုကံကိုသူတစ်ပါးကို မမှီဝဲမပြုလုပ်စေရာ၊ မိမိလည်း ထိုမကောင်းမှုကံကို မမှီဝဲမပြုလုပ်ရာ၊ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါတို့သည် ကံသာလျှင် အဆွေအမျိုး ရှိကြသောကြောင့်တည်း။

၄၉၇။ သူတစ်ပါးတို့၏ စကားကြောင့် ခိုးသူ မဖြစ်နိုင်၊ သူတစ်ပါးတို့၏ စကားကြောင့်သူတော်ကောင်းလည်း မဖြစ်နိုင်၊ ထိုသူတော်ကောင်းဟုတ်သည်, မဟုတ်သည်ကို မိမိကိုယ်တိုင်သိသကဲ့သို့ ထို့အတူ နတ်တို့လည်း သိကြကုန်၏။

၄၉၈။ (ပညာရှိမှ) တစ်ပါးသော သူတို့သည် 'ဤဇီဝလောက၌ ငါတို့သည် သေမင်း နိုင်ငံသို့ သွားရကုန်အံ့'ဟု မသိကုန်၊ အကြင်ပညာရှိတို့သည်ကား 'ဤဇီဝလောက၌ ငါတို့ သည် သေမင်းနိုင်ငံသို့သွားရောက်ရကုန်အံ့'ဟု သိကုန်၏၊ ထိုသို့ သိသောကြောင့် သူတစ်ပါး တို့အား ညှဉ်းဆဲခြင်းတို့သည် ငြိမ်းကုန်၏။

၄၉၉။ ပညာရှိသော သူသည် ဥစ္စာပစ္စည်းကုန်ခန်းသော်လည်း (အပြစ်မရှိသော အသက် မွေးခြင်းဖြင့်) အသက်မွေးနိုင်သည်သာတည်း၊ (ပညာမဲ့သော ပုဂ္ဂိုလ်သည်ကား ပညာကို မရ သောကြောင့် ) ဥစ္စာပစ္စည်းရှိငြားသော်လည်း အသက်မမွေးနိုင်။

၅ဝဝ။ (နားမပင်းသူသည်) အသံအားလုံးကို နားဖြင့် ကြားရ၏၊ (မကန်းသူသည်) အဆင်းအားလုံးကိုမျက်စိဖြင့် မြင်ရ၏၊ ပညာရှိသည် မြင်အပ် ကြားအပ်သော အာရုံ အလုံးစုံကို စွန့်ပယ်ခြင်းငှါလည်းမထိုက်၊ (သိမ်းယူထားခြင်းငှါလည်း မထိုက်)။

၅ဝ၁။ (ထို့ကြောင့်) မျက်စိအမြင်နှင့် ပြည့်စုံသော်လည်း သူကန်းကဲ့သို့ ဖြစ်ရာ၏၊ နားအကြားနှင့်ပြည့်စုံသော်လည်း နားပင်းသူကဲ့သို့ ဖြစ်ရာ၏၊ ပညာရှိသော်လည်း သူအကဲ့သို့ ဖြစ်ရာ၏၊ အားအစွမ်းနှင့်ပြည့်စုံသော်လည်း အားနည်းသူကဲ့သို့ ဖြစ်ရာ၏၊ ထိုမှ တစ်ပါး (မလိုလားအပ်သော ) အကြောင်းကိစ္စဖြစ်ပေါ်လတ်သော် သူသေအိပ်သကဲ့သို့ အိပ်နေရာ၏။

ဤသို့လျှင် မဟာကစ္စာယနမထေရ်သည် ရွတ်ဆို၏။

၂-သိရိမိတ္တတ္ထေရဂါထာ

သူကြွယ်သား သိရိမိတ္တသည် အရွယ်ရောက်သောအခါ ဓနပါလဆင်ကို ဆုံးမတော်မူရာ၌ ကြည်ညိုသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါးသည်တွင် မကြာခင်ရဟန္တာဖြစ်၏၊ တနေ့သ၌ ပါတိမောက်ပြခြင်းငှါ နေရာသို့တက်၍ ယပ်ကို ကိုင်ကာ ရဟန်းတို့ကို မြင့်မြတ်သော ဂုဏ်များကို ဝေဘန်ဖော်ပြ ရွတ်ဆိုသော ဂါထာများ

၅ဝ၂။ (အကြင်ရဟန်းသည်) အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ ထိုသို့သဘောရှိသော ထိုရဟန်းသည် ဤသို့ ကျင့်သည်ရှိသော် တမလွန်ဘဝ၌ အမှန်စင်စစ် မပူဆွေးရတော့ပေ။

၅ဝ၃။ (အကြင်ရဟန်းသည်) အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ အခါခပ်သိမ်း စက္ခုအစရှိသော ဒွါရတို့ကို စောင့်ရှောက်၏၊ ထိုရဟန်းသည် ဤသို့ ကျင့်သည်ရှိသော် တမလွန်ဘဝ၌ မပူဆွေးရတော့ပေ။

၅ဝ၄။ အကြင်ရဟန်းသည် အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ ကောင်းသော အဆွေခင်ပွန်း ရှိ၏၊ ထိုရဟန်းသည်ဤသို့ကျင့်သည်ရှိသော် တမလွန်ဘဝ၌ မပူဆွေးရတော့ပေ။

၅ဝ၅။ (အကြင်ရဟန်းသည်) အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ ကောင်းသော အဆွေခင်ပွန်း ရှိ၏၊ ထိုရဟန်း သည်ဤသို့ကျင့်သည်ရှိသော် တမလွန်ဘဝ၌ မပူဆွေးရတော့ပေ။

၅ဝ၆။ (အကြင်ရဟန်းသည်) အမျက်ထွက်လေ့ မရှိ၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ လှည့်ပတ်မှု 'မာယာ' မရှိ၊ ချောပစ်ကုန်းတိုက်မှုမှ ကင်း၏၊ (ဝဋ်မှ လွတ်မြောက်ကြောင်း) ကောင်းသော ပညာရှိ၏၊ ထိုရဟန်းသည်ဤသို့ ကျင့်သည်ရှိသော် တမလွန်ဘဝ၌ မပူဆွေးရတော့ပေ။

၅ဝ၇။ အကြင်ပုဂ္ဂိုလ်အား မြတ်စွာဘုရား၌ ယုံကြည်မှု 'သဒ္ဓါ'တရား ရှိ၏၊ တုန်လှုပ်ခြင်း မရှိ၊ ကောင်းစွာ တည်၏၊ အကြင်ပုဂ္ဂိုလ်အား အရိယာသူတော်ကောင်းတို့ နှစ်သက်အပ်သော (ဘုရားအစရှိသည်တို့) ချီးမွမ်းအပ်သော ကောင်းသော သီလရှိ၏။

၅ဝ၈။ အကြင်ပုဂ္ဂိုလ်အား အရိယာသံဃာတော်၌ ယုံကြည်မှု 'သဒ္ဓါ'တရား ရှိ၏၊ ဖြောင့် မတ်သောကမ္မသကတဉာဏ်အမြင်လည်း ရှိ၏၊ (တုန်လှုပ်ခြင်း မရှိ၊ ကောင်းစွာ တည်၏)၊ ထိုသူကို (သဒ္ဓါသီလစသော စင်ကြယ်သော ဥစ္စာရှိသောကြောင့် ) မဆင်းရဲသောသူဟူ၍ ဘုရား အစရှိသောအရိယာတို့ ဆိုကုန်၏၊ ထိုပုဂ္ဂိုလ်၏ အသက်ရှည်ခြင်းကို အချည်းနှီး မဟုတ်သော အသက်ရှည်ခြင်းဟူ၍ဆိုကုန်၏။

၅ဝ၉။ ထို့ကြောင့် မြတ်စွာဘုရား၏ အဆုံးအမတော်ကို အောက်မေ့သော အမျိုးကောင်း သားသည်သဒ္ဓါကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ တရားတော်တို့၌ ဆုံးဖြတ်သိမြင်မှုဟူသောကြည်ညိုခြင်းကိုလည်းကောင်း အားထုတ်ပွါးများရာ၏။

ဤသို့လျှင် သိရိမိတ္တမထေရ်သည် ရွတ်ဆို၏။

၃-မဟာပန္ထကတ္ထေရဂါထာ

မဟာပန္ထကမထေရ်သည် ယောနိသောမနသိကာရဖြင့် တရားအားထုတ်ကာ အရူပဈာန် လေးပါးကိုရလျက်ဝိပဿနာပွါး၍ အရဟတ္တဖိုဟ်သို့ရောက်ပြီးနောက် ဈာန်ချမ်းသာ ဖိုဟ်ချမ်းသာဖြင့် အချိန်ကုန်လွန်စေလျက်မိမိ၏ပဋိပတ်ကိုဆင်ခြင်၍ ဝမ်းမြောက်ဝမ်းသာ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ

၅၁ဝ။ အကြင်အခါ၌ ဘေးမရှိသော လူ နတ်တို့၏ ဆရာဖြစ်သော မြတ်စွာဘုရားကို ရှေးဦးစွာဖူးမြင်ရ၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ပြီး၍ ထို ဖူးမြင်ပြီးသည်မှ နောက်၌ငါ့အား ထိတ်လန့်မှု 'သံဝေဂ' ဖြစ်ခဲ့၏။

၅၁၁။ အကြင်သူသည် (မိမိထံသို့) ရောက်လာသော ကျက်သရေကို လက်တို့ဖြင့်သော်လည်းကောင်း၊ ခြေတို့ဖြင့်သော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၍ နှင်ထုတ်ပစ်ရာ၏။ ထို ကျက်သရေမဲ့သူသည် ထိုသို့သဘောရှိသော ဆရာမြတ်စွာဘုရားကို ဆည်းကပ်ပူဇော်ရ၍ လည်း (အဆုံးအမကို မလိုက်နာသောအားဖြင့် ထိုအခွင့်ကောင်းကိုလည်း) ချွတ်ယွင်းစေရာ၏၊ ငါသည်ကား ထိုသူကဲ့သို့ မပြုပါအံ့)။

၅၁၂။ ထိုအခါ ၌ ငါသည် သားမယားကိုလည်းကောင်း၊ ဥစ္စာစပါးကိုလည်းကောင်း စွန့် လျက်ဆံမုတ်ဆိတ်တို့ကို ရိတ်ဖြတ်၍ အိမ်ရာမထောင်သော ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏။

၅၁၃။ ငါသည် အကျင့်'သိက္ခာ'တူမျှသော အသက်မွေးမှု 'သာဇီဝ'နှင့် ပြည့်စုံသည်ဖြစ်၍ ဣနြေ္ဒတို့ကို ကောင်းစွာ စောင့်ရှောက်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် (ကိလေသာမာရ်စ သည်တို့မှ) အရှုံးမခံမူ၍ နေ၏။

၅၁၄။ ထို့ကြောင့် (ငါ့၏ စိတ်နှလုံးမှ) တဏှာတည်းဟူသော ငြောင့်ကို မနုတ်ပယ်ရသေးမီတစ်ခဏမျှလည်း မထိုင်တော့အံ့ဟု ငါ၏ စိတ်ဖြင့် လိုလားတောင့်တအပ်သော စိတ်ဆောက် တည်မှုဖြစ်ပေါ်လာ၏။

၅၁၅။ ဤသို့ နေသော ထိုငါ၏ လွန်ကဲသော လုံ့လကို ရှုပါလော့၊ ယင်းလုံ့လ၏ အကျိုးကြောင့်ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့်အတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

၅၁၆။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိပြီ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင်ပြီးပြီ၊ ငါသည် ပူဇော်အထူးကို ခံထိုက်သူ မြတ်သော အလှူကို ခံထိုက်သူဖြစ်၏၊ (ကိလေသုပဓိစ သော) ဥပဓိ မရှိသည်ဖြစ်၍ ကိလေသာတို့မှ လွတ်မြောက်ပြီ။

၅၁၇။ ထို့နောက် ညဥ့်၏ အဆုံး နေထွက်သော အခါကို အမှတ်ပြု၍ (ကာမတဏှာ စသော) တဏှာအားလုံးကို (အရဟတ္တမဂ်ဖြင့်) ခြောက်သွေ့ကုန်ခန်းစေပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

ဤသို့လျှင် မဟာပန္ထကမထေရ်သည် ရွတ်ဆို၏။

အဋ္ဌကနိပါတ် ပြီး၏။

၉-နဝကနိပါတ်

၁-ဘူတတ္ထေရဂါထာ

သာကေတမြို့တံခါးရွာ သူဌေးကြီး၏ သားဘူတသည် သာကေတမြို့ ကျောင်းတွင်သီတင်းသုံးတော်မူသော ဘုရားရှင့်ထံ သွားရောက်ကာ တရားနာရ၍ ရဟန်းပြုပြီးနောက် အဇကရဏီမြစ်ကမ်းရှိ လိုဏ်၌ နေထိုင်လျှက် ဝိပဿနာပွါးသည်တွင် မကြာခင် ရဟန္တာဖြစ်၍ ဆွေမျိုးများက သာကေတမြို့၌နေရန် တောင်းပန်သောအခါ မိမိ၏ဆိပ်ငြိမ်ရာ၌ မွေ့လျော်ကြောင်းဖော်ပြ ရွတ်ဆိုသော ဂါထာ

၅၁၈။ ဇရာမရဏသည် ဒုက္ခသာတည်းဟု မသိကုန်သော ပုထုဇဉ်တို့သည် အကြင် ဥပါဒါနက္ခန္ဓာငါးပါးအပေါင်း၌ မှီတွယ်ကပ်ငြိကုန်၏၊ အကြင်အခါ ပညာရှိသည် ဤဇရာမရဏ ကား ဒုက္ခသာတည်းဟုထိုဒုက္ခကို ပိုင်းခြားသိလျက် သတိရှိသည်ဖြစ်၍ သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါထိုပညာရှိသည် ယင်းသို့ မွေ့လျော်ခြင်းထက် လွန်မြတ်သော မွေ့ လျော်မှုကို မရနိုင်။

၅၁၉။ အကြင်အခါ ရဟန်းသည် ဆင်းရဲကို ဖြစ်စေတတ်သော အလုံးစုံ ပျံ့နှံ့သော သံသရာကို ချဲတတ်၍ပဝတ္တိဒုက္ခကို အားထုတ်တတ်သော ဆင်းရဲကို ဆောင်ကြဉ်းတတ်သော တပ်မက်မှု 'တဏှာ'ကိုပယ်ဖြတ်ကာ သတိရှိသည်ဖြစ်၍ သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့မွေ့လျော်ခြင်းထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

၅၂ဝ။ အကြင်အခါ ရဟန်းသည် ချမ်းမြေ့၍ လေးခုနှစ်လီအင်္ဂါရှိသော ကိလေသာ အားလုံးတို့ကို စင်ကြယ်စေတတ်သော မြတ်သော မဂ်ကို ပညာဖြင့် ရှုကာ သတိရှိသည်ဖြစ်၍ သာလျှင့် သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့ မွေ့လျော်ခြင်းထက် မွန်မြတ်သောမွေ့လျော်မှုကို မရနိုင်။

၅၂၁။ အကြင်အခါ ရဟန်းသည် ပူဆွေးမှု ကင်းရာ ကိလေသာမြူ ကင်းရာ အကြောင်း တစ်စုံတစ်ခုမပြုပြင်အပ်ရာ ကိလေသာအားလုံးတို့ စင်ကြယ်ရာ သံယောဇဉ်အနှောင်အဖွဲ့ တို့၏ကင်းပြတ်ငြိမ်းအေးရာ ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုသောအားဖြင့် ပွါးများ၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့ မွေ့လျော်မှုထက် လွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

၅၂၂။ အကြင်အခါ ငှက်တို့၏ သွားလာပျံသန်းရာဖြစ်သော ကောင်းကင်ဝယ် မိုးစည်သံ ထစ်ချုန်း၏၊ ထက်ဝန်းကျင်မှ မိုးရေအလျဉ်တို့ဖြင့် ပြွမ်းကုန်၏၊ ထိုအခါ ရဟန်းသည် တောင်ခေါင်း လိုဏ်ဂူစသည်သို့ကပ်၍သာလျှင် သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့ မွေ့လျော်မှုထက်မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

၅၂၃။ အကြင်အခါ ရဟန်းသည် (သစ်ပင်တို့မှ ကိုင်းညွတ်ကျသော) ပန်းတို့ဖြင့် ရော ပြွမ်းလျက်ဆန်းကြယ်စွာ တော၌ ပေါက်သော ဦးဆောက်ပန်းရှိကုန်သော မြစ်တို့၏ ကမ်းနား၌ ထိုင်နေလျက်ကောင်းသော စိတ်ရှိသည်ဖြစ်၍ သာလျှင် သမထဝိပဿနာဖြင့် ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည်ယင်းသို့မွေ့လျော်မှုထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

၅၂၄။ အကြင်အခါ ညဥ့်အချိန်ဝယ် (လူတို့ဖြင့် ကျဉ်းမြောင်းခြင်းမှ) ကင်းသော တောအုပ်၌မိုးရွာသည်ရှိသော် အစွယ်ရှိသော (ခြင်္သေ့ သစ် ကျားစသော) သတ္တဝါတို့သည် ဟောက်ကုန် ဟိန်းကုန်၏၊ ထိုအခါ ရဟန်းသည် တောင်ခေါင်းလိုဏ်ဂူစသည်သို့ ကပ်လျက်သာလျှင် သမထ ဝိပဿနာဖြင့် ကပ်၍ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့မွေ့လျော်မှုထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

၅၂၅။ အကြင်အခါ ရဟန်းသည် မိမိ၏ မိစ္ဆာဝိတက်တို့ကို ပိတ်ဆို့တားမြစ်၍ တောင်တို့၏ အကြားဝယ်တောင်ခေါင်းလိုဏ်ဂူကို မှီလျက် (ကိလေသာဟူသော) ပူလောင်ခြင်း ကင်းပြီး ငြောင့်တံသင်းကင်းပြီးဖြစ်၍ သာလျှင် သမထဝိပဿနာဖြင့် ကပ်၍သာလျှင် ရှု၏၊ ထိုအခါ ထို ရဟန်းသည် ယင်းသို့မွေ့လျော်မှုထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

၅၂၆။ အကြင်အခါ ရဟန်းသည် (ဈာန်စသော) ချမ်းသာခြင်းရှိသည်ဖြစ်၍ (ရာဂစသော) အညစ်အကြေးငြောင့်တံသင်း (ဆွေမျိုးတို့နှင့် ကွေကွင်းခြင်းစသော အကြောင်းကြောင့် ဖြစ် သော) ပူဆွေးမှုကိုဖျက်ဆီးလျက် (အဝိဇ္ဇာဟူသော) တံခါးကျည်မင်းတုပ် ကင်းသည် တဏှာ မရှိသည် (ရာဂစသော) ငြောင့်ကင်းသည်ဖြစ်၍ အာသဝတရား အားလုံးတို့ကို ပျက်စီး အောင် ပြုပြီး၍သာလျှင် သမထဝိပဿနာဖြင့်ကပ်၍ ရှု၏၊ ထိုအခါ ထိုရဟန်းသည် ယင်းသို့ မွေ့လျော်မှုထက် မွန်မြတ်သော မွေ့လျော်မှုကို မရနိုင်။

ဤသို့လျှင် ဘူတမထေရ်သည် ရွတ်ဆို၏။

နဝကနိပါတ် ပြီး၏။

၁ဝ-ဒသကနိပါတ်

၁-ကာဠုဒါယိတ္ထေရဂါထာ

ဘုရားရှင့်ဖွားဖက်တော် ကာဠုဒါယီသည် ဘုရားရှင်ကိုရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည် သို့ရောက်အောင် အပင့်သွားရာတွင် တရားဟောချိန်၌ ရောက်သွား၍ ပရိသတ်အစွန်က တရားနာရင်းမိမိပရိသတ်နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ဧဟိဘိက္ခု ရဟန်း အဖြစ်သို့ ရောက်ပြီးနောက် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူရန် အရီးလမ်းဖော်ပြကာ ချီးကျူး ရွတ်ဆိုသော ဂါထာများ

၅၂၇။ အရှင်ဘုရား ယခုအခါ သစ်ပင်တို့သည် ပွင့်သီးလိုကြကုန်သည်ဖြစ်၍ ရော်ရွက်ဝါ တို့ကို့ ချွေချကုန်လျက် မီးကျီးအသွေးနီတွေးသော ဖူးညွန့်ရှိနေကြပါကုန်၏၊ ထိုသစ်ပင်တို့ သည် မီးလျှံကဲ့သို့ (အရပ်လေးမျက်နှာတို့၌) ထွန်းတောက်ပြောင်ပါကုန်၏၊ အတ္ထရသစသည် တို့၏ စုဝေးပေါင်းဆုံရာဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား (နေပြည်တော်သို့ ကြွတော်မူရန်) အချနိတန်ပါပြီ။

၅၂၈။ သစ်ပင်တို့သည် ပင်လုံးကျွတ် ပွင့်ကြကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိကြ ပါကုန်၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့သည်လည်း (ရနံ့တို့ဖြင့်) သင်းပျံ့ကြိုင်လှိုင် ကြပါကုန်၏၊ ထိုသစ်ပင်တို့သည် အရွက်ဟောင်းကို ပယ်စွန့်၍ အသီးသီးရန် တောင့်တကြပါကုန်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ဤရာဇဂြိုဟ်ပြည်မှ ထွက်ကြွတော်မူရန် အချိန် တန်ပါပြီ။

၅၂၉။ အရှင်ဘုရား ယခုရာ သီဥတုသည် အေးလည်း မအေးလွန်း ပူလည်း မပူလွန်း လှပါ၊ ချမ်းသာစွာခရီးရှည်သွားခြင်းငှါ သင့်လျော်လှပါ၏၊ အနောက်ကို မျက်နှာမူ၍ ရောဟနီ မြစ်ကို ကူးတော်မူသောအရှင်ဘုရားကို သာကီဝင်မင်းမျိုးတို့သည်လည်းကောင်း၊ ကောလိယ မင်းမျိုးတို့သည်လည်းကောင်းဖူးမြော်ကြပါစေကုန်လော့။

၅၃ဝ။ (လယ်သမားသည်) စပါးကို လိုလားတောင့်တသဖြင့် လယ်ထွန်ပါ၏၊ အသီးကိုလိုလားတောင့်တသဖြင့် သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါ၏၊ ပစ္စည်းဥစ္စာ စုဆောင်းလိုကုန်သော ကုန်သည်တို့သည် (အမြတ်အစွန်းကို) လိုလားတောင့်တကြသဖြင့် သမုဒ္ဒရာကို ကူးကြပါကုန်၏၊ (ထို့အတူ) အကျွန်ုပ်သည်လည်း (မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ ကြွတော်မူလိမ့် မည်ဟူသော) အကြင်လိုလားတောင့်တချက်ဖြင့် (ဤအရပ်၌) ရပ်တည်နေပါ၏၊ တပည့်တော်၏ထိုလိုလားတောင့်တချက်သည် ပြီးပြည့်စုံပါစေသတည်း။

၅၃၁။ လယ်သမားတို့သည် အကြိမ်ကြိမ်သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါကုန်၏၊ မိုးသည်လည်းအကြိမ်ကြိမ်ပင် ရွာသွန်းပါ၏၊ လယ်သမားတို့သည် အကြိမ်ကြိမ် လယ်ကို ထွန်ယက် ကြပါကုန်၏၊ စပါးသည်လည်း အကြိမ်ကြိမ်ပင် တိုင်းနိုင်ငံသို့ ရောက်ပါ၏။

၅၃၂။ သူတောင်းစားတို့သည် အကြိမ်ကြိမ် လှည့်လည်ပါကုန်၏၊ အလှူရှင်တို့သည် အကြိမ်ကြိမ်ပေးလှူကြပါကုန်၏၊ အလှူရှင်တို့သည် အကြိမ်ကြိမ် ပေးလှူ၍ အကြိမ်ကြိမ် နတ်ပြည်သို့ကပ်ရောက်ကြရပါကုန်၏။

၅၃၃။ ကြီးသော လုံ့လရှိတော်မူသော မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော ယောက်ျားသည်အကြင်အမျိုး၌ ဖြစ်၏၊ ထိုအမျိုး၌ စင်စစ်သဖြင့် အမျိုးခုနစ်ဆက်တိုင်အောင် ဖြူစင်စေပါ၏၊ နတ်ထက်နတ်မြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် (ထို့ထက်အလွန်) ဖြူစင်စေရန် စွမ်းနိုင်တော်မူပါပေ၏ဟုအကျွန်ုပ် မှတ်ထင်ပါ၏၊ အရှင်ဘုရားမှ (အရိယာဇာတ် အားဖြင့်) ဖြစ်သော မုနိဟူသောအမည်တော်သည် အမည်မှန် ဖြစ်ပါပေ၏။

၅၃၄။ သီလက္ခန္ဓစသော မြတ်သော တရားအပေါင်းကို ရှာတော်မူပြီးသော မြတ်စွာဘုရား၏ ခမည်းတော်ကား သုဒ္ဓေါဒန အမည်ရှိပါ၏၊ မြတ်စွာဘုရား၏ မယ်တော်ကား မာယာ အမည်ရှိပါ၏၊ အကြင် မယ်တော်မာယာသည် ဘုရားလောင်းကို ဝမ်းဖြင့် လွယ်ပြီး၍ (မီးရှူး သန့်စင် ဖွားမြင်ပြီးသော်) ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌ တုသိတာနတ်ပြည်ဝယ် မွေ့လျော်စံပျော်ရပါ၏။

၅၃၅။ ကွယ်လွန်လေပြီးသော ဂေါတမအနွယ်ဖြစ်သော ထိုမာယာဒေဝီသည် ဤလူ့ပြည်မှရွေ့လျောလတ်သော် နတ်၌ဖြစ်သော ကာမဂုဏ်တို့ဖြင့် ပြည့်စုံလျက် ထိုတုသိတာနတ်တို့ဖြင့် ခြံရံကာကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်ရပါ၏။

၅၃၆။ ငါသည် သူတစ်ပါးတို့ သည်းမခံနိုင်သည်ကို သည်ခံတော်မူနိုင်သော ပြိုးပြိုးပြက် ပြက်အရောင်ရှိတော်မူသော နှိုင်းခိုင်းစရာဥပမာ ရှိတော်မမူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ သော သဗ္ဗညုမြတ်စွာဘုရား၏ သားတော်စစ် ဖြစ်ပါ၏၊ သာကီဝင်မင်းမျိုးဖြစ်သော မင်းကြီး သင်မင်းကြီးသည်ငါ၏ အဖ မြတ်စွာဘုရား၏ ခမည်းတော်ပေတည်း၊ ဂေါတမအနွယ် ဖြစ် တော်မူသော မင်းကြီးသင်မင်းကြီးသည် သဘောအားဖြင့် ငါ၏ ဘိုးတော်ပင် ဖြစ်၏။ ဤသို့ဖြင့် ကာဠုဒါယီမထေရ်သည် ရွတ်ဆို၏။

၂-ဧကဝိဟာရိယတ္ထေရဂါထာ

အသောကမင်းကြီး၏ညီငယ် အိမ်ရှေ့မင်းတိဿသည် တောလည်သွားစဉ် ယောနကမဟာဓမ္မရက္ခိတမထေရ်ကို ဖူးမြင်ရ၍ အားကျကြည်ညိုလျက် ရဟန်းပြုရန် နောင်တော်ထံ ခွင့်တောင်းကာရဟန်းချမ်းသာကို တောင့်တခဲ့၏။ မကြာမီ ယောနကမဟာဓမ္မရက္ခိတမထေရ် ထံတွင် ရဟန်းပြု၍တောသို့ဝင်ကာ ရဟန်းတရားအားထုတ်သည်တွင် မကြာခင် ရဟန္တာ ဖြစ်၍ မိမိသဘောထားကိုပြောကြား ရွတ်ဆိုသော ဂါထာများ

၅၃၇။ မိမိ၏ ပတ်ဝန်းကျင် ရှေ့နောက်ဝဲယာ အရပ်လေးမျက်နှာ၌ အခြားတစ်ပါးသောသူ မရှိခဲ့ပါမူတော၌ တစ်ယောက်ထီးတည်း နေသော ငါ့အား အလွန်ပင် ချမ်းသာလှ၏။

၅၃၈။ ယခုအခါ မြတ်စွာဘုရား ချီးမွမ်းတော်မူအပ်သော တောသို့ တစ်ယောက်ထီးတည်း သွားတော့အံ့၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ တစ်ယောက်ထီးတည်း နေလေ့ ရှိသော ရဟန်းအားချမ်းသာ၏။

၅၃၉။ တရားအားထုတ်သူ'ယောဂီ'တို့၏ နှစ်သိမ့်မှု 'ပီတိ'ကို ပြုတတ်သော, အမုန်ယစ် သော ဆင်တို့၏သွားလာမှီဝဲရာ ဖြစ်သော, နှလုံးမွေ့လျော်ဖွယ်ရှိသော တောအရပ်သို့ တစ်ယောက်ထီးတည်းရဟန်းတရားကို အလေ့အလာ ပြုလိုသည်ဖြစ်၍ လျင်စွာ ဝင်ပေ တော့အံ့။

၅၄ဝ။ ကောင်းစွာ ပွင့်သော အေးမြသော တောအုပ်၌ အလွန်အေးမြသော တောင်မြောင်ချောက်ကြားဝယ် ကိုယ်လက်အင်္ဂါတို့ကို ရေဖြင့် သွန်းလောင်းပြီးလျှင် တစ်ယောက်ထီးတည်းစင်္ကြံသွားပေအံ့။

၅၄၁။ ငါသည် အဖော်မမှီး တစ်ယောက်ထီးတည်း ဖြစ်လျက် နှလုံးမွေ့လျော်ဖွယ်ရှိသောတောအုပ်ကြီးဝယ် ရဟန်းကိစ္စ ပြီး၍ အာသဝေါကင်းကာ အဘယ်အခါ၌ နေရပါအံ့နည်း။

၅၄၂။ ဤသို့ ပြုလုပ်နေထိုင်လိုသော ငါ၏ အလိုသည် ပြီးပြည့်စုံပါစေသတည်း၊ တစ်ယောက်သောသူကတစ်ယောက်သောသူ၏ အကျိုးစီးပွါးကို ပြုလုပ်မပေးနိုင်၊ ထို့ကြောင့် ငါ၏ အကျိုးစီးပွါးကိုငါကိုယ်တိုင်သာလျှင် ပြီးစေတော့အံ့။

၅၄၃။ ထိုငါသည် ဝီရိယဟု ဆိုအပ်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ တောအုပ်သို့ ဝင်ပေတော့အံ့၊ အာသဝကုန်ရာ (အရဟတ္တမဂ်) သို့ မရောက်သေးသမျှ ထိုတောအုပ်မှ မထွက် တော့အံ့။

၅၄၄။ အေးမြသော လေပြည်လေညင်းသည် ကောင်းသော အနံ့ကို ဆောင်လျက်တိုက်ခတ်လာသည်ရှိသော် (ငါသည် ) တောင်ထိပ်၌ နေလျက် မသိမှု 'အဝိဇ္ဇာ'ကို ဖောက်ခွဲပေအံ့။

၅၄၅။ ပန်းတို့ဖြင့် ဖုံးလွှမ်း၍ အလွန်အေးမြသော ချိုင့်ဝှမ်း လျှိုမြောင် တောတောင် အတွင်း၌ကိလေသာမှ လွတ်မြောက်မှု 'အရဟတ္တဖိုလ်'ချမ်းသာဖြင့် ချမ်းသာခြင်းသို့ ရောက် သည်ဖြစ်၍ မွေ့လျော်ရလိမ့်မည်ဟု ငါ ထင်မိ၏။

၅၄၆။ ထိုငါသည် လဆန်း တစ်ဆယ့်ငါးရက် လပြည့်ကဲ့သို့ အကြံအစည် ပြည့်ဝသည်ဖြစ်၍ အာသဝေါတရား အားလုံးတို့မှကုန်ပြီးသူ ဖြစ်၏၊ ငါ့အား ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် ဧကဝိဟာရိယမထေရ်သည် ရွတ်ဆို၏။

၃-မဟာကပ္ပိနတ္ထေရဂါထာ

မဟာကပ္ပိနမင်းသည်လောက၌ ဘုရားပွင့်ကြောင်း သတင်းကောင်းကို ကြားရသဖြင့် ဘုရားရှင်ရှိရာသို့သွားရောက်ကာ စန္ဒဘာဂါမြစ်ကမ်းအနီးတွင် ဘုရားရှင်ကိုဖူးတွေ့လျက် တရားတော်ကို နာရသော အခါအမတ်တထောင်နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်လေ၏။ ဧဟိဘိက္ခုရဟန်းချည်းဖြစ်ကြရာတွင်မဟာကပ္ပိနမထေရ်ကို ဘိက္ခုသြဝါဒဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးတော်မူရာ တနေ့သ၌ ဘိက္ခုနီမတို့အားဆုံးမဟောကြားသော ဂါထာများ

၅၄၇။ အကြင်ပုဂ္ဂိုလ်သည် အကျိုးရှိသော ကိစ္စ၊ အကျိုးမရှိသော ကိစ္စဟူသော ကိစ္စ နှစ်ပါးကိုမရောက်မီ ရှေးဦးကပင် (ဆင်ခြင်) ကြည့်ရှု၏။ ထိုသူ၏ (အကျိုးစီးပွါးကို အလို မရှိသူ) ရန်သူတို့သည်လည်းကောင်း၊ (အကျိုးစီးပွါးကို အလိုရှိသူ) အဆွေခင်ပွန်းတို့သည်လည်းကောင်း (အကျိုးရှိ အကျိုးမဲ့ကို ပြုလုပ်ရန်) လမ်းပေါက်ကို ရှာကုန်သော်လည်း မတွေ့ မြင်နိုင်ကြကုန်။

၅၄၈။ အကြင်ပုဂ္ဂိုလ်သည် ထွက်သက်ဝင်သက်လျှင် အာရုံရှိသော သတိကို အပြည့်အစုံ ကောင်းစွာပွါးအပ်၏၊ မြတ်စွာဘုရား ဟောတော်မူသည့် နည်းလမ်းစဉ်အတိုင်း လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည်'တိမ်တိုက်မှ လွတ်သော လကဲ့သို့'

ဤလောကကို (ဉာဏ်ဟူသော) အလင်းဖြင့်ထွန်းလင်း တောက်ပစေနိုင်၏။

၅၄၉။ ငါသည် စိတ်၏ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်မှ ကင်းစင်သည့် တိုင်အောင်ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၍ ဖြူစင်ပေစွတကား၊ (ထို့ကြောင့်သာလျှင် သစ္စာလေးပါးတို့ကို ) ထိုးထွင်း၍ သိနိုင်၏၊ (အလုံးစုံသော ကိလေသာအဖို့မှ) ပယ်နုတ် ထားပြီးဖြစ်၍ အလုံးစုံသောယုံမှားမှုဟူသော အရပ်မျက်နှာတို့ကို ထွန်းလင်းတောက်ပ စေနိုင်၏။

၅၅ဝ။ ပညာရှိသော သူသည် ဥစ္စာပစ္စည်းကုန်ခန်းသော်လည်း (အပြစ်မရှိသော အသက် မွေးခြင်းဖြင့်) အသက်မွေးနိုင်သည်သာတည်း၊ (ပညာမဲ့သော သူသည်ကား) ပညာကို မရသောကြောင့် ဥစ္စာပစ္စည်းရှိသော်ငြားလည်း အသက်မမွေးနိုင်။

၅၅၁။ ပညာမည်သည်ကား ကြားမြင်တိုင်းသော အရာကို ဆုံးဖြတ်နိုင်ခြင်းသဘောရှိ၏၊ ပညာသည်မျက်မှောက်မျက်ကွယ် ကျော်စောသတင်းပျံ့နှံ့ခြင်းကို ပွါးစေနိုင်၏၊ ဤလောက၌ ပညာရှိသော သူသည်ဆင်းရဲဒုက္ခထဲမှသော်လည်း ချမ်းသာကို ရနိုင်၏။

၅၅၂။ သဘောတရားသည် ယခုအခါ၌သာ ဖြစ်သည် မဟုတ်၊ အံ့ဖွယ်သရဲလည်း မရှိ၊ အထူးအဆန်းဖြစ်သည်လည်း မဟုတ်၊ အကြင်သင်္ခါရလောက၌ ဖြစ်လည်း ဖြစ်ဖူးရာ၏၊ သေလည်းသေရာ၏၊ ထိုဖြစ်ခြင်း သေခြင်းသဘောရှိသော သင်္ခါရလောက၌ အဘယ်ကြောင့်လျှင် အထူးအဆန်း ဖြစ်ရာအံ့နည်း။

၅၅၃။ မွေးဖွားလာသော သတ္တဝါ၏ အသက်ရှင်သည်မှ အခြားမဲ့၌ သေခြင်းသည် မြဲ၏၊ ဤလောက၌ဖြစ်တိုင်း ဖြစ်တိုင်းသော သတ္တဝါတို့သည် သေကြရကုန်၏၊ သတ္တဝါတို့သည် စင်စစ် ဤသို့သဘောရှိကုန်၏။

၅၅၄။ (သေသူ၏ အသက်ဟူသော အကြောင်းကြောင့် အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဤငိုကြွေးခြင်းသည်) သေသူ အသက်ရှင်ခြင်းဟူသော အကျိုးငှါ မဖြစ်နိုင်၊ သေသူကို (အကြောင်းပြု၍) ငိုကြွေးခြင်းသည် အကျော်အစောကိုလည်း မဆောင်တတ်၊ စင်ကြယ်မှုကိုလည်း မဆောင်တတ်၊ သမဏဗြာဟ္မဏတို့သည်လည်း မချီးမွမ်းကြကုန်။

၅၅၅။ (ငိုကြွေးခြင်းသည် ငိုကြွေးသောသူ၏) မျက်စိကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်းညှဉ်းဆဲတတ်ကုန်၏။

ထိုငိုကြွေးခြင်းကြောင့် အဆင်းသည်လည်းကောင်း၊ ခွန်အား သည်လည်းကောင်း၊ ပညာသည်လည်းကောင်း ဆုတ်ယုတ်၏။

ထိုငိုကြွေးသော ပုဂ္ဂိုလ်၏ ရန်သူတို့သည် ဝမ်းမြောက်ကြကုန်၏၊ ထိုငိုကြွေးသော ပုဂ္ဂိုလ်၏ အဆွေခင်ပွန်းကောင်းတို့ သည် ကိုယ်စိတ်ချမ်းသာခြင်း မရှိကြကုန်။

၅၅၆။ ထို့ကြောင့် ပညာရှိတို့ကိုလည်းကောင်း၊ အကြားအမြင်များသူတို့ကိုလည်းကောင်း မိမိအမျိုး၌နေခြင်းတို့ကို လိုလားရာ၏။ မှန်၏၊ 'အမျိုးကောင်းသားတို့သည် ရေပြည့်သော မြစ်ကို လှေဖြင့်ကူးကုန်သကဲ့သို့' ယင်းပညာရှိတို့၏ ပညာအစွမ်းအားဖြင့် (မိမိ၏) ကိစ္စကို ပြီးမြောက်စေကုန်ရာ၏။

ဤသို့လျှင် မဟာကပ္ပိနမထေရ်သည် ရွတ်ဆို၏။

၎-စူဠပန္ထကတ္ထေရဂါထာ

မဟာပန္ထက၏ညီ စူဠပန္ထကသည် ဂါထာတပုဒ်ကို လေးလသင်ကြားသော်လည်း မရနိုင်၍ နောင်တော်ကနှင်ထုတ်ရာ ငိုကြွေးနေဆဲ ဘုရားရှင်နှင့် တွေ့၍ ရဇောဟရဏံ ရွတ်ဆိုစေခြင်းဖြင့် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် တန်ခိုးဖန်ဆင်းအရာ၌ဧတဒဂ်ထားခြင်းခံရ၏။ တနေ့သ၌ ရဟန်းတို့က အဘယ်သို့ သစ္စာလေးပါးကို ထိုးထွင်းသိပါသနည်းဟုမေးသည်တွင် ဖြေဆိုသော ဂါထာများ

၅၅၇။ ရှေးပုထုဇဉ် ဖြစ်စဉ်အခါက ငါ၏ ဉာဏ်သည် နုံ့နှေးအားနည်းလှ၏၊ ကဲ့ရဲ့ ရှုတ်ချနှိပ်စက်ပြောဆိုခြင်း ခံရ၏၊ အစ်ကိုကလည်း သင်သည် ယခု အိမ်သို့ သွားလေလော့ဟု ငါ့ကိုနှင်ထုတ်၏။

၅၅၈။ ထိုငါသည် နှင်ထုတ်ခံရသောကြောင့် သာသနာ၌ ငဲ့ကွက် (လူမထွက်လို) မှုရှိသည်ဖြစ်၍ သံဃာ့အရံ၏ တံခါမုခ်အနီး၌ နှလုံးမသာဘဲ ရပ်နေခဲ့၏။

၅၅၉။ မြတ်စွာဘုရားသည် ထိုငါနေရာ တံခါးမုခ်အနီးသို့ ကြွလာတော်မူပြီးလျှင် ငါ၏ ဦးခေါင်းကိုသုံးသပ်တော်မူ၏၊ ငါ၏ လက်မောင်းကို ကိုင်တော်မူ၍ သံဃာ့အရံသို့ ဝင်စေ တော်မူ၏။

၅၆ဝ။ မြတ်စွာဘုရားသည် အစဉ်သနားတော်မူသဖြင့် ဤစင်ကြယ်သော ခြေသုတ်ပုဆိုး ပိုင်းကို (ရဇောဟရဏံဟု နှလုံးသွင်းခြင်းဖြင့်) တစ်ခုသော နေရာ၌ ထိုင်ကာ အဓိဋ္ဌာန် ပြုလျက်ဆောက်တည်လေလော့ဟု မိန့်တော်မူပြီးလျှင် ခြေသုတ်ပုဆိုးပိုင်းကို ငါ့အား ပေးတော်မူ၏။

၅၆၁။ ငါသည် ထိုမြတ်စွာဘုရား၏ စကားတော်ကို ကြားနာရသော် သာသနာတော်၌ မွေ့လျော်သည်ဖြစ်၍ နေခဲ့၏၊ မြတ်သော အရဟတ္တဖိုလ်ကို ရခြင်းငှါ သမာဓိကို ပြီးစေခဲ့ပြီ။

၅၆၂။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိပြီ၊ နတ်မျက်စိနှင့် တူသောမျက်စိ 'ဒိဗ္ဗစက္ခု'ကိုစင်ကြယ်ကြည်လင်စေအပ်ပြီ၊ ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့်အတိုင်း လိုက်နာပြုကျင့်အပ်ပြီးပြီ။

၅၆၃။ ပန္ထက (မည်သော ငါ) သည် မိမိကိုယ်ကို (စိတ်ဖြင့် ပြီးသော ကိုယ်ပေါင်း) တစ်ထောင်ဖန်ဆင်း၍ ဆွမ်းစားပင့်လာသည့်တိုင်အောင် မွေ့လျော်ဖွယ်ရှိသော သရက်ဥယျာဉ်၌ ထိုင်နေ၏။

၅၆၄။ ထိုနောက်မှ မြတ်စွာဘုရားသည် ငါ့ထံသို့ ဆွမ်းစားပင့်သူ တမန်ကို စေလွှတ် တော်မူ၏၊ ဆွမ်စားသွားရန် အချိန်ကို ပြောကြားလျှောက်ထားသည်ရှိသော် ငါသည် ဆွမ်း ဘုဉ်းပေးရာအရပ်သို့ကောင်းကင်ခရီးဖြင့် ချဉ်းကပ်၏။

၅၆၅။ ငါသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို (ဦးတိုက်) ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ မြတ်စွာဘုရားသည် ငါ ထိုင်နေသည်ကို သိတော်မူသောအခါ (ဆွမ်း စသည်ကို) အကပ်ခံတော်မူ၏။

၅၆၆။ အလုံစုံသောလောက၏ မြတ်သော အလှူကို ခံတော်မူထိုက်သော အဝေးမှ ဆောင်၍လှူအပ်သော အလှူဝတ္ထုတို့ကို ခံတော်မူထိုက်သော လူတို့၏ ကောင်းမှုတည်းဟူ သော မျိုးစေ့တို့၏့စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် (ဇီဝကလှူဒါန်းသော) အလှူဝတ္ထုကို ခံတော်မူ၏။

ဤသို့လျှင် စူဠပန္ထကမထေရ်သည် ရွတ်ဆို၏။

၅-ကပ္ပတ္ထေရဂါထာ

မဂဓတိုင်းပဒေသရာဇ်မင်း ကပ္ပသည် ကာမဂုဏ်တို့၌ အလွန်တပ်မက်နေရာ ဘုရားရှင်ကအသုဘကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်မည်ကို မြင်တော်မူ၍ ကြွလာလျက် ကောင်းကင်မှ အသုဘကထာကို ဟောပြသည်တွင် အသုဘထင်မြင်သဖြင့် ရဟန်းပြုရန် တောင်းပန်သည့်အတိုင်း ခေါင်းရိတ်စေရာသင်ဓုန်းအဆုံး၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ပြီးနောက် ဘုရားရှင်ဟောတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ

၅၆၇။ (ဤကိုယ်သည်) အမျိုးမျိုးရောပြွမ်းသော မစင်ကြယ်သော အရာတို့ဖြင့် ပြည့်၏၊ ကြီးစွာသောမစင်တွင်းနှင့် တူသော အမိဝမ်းတိုက်လျှင် ဖြစ်ရာရှိ၏၊ (အပုပ်အစပ်ရေတို့ဖြင့် ပြည့်၍) ကြာမြင့်စွာဟောင်းနွမ်းခဲ့သော တံစည်းတွင်းကဲ့သို့ ဖြစ်၏၊ ပြည်မှည့်နေသော အိုင်းအမာဖုကြီးနှင့်လည်း တူ၏၊ ပြည်တစိုစို ယိုစီးနေသော အနာပျက်ကြီးနှင့်လည်း တူ၏။

၅၆၈။ ဤခန္ဓာကိုယ်သည် ပြည်ပုပ်သွေးပုပ်တို့ဖြင့် ပြည့်၏၊ မစင်တို့ဖြင့်လည်း ပြည့်ကျပ် နေ၏၊ အခါခပ်သိမ်း အရည်ယိုစီးရာ ဖြစ်၏၊ ယင်းသို့ ယိုစီးသော် (သလိပ် ချွေး ကျင်ငယ် စသော) ပုပ်သောအရာဝတ္ထုသည်သာ အခါခပ်သိမ်း ယိုစီး၏။

၅၆၉။ ဤကိုယ်ကောင်ပုပ်သည် ခြောက်ဆယ်သော အကြောမတို့ဖြင့် ဖွဲ့ထား၏၊ အသားတည်းဟူသောသရွတ်ဖြင့် လိမ်းကျံထား၏၊ အရေဟူသော သင်တိုင်းဖြင့် ဖုံးအုပ်ထား၏၊ အကျိုးမပြီး အချည်းနှီးသာဖြစ်၏တကား။

၅၇ဝ။ (သုံးရာကျော်သော) အရိုးဆက်တို့ဖြင့် ဆက်စပ်ထား၏၊ (ကိုးရာသော) အကြောတည်းဟူသောကြိုးတို့ဖြင့် အမြဲဖွဲ့ထား၏၊ များစွာသော (မဟာဘုတ်လေးပါး ဇီဝိတိနြေ္ဒ ထွက်သက် ဝင်သက်ဝိညာဉ်အစရှိသော) တရားတို့၏ အညီအညွတ် ဆက်စပ်သောကြောင့် သာလျှင် ယန္တရားစက်ကဲ့သို့ဣရိယာပုထ်ကို ပြုပြင်တတ်၏။

၅၇၁။ ဤသတ္တဝါသည် သေခြင်း၏ အကျိုးငှါ အမြဲသွားခြင်း ရှိသည်ဖြစ်၍ သေမင်း၏ အနီး၌ တည်၏၊

ဤပစ္စုပ္ပန်လောက၌သာလျှင် (ကိုယ်ကို) စွန့်၍ အလိုရှိတိုင်းသော အရပ်သို့ သွားတတ်၏။

၅၇၂။ ဤခန္ဓာကိုယ်ကို အဝိဇ္ဇာနီဝရဏဖြင့် ဖုံးလွှမ်းထားအပ်၏၊ ဂန္ထတရားလေးပါးဖြင့် ထုံးဖွဲ့ထားအပ်၏၊

ဤခန္ဓာကိုယ်သည် သြဃလေးပါးတို့၌ နစ်မြုပ်တတ်၏၊ အနုသယတည်းဟူသော ကွန်ရက်ဖြင့်လွှမ်းမိုးနှိပ်စက်ခံနေရ၏။

၅၇၃။ ဤခန္ဓာကိုယ်သည် နီဝရဏငါးပါးနှင့် ယှဉ်၏၊ (ကာမဝိတက်စသော မိစ္ဆာ) ဝိတက် ဖြင့်ပြည့်လျှံလျက် တဏှာ ဟဆု အို ပေ် သာ ဘဝမလူ ဖြင့် အစဥဖ့်ွဲလျက် နေ၏၊ (ပြင်းစွာ တွေဝေမှုဟုဆိုအပ်သော ) မောဟတည်းဟေူ သာ အမိုးဖြင့် ပိတ်ဖုံးထား၏။

၅၇၄။ ဤသို့ ဆိုအပ်ပြီးသော အပြားဖြင့် ဤခန္ဓာကိုယ်သည် ကောင်းမှုကံ မကောင်းမှုကံဟူသောယန္တရားဖြင့် သုဂတိဘဝဒုဂ္ဂတိဘဝတို့၌ လည်လျက် ဖြစ်၏၊ (ဤသို့ ဖြစ်ရာ၌) ပြည့်စုံခြင်းသည်လည်းပျက်စီးခြင်း အဆုံးရှိကာ အသီးအသီး ဖြစ်လျက် အထူးထူး ကွဲပြားခြင်းသို့ ရောက်ရ၏။

၅၇၅။ ဉာဏ်မျက်စိကန်း၍ မိုက်မဲကုန်သော အကြင်ပုထုဇဉ်တို့သည် ဤခန္ဓာကိုယ်ကို (ငါဟု စွဲယူ) မြတ်နိုးကုန်ကြ၏၊ ထိုအန္ဓဗာလပုထုဇဉ်တို့သည် ကြောက်မက်ဖွယ်ဖြစ်ကုန်သော သင်္ချိုင်းမြေဟု ဆိုအပ်သော သံသရာကို ပွါးစေကုန်၏၊ တစ်ဖန် ဘဝသစ်ကို စွဲယူကြကုန်၏။

၅၇၆။ အသက်ရှည်လိုသော ယောက်ျားသည် မစင်လိမ်းကျံနေသော မြွေကို ရှောင်ကြဉ် သကဲ့သို့ အကြင်ပညာရှိတို့သည် ဤခန္ဓာကိုယ်ကို (ဆန္ဒရာဂကို ပယ်သောအားဖြင့်) ရှောင် ကြဉ်ကုန်၏၊ ထိုပညာရှိတို့သည် ဘဝ၏ အကြောင်းဖြစ်သော (အဝိဇ္ဇာ ဘဝတဏှာ) ကို သတ်ဖြတ်စွန့်ပယ်ကာအာသဝေါကင်းသည်ဖြစ်၍ (ကိလေသာခန္ဓာ) ပရိနိဗ္ဗာန်ပြုလတ္တံ့။

ဤသို့လျှင် ကပ္ပမထေရ်သည် ရွတ်ဆို၏။

၆-ဝင်္ကန္တပုတ္တဥပသေနတ္ထေရဂါထာ

နာလကရွာသား ဥပသေနသည် ဗေဒင်ကျမ်းကို သင်ယူပြီးနောက် ဘုရားရှင်ထံရောက် ရဟန်းပြုကာတဝါမျှမရသေးပဲ ဆရာပြုသည်ကို ဘုရားရှင်ကဲ့ရဲ့တော်မူသဖြင့် ပရိသတ်ကို မှီ၍ ချီးမွမ်းခံရအောင်ကျင့်မည်ဟူသော ကြံရွယ်ချက်ဖြင့် ဝိပဿနာပွါးများရာ မကြာခင် ရဟန္တာဖြစ်လေ၏။ သမန္တပါသာဒိကအရာ၌ ဧတဒဂ်ရပြီးနောက် အခါတပါး ကောသမ္ဗီ ရဟန်းများ ကွဲပြားရာ ရဟန်းတစ်ပါးကဤအကွဲကို မည်သို့ ပြုရပါမည်နည်းဟု မေးလျှောက်သည်တွင် မိမိ၏ ပဋိပတ်အစဉ်ကိုပြောပြသော ဂါထာများ

၅၇၇။ ရဟန်းသည် (လူတို့မှ) ကင်းဆိတ်၍ ကြွေးကြော်သံ မရှိသော (ခြင်္သေ့ သစ်ကျား စသော) သားရဲတို့၏ မှီဝဲရာဖြစ်သည့် တောကျောင်းကို တစ်ယောက်တည်း ကိန်းအောင်းရန် မှီဝဲဆည်းကပ်ရာ၏။

၅၇၈။ (ရဟန်းသည်) တံမြက်ချေးစွန့်ရာအရပ် သုသာန်ခရီးလမ်းမတို့မှ ဆောင်ယူခဲ့၍ ယင်းသို့ဆောင်ယူခဲ့သော အဝတ်ပိုင်းတို့ဖြင့် ဆက်စပ်ချုပ်ဆိုးခြင်းကို ပြုပြီးလျှင် ခေါင်းပါး သော သင်္ကန်းကိုဆောင်ရာ၏။

၅၇၉။ ရဟန်းသည် စိတ်ကို နှိမ့်ချ၍ စက္ခုစသောတံခါးတို့ကို လုံခြုံစေလျက် ကောင်းစွာ စောင့်ရှောက်၍အစဉ်အတိုင်း တစ်အိမ်မှ တစ်အိမ်သို့ ဆွမ်းအလို့ငှါ သွားရာ၏။

၅၈ဝ။ ကြမ်းတမ်းသော ဆွမ်းဖြင့်လည်း ရောင့်ရဲ နှစ်သက်ရာ၏၊ (ရအပ်သော ပစ္စည်းမှ) အခြားတစ်ပါးသော အချိုစသော အရသာကိုလည်းကောင်း၊ များစွာကိုလည်းကောင်း မတောင့် တရာ။ အရသာတို့၌ တပ်မက်သော ရဟန်း၏ စိတ်သည် သမာဓိဈာန်၌ မမွေ့လျော်နိုင်။

၅၈၁။ ရဟန်းသည် အလိုနည်းသည်ဖြစ်၍ လည်းကောင်း၊ ရောင့်ရဲလွယ်သည်ဖြစ်၍ လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သည်ဖြစ်၍ လည်းကောင်း နေရာ၏။ အိမ်ရာ ထောင်သောလူတို့နှင့်လည်းကောင်း၊ အိမ်ရာမထောင်သော ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံတို့နှင့် မရောနှောဘဲနေရာ၏။

၅၈၂။ ပညာရှိရဟန်းသည် (ပညာမမဲ့သော်လည်း) ပညာမဲ့သော သူကဲ့သို့လည်းကောင်း၊ (မအသော်လည်း) အသောသူကဲ့သို့လည်းကောင်း မိမိကိုယ်ကို ပြရာ၏။ သံဃာ့အလယ်၌ ပြောဆိုသော် အချိန်ကြာမြင့်စွာမပြောမဆိုရာ။

၅၈၃။ ထို (ဆိုအပ်ပြီးသော အကျင့်ရှိသော) ရဟန်းသည် တစ်စုံတစ်ယောက်သော သူကို (နှုတ်ဖြင့်) မစွပ်စွဲရာ၊ (ကိုယ်ဖြင့်) ညှဉ်းဆဲနှိပ်စက်ခြင်းကို ရှောင်ကြဉ်ရာ၏၊ ပါတိမောက္ခသံဝရ သီလ၌ ကောင်းစွာစောင့်ရှောက်ရာ၏၊ စားဖွယ်ဘောဇဉ်၌ အတိုင်း အရှည်ကို သိရာ၏။

၅၈၄။ ကောင်းစွာ ယူအပ်သော သမာဓိနိမိတ်ရှိသူ ဖြစ်ရာ၏၊ တွန့်ဆုတ်ပျံ့လွင့်သော စိတ်ဖြစ်ခြင်းအကြောင်း၌ လိမ္မာသူ ဖြစ်ရာ၏၊ သမထဘာဝနာကို ပွါးများအားထုတ်ရာ၏၊ လျောက်ပတ်သောကာလ၌ ဝိပဿနာကိုလည်း အားထုတ်ရာ၏။

၅၈၅။ ပညာရှိရဟန်းသည် အမြဲမပြတ် အားထုတ်ခြင်းနှင့် ပြည့်စုံသူ အခါခပ်သိမ်း ဘာဝနာ၌ အမြဲယှဉ်သူဖြစ်ရာ၏၊ ဆင်းရဲခြင်း၏ အဆုံးဖြစ်သော နိဗ္ဗာန်သို့ မရောက်သေး သမျှ ဝီရိယကို မစွန့်လွှတ်ရာ။

၅၈၆။ ဤသို့သော အစီအရင်ဖြင့် နေသော (စင်စစ်) စင်ကြယ်မှု (နိဗ္ဗာန်) ကို အလိုရှိ သော ရဟန်းအားအာသဝေါတရား အားလုံးတို့သည် ကုန်ခန်းချုပ်ပျောက်ကုန်၏၊ နိဗ္ဗာန်သို့လည်း ရောက်၏။

ဤသို့လျှင် ဝင်္ကန္တပုဏ္ဏားသားဖြစ်သော ဥပသေနမထေရ်သည် ရွတ်ဆို၏။

၇- (အပရ) ဂေါတမတ္ထေရဂဂါထာ

ဥဒိစ္စပုဏ္ဏားမျိုး ဂေါတမသည် ဘုရားမပွင့်မီကပင် ဗေဒပါရဂူဖြစ်လျက် ဝါဒစစ်ထိုးရန် လှည့်လည်နေဆဲဘုရားပွင့်လာရာ အခါတပါ ဇေတဝန်ကျောင်းတော် ပူဇော်ပွဲတွင် ဘုရားထံချဉ်းကပ်၍ရဟန်းပြုရန်ခွင့်တောင်းရာ ပိဏ္ဍာစာရိကရဟန်းတပါးအား ရဟန်းပြု ပေးရန် လွှဲအပ်သဖြင့် ခေါင်းရိပ်အပြီးတွင် အရဟတ္တဖိုလ်သို့ရောက်၏။ ဆွေမျိုးတို့က ''လောက၌ အဘယ်ဝါဒသည် သံသရာမှထွက်မြောက်ကြောင်း ဖြစ်ပါသနည်း''ဟု မေးလျှေက်သောအခါ ပြန်ကြား ရွတ်ဆိုသော ဂါထာများ

၅၈၇။ ပညာရှိသည် မိမိအကျိုးကို (ဟုတ်တိုင်းမှန်စွာ) သိရာ၏၊ အယူဝါဒအားလုံးကို အမှားအမှန်ဝေဖန်စိစစ်ရာ၏၊ ရဟန်းအဖြစ်သို့ ကပ်ရောက်သော ထိုသူအား ဤရှင်ရဟန်း အဖြစ်၌သင့်တင့်လျောက်ပတ်သော အပြုအမူကိုလည်း (ကြည့်ရှုဆင်ခြင်ရာ၏)။

၅၈၈။ ဤသာသနာတော်၌ အဆွေခင်ပွန်းကောင်းကို မှီဝဲခြင်း၊ ပြန့်ပြောသော အဓိသီလစ သောသိက္ခာကို ဆောက်တည်ခြင်း၊ အလေးအမြတ်ပြုအပ်ကုန်သော ဆရာဥပဇ္ဈာယ်တို့၏ အဆုံးအမကိုနာယူလိုခြင်းဟူသော

ဤအရာအားလုံးသည် ရဟန်း၏ သင့်တင့်လျောက်ပတ် သော အပြုအမူပင်တည်း။

၅၈၉။ မြတ်စွာဘုရားတို့၌ ရိုသေခြင်းနှင့်တကွ ဖြစ်ခြင်း၊ (အရိယာ) တရား၌ဟုတ်မှန် သောအတိုင်း ရိုသေသဖြင့် ပူဇော်ခြင်း၊ (အရိယာ) သံဃာ၌ ရိုသေမြတ်နိုးခြင်းဟူသော ဤအရာ အားလုံးသည် ရဟန်း၏သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

၅၉ဝ။ ကိုယ်နှုတ်ဖြင့် မလွန်ကျူးမှု 'အာစာရ' သင့်တင့်လျောက်ပတ်သောအရပ်'ဂေါစရ'နှင့် ယှဉ်ခြင်း၊ ပညာရှိတို့ မကဲ့ရဲ့အပ်သည့် သုတ်သင်ပြီးသော အသက်မွေးခြင်း၊ စိတ်ကို ကောင်း စွာ ထားခြင်းဟူသောဤအရာအားလုံးသည် ရဟန်း၏ သင့်တင့်လျောက်ပတ်သော အပြု အမူပင်တည်း။

၅၉၁။ ပြုကျင့်ဆည်းပူးအပ်သော 'စာရိတ္တ'သီလ၊ တားမြစ်ထား၍ ရှောင်ကြဉ်အပ်သော 'ဝါရိတ္တ'သီလ၊ သူတစ်ပါးတို့ ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ဣရိယာပုထ်ကို မှီသော ဆင်ခြင်ဉာဏ်'သမ္ပဇဉ်'၊ သမထဝိပဿနာ စသည်တို့၌ အဖန်တလဲလဲ အားထုတ် ပွါးများခြင်းဟူသော ဤအရာအားလုံးသည်ရဟန်း၏ သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

၅၉၂။ လူတို့၏ ကြွေးကြော်သံမှ ကင်း၍ ဆိတ်ငြိမ်ရာ တောကျောင်းတို့ကို မှီဝဲခြင်းဟူ သောဤအရာအားလုံးသည် ရဟန်း၏ သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

၅၉၃။ စတုပါရိသုဒ္ဓိသီလ၊ အကြားအမြင်များခြင်း'ဗာဟုသစ္စ'၊ (ရုပ်နာမ်) တရားတို့ကို မဖောက်မပြန်စုံစမ်းဆင်ခြင်ခြင်း၊ အရိယသစ္စာတို့ကို ထိုးထွင်း၍ သိခြင်းဟူသော ဤအရာ အားလုံးသည် ရဟန်း၏သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

၅၉၄။ သင်္ခါရအားလုံးတို့၌ အနိစ္စသညာကို ပွါးများခြင်း၊ အနတ္တသညာကို ပွါးများခြင်း၊ အသုဘသညာကိုပွါးများခြင်း၊ တေဘူမကသင်္ခါရတို့၌ မွေ့လျော်ဖွယ် မရှိဟု ဖြစ်သော 'အနဘိရတိ'သညာကိုပွါးများခြင်းဟူသော ဤအရာအားလုံးသည် ရဟန်း၏ သင့်တင့် လျောက်ပတ်သော အပြုအမူပင်တည်း။

၅၉၅။ ဗောဇ္ဈင်တို့ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်တို့ကိုလည်းကောင်း၊ ဣနြေ္ဒတို့ကိုလည်းကောင်း၊ ဗိုလ်တို့ကိုလည်းကောင်း၊ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကိုလည်းကောင်း ပွါးများခြင်းဟူသောဤအရာအားလုံးသည် ရဟန်း၏ သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

၅၉၆။ တဏှာကို ပယ်စွန့်ခြင်း၊ အာသဝတရားတို့ကို အမြစ်'မူလ'နှင့်တကွ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ (အလုံးစုံသော ဥပဓိမှ) လွတ်မြောက်ရာ နိဗ္ဗာန်ကို (မျက်မှောက်ပြု၍) နေခြင်းဟူသောဤအရာအားလုံးသည် ရဟန်၏ သင့်တင့်လျောက်ပတ်သော အပြုအမူပင်တည်း။

ဤသို့လျှင် ဂေါတမ မထေရ်သည် ရွတ်ဆို၏။

ဒသကနိပါတ် ပြီး၏။






<< Home

This page is powered by Blogger. Isn't yours?

Subscribe to Posts [Atom]