ထေရီဂါထာပါဠိတော်

ခုဒ္ဒကနိကာယ်

ထေရီဂါထာပါဠိတော်

မြန်မာပြန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ဧကကနိပါတ်

၁-အညတရာထေရီဂါထာ

ဝေသာလီမင်းသမီး ထေရိကာသည် အိမ်ထောင်ပြုပြီးမှ ဝေသာလီပြည်သို့ ဘုရားရှင် ကြွလာစဉ်ဥပါသိကာမအဖြစ်သို့ရောက်၏။ မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြုလို သော်လည်း လင့်ထံမှ အခွင့်မရ။ တနေ့တွင် မီးဖိုချောင်၌ ဟင်းချက်စဉ် ဝိပဿနာပွါး၍ အနာဂါမ်အဖြစ်သို့ရောက်မှ အခွင့်ရ ရဟန်းပြုကာ့ဘုရားရှင့်ထံသို့ ရောက်သောအခါ တရားတော် နာရသည့်အဆုံး၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွအရဟတ္တဖိုလ်သို့ရောက်၏။ ထိုအခါ ဥဒါန်းကျူးရင့် (ရွတ်ဆို) သော ဂါထာ။

၁။ ထေရီမ (သင်သည်) ချစ်ချစ်ပူနေသော အိုးခွက်ထဲ၌ ခြောက်သွေ့သွားသော ဟင်း ရွက်ကဲ့သို့ သင်၏ (သန္တာန်၌) တပ်စွန်းမှု 'ရာဂ' ကင်းပြီးဖြစ်သောကြောင့် ပံ့သကူအဝတ်ဖြင့် သင်္ကန်းချုပ်၍ ဝတ်ရုံကာ (သာသနာတော်၌) ချမ်းသာစွာ နေပါလေလော့။

ဤသို့လျှင် မထင်ရှားသော ထေရီ ဘိက္ခုနီမတစ်ပါးသည် ဤဂါထာကို ရွတ်ဆို၏။

၂-မုတ္တာထေရီဂါထာ

ပုဏ္ဏားသူကြွယ်သမီး မုတ္တာသည် အသက်၂ဝ-တွင် မိထွေးတော်ဂေါတမီထံ ရဟန်းပြု၍ဝိပဿနာပွါးနေစဉ် ဂန္ဓကုဋိမှ ဘုရားရှင်ကိုယ်တော်တိုင် ရောင်ခြည်တော်လွှတ်ကာ သြဝါဒ ပေးတော်မူရာထိုသြဝါဒ၌ တည်လျက်ကြိုးစားသဖြင့် မကြမီအရဟတ္တဖိုလ်သို့ရောက်၏။ ထိုအခါ ဘုရားရှင်သြဝါဒပေးတော်မူသည့်အတိုင်း ဥဒါန်းကျူးရင့် (ရွတ်ဆို) သော ဂါထာ။

၂။ မုတ္တာ (သင်သည်) ရာဟုဖမ်းခြင်းမှ လွတ်သော လပြည့်ဝန်းကဲ့သို့ ယောဂ လေးပါးတို့မှလွတ်မြောက်အောင် ကြိုးစားလေလော့၊ သင်သည် လွတ်မြောက်သော စိတ်ရှိ သည်ဖြစ်၍ ကိလေသာကြွေးမြီကင်းလျက် (ပြည်သူတို့၏) ဆွမ်းကို ဘုဉ်းပေး (သုံးဆောင်)လော့။

ဤသို့လျှင် မြတ်စွာဘုရားသည် ဤမုတ္တာထေရီအလောင်း သိက္ခမာန်မကို ဤဂါထာဖြင့်မပြတ်ဆုံးမတော်မူ၏။

၃-ပုဏ္ဏာထေရီဂါထာ

သူကြွယ်သမီး ပုဏ္ဏာ သည် အသက် ၂ဝ-တွင် မိထွေးတော်ဂေါတမီထံ၌ ရဟန်းပြု၍ ဝိပဿနာ ပွါးနေစဉ်ဂန္ဓကုဋိ မှ ရောင်ခြည်တော်လွှတ်ကာ သြဝါဒ ပေးတော်မူရာ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါ ဥဒါန်းကျူးရင့် (ရွတ်ဆို) သော ဂါထာ။

၃။ ပုဏ္ဏာ (သင်သည်) တစ်ဆယ့်ငါးရက် လပြည့်နေ့ဝယ် ထွက်ပေါ်လာသော လပြည့် ဝန်းကဲ့သို့ ဗောဓိပက္ခိယတရား (သုံးဆယ့်ခုနစ်ပါး) တို့နှင့် ပြည့်စုံပါစေလော့၊ ပြည့်စုံသော (အရဟတ္တမဂ်) ပညာဖြင့်မောဟအစု အမိုက်ထုကို ဖောက်ခွဲဖျက်ဆီးလိုက်ပါလော့။

ဤသို့လျှင် ပုဏ္ဏာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၎-တိဿာထေရီဂါထာ

သာကီဝင်မင်းသမီး ဘုရားအလောင်း၏ရံရွေတော်ဖြစ်ခဲ့သော တိဿာသည် မိထွေးတော် ဂေါတမီနှင့်အတူလူ့ဘောင်မှ ထွက်ခွာရဟန်းပြု၍ ဝိပဿနာ ပွါးစဉ် ဂန္ဓကုဋိမှ ရောင်ခြည်တော်လွှတ်ကာသြဝါဒပေးတော်မူရာ အရဟတ္တဖိုလ်သို့ရောက်လေ၏။ ထိုအခါ ဥဒါန်းကျူးရင့် (ရွတ်ဆို) သော ဂါထာ။

၎။ တိဿာ (သင်သည်) (အဓိသီလစသော) သိက္ခာသုံးပါး၌ ကျင့်လေလော့၊ ယောဂ လေးပါးတို့သည် သင့်ကို မနှိပ်စက် မလွှမ်းမိုးစေကုန်လင့်၊ ယောဂအားလုံးတို့နှင့် မစပ်ယှဉ် သည်ဖြစ်၍ ပစ္စုပ္ပန်လောက၌အာသဝေါကင်းကာ နေလိုက်ပါလော့။

ဤသို့လျှင် တိဿာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၅-အညတရာတိဿာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော တိဿာ (တဦး) သည်လည်း ယခင် တိဿာနည်းအတိုင်းရဟန်းပြု အရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။

၅။ တိဿာ (သင်သည်) သမထဝိပဿနာတရား ဗောဓိပက္ခိယတရားတို့ဖြင့် အားထုတ် ပါလော့၊ (ဗုဒ္ဓုပ္ပါဒနဝမ) ခဏကောင်းသည် သင့်ကို ကျော်လွန် မသွားပါစေလင့်၊ ခဏကောင်း ကိုကျော်လွန်သူတို့သည် ငရဲ၌ ဖြစ်ကြရကုန်၍ ပူဆွေးကြရကုန်၏။

ဤသို့လျှင် တစ်ပါးသော တိဿာမည်သော ထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၆-ဓီရာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော ဓီရာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။

၆။ ဓီရာ (သင်သည်) (ကာမသညာစသော အကုသိုလ်) သညာတို့၏ ငြိမ်းရာ ဖြစ်၍ စင်စစ်ချမ်းသာရာဖြစ်သော နိရောဓဓာတ် နိဗ္ဗာန်မြတ်ကို ရအောင် အားထုတ်ပါလော့၊ ယောဂလေးပါးတို့၏ကုန်ရာဖြစ်သော မိမိထက် လွန်မြတ်သော တရား မရှိသော နိဗ္ဗာန်ကို လိုလားနှစ်သိမ့်ပါစေလော့။

ဤသို့လျှင် ဓီရာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၇-ဝီရာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော ဝီရာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။

၇။ ရဲရင့်ခြင်းကို ဖြစ်စေတတ်သည့် အရိယမဂ်တရားတို့ဖြင့် ပွါးများပြီးသော ဣနြေ္ဒရှိ သောဝီရာမည်သော ဘိက္ခုနီမသည် စစ်သည်ဗိုလ်ပါနှင့်တကွသော ကိလေသမာရ်ကို အောင် မြင်၍အဆုံးစွန်ဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။

ဤသို့လျှင် ဝီရာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၈-မိတ္တာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော မိတ္တာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။

၈။ မိတ္တာ (သင်သည်) ယုံကြည်မှု 'သဒ္ဓါ'တရားဖြင့် ရဟန်းပြုခဲ့ပြီး၍ မိတ်ဆွေကောင်းတို့၌ မွေ့လျော်နိုင်သူဖြစ်ပါလေလော့၊ ယောဂလေးပါးတို့၏ကုန်ရာ အရဟတ္တဖိုလ်နိဗ္ဗာန်ကို ရခြင်းငှါ ကုသိုလ်ဖြစ်သောအရိယမဂ်တရားတို့ကို ပွါးများလေလော့။

ဤသို့လျှင် မိတ္တာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၉-ဘဒြာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော ဘဒြာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။

၉။ ဘဒြာ (သင်သည်) ယုံကြည်မှု 'သဒ္ဓါ'တရားဖြင့် ရဟန်းပြုခဲ့ပြီး၍ ကောင်းသော သီလ စသောတရားတို့၌ မွေ့လျော်နိုင်သူ ဖြစ်ပါလော့၊ ယောဂလေးပါးတို့၏ကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ရခြင်းငှါကုသိုလ်ဖြစ်သော အရိယမဂ်တရားတို့ကို ပွါးများလေလော့။

ဤသို့လျှင် ဘဒြာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁ဝ-ဥပသမာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော ဥပသမာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။

၁ဝ။ ဥပသမာ (သင်သည်) သေမင်း၏ နယ်ပယ်ဖြစ်သော အလွန်ကူးမြောက်နိုင်ခဲသောသံသရာတည်းဟူသော ကြီးစွာသော ရေအလျဉ်ကို (အရိယမဂ်တည်းဟူသော လှေဖြင့်) ကူးခတ်ပါလေလော့၊ စစ်သည်ဗိုလ်ပါနှင့်တကွသော ကိလေသမာရ်ကို အောင်မြင်၍ အဆုံး စွန်ဖြစ်သောခန္ဓာကိုယ်ကို ဆောင်ပါလေလော့။

ဤသို့လျှင် ဥပသမာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁၁-မုတ္တာထေရီဂါထာ

ဆင်းရဲသားပုဏ္ဏား၏သမီး မုတ္တာသည် ခါးကုန်းသောပုဏ္ဏားနှင့် အိမ်ထောင်ပြုရသည်ကို မနှစ်သက်သဖြင့် ခွင့်တောင်းကာ ရဟန်းပြု ဝိပဿနာကိုပွါးရာတွင် အပြင်အာရုံသို့ ပြေးသွားသောစိတ်ကို ဖိနှိပ်၍ကြိုးစားအားထုတ်မှ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏။ ထိုအခါ ဥဒါန်းကျူးရင့်သော ဂါထာ။

၁၁။ ငါသည် ကုန်း၍ ထောင်းထုလုပ်ကိုင်ရသော ဆုံမှလည်းကောင်း၊ ကျည်ပွေ့မှလည်းကောင်း၊ ကုန်းသော လင်မှလည်းကောင်း ဤအကုန်းသုံးမျိုးတို့မှ လွတ်မြောက်သဖြင့် ကောင်းစွာ လွတ်မြောက်သူလွတ်မြောက်ကြီး လွတ်မြောက်သူ ဖြစ်ပါတော့၏။ ဘဝသို့ ဆောင်တတ်သော တဏှာကို အရဟတ္တမဂ်ဖြင့်အကြွင်းမဲ့ သတ်ဖြတ်ပြီး ဖြစ်သောကြောင့် ပဋိသန္ဓေနေခြင်း သေခြင်းမှလည်း လွတ်မြောက်သူ ဖြစ်ရပေ၏။

ဤသို့လျှင် မုတ္တာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁၂-ဓမ္မဒိန္နာထေရီဂါထာ

ဝိသာခသူဌေးကတော် ဓမ္မဒိန္နာသည် အနာဂါမ်တည်သော လင်သူဌေးကို အားကျ၍ ရဟန်းပြုပြီးလျှင်ဆိတ်ငြိမ်ရာရွာကျောင်း၌ တရားကို အားထုတ်ရာ မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။

ဓမ္မကထိကဧတဒဂ်ကိုလည်း ရရှိ၏။ ထိုမထေရ်မ ရွတ်ဆိုသော ဂါထာ။

၁၂။ အကြင်ထေရီမသည် (အရဟတ္တဖိုလ်အကျိုးငှါ) အလိုဆန္ဒ ဖြစ်ပေါ်လျက် ရှိနေ၏၊ ရဟန်းကိစ္စပြီးဆုံးမှုကို လိုလားတောင့်တ၏၊ (သုံးခုသော အရိယမဂ်) စိတ်ဖြင့် နိဗ္ဗာန်သို့ ရောက်သူ ဖြစ်၏၊ ကာမဂုဏ်တို့၌ တပ်မက်သော စိတ်မရှိ၊ ထိုထေရီမကို ဥဒ္ဓံသောတအနာ ဂါမ်ဟု ဆိုအပ်၏။

ဤသို့လျှင် ဓမ္မဒိန္နာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁၃-ဝိသာခါထေရီဂါထာ

ဓီရာထေရီနှင့် အလားတူ ရဟန်းပြု၍ ရဟန္တာဖြစ်လာသော ဝိသာခါထေရီသည် ရဟန္တာဖြစ်၍ အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် ရွတ်ဆိုသော ဂါထာ။

၁၃။ အကြင်မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုလုပ်သောကြောင့် နောင်တ တစ်ဖန် မပူပန်ရ၊ ထိုမြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုလုပ်ကြကုန်လော့၊ လျင်လျင် မြန်မြန် ခြေတို့ကို ဆေးပြီးလျှင် တစ်ခုသော နေရာ၌ (နိဗ္ဗာန်ရမှု လုံ့လပြုကာ) ထိုင်နေကြကုန်လော့။

ဤသို့လျှင် ဝိသာခါထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁၄-သုမနာထေရီဂါထာ

တိဿာထေရီနှင့် အလားတူ ရဟန်းပြု၍ တရားအားထုတ်နေစဉ် ဘုရားရှင် ရောင်ခြည်တော်လွှတ်၍တရားဟောတော်မူရာ ဂါထာဆုံးသည်နှင့်တပြိုင်နက် ရဟန္တာဖြစ်၏။ ထိုမထေရ်မ ရွတ်ဆိုသော ဂါထာ။

၁၄။ (စက္ခုစသော) ဓာတ်တို့ကို ဆင်းရဲကုန်၏ဟူ၍ (ပညာမျက်စိဖြင့်) ရှုပြီး၍ တစ်ဖန်ပဋိသန္ဓေနေရခြင်းသို့ မကပ်ရောက်စေလင့်၊ ဘဝ၌ တပ်မက်မှု 'ဆန္ဒ'ကို ကင်းအောင် ဖြတ်တောက်ပြီးသော် ကိလေသာ ငြိမ်းအေးသည်ဖြစ်၍ (ချမ်းသာစွာ) နေရလတ္တံ့။

ဤသို့လျှင် သုမနာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁၅-ဥတ္တရာထေရီဂါထာ

တိဿာထေရီနှင့် အလားတူ ရဟန်းပြု၍ တရားအားထုတ်နေစဉ် ဘုရားရှင် ရောင်ခြည် တော်လွှတ်၍ဟောပြသော ဂါထာအဆုံး၌ ရဟန္တာဖြစ်၏။ ထိုမထေရ်မ ဥဒါန်းကျူးရင့်သော ဂါထာ။

၁၅။ (ငါသည် ) ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး စိတ်ဖြင့်လည်းကောင်းစောင့်စည်းခဲ့ပါပြီ။ အရင်းမူလအနုသယနှင့်တကွသော တပ်မက်မှု 'တဏှာ' ကို နုတ်ပယ်လျက်ကိလေသာမီး ချုပ်ငြိမ်းပြီးဖြစ်၍ အေးငြိမ်းခြင်းသို့ ရောက်ရသူ ဖြစ်ပါ၏။

ဤသို့လျှင် ဥတ္တရာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁၆-ဝုဍ္ဎပဗ္ဗဇိတသုမနာထေရီဂါထာ

မဟာကောသလမင်း၏ နှမတော် သုမနာသည် ရဟန်းပြုလိုသော်လည်း အဖွားကို ပြုစုနေရသဖြင့် အချိန်လွန်မှ အဖိုးတန်အခင်းအရုံတို့ကို သံဃာအားလှူဒါန်း၍ ရဟန်းပြုကာ ဘုရားရှင့်ထံ တရားနာရ၍ အနာဂါမ်တည်လေ၏။

ထိုအခါ မှ ရဟန်းပြုလျက် ဘုရားရှင်၏ တရားတော်ကို တဖန်နာယူရသည်၏အဆုံး၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်ရသည်တွင် ဘုရားရှင်ဟောတော်မူသော ဂါထာအတိုင်း ဥဒါန်းကျူးရင့်သော ဂါထာ။

၁၆။ အရွယ်ကြီးသော သုမနာ သင်၏ (သန္တာန်၌) တပ်မက်မှု 'ရာဂ' ကင်းပြီးသူ, (ကိလေသာမီး) ချုပ်ငြိမ်းပြီးဖြစ်၍ အေးငြိမ်းခြင်းသို့ ရောက်သူ ဖြစ်သောကြောင့် (ပံ့သကူ) အဝတ်ဖြင့် သင်္ကန်းချုပ်၍့ဝတ်ရုံကာ ချမ်းသာစွာ နေပါလေလော့။

ဤသို့လျှင် ဝုဍ္ဎပဗ္ဗဇိတသုမနာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁၇-ဓမ္မာထေရီဂါထာ

သာဝတ္ထိမြို့ အမျိုးသမီးဓမ္မာသည် အိမ်ထောင်ပြုပြီးမှ သဒ္ဓါတရားဖြစ်၍ ရဟန်းပြုလို သော်လည်း အခွင့်မရလင်သေမှအခွင့်ရ၍ ရဟန်းပြုကာ တရားအားထုတ်နေစဉ် တနေ့သ၌ ဆွမ်းခံသွားရင်း လဲကျ၍ထိုအာရုံကို ဝိပဿနာတင်ကာ ပွါးများသည်တွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်ရ၍ ဥဒါန်းကျူးသော ဂါထာ။

၁၇။ (ငါသည် ) အားနည်းသည် ဖြစ်သောကြောင့် တောင်ဝှေးကို ထောက်ကာ တုန်တုန်လှုပ်လှုပ်ဖြစ်သော ကိုယ်အင်္ဂါတို့ဖြင့် ဆွမ်းခံလှည့်လည်သည်ရှိသော် ထိုလှည့်လည်ရာခရီးမြေကြီးပေါ်၌သာလျှင် လဲကျခဲ့၏၊ ငါ၏ စိတ်သည် ကိုယ်ခန္ဓာ၌ အသုဘ, အနိစ္စစသော အပြစ် ကိုမြင်ပြီးသည့်နောက်၌ ကိလေသာမှ လွတ်မြောက်ခဲ့ပြီ။

ဤသို့လျှင် ဓမ္မာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

၁၈-သံဃာထေရီဂါထာ

ဓီရာထေရီနှင့်အလားတူ ရဟန်းပြု ရဟန္တာဖြစ်၍ ရွတ်ဆိုသော ဂါထာ။

၁၈။ ငါသည် အိမ်ကို စွန့်၍ ချစ်ခင်နှစ်သက်ဖွယ်သော သားသမီးကိုလည်းကောင်း၊ နွားကျွဲစသောတိရစ္ဆာန်ကိုလည်းကောင်း စွန့်၍ တပ်မက်မှု 'ရာဂ' ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ' ကိုလည်းကောင်း အရိယမဂ်ဖြင့် ပယ်ဖြတ်ကာ အဝိဇ္ဇာကိုလည်း မဂ်ဖြင့် ဖြတ် တောက်၍အရင်းမူလအနုသယနှင့်တကွသော တပ်မက်မှု 'တဏှာ'ကို ပယ်နုတ်လျက် ကိလေသာမီး ချုပ်ငြိမ်းပြီးဖြစ်၍ အေးငြိမ်းခြင်းသို့ ရောက်ရသူ ဖြစ်၏။

ဤသို့လျှင် သံဃာထေရီသည် ဤဂါထာကို ရွတ်ဆို၏။

ဧကကနိပါတ် ပြီး၏။

၂-ဒုကနိပါတ်

၁-အဘိရူပနန္ဒာထေရီဂါထာ

ခေမကသာကီဝင်မင်း၏ သမီးတော် အလွန်အဆင်းလှသော နန္ဒာသည် အရွယ်ရောက်၍ ထိမ်းမြားမည့်နေ့တွင် သတို့သားသေဆုံးသဖြင့် မိဘတို့က ရဟန်းပြုစေ၏။ အဆင်းမာန်တက်၍ ဘုရားထံမသွားပဲနေရာ တနေ့တွင် မိမိအလှည့်ကျ၍ ဘုရားထံရောက်သောအခါ တန်ခိုးတော်ဖြင့် ဖန်ဆင်းသော ရုပ်ကောင်ကိုပြ၍ တရားဟောရာ ဂါထာအဆုံး၌ ရဟန္တာ ဖြစ်လေ၏။ ထိုထေရီမအားဘုရားရှင်ဟောကြားသော ဂါထာများ။

၁၉။ နန္ဒာ ကျင်နာနှိပ်စက်သော မစင်ကြယ်သည်ဖြစ်၍ ပုပ်သော ခန္ဓာကိုယ်ကြီးကို (ပညာမျက်စိဖြင့်) ရှုစမ်းပါလော့၊ အသုဘဟု အဖန်တလဲလဲ ရှုခြင်းဖြင့် စိတ်ကို တစ်ခုတည်း အာရုံရှိအောင် ကောင်းစွာတည်ကြည်သည်ကို ပြု၍ ပွါးများလေလော့။

၂ဝ။ (အကြောင်းနိမိတ်ကင်းမှု) အနိမိတ္တာနုပဿနာကိုလည်း ပွါးများလေလော့၊ (ငါတ ကားဟု ထောင်လွှားသော) မာနာနုသကို ပယ်စွန့်လေလော့၊ ယင်းသို့ မာနကို ပယ်ခြင်းကြောင့် (ရာဂစသည်တို့) ငြိမ်းသည်ဖြစ်၍ နေရလတ္တံ့။

ဤသို့လျှင် မြတ်စွာဘုရားသည် အဘိရူပနန္ဒာသိက္ခမာန်ကို ဤဂါထာတို့ဖြင့် မပြတ်ဆုံးမ တော်မူ၏။

၂-ဇေန္တာထေရီဂါထာ

လိစ္ဆဝီမင်းသမီး ဇေန္တာသည် အဘိရူပနန္ဒာနှင့် အတိတ်ပစ္စုပ္ပန် အလုံးစုံတူ၏။ (ထူးသည်ကား) ဘုရားရှင်၏ တရားတော်ကို နာရသည့် အဆုံးတွင် အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ မိမိရရှိသောတရားထူးကို ဆင်ခြင်ကာ ပီတိအစွမ်းဖြင့် ရွတ်ဆိုသော ဂါထာများ

၂၁။ အကြင်ဗောဇ္ဈင်ခုနစ်ပါး တရားတို့သည် နိဗ္ဗာန်ရောက်ခြင်း၏ အကြောင်းဖြစ်ကုန်၏၊ ထိုဗောဇ္ဈင်ခုနစ်ပါး တရားအားလုံးတို့ကို မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ငါ ပွါးများ အပ်ကုန်ပြီ။

၂၂။ ငါသည် (ဓမ္မကာယဖြစ်သော) ထိုမြတ်စွာဘုရားကို (အရိယာအမြင်ဖြင့်) မြင်အပ်ပြီ၊ ထို့ကြောင့်ဤငါ၏ခန္ဓာကိုယ်သည် အဆုံးဖြစ်သော ခန္ဓာကိုယ်တည်း၊ ပဋိသန္ဓေနေမှု ဇာတိ သံသရာကုန်ပြီ၊ ယခုအခါတစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် ဇေန္တာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၃-သုမင်္ဂလမာတာထေရီဂါထာ

သုမင်္ဂလရဟန္တာ၏ မိခင်ဖြစ်သော သုမင်္ဂလမာတာသည် ဘိက္ခုနီမတို့ထံတွင် ရဟန်းပြု၍တရားအားထုတ်နေစဉ် တနေ့သ၌ လူ့ဘဝကဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်တို့ကို့  ဆင်ခြင်ကာသံဝေဂဖြစ်ပွါးသဖြင့် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။

၂၃။ ငါသည် (ဘဝသစ်မှ) လွတ်ခြင်းရှိသူ ဖြစ်၏၊ ငါသည် (ဘဝသစ်မှ) ကောင်းစွာ လွတ်ခြင်းရှိသူဖြစ်၏၊ ငါသည် ကျည်ပွေ့မှ ကောင်းစွာသာလျှင် လွတ်ခဲ့၏၊ ငါ၏ အရှက် ကင်းသောလင်ကိုလည်းကောင်း၊ ရောင်း၍ အသက်မွေးခြင်းငှါ ပြုလုပ်ရသော ထီးကိုလည်းကောင်း ငါမနှစ်သက်ခဲ့။ ငါ၏ (လူဖြစ်စဉ်က) ထမင်းအိုးသည် ရေမြွေနံ့ လှိုင်၏၊ ငါ မနှစ်သက်သောလင်မှလည်းကောင်း၊ ထီးအလုပ်မှလည်းကောင်း၊ ထမင်းအိုးမှလည်းကောင်း ကောင်းစွာလွတ်မြောက်ခဲ့ရသူ ဖြစ်ပေ၏။

၂၄။ ငါသည် တပ်မက်မှု 'ရာဂ'ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ' ကိုလည်းကောင်းဖြတ်တောက်ဖျက်ဆီးရပြီ။

(နှီးတို့ကို ရက်သော) ဖျစ်ဖျစ် ဖျစ်ဖျစ်ဟူသော အသံကိုလည်း ပယ်စွန့်ရပြီ၊ ထို ငါသည် (ဆိတ်ငြိမ်ရာ) သစ်ပင်ရင်းသို့ ကပ်ရောက်၍ သြော် ချမ်းသာစွဟု နှလုံးသွင်းလျက်ချမ်းသာသောအားဖြင့် ဈာန်ဝင်စား၏။

ဤသို့လျှင် သုမင်္ဂလမာတာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၎-အဍ္ဎကာသိထေရီဂါထာ

သူကြွယ်သမီးအဍ္ဎကာသိသည် ရှေးဝစီကံဆိုးကြောင့် ပြည့်တန်ဆာမဖြစ်ရ၏။ နောင်အခါ ဝိနည်းခန္ဓက၌လာသည့်အတိုင်း တမန်လွှတ်ခြင်းဖြင့် ရဟန်းဖြစ်ခဲ့၏။ ရဟန်းဖြစ်၍ ဝိပဿနာကို ပွါးသည်တွင် မကြာခင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။

၂၅။ ကာသိတိုင်း၌ ဖြစ်သော အခွန်အတုတ်သည် အကြင် (တစ်ထောင်) မျှလောက် အတိုင်းအရှည် ရှိ၏၊ ငါ အဍ္ဎကာသိ၏ (ပြည့်တန်ဆာမအလုပ်ဖြင့် ရသည့်) အခကြေးငွေသည်လည်းထိုတစ်ထောင်မျှလောက်ပင် ရှိ၏၊ (နောက်ကာလ၌) နိဂုံးနေ လူအပေါင်းသည် ထို တစ်ထောင်သောအခကြေးငွေကို ထက်ဝက်ပြု၍ ငါ့ကို ပြည့်တန်ဆာမအရာ၌ ထားပြီ။

၂၆။ ထိုနောင် (သာသနာတော်ကို မှီ၍) ငါသည် အဆင်း ရူပါရုံ၌ (အနိစ္စ, ဒုက္ခ, အသုဘဟု ရှုလျက်) ငြီးငွေ့ပြီ၊ ငြီးငွေ့သည်ဖြစ်၍ လည်း ငါသည် တပ်မက်မှု ကင်းပြီ၊ ပဋိသန္ဓေနေခြင်းရှိသော သံသရာ၌နောက်ထပ် တစ်ဖန် မကျင်လည်ရအံ့သတည်း၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြုပြီးပြီ၊ မြတ်စွာဘုရား ဆုံမတော်မူသောအတိုင်း လိုက်နာပြု ကျင့်ပြီးပြီ။

ဤသို့လျှင် အဍ္ဎကာသိထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၅-စိတ္တာထေရီဂါထာ

သူကြွယ်သမီးစိတ္တာသည် ဘုရားရှင် ရာဇဂြိုဟ်မြို့သို့ ဝင်သောအခါ သဒ္ဓါတရားဖြစ်ခဲ့၍ နောင်မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြု၏။ အိုမင်းသောအခါ ဂိဇျွကုဋ်တောင်ပေါ်သို့ တက်၍ဝိပဿနာပွါးသည်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ မိမိ၏ ပဋိပတ်ကို ဆင်ခြင်ကာရွတ်ဆိုသော ဂါထာများ။

၂၇-၈။ (ငါသည် ) ကြုံလှီသော ကိုယ်ရှိကာ မကျန်းမမာသည်ဖြစ်၍ အလွန်အားနည်း သော်ငြားလည်းတောင်ဝှေးကို ထောက်လျက် သွားလာနေရပါ၏၊ (ငါသည် ) (ဂိဇ္ဈကုဋ်) တောင်ထက်သို့ တက်ပြီးလျှင်ဒုကုဋ်သင်္ကန်းကို ချထား၍ သပိတ်ကို မှောက်ထားလျက် (ဂိဇ္ဈကုဋ်) တောင်ထက်၌ပင် ထိုင်နေကာမောဟအစု အမိုက်ထုကို ဖောက်ခွဲ၍ မိမိကိုယ်ကို (နောင်တစ်ဖန် မဖြစ်စေသောအားဖြင့်) ခွဲခွါလိုက်ပြီ။

ဤသို့လျှင် စိတ္တာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၆-မေတ္တိကာထေရီဂါထာ

သူကြွယ်သမီးမေတ္တိကာသည် စိတ္တာနည်းတူ ရဟန်းပြုကာ ဝိပဿနာပွါးသည်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ မိမိပဋိပတ်ကို ဆင်ခြင်ကာ ဥဒါန်းကျူးသော ဂါထာများ။

၂၉-၃ဝ။ (ငါသည် ) အသက်ကြီးသည်ဖြစ်၍ အားနည်းလျက် ဆင်းရဲဒုက္ခ ရောက်နေငြား သော်လည်းတောင်ဝှေးကို ထောက်လျက် သွားလာနေရပါ၏၊ ငါသည် (ဂိဇ္ဈကုဋ်) တောင် ထက်သို့ တက်ပြီးလျှင်ဒုကုဋ်သင်္ကန်းကို ချထား၍ သပိတ်ကို မှောက်ထားလျက် ကျောက် တောင်ထက်၌ပင် (ကမ္မဋ္ဌာန်းကိုပွါးစေလျက်) ထိုင်နေကာ နောင်မှ ငါ၏ စိတ်သည် ကိလေသာတို့မှ လွတ်မြောက်ပြီ၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ၊ မြတ်စွာဘုရား ဆုံးမ တော်မူသောအတိုင်း လိုက်နာပြီးပြီ။

ဤသို့လျှင် မေတ္တိကာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၇-မိတ္တာထေရီဂါထာ

သာကီဝင်မင်းသမီး မိတ္တာသည် ဘုရားရှင့်ထံတရားနာပြီးနောက် မိထွေးတော်ဂေါတမီ ထံတွင် ရဟန်းပြုဝိပဿနာကိုပွါးရာ မကြာမီ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ ဝမ်းမြောက်ဝမ်းသာဥဒါန်းကျူးသော ဂါထာများ။

၃၁-၃၂။ (ငါသည် ) (လဆန်း) ပက္ခ (လဆုတ်) ပက္ခ၏ အကြင်တစ်ဆယ့်လေးရက်မြောက် သောနေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း၊ ရှစ်ရက် မြောက်သောနေ့၌လည်းကောင်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့, အပိုနေ့ (ပါဋိဟာရိယပက္ခ) ၌လည်းကောင်း (စာတုမဟာရာဇ်) နတ်ဘုံကို နှစ်သက်တောင့်တသည်ဖြစ်၍ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကိုကျင့်သုံးဆောက်တည်ခဲ့ပါ၏။ ထိုငါသည် ယခုအခါ တစ်ထပ်သာ စားခြင်းဖြင့် ဦးပြည်းဖြစ်၍ (ခေါင်းတုံးရိတ်ကာ) ဒုကုဋ်သင်္ကန်းကို ဝတ်ရုံလျက် (ရှင်ရဟန်း ပြုပြီးသော်) စိတ်နှလုံး၌ကိလေသာပူပန်မှုကို ဖျောက်ပယ်ပြီး ဖြစ်ရကား (တစ်စုံတစ်ခုသော) နတ်ဘုံကိုမျှ မတောင့်တတော့ပြီ။

ဤသို့လျှင် မိတ္တာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၈-အဘယမာတုထေရီဂါထာ

ဗိမ္ဗိသာရမင်းကြီး၏ သားတော် အဘယမင်းသား (အဘယထေရ်)၏ မယ်တော် အဘယမာတာသည်သားထံတွင် တရားနာ၍ သဒ္ဓါဖြစ်ကာ ဘိက္ခုနီမတို့ထံ၌ ရဟန်းပြု၍ ဝိပဿနာပွါးရာ မကြာခင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၏။ ထိုအခါ သားရဟန်း ဟောကြားသော ဂါထာအတိုင်းဥဒါန်းကျူးရွတ်ဆိုသော ဂါထာများ။

၃၃။ မယ်တော်ကြီးပဒုမဝတီ (သင်သည်) ခြေဖဝါးအပြင်မှ အထက်ဆံဖျားတိုင်အောင် ဆံဖျားမှအောက်ခြေဖဝါးတိုင်အောင် မစင်မကြယ်သည်ဖြစ်၍ အပုပ်နံ့လှိုင်သော ဤခန္ဓာကိုယ် ကို ဉာဏ်ဖြင့်ရှုပါလော့။

၃၄။ ဤသို့ (ငါ့သား အဘယထေရ်) ဆုံးမသောအတိုင်း နေသော ငါ (ပဒုမဝတီ) သည် တပ်မက်မှု 'ရာဂ' အားလုံးကို ကောင်းစွာ နုတ်ပယ်လျက် ကိလေသာပူပန်မှု အားလုံးကို အကြွင်းမဲ့ ဖြတ်ကာကိလေသာမီး ချုပ်ငြိမ်းပြီး ဖြစ်၍ အေးငြိမ်းခြင်းသို့ ရောက်လေပြီ။

ဤသို့လျှင် အဘယမာတာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၉-အဘယာထေရီဂါထာ

အဘယမာတာထေရီ၏ မိတ်ဆွေဖြစ်သော အဘယာသည် မိတ်ဆွေထေရီမ ရဟန်းပြုသောအခါအတူရဟန်းပြု၍ ရာဇဂြိုဟ်မြို့၌ နေစဉ် တနေ့သ၌ အသုဘရှုရန် တမာတောသို့ သွား၏။ ဘုရားရှင်သည်ဂန္ဓကုဋိမှနေ၍ ထိုမထေရ်မရှေ့တွင် ဥဒ္ဓုမာတက အဖြစ်ကို ထင်စေတော်မူ၍ သံဝေဂဖြစ်ပွါးမှရောင်ခြည်တော်လွှတ်ကာ တရားဟောတော် မူသည်တွင် တရားဂါထာအဆုံး၌ ရဟန္တာဖြစ်လေ၏။ ထိုအခါ ထိုဂါထာအတိုင်း ဥဒါန်း ကျူးသော ဂါထာများ။

၃၅။ အဘယာမည်သော ထေရီမ ကိုယ်ခန္ဓာသည် ပျက်စီးခြင်းသဘောရှိ၏၊ (ခဏချင်း အားဖြင့်ပျက်စီးခြင်းသဘောရှိသော) အကြင်ကိုယ်ခန္ဓာ၌ ပုထုဇဉ်မိုက်တို့သည် ကပ်ငြိတွယ်တာကုန်၏၊ (ငါသည်ကား)

ဤကိုယ်ခန္ဓာကို ဆင်ခြင်ဉာဏ်သမ္ပဇဉ်, အောက်မေ့မှု 'သတိနှင့်' ပြည့်စုံသည်ဖြစ်၍ (တစ်ဖန် မယူသောအားဖြင့်) စွန့်ပစ်တော့အံ့။

၃၆။ များစွာသော ဆင်းရဲခြင်းသဘောတို့နှင့် တွေ့ထိရ၍ မမေ့မလျော့မှု၌ မွေ့လျော်သော ငါသည် တဏှာ ကနုြ်ခင်း သ့ို ရောက်ြပ၊ီ မြတစ်ွာ ဘရုား ဆုးံ မတော်မူသောအတိုင်း လိုက်နာပြု ကျင့်ပြီးပြီ။

ဤသို့လျှင် အဘယာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၁ဝ-သာမာထေရီဂါထာ

သာမာဝတီမိဖုရား၏ အဆွေဖြစ်သောသာမာသည် သာမာဝတီမိဖုရား ကွယ်လွန်သော အခါ သံဝေဂဖြစ်၍ ရဟန်းပြု၏။ သာမာဝတီမိဖုရားကို စွဲ၍ဖြစ်သော သောကကို မဖျောက်နိုင်ပဲ ရှိနေစဉ် အသျှင်အာနန္ဒာ၏သြဝါဒကို နာရသဖြင့် ၇-ရက်မြောက်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ် ရလေ၏။ ထိုအခါ ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၃၇။ (ငါသည် ) စိတ်ငြိမ်သက်တည်ကြည်မှုကို မရသည်ဖြစ်၍ ငါ၏ စိတ်သည် ငါ့အလိုသို့ မလိုက်နိုင်သည်ဖြစ်ရကား လေးကြိမ် ငါးကြိမ်တိုင်အောင် ကျောင်းမှ ထွက်ခဲ့၏၊ ထိုငါသည် (ကမ္မဋ္ဌာန်း အားထုတ်နေစဉ်) ညဥ့်သည် ရှစ်ရက်မြောက် ဖြစ်ခဲ့လေပြီ၊ ယင်းရှစ်ရက်မြောက် နေ့၌ပင် တဏှာကို ကောင်းစွာပယ်နုတ်နိုင်ခဲ့လေပြီ။

၃၈။ များစွာသော ဆင်းရဲခြင်းသဘောတို့နှင့် တွေ့ထိရ၍ မမေ့မလျော့ခြင်း၌ မွေ့လျော် သော ငါသည် တဏှာ ကနုြ်ခင်း သ့ို ရောက်ြပ၊ီ မြတစ်ွာ ဘရုား ဆုးံ မတော်မူသောအတိုင်း လိုက် နာပြုကျင့်ပြီးပြီ။

ဤသို့လျှင် သာမာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

ဒုကနိပါတ် ပြီး၏။

၃-တိကနိပါတ်

၁-အပရသာမာထေရီဂါထာ

သာမာဝတီမိဖုရား၏ အဆွေတစ်ဦးဖြစ်သော သာမာသည်လည်း မိတ်ဆွေ ကွယ်လွန် သောအခါသံဝေဂဖြစ်၍ ရဟန်းပြု၏။ နှစ်ဆယ့်ငါးနှစ်ပတ်လုံး စိတ်တည်ကြည်မှု မရဘဲ အိုမင်းသောအခါမှ ဘုရားရှင်၏ သြဝါဒကိုရ၍ ဝိပဿနာပွါးသည်တွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ ဥဒါန်းကျူးသောအားဖြင့် ဂါထာများ။

၃၉။ ရဟန်းဖြစ်သည်မှ စ၍ နှစ်ဆယ့်ငါးနှစ်တို့ပတ်လုံး ငါ၏ စိတ်ငြိမ်သက်ခြင်း ရသည်ကိုတစ်ရံတစ်ဆစ်မျှ ငါ မသိစဖူး။

၎ဝ။ ငါသည် စိတ်၏ ငြိမ်သက်တည်ကြည်မှုကို မရသည်ဖြစ်၍ ငါ၏ စိတ်သည် ငါ့အလိုသို့မလိုက်နိုင်သည် ဖြစ်ရကား မြတ်စွာဘုရား၏ အဆုံးအမတော်ကို သတိရလျက် ထိတ်လန့်ခြင်းသို့ရောက်ပြီ။

၄၁။ များစွာသော ဆင်းရဲခြင်းသဘောတို့နှင့် တွေ့ထိရ၍ မမေ့မလျော့မှု၌ မွေ့လျော်သော ငါသည် တဏှာ ကနုြ်ခင်း သ့ို ရောက်ြပ၊ီ မြတစ်ွာ ဘရုား ဆုးံ မတော်မူသောအတိုင်း လိုက်နာပြု ကျင့်ပြီးပြီ၊ ငါသည် (ကမ္မဋ္ဌာန်းအားထုတ်နေစဉ်) ယနေ့ညဥ့်သည် ခုနစ်ရက်မြောက်ခဲ့လေပြီ၊ ယင်းခုနစ်ရက်မြောက်နေ့၌ပင်အရဟတ္တမဂ်ဖြင့် တဏှာ ကို ခန်း ခြောကေ် စခြဲ့ပ။ီ

ဤသို့လျှင် တစ်ပါးသော သာမာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၂-ဥတ္တမာထေရီဂါထာ

သူဌေးသမီးဥတ္တမာသည် ပဋာစာရီထေရီမ၏ထံတွင် တရားနာရ၍ ရဟန်းပြုကာ ဝိပဿနာပွါးသော်လည်းမဂ်ဖိုလ်အပြီးအဆုံးသို့ မရောက်နိုင်ဘဲ ရှိနေသည်တွင် သူ၏ စိတ်ဖြစ်ပုံကိုသိသော ပဋာစာရီကသြဝါဒပေးမှ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက့်ဥဒါန်းကျူးရွတ်ဆိုသော ဂါထာများ။

၄၂။ (ငါသည် ) စိတ်ငြိမ်သက်တည်ကြည်မှုကို မရသည်ဖြစ်၍ ငါ၏ စိတ်သည် ငါ့အလိုသို့ မလိုက်နိုင်သည်ဖြစ်ရကား လေးကြိမ် ငါးကြိမ်တိုင်အောင် ကျောင်းမှ ထွက်ခဲ့၏။

၄၃။ အကြင် (ပဋာစာရီ) ဘိက္ခုနီမသည် ငါ ယုံကြည်အပ်သော စကားရှိသူ ဖြစ်၏၊ ထို ဘိက္ခုနီမ (ပဋာစာရီ) ကို ထိုငါသည် ဆည်းကပ်ပြီ၊ ထိုပဋာစာရီသည် ခန္ဓာ, အာယတန, ဓာတ် တို့ကို (ပြလျက်) ငါ့အား တရားဟော၏။

၄၄။ ထိုပဋာစာရီဘိက္ခုနီမ၏ တရားကို ကြားနာရ၍ ငါသည် ထိုပဋာစာရီ ဆုံးမသည့် အတိုင်း (ကျင့်ကာ) ခုနစ်ရက်ပတ်လုံး နှစ်သက်မှု 'ပီတိ'ဈာန်ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍ တစ်ခုသော ထက်ဝယ် ပလ္လင်ဖြင့်ထိုင်နေပြီ၊ ရှစ်ရက်မြောက်သော နေ့၌ မောဟအစု အမိုက် ထုကို (အရဟတ္တမဂ်ဖြင့်) ဖောက်ခွဲနိုင်၍ခြေတို့ကို ဆန့်ခဲ့ပြီ။

ဤသို့လျှင် ဥတ္တမာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၃-အပရာဥတ္တမာထေရီဂါထာ

ပုဏ္ဏားသူကြွယ်သမီး ဥတ္တမာသည် ဒေသစာရီ လှည့်လည်လာသော ဘုရားရှင့်ထံတွင် တရားနာရ၍ ရဟန်းပြုမကြာမီ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ ဥဒါန်းကျူးရွတ်ဆိုသော ဂါထာများ။

၄၅။ အကြင်ဗောဇ္ဈင်ခုနစ်ပါး တရားတို့သည် နိဗ္ဗာန်ရောက်ခြင်း၏ အကြောင်း ဖြစ်ကုန်၏၊ ငါသည် ထိုဗောဇ္ဈင်ခုနစ်ပါး တရားအားလုံးတို့ကို မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ပွါးစေအပ်ကုန်ပြီ။

၄၆။ ငါသည် သုညတသမာပတ်ကိုလည်းကောင်း၊ အနိမိတ္တသမာပတ်ကိုလည်းကောင်း အလိုရှိတိုင်း ဝင်စားရရှိခဲ့ပါ၏။ ငါသည် မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သမီးစစ် ဖြစ်၍ အခါခပ်သိမ်း နိဗ္ဗာန်၌မွေ့လျော်၏။

၄၇။ နတ်၌ ဖြစ်သော အကြင်ကာမဂုဏ်တို့သည်လည်းကောင်း၊ လူ၌ ဖြစ်သော အကြင်ကာမဂုဏ်တို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုကာမဂုဏ်အားလုံးတို့ကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ ငါ့အား ပဋိသန္ဓေနေခြင်းဟူသော ဇာတိသံသရာကုန်ပြီ၊ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် တစ်ပါးသော ဥတ္တမာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၎-ဒန္တိကာထေရီဂါထာ

ပုရောဟိတ်ပုဏ္ဏား၏သမီး ဒန္တိကာသည် မိထွေးတော် ဂေါတမီထံတွင် ရဟန်းပြု၍ ရာဇဂြိုဟ်မြို့၌ နေစဉ်တနေ့သ၌ ဆွမ်းစားပြီးနောက် ဂိဇျွကုဋ်တောင်ပေါ်တွင် နေ့သန့်စင်ခိုက် ဆင်ဆရာက ဆင်ကိုအမိန့်ပေးပုံ လိုက်နာပုံကို မြင်ရသဖြင့် ဝိပဿနာ ပွါး၍ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၏။ ထိုအခါ ဝမ်းမြောက်ဝမ်းသာ ဥဒါန်း ကျူးသော ဂါထာများ။

၄၈။ ငါသည် နေ့သန့်စင်ခြင်းငှါ ကျောင်းမှ ထွက်ခဲ့၍ ဂိဇ္ဈကုဋ်တောင်ပေါ်၌ (ထိုင်နေစဉ်) (စန္ဒဘာဂါ) မြစ်သို့ သက်ဆင်းပြီး၍ တက်လာသော ဆင်ကို (စန္ဒဘာဂါ) မြစ်ကမ်းနား၌ တွေ့မြင်ရပြီ။

၄၉။ (ဆင်ထိန်း) ယောက်ျားသည် ချွန်းကို ကိုင်ယူလျက် ခြေကို ဆန့်ပေးလော့ဟု တောင်းဆို၏၊ ဆင်သည် ခြေကို ဆန့်ပေး၏၊ (ဆင်ထိန်း) ယောက်ျားသည် ဆင်ပေါ်သို့ တက်၏။

၅ဝ။ ငါသည် ရှေး၌ မယဉ်ကျေးဘဲလျက် ယဉ်ကျေးအောင် ဆုံးမထား၍ လူတို့၏ အလိုကျ့လိုက်လျောသော ဆင်ကို မြင်ရသော် ထိုမြင်ပြီးသည့်နောက်၌ ထိုဆင်လိမ္မာပုံအမူအရာ ကြောင့် တောသို့သွားကာ စိတ်ကို တည်ကြည်စေသည်သာတည်း။

ဤသို့လျှင် ဒန္တိကာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၅-ဥဗ္ဗိရိထေရီဂါထာ

ကောသလမင်း၏မိဖုရားဥဗ္ဗိရိသည် သမီးကလေးဇီဝါ ကွယ်လွန်သဖြင့် သုသာန်သို့ နေ့စဉ်သွားကာငိုကြွေးနေသည်ကို ဂန္ဓကုဋိမှ ဘုရားရှင်မြင်တော်မူ၍ ကိုယ်ထင်ပြတော် မူပြီးလျှင် တရားဟောတော်မူရာဝိပဿနာပွါးလျက် မဂ်အစဉ်ဖြင့် အရဟတ္တဖိုရ်သို့ ရောက်လေ၏။ ထိုအခါ ရရှိသောတရားထူးကို ပြလျက်ရွတ်ဆိုသော ဂါထာများ။

၅၁။ ဥဗ္ဗိရိ သင်သည် ချစ်သမီးဇီဝါဟု (မြည်တမ်းလျက်) တော၏ အလယ်၌ ငိုကြွေး ဘိ၏၊ ဥဗ္ဗိရိသင်သည် မမိ ကိ ယို ကို သိအောင် ပြုပါဦး လော့၊ ရစှေ် သာင်း လေးထောင်ကုန် သော ဇီဝါအမည်ရှိသောသင်၏ သမီးအားလုးံ တကို့

ဤသင်္ချိုင်းတစ်ခုတည်း၌ပင် ဖုတ်ကြည်း သင်္ဂြီုဟ်ဖူးကုန်ပြီ၊ ထိုရှစ်သောင်းလေးထောင်သော ဇီဝါအမည်ရှိသော သမီးတို့တွင် အဘယ် မည်သော သမီးကို သင်စိုးရိမ်ပူဆွေးဘိသနည်း (ဟု မြတ်စွာဘုရား မိန့်တော်မူ၏)။

၅၂။ မြင်နိုင်ခဲသော နှလုံး၌ မှီသော ငါ၏ သောကတည်းဟူသော ငြောင့်ကို ပယ်နုတ် နိုင်လေပြီတကား၊ စိုးရိမ်မှု 'သောက'ဖြင့် နှိပ်စက်ခံနေရသော ငါ၏ သမီးကို စွဲ၍ ဖြစ်သော စိုးရိမ်မှု 'သောက'ကို အကြွင်းမဲ့ပယ်နုတ်နိုင်ပေ၏တကား။

၅၃။ ထိုငါသည် ယခုအခါ သောကတည်းဟူသော ငြောင့်ကို ပယ်နုတ်ပြီးသည့်ပြင် တဏှာ တည်း ဟေူ သာမတ်ွသပိြ်ခင်း ကင်း ကာ ကေိ လသာ ငြိမ်းအေးသည်ဖြစ်၍ တရားအားလုံးတို့ကို သိတော်မူတတ်သောမြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ အရိယာ သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်နေရပါတော့သတည်း။

ဤသို့လျှင် ဥဗ္ဗိရိထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၆-သုက္ကာထေရီဂါထာ

သူကြွယ်သမီးသုက္ကာသည် ဘုရားရှင် ရာဇဂြိုလ်မြို့သို့ ဝင်ကြွတော်မူသောအခါ သဒ္ဓါတရားဖြစ်၍ နောင်ဓမ္မဒိန္နာထေရီထံတွင် တရားနာရာ သံဝေဂဖြစ်လျက် ထိုထေရီမ၏ ထံ၌ပင်ရဟန်းပြု ဝိပဿနာပါးကာမကြာမီ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၏။ ဓမ္မကထိကဖြစ်၍ တရားနာရသော ရုက္ခဇိုဝ်းနတ်ရွတ်သော ဂါထာနှင့် ထေရီမပရိနိဗ္ဗာန်ပြုခါနီး ရွတ်သော ဂါထာများ။

၅၄။ ရာဇဂြိုဟ်ပြည်၌ (နေကုန်သော ) ဤလူတို့သည် အဘယ်အမှုကို ပြုလုပ်နေကြဘိ သနည်း၊ အကြင်ရာဇဂြိုဟ်ပြည်သားတို့သည် မြတ်စွာဘုရား၏ အဆုံးအမတော်ကို ဟောကြား တတ်သော (သုက္ကာထေရီဘိက္ခုနီမကို မဆည်းကပ်ကြကုန်)၊ (ထိုရာဇဂြိုဟ်ပြည်သားတို့သည်) 'ပျားရေအရက်ကိုသောက်၍ မူးယစ်ကြသူတို့ကဲ့သို့' နေကြလေယောင်တကား။

၅၅။ (အပိုမပါသဖြင့်) ပယ်နုတ်တားမြစ်ရန် မထိုက်သော (အလိုမပါသဖြင့်) ထည့်သွင်းလောင်းစွက်ခြင်းငှါမထိုက်သော သြဇာရှိသော ထို (သုက္ကာထေရီမ) ဟောသော တရားကိုလည်း 'တိမ်တိုက်ကြားမှထွက်ကျသော ရေကို ခရီးသွားတို့ သောက်သုံးကုန်သကဲ့သို့' ပညာရှိတို့ သည်သာ သောက်သုံးကုန်၏ဟုထင်မိပေ၏ (ဟု စင်္ကြံဦး သစ်ပင်စောင့်နတ်က ဆို၏)။

၅၆။ သုက္ကာထေရီမသည် ဖြူစင်သောလောကုတ္တရာတရားတို့နှင့် ပြည့်စုံ၏၊ တပ်မက်မှု 'ရာဂ' ကင်း၏၊ တည်ကြည်၏၊ သုက္ကာထေရီမသည် စစ်သည်ဗိုလ်ပါနှင့်တကွသော ကိလေသ မာရ်ကို အောင်ပြီး၍အဆုံးစွန်သော ခန္ဓာကိုယ်ကို ဆောင်၏။

ဤသို့လျှင် သုက္ကာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၇-သေလာထေရီဂါထာ

အာဠဝီမင်းသမီးသေလာသည် အဖမင်းကြီးနှင့်အတူ ဘုရားရှင့်ထံမှ တရားနာရ၍ ဥပါသိကာဖြစ်ပြီးလျှင်နောင်အခါ ဘိက္ခုနီမတို့ထံတွင် ရဟန်းပြုဝိပဿနာပွါးရာ မကြာမီ ရဟန္တာဖြစ်၏။ သာဝတ္တိမြို့၌နေစဉ်မာရ်နတ်လာ၍ ဖြားယောင်းသည်တွင် ပြန်လှန် ခြိမ်းခြောက်သောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၅၇။လောက၌ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်မည်သည် မရှိ၊ ထို့ကြောင့် သင့်အား ကိုယ်၏ဆိတ်ငြိမ်မှု 'ကာယဝိဝေက'ဖြင့် အဘယ်သို့ ပြုလတ္တံ့နည်း၊ ကာမဂုဏ်၌ မွေ့လျော် မြူးထူးခြင်းတို့ကို ခံစားဦးလော့၊ နောင်တတစ်ဖန် ပူပန်မှု မဖြစ်ပါစေလင့် (ဟု မာရ်နတ်က ဆို၏)။

၅၈။ မာရ်နတ် ကာမဂုဏ်တို့သည် ဓားလှံ သံတံကျင်နှင့် တူကုန်၏၊ ဥပါဒါနက္ခန္ဓာငါးပါး တို့သည် ထိုကာမဂုဏ်တို့၏ ခုတ်စဉ်းဖြတ်ပိုင်းရာ စဉ်းတီတုံးနှင့် တူကုန်၏၊ အကြင်ကာမဂုဏ် ၌ မွေ့လျော်ခြင်းကို သင် ပြောဆို၏၊ ထိုကာမဂုဏ်၌ မွေ့လျော်မှုမျိုးသည် ယခုအခါ ငါ့အား မွေ့လျော်နှစ်ခြိုက်ဖွယ်မဟုတ်တော့ပြီ။

၅၉။ ငါသည် ခပ်သိမ်းသော အာရုံတို့၌ နှစ်သက်မှု 'တဏှာ'ကို ပယ်ဖျောက်အပ်ပြီ၊ မောဟအစုအမိုက်ထုကို ဖောက်ခွဲအပ်ပြီ၊ မာရ်ယုတ် ဤသို့ တဏှာ, အဝိဇ္ဇာကို ပယ်သောသူဟု ငါ့ကို သိလော့၊ မာရ်ယုတ် သင်သည် ရှုံးသူ ဖြစ်ခဲ့ပြီ။

ဤသို့လျှင် သေလာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၈-သောမာထေရီဂါထာ

ပုရောဟိတ်သမီး သောမာသည် ရာဇဂဂြိုဟ်မြို့သို့ ဘုရားအကြွတွင် ဥပါသိကာ ဖြစ်ပြီးလျှင်ဘိက္ခုနီမတို့ထံ၌ ရဟန်းပြု၍ တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်၏။ သေလာကဲ့သို့ မာရ်နတ်လာ၍ဖြားယောင်းသည်တွင် ပြန်လှန်မောင်းမဲသော ဂါထာများ။

၆ဝ။ သောမာ အကြင်အရဟတ္တဖိုလ် နိဗ္ဗာန်ဟူသော အရပ်သို့ ဘုရားအစရှိသော ပညာရှိ ဣသိတို့သည် ရောက်အပ်၏၊ သူတစ်ပါးတို့သည် ဖြစ်စေနိုင်ခဲ၏၊ ထိုအရဟတ္တဖိုလ် နိဗ္ဗာန်တည်းဟူသော အရပ်ကိုလက်နှစ်သစ်မျှ ပညာရှိသော သင်ကဲ့သို့သော မိန်းမသည် ရောက်ခြင်းငှါ မတတ်ကောင်း (ဟု မာရ်နတ်ကဆို၏)။

၆၁။ မာရ်ယုတ် သစ္စာလေးပါးကို ကောင်းစွာ ရှုမြင်နိုင်သူအား စိတ်သည် ကောင်းစွာ တည်ကြည်၍အရဟတ္တမဂ်ဉာဏ် ဖြစ်ပေါ်နိုင်သည်ရှိသော် မိန်းမအဖြစ်သည် ငါတို့အား အဘယ်သို့သော တားမြစ်ခြင်းကို ပြုနိုင်ရာသနည်း။

၆၂။ ငါသည် ခပ်သိမ်းသော အာရုံတို့၌ နှစ်သက်မှု 'တဏှာ'ကို ပယ်ဖျောက်အပ်ပြီ၊ မောဟ အစုအမိုက်ထုကို ဖောက်ခွဲအပ်ပြီ၊ မာရ်ယုတ် ဤသို့ တဏှာ, အဝိဇ္ဇာကို ပယ်သောသူဟု ငါ့ကို သိလော့၊ မာရ်ယုတ် သင်သည် ရှုံးသူ ဖြစ်ခဲ့ပြီ။

ဤသို့လျှင် သောမာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

တိကနိပါတ် ပြီး၏။

စတုက္ကနိပါတ်

၁-ဘဒ္ဒါကာပိလာနီထေရီဂါထာ

သျှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်နှင့်အတူ တောထွက်ခဲ့၍ ငါးနှစ်ပတ်လုံး တိတ္ထိကျောင်း၌နေခဲ့သော ဘဒ္ဒကာပိလာနီသည် နောင်အခါ မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြုကာဝိပဿနာပွါးသည်တွင် မကြာမီ ရဟန္တာဖြစ်ပြီးနောက် ပုဗ္ဗေနိဝါသာနုဿတိ အရာတွင် ဧတဒဂ်ဘွဲ့ထူးဖြင့်ချီးကျူးခံရ၏။ တနေ့သ၌ သျှင်မဟာကဿပ၏ ဂုဏ်ချီးကျူး မှုကို အဦးပြုကာ မိမိ၏ပြုအပ်သော ကိစ္စပြီးစီးကြောင်း ဥဒါန်းကျူးသော ဂါထာများ။

၆၃။ မြတ်စွာဘုရား၏ သားတော်ဖြစ်၍ တရားအမွေကို ခံထိုက်သော ကောင်းစွာ တည် ကြည်သောစိတ်ရှိသော မဟာကဿပထေရ်သည် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိတော် မူပြီ၊ နတ်ပြည်ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်း အပါယ်ဘုံ၌ ဖြစ်ခြင်းကိုလည်း (ဒိဗ္ဗစက္ခုဖြင့်) မြင်တော် မူပြီ။

၆၄။ ထိုမှတစ်ပါး ဇာတိ၏ကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီ၊ ထူးသော ဉာဏ်ဖြင့် သိ၍ရဟန်းကိစ္စ ပြီးဆုံးခြင်းသို့ ရောက်ပြီ၊ အာသဝက္ခယဉာဏ်ဟူသော အထွတ် အထိပ်သို့ ရောက်ပြီ၊ ဤသို့သုံးပါးသော ဝိဇ္ဇာတို့ဖြင့် ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံ၍ မကောင်းမှုကို အပပြုပြီးသော ရဟန္တာဗြာဟ္မဏအစစ် ဖြစ်တော်မူပေ၏။

၆၅။ ထိုမဟာကဿပထေရ်အတူသာလျှင် ဘဒ္ဒကာပိလာနီသည်လည်း ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏၊ သေခြင်း၏ အကြောင်းကို စွန့်ပယ်ပြီး ဖြစ်၏၊ စစ်သည်ဗိုလ်ပါနှင့်တကွသော ကိလေသမာရ်ကိုအောင်ပြီး၍ အဆုံးစွန်ဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။

၆၆။လောက၌ (အိမ်ထောင်သားမွေးခြင်း၏) အပြစ်ကို မြင်၍ ငါတို့နှစ်ယောက်လုံးအာသဝေါကုန်ပြီးသူတို့ ဖြစ်ကြကုန်၏၊ (ကိုယ်စိတ်နှစ်ပါးကို) ယဉ်ကျေးအောင် ဆုံးမထားပြီး ဖြစ်ကုန်၏၊ ကိလေသာမီး ချုပ်ငြိမ်းပြီးဖြစ်၍ အေးငြိမ်းခြင်းသို့ ရောက်ကြရလေကုန်ပြီ။

ဤသို့လျှင် ဘဒ္ဒါကာပိလာနီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

စတုက္ကနိပါတ် ပြီး၏။

ပဉ္စကနိပါတ်

၁-အညတရထေရီဂါထာ

မိထွေးတော်ဂေါတမီ၏ နို့ထိန်းဖြစ်သော အမျိုးသမီးတစ်ဦးသည် မိထွေးတော်ဂေါတမီ နှင့်အတူရဟန်းပြု၍ ၂၅- နှစ်ပတ်လုံး ကာမရာဂ၏ နှိပ်စက်ခြင်းကြောင့် စိတ်တည်ငြိမ်ခွင့် မရသဖြင့် ငိုကြွေးကာဒမ္မဒိန္နာထေရီထံတွင် တရားနာရမှ တရားအားထုတ်နိုင်၍ မကြာခင် ရဟန္တာဖြစ်လေ၏။ ထိုအခါ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာများ။

၆၇။ ငါသည် ရဟန်းဖြစ်သည်မှ စ၍ နှစ်ဆယ့်ငါးနှစ်တို့ပတ်လုံး လက်ဖျစ်တစ်တွက်လောက် ကာလမျှလည်း စိတ်၏ ငြိမ်သက်တည်ကြည်မှုကို မရခဲ့စဖူး။

၆၈။ ငါသည် စိတ်၏ ငြိမ်သက်ခြင်းကို မရဘဲ ကာမရာဂတည်းဟူသော မိုးရေဖြင့် စိုစွတ် သည်ဖြစ်၍ လက်မောင်းနှစ်ဖက်တို့ကို မြှောက်ချီကာ ငိုကြွေးလျက်သာ ကျောင်းတွင်းသို့ ဝင်ခဲ့ပါ၏။

၆၉။ အကြင် (ဓမ္မဒိန္နာ) ဘိက္ခုနီမသည် ငါယုံကြည်အပ်သော စကား ရှိ၏၊ ထိုဓမ္မဒိန္နာ ဘိက္ခုနီမကို ထိုငါသည် ဆည်းကပ်ပြီ၊ ထိုဓမ္မဒိန္နာသည် ခန္ဓာ, အာယတန, ဓာတ်တို့ကို (ပြလျက်) ငါ့အားတရားဟောခဲ့ပြီ။

၇ဝ။ ထိုဓမ္မဒိန္နာဘိက္ခုနီမ၏ တရားကို ကြားနာရ၍ ငါသည် သင့်လျော်လျောက်ပတ်သော အရပ်သို့ကပ်ရောက်နေထိုင်ခဲ့ပြီ၊ ငါသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိခဲ့ပြီ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ကိုသုတ်သင်အပ်ပြီ။

၇၁။ ငါသည် သူတစ်ပါးတို့၏ စိတ်ကို ပိုင်းခြား၍ သိသော စေတောပရိယဉာဏ်ကိုလည်းကောင်း၊ ဒိဗ္ဗသောတအဘိညာဉ်ကိုလည်းကောင်း သုတ်သင်အပ်ပြီ။ ဣဒ္ဓိဝိဓအဘိညာဉ်ကိုလည်းမျက်မှောက်ပြုအပ်ပြီ၊ အာသဝေါတရားတို့၏ကုန်ရာ အရဟတ္တဖိုလ်နိဗ္ဗာန်သို့ ရောက်ပြီ၊ အဘိညာဉ်ခြောက်ပါးတို့ကို မျက်မှောက်ပြုအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

ဤသို့လျှင် အညတရထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၂-ဝိမလာထေရီဂါထာ

ရုပ်အဆင်းကိုမှီ၍ အသက်မွေးရသော ဝိမလာသည် သျှင်မဟာမောဂ္ဂလ္လာန် ဆွမ်းခံကြွ လာစဉ်မြင်၍တက်မက်သောစိတ်ဖြစ်ကာ မထေရ်၏နေရာသို့ လိုက်သွား၍ ဖြားယောင်း ရာတွင် မထေရ်ကအသုဘတရားဖြင့် ခြိမ်းခြောက်ဆုံးမတော်မူ၏။ ထိုဆုံးမချက်အရ သံဝေဂဖြစ်ပြီးလျှင် ဘိက္ခုနီမတို့ထံရဟန်းပြုလျက် တရားအားထုတ်သည်တွင် မကြာမီ ရဟန္တာဖြစ်၍ မိမိပဋိပတ်ကိုဆင်ခြင်ကာဥဒါန်းကျူးသော ဂါထာများ။

၇၂။ ငါသည် ဂုဏ်ဖြင့်လည်းကောင်း၊ အဆင်းရူပါရုံဖြင့်လည်းကောင်း၊ တင့်တယ်ခြင်းဖြင့် လည်းကောင်း၊ အခြံရံဖြင့်လည်းကောင်း မာန်ယစ်ကာ ပျိုမျစ်နုနယ်သော အဖြစ်ဖြင့်လည်း အဆင့်ဆင့် ပင့်မြှောက်သည်ဖြစ်၍ အခြားတစ်ပါးသော မိန်းမတို့အား မထီမဲ့မြင် ပြုခဲ့ပြီ။

၇၃။ ငါသည် လူမိုက်တို့သာ ချီးမွမ်းစကား ပလွှားပြောဆိုတတ်သော မစင်အတိပြီးသော

ဤခန္ဓာကိုယ်ကိုအလွန်ဆန်းကြယ်စွာ တန်ဆာဆင်ပြီး၍ မုဆိုးသည် ကျော့ကွင်းထောင်ကာ ကျော့ကွင်း အနီး၌ရပ်တည်သကဲ့သို့ ပြည့်တန်ဆာမတို့၏ အိမ်တံခါးဝ၌ ငါ့ကိုယ်တည်းဟူသော ကျော့ကွင်းကို ထောင်၍ရပ်တည်ခဲ့ပါ၏။

၇၄။ လျှို့ဝှက်အပ်သော အင်္ဂါကိုလည်းကောင်း၊ ထင်ရှားပြအပ်သော များစွာသော အဆင်တန်ဆာကိုလည်းကောင်း ပြလျက် များစွာသော လူအပေါင်းကို (ဖြားယောင်းခြင်းငှါ) ရယ်သွမ်းသွေးလျက် အထူးထူးအပြားပြား များစွာသော မာယာကို ပြုလုပ်ခဲ့ပါ၏။

၇၅။ (ထိုငါ ဝိမလာ) သည် ယခုအခါ၌မူ (အသျှင်မဟာမောဂ္ဂလ္လာန်၏ အဆုံးအမ၌ တည် လျက်သာသနာတော်၌ ရှင်ရဟန်းပြု၍) ခေါင်းတုံးရိတ်ကာ ဒုကုဋ်သင်္ကန်းကို ဝတ်ရုံလျက်ဆွမ်းခံလှည့်လည်ပြီးလျှင် သစ်ပင်ရင်း၌ ထိုင်နေကာ ဝိတက်ကင်းသော ဒုတိယဈာန်လျှင် အခြေ ရှိသောအရဟတ္တဖိုလ်ကို ရခဲ့ပြီ။

၇၆။ ငါသည် လူ့ပြည် နတ်ပြည်၌ အကျုံးဝင်သော ယောဂအားလုံးတို့ကို မဂ်ဖြင့် အကြွင်းမဲ့ဖြတ်အပ်ကုန်ပြီ၊ အာသဝေါတရားအားလုံးတို့ကို ကုန်စေကာ ကိလေသာမီး ချုပ် ငြိမ်းပြီးဖြစ်၍ အေးငြိမ်းခြင်းသို့ ရောက်ရလေပြီ။

ဤသို့လျှင် ပြည့်တန်ဆာမ ဖြစ်ဖူးသော ဝိမလာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၃-သီဟာထေရီဂါထာ

သီဟစစ်သူကြီး၏တူမ သီဟာသည် ဦးရီးစစ်သူကြီးအား ဘုရားရှင်တရားဟောသည်ကို နာရ၍ မိဘတို့ထံခွင့်တောင်း ရဟန်းပြုကာ ဝိပဿနာကိုအားထုတ်သော်လည်း စိတ်ကိုမနိုင် သဖြင့် ၇-နှစ်ပတ်လုံး စိတ်သက်သာခွင့်ကို မရသောကြောင့် ကြိုးဆွဲချသေတော့မည်ဟု သစ်ကိုင်းတွင် ကြိုးချည်၍လည်ကိုအစွပ်တွင် ဝိပဿနာဉာဏ်ဖြစ်ပွါး တရားသက်ဝင်၍ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွရဟန္တာဖြစ်လေ၏။ ကြိုးကွင်းလည်း လည်မှကျွတ်သွားလေ၏။ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။

၇၇။ (ငါသည် ) မသင့်မတင့် နှလုံးသွင်းခြင်းဖြင့် ကာမဂုဏ်တို့၌ တပ်မက်မှု (ဆန္ဒရာဂ) နှိပ်စက်အပ်သည်ဖြစ်၍ ငါ၏ စိတ်သည် ငါ့အလိုသို့ မလိုက်သောကြောင့် ရှေးအခါက ပျံ့လွင့်ခဲ့ပါ၏။

၇၈။ ငါသည် (ကာမရာဂစသော) ကိလေသာတို့ နှိပ်စက်အပ်သည်ဖြစ်၍ တင့်တယ်၏ဟူသော အမှတ်သုဘသညာသို့ အစဉ်လိုက်ကာ ကာမရာဂနှင့် ယှဉ်သော စိတ်၏ အလိုသို့ အစဉ်လိုက်လျက် စိတ်၏ ငြိမ်သက်တည်ကြည်မှုကို မရနိုင်တော့ပါ။

၇၉။ ငါသည် ကြုံလှီ၍ ဖြော့တော့သော အဆင်းရှိလျက် အဆင်းမလှသည်ဖြစ်၍ ခုနစ်နှစ်တို့ပတ်လုံး လှည့်လည်နေထိုင်ခဲ့ရ၏။ ငါသည် အလွန်ဆင်းရဲသည်ဖြစ်၍ နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်းရဟန်းချမ်းသာကို မရစဖူးပေ။

၈ဝ။ ထိုသို့ ရဟန်းချမ်းသာကို မရခြင်းကြောင့် ကြိုးကို ယူပြီးလျှင် တစ်ဖန် လူထွက်ခြင်း ထက်ဤတောအုပ်အတွင်း၌ ကြိုးဆွဲချ၍ သေရခြင်းကပင် ငါ့အား မြတ်သေး၏ဟု (နှလုံးသွင်း ကာ) တောတွင်းသို့ ဝင်ခဲ့ပြီ။

၈၁။ ငါသည် ခိုင်မြဲသော ကြိုးကွင်းကို ပြုလုပ်၍ သစ်ကိုင်း၌ ဖွဲ့ချည်ပြီးလျှင် လည်ပင်း၌ ကြိုးကွင်းကိုထည့်သွင်းလိုက်ပါ၏၊ ထိုသို့ ငါသွင်းသည့် အခြားမဲ့၌ မဂ်အစဉ်ဖြင့် ငါ၏ စိတ်သည်ကိလေသာအားလုံးတို့မှ လွတ်မြောက်ခဲ့ပြီ။

ဤသို့လျှင် သီဟာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၎-သုန္ဒရီနန္ဒာထေရီဂါထာ

ဇနပဒကလျာဏီဟူ၍၄င်း, နန္ဒာဟူ၍၄င်း အမည်တွင်သော သုန္ဒရီနန္ဒာသည် ဆွေတော် မျိုးတော်များရဟန်းပြုကြကုန်သဖြင့် သဒ္ဓါမပါဘဲ ဆွေမျိုးစိတ်ဖြင့် ရဟန်းပြု၏။ အဆင်း မာန်တက်၍ တရားမရဘုရားရှင်က နိမ္မိတရုပ်အသွင် ဖန်ဆင်း၍ တရားဟောတော်မူမှ တရား အဆုံးတွင် ရဟန္တာဖြစ်၍ မိမိပဋိပတ်ကို ဆင်ခြင်၍ ဥဒါန်းကျူးသော ဂါထာများ။

၈၂။ နန္ဒာ ကျင်နာနှိပ်စက်သော မစင်ကြယ်သည်ဖြစ်၍ ပုပ်သော ခန္ဓာကိုယ်ကြီးကို (ပညာ မျက်စိ) ဖြင့်ရှုစမ်းပါလော့၊ အသုဘဟု အဖန်တလဲလဲ ရှုခြင်းဖြင့် စိတ်ကို တစ်ခုတည်းသော အာရုံရှိအောင်ကောင်းစွာ တည်ကြည်သည်ကို ပြု၍ ပွါးများလေလော့။

၈၃။ ဤအသက်ရှိသော ကိုယ်ကောင်ကဲ့သို့ ထို့အတူ ထိုသင်မြင်ရသော အကောင်ပုပ်သည် မကောင်းသောအနံ့ရှိ၍ ပုပ်သော အနံ့လှိုင်၏၊ ထိုအကောင်ပုပ်ကဲ့သို့ ထို့အတူ ဤ ကိုယ်ကောင်သည်လည်းမကောင်းသော အနံ့ရှိ၍ ပုပ်သော အနံ့လှိုင်သည်သာတည်း၊ ဤသို့ သဘောရှိသော ကိုယ်ကောင်ကြီးကိုသူမိုက်တို့သာ အလွန်နှစ်အပ်၏။

၈၄။ ထိုကိုယ်ခန္ဓာကို ဤသို့ဆိုအပ်ပြီးသော အခြင်းအရာအားဖြင့် နေ့နေ့ညည မပျင်းမရိ သည်ဖြစ်၍ ကြည့်ရှုဆင်ခြင်သည်ရှိသော် ထိုသုတမယဉာဏ် ဖြစ်ပြီးသည့်နောက် မိမိပညာဖြင့် ဖောက်ခွဲ၍မြင်ရလတ္တံ့ (ဟု မြတ်စွာဘုရား ဟောတော်မူ၏)။

၈၅။ မမေ့မလျော့သည်ဖြစ်၍ အသင့်အားဖြင့် စူးစမ်းဆင်ခြင်သော ထိုငါသည် အတွင်း အပနှင့်တကွဖြစ်သော

ဤခန္ဓာကိုယ်ကိုဟုတ်တိုင်းမှန်စွာ မြင်အပ်ပြီ။

၈၆။ ထိုသို့ မြင်အပ်ပြီးသည့်နောက် ငါသည် ခန္ဓာကိုယ်၌ ငြီးငွေ့ခဲ့ပြီ၊ အဇ္ဈတ္တသန္တာန် ၌လည်းတပ်မက်မှုကင်းခဲ့ပြီ၊ ငါသည် မမေ့မလျော့ သံယောဇဉ်ကင်းကာ ကိလေသာမီး ချုပ်ငြိမ်းပြီး ဖြစ်၍ ငြိမ်းအေးခြင်းသို့ ရောက်လေပြီ။

ဤသို့လျှင် သုန္ဒရီနန္ဒာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၅-နန္ဒုတ္တရာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီး နန္ဒုတ္တရာသည် ဝိဇ္ဇာသိပ္ပဆိုင်ရာများကို သင်ကြားတတ်မြောက်၍ဇမ္ဗူဒိပ်အတွင်းလှည့်လည်ကာ ဝါဒပြိုင်ဘက် ရှာနေဆဲတွင် သျှင်မောဂ္ဂလ္လာန်ထံသို့ရောက်၍ပြဿနာမေးသည်တွင် မထေရ်၏သြဝါဒ၌ တည်၍ ရဟန်းပြုကာ ရဟန်းတရားပွါးများလျှင် မကြာခင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ ဥဒါန်းကျူးသော ဂါထာများ။

၈၇။ ငါသည် မီးကိုလည်းကောင်း၊ လကိုလည်းကောင်း၊ နေကိုလည်းကောင်း၊ နတ်တို့ကိုလည်းကောင်းရှိခိုးခဲ့ပါ၏။

မြစ်ဆိပ်တို့သို့ သွား၍ ရေသို့လည်း သက်ဆင်းခဲ့ပါ၏။

၈၈။ ငါသည် (ပဉ္စာတပအကျင့်စသော) များစွာသော ဝတ်အကျင့်ကို ဆောက်တည်၍ ဦးခေါင်း၏ထက်ဝက်သော ဆံပင်ကို ရိတ်ခဲ့ပါ၏၊ မြေ၌ အိပ်ခြင်းကို ပြုခဲ့ပါ၏၊ ငါသည် ညစာထမင်းကို မစားခဲ့ပါ။

၈၉။ (အဝတ်တန်ဆာ ပန်းနံ့သာစသည်တို့ဖြင့်) တန်ဆာဆင်မှု၌ မွေ့လျော်သည်ဖြစ်၍ ရေချိုးခြင်းချေးပွတ်ခြင်းတို့ဖြင့်လည်း ဤခန္ဓာကိုယ်ကို ချီးမြှောက်ထောက်ပံ့ခဲ့ပါ၏၊ ဤသို့ ချီးမြှောက်ထောက်ပံ့မှုပြုသည်ရှိသော် ကာမရာဂဖြင့် နှိပ်စက်ခြင်း ခံရပါ၏။

၉ဝ။ ထို့နောက် (အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်ထံ၌ အဆုံးအမခံသဖြင့် သာသနာတော်၌) ယုံကြည်မှု 'သဒ္ဓါ'တရားကို ရ၍ အိမ်ရာမထောင်သော ရဟန်းဘောင်၌ ရဟန်းပြုခဲ့ပါ၏။

၉၁။ (ငါသည် ) ဘဝအားလုံးတို့ကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ အလိုရမ္မက်ကိုလည်းကောင်း၊ (ဘဝ၌) တောင့်တမှု 'ပတ္ထနာ'ကိုလည်းကောင်း အကြွင်းမဲ့ ဖြတ်အပ်ပြီ။ ယောဂအား လုံးတို့မှ ကင်းသည်ဖြစ်၍ စိတ်၏ ငြိမ်သက်ခြင်းသို့ ရောက်ခဲ့ရပေပြီ။

ဤသို့လျှင် နန္ဒုတ္တရာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၆-မိတ္တာကာဠီထေရီဂါထာ

ကုရုတိုင်း ကမ္မာသဓမ္မနိဂုံး၌ မဟာသတိပဋ္ဌာန်တရားကို ဟောကြားရာတွင် သဒ္ဓါတရား ဖြစ်၍ ဘိက္ခုနီမတို့ထံ၌ ရဟန်းပြုခဲ့သော မိတ္တာကာဠီသည် ၇-နှစ်ပတ်လုံး လာဘ်ပူဇော်မှုကို တပ်မက်၍နေခဲ့ရာနောင်သံဝေဂဖြစ်ပွါး၍ တရားအားထုတ်လျှင် မကြာခင် ရဟန္တာဖြစ်၏။ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ဥဒါန်းကျူးသော ဂါထာများ။

၉၂။ ငါသည် ယုံကြည်မှု 'သဒ္ဓါ'တရားဖြင့် အိမ်ရာထောင်သော လူ့ဘောင်မှ ထွက်ပြီးလျှင် ရဟန်းဘောင်၌ရဟန်းပြုခဲ့၍ လာဘ်ပူဇော်သကာ၌ လုံ့လပြုလျက် ထိုထိုတရားဟောခြင်း စသော လာဘ်ရကြောင်းဖြင့်လှည့်လည်ခဲ့ပါ၏။

၉၃။ ငါသည် မြတ်သော (ဈာန်, ဝိပဿနာ, မဂ်, ဖိုလ်စသော) အကျိုးကို စွန့်ပစ်၍ ယုတ်သော (ပစ္စည်း လေးပါးတည်းဟူသော) (အာမိသ) အကျိုးကို မှီဝဲခဲ့ပြီ၊ ကိလေသာတို့၏ အလိုနိုင်ငံသို့ လိုက်သည်ဖြစ်၍ ရဟန်းကိစ္စကို ငါ မသိခဲ့။

၉၄။ ထိုငါသည် နေရာတိုက်ခန်း၌ ထိုင်နေစဉ် ထိတ်လန့်မှု 'သံဝေဂ'တရား ဖြစ်ပေါ်ခဲ့၏၊ ငါသည် (ပစ္စည်း၌ တပ်မက်မှု) တဏှာ၏ အလိုနိုင်ငံသို့ လိုက်၍ သူတော်ကောင်းတို့ သွားမြဲ မဟုတ်သောခရီးမှားသို့ သွားခဲ့၏။

၉၅။ ငါ၏ အသက်သည် နည်း၏၊ အိုခြင်း နာခြင်းသည်လည်း ငါ့ကို နှိပ်စက်နေ၏၊

ဤကိုယ်ခန္ဓာသည်မချွတ်ပျက်စီးလတ္တံ့၊ ငါ့အား မေ့လျော့ခြင်းငှါ အခါကာလ မဟုတ်တော့ချေ (ဟု ထိတ်လန့်မှု 'သံဝေဂ'တရား ဖြစ်ပေါ်ခဲ့၏)။

၉၆။ ငါသည် ဥပါဒါနက္ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ဟုတ်တိုင်းမှန်စွာ ရှုဆင်ခြင်သည်ရှိ သော်ကိလေသာတို့မှ လွတ်သော စိတ်ရှိသည်ဖြစ်၍ ဘဝမှ ထမြောက်ခဲ့ပြီ၊ မြတ်စွာဘုရားဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

ဤသို့လျှင် မိတ္တာကာဠီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၇-သကုလာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီး သကုလာသည် ဇေတဝန်ကျောင်းတော် အလှူပွဲတွင် ဥပါသိကာ ဖြစ်ပြီးနောက် ရဟန္တာတစ်ပါးထံ၌ တရားနာရ၍ ရဟန်းပြု ဝိပဿနာပွါးသည်တွင် မကြာခင် ရဟန္တာဖြစ်လေ၏။ ထိုအခါ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာများ။

၉၇။ ငါသည် အိမ်ရာထောင်သော လူ့ဘောင်၌ နေထိုင်စဉ် ရဟန်း (တစ်ပါး)၏ တရား စကားကိုကြားနာရ၍ ကိလေသာမြူကင်းသော (မသေခြင်း၏) အကြောင်းဖြစ်သော စုတေရွေ့ လျောမှု မရှိသောနိဗ္ဗာန်ကို မြင်တွေ့ရပြီ။

၉၈။ ထိုငါသည် သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း၊ ဥစ္စာစပါးကိုလည်းကောင်း စွန့်ပစ်၍ဆံပင်တို့ကို ရိတ်ဖြတ်စေပြီးလျှင် အိမ်ရာမထောင်သော ရဟန်းဘောင်၌ ရဟန်းပြုခဲ့ ပါ၏။

၉၉။ ငါသည် သိက္ခမာန်သာ ဖြစ်သေးလျက် မဇ္ဈိမပဋိပဒါခရီးဖြစ်သော အထက်မဂ်ကို ဖြစ်စေသည်ရှိသော်ရာဂဒေါသကိုလည်းကောင်း၊ ထိုရာဂဒေါသနှင့် တူသော တည်ရာရှိသောအာသဝေါတရားတို့ကိုလည်းကောင်း ပယ်စွန့်နိုင်ခဲ့ပြီ။

၁ဝဝ။ ငါသည် အသက်ပြည့်သောအခါ ပဉ္စင်းခံ၍ ဘိက္ခုနီမဖြစ်လတ်သော် ရှေးဘဝကို အောက်မေ့နိုင်ခဲ့ပြီ၊ ကောင်းစွာ ပွါးများအပ်သော ဒိဗ္ဗစက္ခုအဘိညာဉ်ကို အညစ်အကြေး ကင်းစင်အောင် သုတ်သင်အပ်ပြီ။

၁ဝ၁။ အကြောင်းပစ္စည်းကြောင့် ဖြစ်ကုန်သော ပျက်စီးတတ်သည့် သဘောရှိကုန်သော တေဘူမကသင်္ခါရတရားတို့ကို သူစိမ်းပြင်ပအားဖြင့် ရှုမြင်၍ အာသဝေါတရားအားလုံးတို့ကို ပယ်ခဲ့ပြီ၊ ကိလေသာမီးချုပ်ငြိမ်းပြီးဖြစ်၍ ငြိမ်းအေးခြင်းသို့ ရောက်ခဲ့ပြီ။

ဤသို့လျှင် သကုလာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၈-သောဏာထေရီဂါထာ

သားဆယ်ယောက်ရပြီးမှ လင်ရဟန်းပြုလျှင် ဥစ္စာဟူသမျှကို ခွဲဝေပေးခဲ့၍ ရဟန်းပြုလာ သောသောဏာအမျိုးသမီးကြီးသည် ပြင်းပြင်းထန်ထန်တရားကို အားထုတ်ရာ ဘုရားရှင် မြင်တော်မူ၍ဂန္ဓကုဋိမှ နေလျက်ပင် ရောင်ခြည်တော်လွှတ်ကာ တရားဟောတော်မူသော အဆုံး၌ အရဟတ္တဖိုလ်သို့ရောက်လေ၏။ တနေ့သ၌ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျှက် ဥဒါန်းကျူးသော ဂါထာများ။

၁ဝ၂။ ငါသည် ဤရူပကာယဟုဆိုအပ်သော ခန္ဓာကိုယ်၌ တည်၍ တစ်ကျိပ်သော သားသမီးတို့ကို ဖွားမြင်ခဲ့ပြီးသော် ထိုသို့ဖွားမြင်ရသောကြောင့် ခွန်အားနည်းပါး အိုမင်းသည်ဖြစ်၍ ဘိက္ခုနီမတစ်ဦးထံသို့ချဉ်းကပ်ခဲ့ပါ၏။

၁ဝ၃။ ထိုဘိက္ခုနီမသည် ခန္ဓာ, အာယတန, ဓာတ်တို့ကို ပြလျက် ငါ့အား တရားဟော၏၊ ငါသည် ထိုဘိက္ခုနီမ၏ တရားကို ကြားနာရ၍ ဆံပင်တို့ကို ရိတ်ဖြတ်ကာ ရဟန်းပြုခဲ့ပါ၏။

၁ဝ၄။ ထိုငါသည် သိက္ခမာန်သာ ဖြစ်သေးလျက် ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင်အပ်ပြီ၊ ငါသည် အကြင်ဘုံဘဝ၌ ရှေးက နေခဲ့ဖူးပြီ၊ ထိုသို့ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိပြီ။

၁ဝ၅။ တစ်ခုတည်းသော အာရုံရှိသည် ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ အကြောင်းနိမိတ်ကင်းမှု အနိမိတ္တာနုပဿနာကိုလည်း ပွါးများ၏၊ ငါသည် အရဟတ္တမဂ်၏ အခြားမဲ့၌ဖြစ်သော (အရဟတ္တဖိုလ်) ဝိမောက္ခရှိသူ ဖြစ်ခဲ့ပြီ၊ တစ်စုံတစ်ခုသော အာရုံကို စွဲလန်း၍ မယူဘဲကိလေသာ ငြိမ်းအေးပြီ။

၁ဝ၆။ ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်ပြီ၊ ထိုခန္ဓာငါးပါးတို့သည် အဝိဇ္ဇာတဏှာတည်းဟူသောအမြစ်ပြတ်ကုန်သည်ဖြစ်၍ တည်ကုန်၏၊ ဟယ် ယုတ်မာလှစွာသော ဇရာ သင်၏ ဖြစ်ပုံကားစက်ဆုပ်ဖွယ် ကောင်းလေစွတကား၊ ငါ့အား ယခုအခါ နောက်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

ဤသို့လျှင် သောဏာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၉-ဘဒ္ဒါကုဏ္ဍလကေသာထေရီဂါထာ

သူဌေးသမီးဘဒ္ဒါသည် လင်ခိုးသားကြီးကို ချောက်ကမ်းပါးမှ တွန်းချခဲ့၍ နိဂဏ္ဍတို့ ထံတွင် ဆံပင်ကိုထန်းစေ့မှုတ်ဖြင့် နုတ်ခံကာ ရဟန်းပြု၏။ နောက်မှ ဆံပင်တိုးပွါး၍ ကဏ္ဍလကေသာမည်ခဲ့၏။ နိဂဏ္ဍတို့ထံမှ ထွက်ခွာ၍ ပညာအမျိုးမျိုးကို သင်ကြားကာ ပညာစွမ်းပြရန် လှည့်လည်ရင်းသာဝတ္ထိပြည်သို့ ရောက်သောအခါ သျှင်သာရိပုတြာနှင့် ပဌမ တွေ့၍ ပညာစမ်းသည်တွင် ရှုံးလေ၏။ နောက်ဘုရားရှင်ထံရောက် တရားဟော တော်မူသော အခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်မှရဟန်းပြု၍ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာများ။

၁ဝ၇။ ငါသည် ရှေးအခါက (ထန်းစေ့မှုတ်ခွက်ဖြင့်) ဆံပင်တို့ကို နုတ်ပယ်လျက် (တံပူ မသုံးသဖြင့်) သွားချေးကပ်သော သွားရှိသည်ဖြစ်၍ အဝတ်တစ်ထည်တည်းသာ ဝတ်ရုံပြီး လျှင် (တက္ကတွန်းပြုကာရေချိုးခြင်းစသော) အပြစ်မရှိသော အမှု၌ အပြစ်ရှိ၏ဟု မာနထောင် လွှားခြင်းစသော အပြစ်ရှိသောအမှု၌ကား အပြစ်မရှိဟု အယူရှိလျက် လှည့်လည်ခဲ့ပါ၏။

၁ဝ၈။ ထိုအခါ ၌ ငါသည် နေ့သန့်စင်ခြင်းငှါ ကျောင်းမှ ထွက်ခဲ့သော် ဂိဇ္ဈကုဋ်တောင်ပေါ်၌ရဟန်းအပေါင်း ခြံရံအပ်သော ကိလေသာမြူ ကင်းသော မြတ်စွာဘုရားကို ဖူးမြင်ရပါ၏။

၁ဝ၉။ ငါသည် ဒူးနှစ်ဖက်ကို ထောက်၍ ရှိခိုးပြီးလျှင် မျက်မှောက်တော်၌ လက်အုပ်ချီခြင်း ကို ပြုပြီ၊ (မြတ်စွာဘုရားသည် ) ''ဘဒ္ဒါ လာလှည့်''ဟု ငါ့ကို မိန့်တော်မူ၏၊ ထိုသို့ မိန့်တော်မူခြင်းသည် ငါ့အားပဉ္စင်းဖြစ်ကြောင်း ဖြစ်ခဲ့ရပါ၏။

၁၁ဝ။ ရှေးအခါ ကိလေသာကြွေးမြီနှင့်တကွ ပြည်သူတို့၏ ဆွမ်းကို စားခဲ့သော ငါသည် အကြင်အင်္ဂတိုင်း, မဂဓတိုင်း, ဝဇ္ဇီတိုင်း, ကာသိတိုင်း, ကောသလတိုင်းကြီးတို့ကို လှည့်လည်သွားလာခဲ့ဖူးလေပြီ၊ (ထိုတိုင်းတို့၌ပင် ယခုအခါ) ကိလေသာ ကြွေးမြီကင်းသည်ဖြစ်၍ အနှစ်ငါးဆယ်တို့ပတ်လုံး ပြည်သူတို့၏ ဆွမ်းကို ငါ စားခဲ့၏။

၁၁၁။ အကြင် ဥပါသကာသည် အလုံးစုံသော ဂန္ထလေးပါးတို့မှ လွတ်သော ဘဒ္ဒါ ထေရီမအားသင်္ကန်းကို ပေးလှူဖူး၏၊ ဤဥပါသကာသည် ပညာရှိပေစွတကား၊ များစွာသော ကောင်းမှုကိုလည်းပွါးများစေဘိ၏တကား။

ဤသို့လျှင် ဘဒ္ဒါကုဏ္ဍလကေသာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၁ဝ-ပဋာစာရီထေရီဂါထာ

သာဝတ္ထိသူဌေးသမီး ပဋာစာရီသည် အိမ်တွင်းအမှုထမ်းတစ်ယောက်နှင့် အိမ်ထောင်ကျ၍လင်နှင့်သားနှစ်ယောက် သေဆုံးသဖြင့် ၄င်း, မိဘသေဆုံးသဖြင့် ၄င်း သောကရူးရူးကာလှည့်လည်ပြေးသွားရင်း ဘုရားရှင်တရားဟောတော်မူရာသို့ ရောက်သွား၍ တရားနာယူရင်း စိတ်ကောင်းဝင်လျှက် ရဟန်းပြုသောအခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။

ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ ဥဒါန်းကျူးသော ဂါထာများ။

၁၁၂။ လူတို့သည် ထွန်တုံးတို့ဖြင့် လယ်ထွန်ကြကုန်သည်ဖြစ်၍ မျိုးစေ့တို့ကို မြေ၌ စိုက် ပျိုးကြကာသားမယားတို့ကို မွေးမြူကြကုန်လျက် ဥစ္စာစပါးကို ရကြကုန်ဘိသေး၏။

၁၁၃။ ငါသည်ကား သီလနှင့် ပြည့်စုံသူ မပျင်းမရိသူ မပျံ့လွင့်သူ ဖြစ်၍ မြတ်စွာဘုရား အဆုံးအမကို လိုက်နာပါလျက် အဘယ့်ကြောင့် နိဗ္ဗာန်ကို မရဘဲ ရှိအံ့နည်း (ရရမည်သာတည်း)။

၁၁၄။ ငါသည် (ဤသို့ကြံစည်၍) ခြေတို့ကို ဆေးသော် မြင့်ရာအရပ်မှ နိမ့်ရာအရပ်သို့ စီးဆင်းသော ခြေဆေးရေကိုလည်း မြင်ရ၍ ခြေဆေးရေတို့၌ (ဝိပဿနာပွါးခြင်း အမှတ်နိမိတ်ကို) ပြု၏။

၁၁၅။ ထို့နောက် လိမ္မာသော ရထားမြင်းထိန်းသည် အာဇာနည်မြင်းကောင်းကို ဆုံးမ သကဲ့သို့ ငါသည် စိတ်ကို ဝိပဿနာသမာဓိဖြင့် ကောင်းစွာ တည်စေပြီးနောက် ငါသည် ဆီမီးကို ယူ၍ ကျောင်းအတွင်းသို့ဝင်ပြီးလျှင် အိပ်ရာနေရာကို (ဆီမီးရောင်ဖြင့်) ကြည့်၍ ညောင်စောင်းငယ်၌ (ထိုင်နေအံ့သောငှါ) အနီးသို့ကပ်၏။

၁၁၆။ ထို့နောင် ငါသည် အပ်သံချွန်ကို ယူ၍ ဆီမီးစာကို ဆွဲချ၏၊ ဆီမီး၏ ငြိမ်းခြင်းကဲ့သို့ စိတ်၏ ကိလေသာတို့မှ လွတ်မြောက်ခြင်းသည် ဖြစ်၏။

ဤသို့လျှင် ပဋာစာရီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၁၁-တိံသမတ္တာထေရီဂါထာ

အမျိုးသမီး ၃ဝ-တို့သည် ပဋာစာရီထေရီထံတွင် တရားနာယူ၍ ရဟန်းပြုကြပြီးလျှင် ဝတ်ပဋိပတ်တို့ကို ဖြည့်ကျင့်နေကြစဉ် ထိုအမျိုးသမီးတို့အား သြဝါဒပေး၏။ ထိုသြဝါဒ၌ တည်ကာဝိပဿနာပွါးကြသည်တွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်ကြ၍ ရွတ်ဆို ကြသော ဂါထာများ။

၁၁၇။ လူတို့သည် (အသက်မွေးခြင်းဟူသော အကြောင်းကြောင့်) ကျည်ပွေ့တို့ကို စွဲကိုင် လျက် စပါးကို ထောင်းကြကုန်၏၊ လူတို့သည် သားမယားတို့ကို မွေးမြူကြကုန်လျက် ဥစ္စာ စပါးကို ရကြဘိသေး၏။

၁၁၈။ အကြင်မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုကျင့်သောကြောင့် နောင်တ တစ်ဖန် မပူပန်ရ၊ ထိုမြတ်စွာဘုရား အဆုံးအမတော်ကို သင်တို့ လိုက်နာပြုကျင့်ကြကုန်လော့၊ လျင်မြန်စွာ ခြေတို့ကို ဆေး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေကြကုန်လော့၊ စိတ်၏ ငြိမ်သက် တည်ကြည်ခြင်းကို အားထုတ်ကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်ကြကုန်လော့ (ဟုပဋာစာရာထေရီသည် သုံးကျိပ်သော ဘိက္ခုနီမတို့ အား ဆုံးမ၏)။

၁၁၉။ ထိုသုံးကျိပ်သော ဘိက္ခုနီမတို့သည် ထိုပဋာစာရာထေရီ၏ စကားကို ကြားနာကြရကုန်၍ ခြေတို့ကို ဆေးကြပြီးလျှင် သင့်တင့်လျောက်ပတ်သော နေရာ၌ နေကြကုန်လျက် စိတ်၏ ငြိမ်သက်တည်ကြည်ခြင်းကို အားထုတ်ကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်ကြကုန်၏။

၁၂ဝ။ (မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ပြုကျင့်ကြကုန်သောကြောင့် ) ညဥ့်ဦးယံ၌ ရှေးဘဝကို အောက်မေ့နိုင်ကုန်၏၊ ညဥ့်သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင်နိုင်ကြကုန်၏၊ ညဥ့်မိုးသောက်ယံ၌ မောဟအစု အမိုက်ထုကို ဖောက်ခွဲနိုင်ကြကုန်၏။

၁၂၁။ (ထိုသုံးကျိပ်သော ဘိက္ခုနီမတို့သည်) နေရာမှ ထကြကုန်၍ (မြတ်သော ထေရီမ) သင်၏အဆုံးအမကို လိုက်နာပြုကျင့်အပ်ပါကုန်ပြီ (ဟု ဆိုကုန်၍ ) ပဋာစာရာထေရီမ၏ ခြေတို့ ကို ရှိခိုးကြကုန်၏၊ စစ်မြေပြင်၌ အသုရာတို့ မအောင်နိုင်သော သိကြားမင်းကို ခြံရံ၍ နေကြကုန်သော တာဝတိံသာနတ်တို့ကဲ့သို့ အကျွန်ုပ်တို့သည် သင့်ကို ခြံရံ၍ နေကြပါကုန်အံ့။ အကျွန်ုပ်တို့သည် အရှင်မပဋာစာရာကြောင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကြရကုန်သည်ဖြစ်၍ အာသဝေါ ကင်းကြရပါကုန်၏။

ဤသို့လျှင် သုံးကျိပ်ကုန်သော ဘိက္ခုနီထေရီမတို့သည် ပဋာစာရာ၏ အထံ၌ အရဟတ္တဖိုလ်ကို ပြောကြားကြကုန်၏။

၁၂-စန္ဒာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီးစန္ဒာသည် စည်းစိမ်ဥစ္စာနှင့် ဆွေမျိုးများပျက်စီးခြင်းကြောင့် ဆင်းရဲနွမ်းပါး ခွက်လက်စွဲကာ တောင်းစားရလေ၏။ တနေ့သ၌ ပဋာစာရီထေရီ၏ ဆွမ်းကြွင်း စွန့်ရာသို့ ရောက်သွားသည်တွင် ဘိက္ခုနီမတို့က သနားသဖြင့် ကျွေးမွေးကြ၏။ သူသည် ဘိက္ခုနီမတို့ကို ကြည်ညို၍ တရားနာယူ သံဝေဂဖြစ်ပွါးလျက် ရဟန်းပြုပြီး၍ ဘာဝနာကို ကြိုးစားသည်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ ရွတ်ဆိုသော ဂါထာများ။

၁၂၂။ ငါသည် ရဟန်းမပြုမီ ရှေးလူဖြစ်စဉ်အခါက သူဆင်းရဲမ ဖြစ်ခဲ့ပါ၏၊ မုဆိုးမလည်း ဖြစ်ခဲ့ပါ၏၊ သားသမီးလည်း မရှိပါ၊ အဆွေခင်ပွန်း ဆွေမျိုးဉာတိ ကင်းသည်ဖြစ်၍ အစား အဝတ်ကို (ပြည့်စုံလုံလောက်အောင်) မရခဲ့ပါ။

၁၂၃။ ငါသည် ခွက်ကိုလည်းကောင်း၊ တောင်ဝှေးကိုလည်းကောင်း လက်စွဲ၍ တစ်အိမ်မှ တစ်အိမ်သို့ (လှည့်လည်) တောင်းစားရသည့်ပြင် အချမ်းအပူဖြင့်လည်း နှိပ်စက်ခံကာ ခုနစ်နှစ် တို့ပတ်လုံး လှည့်လည်ခဲ့ရပါ၏။

၁၂၄။ ခုနစ်နှစ်လွန်ပြီးနောက် ထမင်းအဖျော်ကို ရသော (ပဋာစာရာ) ဘိက္ခုနီမကို မြင်ရ၍ ချဉ်းကပ်ပြီးလျှင် အိမ်ရာမထောင် ရဟန်းဘောင်၌ ရဟန်းအဖြစ်ကို ပန်ကြားလျှောက်ထား၏။

၁၂၅။ ပဋာစာရာမည်သော ထိုဘိက္ခုနီမသည် ငါ့ကို အစဉ်သနားသဖြင့် ရဟန်းပြုပေး၏၊ ထို့နောက် ငါ့ကိုဆိုဆုံးမ၍ မြတ်သော အကျိုးဖြစ်သော ပဋိပတ်၌ တိုက်တွန်းနှိုးဆော်၏။

၁၂၆။ ငါသည် ထိုပဋာစာရာဘိက္ခုနီမ၏ ဆုံးမစကားကို ကြားနာရ၍ ဆုံးမသောအတိုင်း လိုက်နာပြုကျင့်ပြီ၊ အရှင်မပဋာစာရာ၏ အဆုံးအမသည် အချည်းနှီး မဟုတ်ပါ၊ ဝိဇ္ဇာသုံးပါး နှင့် ပြည့်စုံ၍ အာသဝေါကင်းသူ ဖြစ်ရပါ၏။

ဤသို့လျှင် စန္ဒာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

ပဉ္စကနိပါတ် ပြီး၏။

၆-ဆက္ကနိပါတ်

၁-ပဉ္စသတမတ္ထာထေရီဂါထာ

သားသေဆုံးသဖြင့် သောကကိုယ်စီဖြစ်နေကြသော အမျိုးသမီးငါးရာတို့သည် သောကနှိပ်စက်ခြင်းခံရသဖြင့် ပဋာစာရီထေရီထံသို့ ချဉ်းကပ်၍ သောကပျောက်ကြောင်းကို လျှောက်ကြသည်တွင် တရားဟောပြ၍ သံဝေဂဖြစ်ကာ ရဟန်းပြုကြ၍ တရားအားထုတ်ကြလျှင် မကြာခင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ကြ၏။ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။

၁၂၇။ ဤဘဝသို့ လာသော အကြင်သတ္တဝါ၏ လာရာခရီးကိုလည်းကောင်း၊ ဤဘဝမှ သွားသော အကြင်သတ္တဝါ၏ သွားရာခရီးကိုလည်းကောင်း သင် မသိနိုင်ချေ။ (ယင်းသို့ ဖြစ်ပါ လျက်) တစ်စုံတစ်ခုသော အရပ်မှ လာသော ထိုသတ္တဝါကို ငါ့သားဟူ၍ အဘယ်ကြောင့် ငိုကြွေးရဘိသနည်း။

၁၂၈။ ဤဘဝသို့ လာသော ထိုသတ္တဝါ၏ လာရာခရီးကိုလည်းကောင်း၊ ဤဘဝမှ သွားသော ထိုသတ္တဝါ၏ သွားရာခရီးကိုလည်းကောင်း သင်သည် အကယ်၍ သိသည် ဖြစ်စေဦး တော့။ ဤသို့ပင်သိသော်လည်း သတ္တဝါတို့သည်

ဤသို့ သေခြင်းပျက်ခြင်းသဘော ရှိကုန် သည်သာ ဖြစ်သောကြောင့် ထိုသေပြီးသော သားကို သင် မစိုးရိမ်ပါလေလင့်။

၁၂၉။ ထိုသေပြီးသော သင့် သားသည် 'ထိုတမလွန်ဘဝမှ လာလှည့်ပါ'ဟု သင် မတောင်းပန်ရဘဲ ဤဘဝသို့ ရောက်လာ၏၊ 'သွားပါလေတော့'ဟု သင် ခွင့်မပြုဘဲ ဤ ပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝသို့ သွားရ၏၊ တစ်စုံတစ်ခုသော ဘဝမှ (ပဋိန္ဓေနေခြင်းအားဖြင့်) လာ၍ တစ်ရက်နှစ်ရက် နေပြီးလျှင်ဤဘဝမှလည်း တစ်ပါးသော ဘဝသို့ သွားသည် မဟုတ်လော၊ ထိုတစ်ပါးသော ဘဝမှလည်း တစ်ပါးသော ဘဝသို့ သွားရဦးမည် မဟုတ်ပါလော။

၁၃ဝ။ (ထိုထိုဘဝ၌ ဖြစ်ပြီး၍ ယင်းဘဝမှ) ကင်းသော သင်၏ သားသည် (လူ၏ အသွင်အပြင် စသည်ဖြင့် ထိုထိုဘဝ၌ ဖြစ်သည်၏ အစွမ်းဖြင့်) ကျင်လည်ရသည်ဖြစ်၍ (ထိုထို ဘဝသို့) သွားရလတ္တံ့၊ (သင်၏ သားသည်) မသိရသော ဘဝမှ မခေါ်ရဘဲ ဤဘဝသို့ လာ သကဲ့သို့ ထိုအတူ (ခွင့်မပြုဘဲ) မသိရသော ဘဝသို့ သွား၏၊ ထိုသို့လာလိုက လာ၍ သွားလိုက သွားသော သင့်သားအပေါ်၌ ငိုကြွေးခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။

၁၃၁။ မြင်နိုင်ခဲသော နှလုံး၌ မှီသော ငါ၏ သောကတည်းဟူသော ငြောင့်ကို ပယ်နုတ် နိုင်လေပြီတကား၊ စိုးရိမ်မှု 'သောက'ဖြင့် အနှိပ်စက်ခံနေရသော ငါ၏ သားကို စွဲ၍ ဖြစ်သော စိုးရိမ်မှု 'သောက'ကို ပယ်နုတ်နိုင်ပေစွတကား။

၁၃၂။ ထိုငါသည် ယခုအခါ သောကတည်းဟူသော ငြောင့်ကို ပယ်နုတ်ပြီးသည့်အပြင် တဏှာတည်းဟူသော မွတ်သိပ်ခြင်းကင်းကာ ကိလေသာ ငြိမ်းအေးသည်ဖြစ်၍ တရားအား လုံးတို့ကို သိတော်မူတတ်သော မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ အရိယာသံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်နေရပါသတည်း။

ဤသို့လျှင် ငါးရာသော ထေရီတို့သည် ဤဂါထာတို့ကို ရွတ်ဆို၏။

၂-ဝါသေဋ္ဌီထေရီဂါထာ

အမျိုးသမီးဝါသေဋ္ဌီသည် မတ်တတ်ပြေးသားကလေး ကွယ်လွန်ရာ သောကအားကြီး၍ ရူးလေ၏။

ဆေးကူးသနေဆဲတွင် ထွက်ပြေး၍ မိထိလာပြည်သို့ ရောက်သောအခါ ဘုရားရှင်နှင့် တွေ့ရသည်တွင် ဘုရား၏ အာနုဘော်ကြောင့် အရူးပျောက်ကင်းလျက် အကျဉ်းချုပ် တရားကို နာရသဖြင့် ဝိပဿနာပွါးရာ မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏။ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။

၁၃၃။ ငါသည် သား၌ ဖြစ်သော စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ပျံ့လွင့်သော စိတ်ရှိသူ မိန်းမောတွေဝေသူ အရူးမဖြစ်ခဲ့ပါ၍ အဝတ်မပါ ဗလာကိုယ်တည်း ဖရိုဖရဲ ဖြန့်ကျဲ သော ဆံပင်ရှိလျက် ထိုထိုရွာနိဂုံးသို့ လှည့်လည်ခဲ့ပါ၏။

၁၃၄။ တံမြက်ချေးစု အမှိုက်ပုံတို့၌လည်းကောင်း၊ သုသာန်သင်္ချိုင်း၌လည်းကောင်း၊ ခရီးမတို့၌လည်းကောင်း ဆာလောင်မွတ်သိပ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ သုံးနှစ်တိုင်တိုင် လှည့်လည်နေခဲ့ရပါ၏။

၁၃၅။ ထို့နောက် ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်သော, မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော, မည်သည့်အရပ်ကမှ ဘေးရှိတော်မမူသော မြတ်စွာဘုရားကို မိတ္ထိလာပြည်သို့ ရှေးရှုကြွသွားတော်မူသည်ကို ဖူးမြင်ရပါ၏။

၁၃၆။ ထိုအခါ ငါသည် (ဘုရား၏ အာနုဘော်ဖြင့် ရူးသွပ်ခြင်း ပျောက်ကာ) ပကတိ မိမိစိတ်ကို ရ၍ ရှိခိုးပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ခဲ့ပါ၏၊ ဂေါတမအနွယ်ဖြစ်တော်မူ သော ထိုမြတ်စွာဘုရားသည် ငါ့အား အစဉ်သနားသဖြင့် တရားဟောတော်မူပါ၏။

၁၃၇။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာမှတ်သား၍ အိမ်ရာမထောင် သောရဟန်းဘောင်၌ ရဟန်းပြုခဲ့ပြီ၊ မြတ်စွာဘုရား သာသနာတော်၌ အားထုတ်သည်ဖြစ်၍ ဘေးဥပါဒ်မရှိ အေးငြိမ်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုရပြီ။

၁၃၈။ ငါသည် စိုးရိမ်မှုအားလုံးတို့ကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ ပယ်အပ်ကုန်ပြီ၊ အကြင်ဥပါဒါနက္ခန္ဓာငါးပါး အကြောင်းတရားတို့ကြောင့် စိုးရိမ်မှု 'သောက'တို့ ဖြစ်ပေါ်လာရ၏၊ ထိုစိုးရိမ်မှု 'သောက'တို့၏ တည်ရာအကြောင်းတရား ဥပါဒါနက္ခန္ဓာငါးပါးတို့ကို (ပရိညာသုံးပါး တို့ဖြင့်) ပိုင်းခြား၍ သိအပ်ကုန်ပြီးဖြစ်ရကား စိုးရိမ်မှုသောကအားလုံးတို့သည် ယခု ငါရ အပ်သော အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြားရှိကုန်၏။

ဤသို့လျှင် ဝါသေဋ္ဌီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၃-ခေမာထေရီဂါထာ

ဗိမ္ဗိသာရမင်းကြီး၏မိဖုရား ခေမာသည် အဆင်းမာန်ယစ်၍ ဘုရားရှင်ထံမသွားပဲနေရာ ဘုရင်၏အမိန့်ဖြင့် ဘုရားရှင်ထံသို့ရောက်လျှင် နိမ္မိတရုပ်ဖန်ဆင်း၍ တရားဟောတော် မူသည်တွင် သောတာပန်တည် ရဟန်းပြုပြီးနောက် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ မဟာပညာဧတဒဂ် ရရှိ၏။ မာရ်နတ်ဖြားယောင်းလာသောအခါ မိမိ၏ ရာဂကင်းပုံနှင့် မာရ်နတ်၏သဘောကို ပြကာ ရွတ်ဆိုသော ဂါထာများ။

၁၃၉။ ခေမာထေရီမ သင်သည် ငယ်ရွယ်နုနယ်၍ အဆင်းလှပေ၏၊ ငါသည်လည်း ငယ်ရွယ်နုနယ်၍ လုလင်ပျို ဖြစ်ပါ၏၊ လာပါလှည့် (ငါတို့သည်) အင်္ဂါငါးပါးရှိသော တူရိယာ မျိုးဖြင့် (တီးမှုတ်ကာ) မွေ့လျော်ပျော်ပါး နေကြပါကုန်စို့ (ဟု မာရ်နတ်က ဆို၏)။

၁၄ဝ။ မာရ်ယုတ် (ငါသည် ) ကာမတဏှာကို (မဂ်ဖြင့်) ပယ်နုတ်ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ကျင်နာနှိပ်စက်၍ ဖျက်ဆီးတတ်သော သဘောရှိသော ဤအပုပ်ကောင်ဖြင့် ငြီးငွေ့လှပါ၏၊ စက်ဆုပ်လှပါ၏။

၁၄၁။ ကာမဂုဏ်တို့သည် ဓား လှံ သံတံကျင်တို့နှင့် တူကုန်၏၊ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုကာမဂုဏ်တို့၏ ခုတ်စဉ်းဖြတ်ပိုင်းရာ စဉ်းတီတုံးနှင့် တူကုန်၏၊ အကြင်ကာမဂုဏ်၌ မွေ့လျော်ခြင်းကို သင် ပြောဆို၏၊ ထိုကာမဂုဏ်၌ မွေ့လျော်မှုမျိုးသည် ယခုအခါ ငါ့အား မွေ့လျော်နှစ်ခြိုက်ဖွယ် မဟုတ်တော့ပြီ။

၁၄၂။ ငါသည် ခပ်သိမ်းသော အာရုံတို့၌ နှစ်သက်မှု 'တဏှာ'ကို ပယ်ဖျောက်အပ်ပြီ၊ မောဟအစု အမိုက်ထုကို ဖောက်ခွဲအပ်ပြီ၊ မာရ်ယုတ် ဤသို့ တဏှာအဝိဇ္ဇာကို ပယ်အပ်သော သူဟု ငါ့ကို သိလော့၊ မာရ်ယုတ် သင်သည် ရှုံးသူ ဖြစ်ခဲ့ပြီ။

၁၄၃။ လူမိုက်တို့သည် ဟုတ်တိုင်းမှန်စွာ မသိကြကုန်သောကြောင့် ဂြိုဟ်နက္ခတ်တို့ကို ရှိခိုးကြကုန်လျက် တော၌ မီးကို လုပ်ကျွေးကြကုန်သည်ရှိသော် ကိလေသာမှ စယ်ကြယ်သည်ဟု အောက်မေ့မှတ်ထင်ကြကုန်၏။

၁၄၄။ ငါသည်ကား ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးလျက် မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်သည်ဖြစ်၍ ဆင်းရဲအားလုံးတို့မှ လွတ်မြောက်ခဲ့လေပြီ။

ဤသို့လျှင် ခေမာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၎-သုဇာတာထေရီဂါထာ

သူဌေးသမီး သုဇာတာသည် အိမ်ထောင်ကျပြီးမှ တနေ့သ၌ လင်နှင့်အတူ အခြွေအရံ များပါ ဥယျာဉ်သို့ နက္ခတ်ပွဲကစားရန်သွား၍ အပြန်တွင် မျက်စည်းညိုတော၌ ဘုရားရှင်ကို ဖူးမြင်ရ၍ တရားတော်ကိုနာပြီးသောအခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ပြီးမှ ရဟန်းပြု၏။ ထိုအခါ ပဋိပတ်ကို ဆင်ခြင်၍ဥဒါန်းကျူးသော ဂါထာများ။

၁၄၅-၄၆။ အဝတ်တန်ဆာ ကောင်းစွာ ဝတ်ဆင်ကာ ပန်းတို့ကို ပန်ဆင်လျက် စန္ဒကူး နံ့သာဖြင့် လိမ်းကျံပြီးလျှင် အလုံးစုံသော အဆင်တန်ဆာတို့ဖြင့် (တန်ဆာဆင်သည်၏ အစွမ်း ဖြင့်) ဖုံးလွှမ်းအပ်သော ကိုယ်ရှိသည်ဖြစ်၍ အတင့်အတယ် ပြုထားသော ငါသည် ကျွန်မ အပေါင်းခြံရံလျက် များသော ထမင်း အဖျော် ခဲဖွယ်ဘောဇဉ်ကို ယူ၍ နေအိမ်မှ ထွက်ကာ ဥယျာဉ်သို့ ရှေးရှုဆောင်ခဲ့၏။

၁၄၇။ ထိုဥယျာဉ်၌ မွေ့လျော်ပျော်ပါး ကစားမြူးတူးပြီး၍ မိမိ နေအိမ်သို့ ပြန်လာသည် ရှိသော် သာကေတမြို့အနီး မျက်စဉ်းတော၌ (တည်ရှိသော) ကျောင်းတော်ကို ကြည့်ရှုခြင်းငှါ ဝင်ခဲ့ပါ၏။

၁၄၈။ (ထိုကျောင်းတော်၌) လောက၏ ဆီမီးတန်ဆောင်သဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသော် ရှိခိုး၍ ချဉ်းကပ်ခဲ့ပါ၏၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည် ငါ့အားသနားတော်မူသဖြင့် တရားဟောတော်မူ၏။

၁၄၉။ ငါသည် မြတ်စွာဘုရား၏ တရားကို ကြားနာရ၍ သစ္စာလေးပါးကို ထိုးထွင်းသိပြီ၊ ထိုကျောင်း၌ပင်လျှင် ကိလေသာမြူ ကင်း၍ သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်ကို ရပြီ။

၁၅ဝ။ ထို့နောက် (ငါသည် ) သူတော်ကောင်းတရားကို သိအပ်ပြီး ဖြစ်၍ အိမ်ရာမထောင် သော ရဟန်းဘောင်၌ ရဟန်းပြုပြီ၊ (ငါသည် ) ဝိဇ္ဇာသုံးပါးတို့သို့ ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်သည် အချည်းနှီး မဖြစ်ပါ။

ဤသို့လျှင် သုဇာတာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၅-အနောပမာထေရီဂါထာ

သူဌေးသမီး အနောပမာသည် အရွယ်ရောက်သောအခါ မင်းသူဌေးအမတ်သားတို့က စေ့စပ်တောင်းဆိုလာကြသည်ကို သံဝေဂဖြစ်ကာ ဘုရားရှင်ထံတွင် တရားနာရလျှင် တရား တော်ကို အစဉ်လျှောက်၍ ဝိပဿနာပွါးရာ အနာဂါမ်တည်လေ၏။ ထိုအခါ မှရဟန်းပြု၍ ၇-ရက်မြောက်သောနေ့၌ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် ဥဒါန်းကျူးသော ဂါထာများ။

၁၅၁။ ငါသည် များသော အသုံးအဆောင်ရှိသော များသော ဥစ္စာရှိသော မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၍ ကိုယ်ရေအဆင်း လှပတင့်တယ်ခြင်းနှင့် ပြည့်စုံကာ မဇ္ဈမည်သော သူဌေး၏ ရင်၌ ဖြစ်သောသမီးပါတည်း။

၁၅၂။ ငါသည် မင်းသားတို့ လိုချင်တောင့်တအပ်သူ သူဌေးသားတို့ကလည်း တပ်မက် မောအပ်သူဖြစ်သောကြောင့် (ထိုမင်းသား, သူဌေးသားတို့သည်) 'အကျွန်ုပ်အား အနောပမာ မည်သော သမီးကိုပေးပါလော့'ဟု ငါ၏ ဖခင်ထံသို့ တမန်စေလွှတ်ကြကုန်၏။

၁၅၃။ အရှင်သူဌေး အရှင်သူဌေး၏ အနောပမာမည်သော သမီးကို အကြင်မျှလောက် အဖိုးထိုက်တန်၏ဟု (ရုပ်လက္ခဏာသိသူတို့က) ပိုင်းခြားအပ်၏၊ ထိုထိုက်တန်သော အဖိုးထက် ရှစ်ဆတက်၍ ရွှေငွေကိုလည်းကောင်း၊ ရတနာတို့ကိုလည်းကောင်း ပေးပါအံ့ (ဟု ငါ၏ ဖခင်ထံ တမန်စေလွှတ်ကြကုန်၏)။

၁၅၄။ ထိုငါသည် လူသုံးပါးတို့၏ အကြီးအမှူးဖြစ်တော်မူသော အတုမရှိသော မြတ်စွာဘုရားကို ဖူးမြင်ရသော် ထိုမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် သင့်တင့်လျောက် ပတ်သော နေရာ၌နေ၏။

၁၅၅။ ဂေါတမအနွယ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် အစဉ်သနားတော်မူပါသဖြင့် ငါ့အားတရားဟောတော်မူပါ၏၊ (ငါသည် ) ထိုနေရာ၌ ထိုင်နေလျက်ပင် တတိယမြောက် (အနာဂါမိ) ဖိုလ်ကိုရရှိပါ၏။

၁၅၆။ ထို့နောက် ဆံပင်တို့ကို ရိတ်ဖြတ်၍ အိမ်ရာမထောင်သော ရဟန်းဘောင်၌ ရဟန်းပြု၏၊ ငါသည် (ကမ္မဋ္ဌာန်းအားထုတ်နေစဉ်) ယနေ့ ညဥ့်သည် ခုနစ်ရက်မြောက်ခဲ့လေပြီ၊ ယင်းခုနစ်ရက်မြောက်နေ့၌ပင် အရဟတ္တမဂ်ဖြင့် တဏှာ ကို ခန်း ခြောကေ် စခြဲ့ပ။ီ

ဤသို့လျှင် အနောပမာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၆-မာဟာပဇာပတိဂေါတမီထေရီဂါထာ

ဘိက္ခုနီမအဖြစ်သို့ရောက်ပြီးသော မိထွေးတော်ဂေါတမီသည် ဘုရားရှင်ထံ ချဉ်းကပ်၍ တရားနာ ကမ္မဋ္ဌာန်းတောင်း အားထုတ်သည်တွင် မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏။ နောက်ပါဘိက္ခုနီမငါးရာတို့သည်လည်း နန္ဒကောဝါဒဒေသနာအဆုံးတွင် အဘိညာဉ်ရ ဖြစ်ကြကုန်၏။ ဂေါတမီထေရီသည် ရတ္တညူဧတဒဂ်ဖြင့် ချီးမြှင့်ခြင်းကို ခံရ၍ တနေ့သ၌ ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်ကို ထုတ်ဖော်ချီးကျူးသောအားဖြင့် ရွတ်ဆို သော ဂါထာများ။

၁၅၇။ ကြီးမြတ်သော လုံ့လရှိတော်မူသော (သီလစသော ဂုဏ်တို့ကြောင့်) အလုံးစုံသော သတ္တဝါတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အကြင် အရှင်ဘုရားသည် အကျွန်ုပ်ကိုလည်းကောင်း၊ အကျွန်ုပ်မှတစ်ပါးသော များစွာသော လူအပေါင်းကိုလည်းကောင်း ဆင်းရဲခြင်းမှ လွတ်စေတော်မူပါ၏။ ထိုအရှင်ဘုရားအား ရှိခိုးခြင်း ဖြစ်ပါစေသတည်း။

၁၅၈။ အကျွန်ုပ်သည် အလုံးစုံသော ဒုက္ခသစ္စာကို ပိုင်းခြား၍ သိအပ်ပါပြီ၊ ဒုက္ခ၏ အကြောင်းဖြစ်သောတဏှာဟု ဆိုအပ်သော သမုဒယသစ္စာကို ခြောက်ကပ်စေအပ်ပါပြီ၊ အင်္ဂါ ရှစ်ပါးရှိသော မဂ္ဂသစ္စာကိုလည်း ပွါးစေအပ်ပါပြီ၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသစ္စာကိုလည်း မျက်မှောက်ပြုအပ်ပါပြီ။

၁၅၉။ အကျွန်ုပ်သည် (ဖြစ်ခြင်း၏အကြောင်းစသည်ကို) ဟုတ်တိုင်းမှန်စွာ မသိသောကြောင့် (သံသရာဟူသော သမုဒ္ဒရာ၌) ထောက်ရာ တည်ရာကို မရသည်ဖြစ်၍ အဖန်တလဲလဲ ဖြစ်သည်၏အစွမ်းဖြင့် ကျင်လည်ခဲ့ရလေပြီ၊ (ယခုဘဝ၌) အမိ ဖြစ်၍ (တစ်ပါးသော ဘဝ၌ ထိုအမိ၏) သားဖြစ်ခဲ့ရ၏၊ (ထိုဘဝမှ အခြားသော ဘဝ၌) အဖ ဖြစ်ခဲ့ရ၏၊ အစ်ကို မောင် ဖြစ်ခဲ့ရ၏၊ အဖွားဖြစ်ခဲ့ရ၏။

၁၆ဝ။ ငါသည် (ဓမ္မကာယဖြစ်သော) ထိုမြတ်စွာဘုရားကို အရိယာအမြင်ဖြင့် မြင်အပ်ပြီးသည်သာလျှင်တည်း၊ (ထို့ကြောင့်) ဤငါ၏ ခန္ဓာကိုယ်သည် အဆုံးဖြစ်သော ခန္ဓာကိုယ်တည်း၊ ပဋိသန္ဓေနေခြင်း ဇာတိသံသရာကုန်ပြီ၊ ယခုအခါ ငါ့အား တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။

၁၆၁။ (အကြင်သူသည်) ထက်သန်သော လုံ့လရှိကုန်သော နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိကုန်သော မပြတ် မြဲမြံခိုင်ခံ့သော လုံ့လရှိကုန်သော အညီအညွတ် ဖြစ်ကုန်သော မြတ်စွာဘုရား၏ တပည့်သာဝကတို့ကို ဟုတ်တိုင်းမှန်စွာ မြင်စွမ်းနိုင်၏၊ ထိုသူ၏ ဤသို့ သာဝက တို့ကို မြင်ခြင်းသည် မြတ်စွာဘုရားနှင့် မြတ်စွာဘုရား တပည့်သာဝကတို့အား ရှိခိုးခြင်း မည်၏။

၁၆၂။ ငါ၏ (အစ်မ) မာယာဒေဝီသည် များစွာသော သတ္တဝါတို့၏ အကျိုးငှါ ဂေါတမ အနွယ်ဖြစ်သော သားတော် ဘုရားအလောင်းကို ဖွားမြင်ခဲ့ပေစွတကား၊ ထိုသားတော် မြတ်စွာဘုရားသည် နာခြင်းသေခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့၏ ဆင်းရဲအစုကို နုတ် ပယ်တော်မူပြီ။

ဤသို့လျှင် မဟာပဇာပတိဂေါတမီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၇-ဂုတ္တာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီး ဂုတ္တာသည် အရွယ်ရောက်သောအခါ အိမ်ထောင်မပြုလိုသဖြင့် မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြုကာ ဝိပဿနာပွါး၏။ သို့ရာတွင် သမာဓိမရနိုင်ဘဲရှိနေရာ ဘုရားရှင်က ရောင်ခြည်တော်လွှတ်၍ ၆-ဂါထာဖြင့် သြဝါဒပေးတော်မူသောအခါ ဂါထာအဆုံးတွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဘုရားရှင် သြဝါဒ ပေးတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ။

၁၆၃။ ဂုတ္တာ အကြင်ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန်အကျိုးငှါ ချစ်မြတ်နိုးအပ်သော သားကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာအစုကိုလည်းကောင်း စွန့်၍ ရဟန်းပြုခဲ့၏။ ထိုကိလေသ ပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန် အကျိုးကိုသာလျှင် သင် ပွါးများလော့၊ စိတ်အလိုသို့ မလိုက်လင့်။

၁၆၄။ (ကောက်ကျစ်စဉ်းလဲသော) စိတ်သည် လှည့်ပတ်အပ်သည်ဖြစ်၍ ပညာမရှိကုန်သော ပုထုဇဉ်သတ္တဝါတို့သည် ကိလေသမာရ်၏ အာရုံဖြစ်သော ကာမဂုဏ်၌ မွေ့လျော်ကုန်သည် ဖြစ်ရကား ဘဝများစွာသံသရာပတ်လုံး ကျင်လည်ကြရကုန်၏။

၁၆၅-၆၆။ ဂုတ္တာမည်သော ဘိက္ခုနီမ ကာမဂုဏ်၌ လိုလားမှု 'ကာမစ္ဆန္ဒ'ကိုလည်းကောင်း၊ သူတစ်ပါးစည်းစိမ်ကို ပျက်စီးစေလိုမှု 'ဗျာပါဒ'ကိုလည်းကောင်း၊ 'ငါ၏ ကိုယ် ငါ၏ ဥစ္စာ'ဟု အယူမှားသော 'သက္ကာယဒိဋ္ဌိ'ကိုလည်းကောင်း၊ 'နွား၏ အလေ့အကျင့်စသည်ဖြင့် သံသရာမှထွက်မြောက်၏'ဟု မှားသောအားဖြင့် စွဲလမ်းတတ်သော 'သီလဗ္ဗတပရာမာသ' ဒိဋ္ဌိကိုလည်းကောင်း၊ ငါးခုမြောက် (ဘုရား၌ ယုံမှားခြင်းစသော တစ်ဆယ့်ခြောက်ပါးသော) ယုံမှားမှု 'ဝိစိကိစ္ဆာ'ကိုလည်းကောင်း သင်သည် ထိုသို့ သဘောရှိကုန်သော အောက်ကာမဘုံ၌ ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ်ကုန်သော သံယောဇဉ်တို့ကို (အနာဂါမိမဂ်) ဖြင့် ပယ်စွန့်၍ (သင်သည်) ဤကာမဘုံသို့ တစ်ဖန် မလာရလတ္တံ့။

၁၆၇။ ရူပဘဝ အရူပဘဝ၌ တပ်စွမ်းမှု 'ရူပရာဂ အရူပရာဂ'ကိုလည်းကောင်း၊ ထောင်လွှားမှု 'မာန'ကိုလည်းကောင်း၊ မသိမှု 'မောဟ'ကိုလည်းကောင်း၊ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'ကိုလည်းကောင်း ထိုသို့သဘောရှိကုန်သော (အထက်ရူပဘုံ အရူပဘုံ၌ ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ် ကုန်သော ) ဥဒ္ဓံဘာဂိယသံယောဇဉ်တို့ကို (ဝိပဿနာဖြင့်) ပယ်ခွါ၍ (အရဟတ္တမဂ်ဖြင့်) ဖြတ် ပြီးလျှင် (သင်သည်) ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရလတ္တံ့။

၁၆၈။ ပဋိသန္ဓေနေခြင်းအရင်းရှိသော သံသရာကို ပြီးဆုံးစေ၍ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း ကို ပိုင်းခြားသိလျက် မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် တဏှာတည်းဟူသော မွတ်သိပ်မှု ကင်းသည်ဖြစ်၍ ကိလေသာမီး ငြိမ်းကာ (ချမ်းသာစွာ) သင် နေရလတ္တံ့။

ဤသို့လျှင် ဂုတ္တာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏

၈-ဝိဇယာထေရီဂါထာ

ခေမာထေရီနှင့် မိတ်ဆွေဖြစ်သော ဝိဇယာသည် ခေမာမိဖုရားကို အားကျကာ ခေမာထေရီထံတွင် ရဟန်းပြု၏။

ခေမာထေရီသည် သူ၏အဇ္ဈာသယ အားလျော်စွာ တရားဟောကာ ဝိပဿနာပွါးစေသည်တွင် မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါ ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၁၆၉။ ငါသည် စိတ်၏ ငြိမ်သက်တည်ကြည်မှုကို မရသည်ဖြစ်၍ ငါ၏ စိတ်သည် ငါ့ အလိုသို့ မလိုက်ဖြစ်ရကား လေးကြိမ် ငါးကြိမ်တိုင်အောင် ကျောင်းမှ ထွက်ခဲ့ဖူးပါ၏။

၁၇ဝ-၇၁။ ငါသည် ခေမာထေရီဘိက္ခုနီမကို ချဉ်းကပ်၍ ရိုသေစွာ မေးလျှောက်ခဲ့ပါ၏၊ ထိုခေမာထေရီဘိက္ခုနီမသည် မြတ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ဟူသော အကျိုးကို ရရောက်ခြင်းငှါ ခန္ဓာ, အာယတန, ဓာတ်တို့ကိုလည်းကောင်း၊ အရိယသစ္စာလေးပါးတို့ကိုလည်းကောင်း၊ ဣနြေ္ဒငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါး တို့ကိုလည်းကောင်း၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကိုလည်းကောင်း (ပြလျက်) ငါ့အား တရားဟော၏။

၁၇၂။ ငါသည် ထိုခေမာထေရီဘိက္ခုနီမ၏ တရားစကားကို ကြားနာရ၍ (ခေမာထေရီ ဘိက္ခုနီမ၏) အဆုံးအမကို လိုက်နာပြုကျင့်သောကြောင့် ညဥ့်ဦးယံ၌ ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်ပြီ။

၁၇၃။ ညဥ့်သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကို သုတ်သင်ခဲ့ပြီ၊ ညဥ့်မိုးသောက်ယံ၌ မောဟအစု အမိုက်ထုကို ဖောက်ခွဲနိုင်ပြီ။

၁၇၄။ (ဖလသမာပတ်) ပီတိသုခဖြင့်လည်း ငါ၏ ကိုယ်ကို ပျံ့နှံ့စေ၍ နေပြီ၊ ထိုအခါ ဝိပဿနာစီးဖြန်းသည်မှ ခုနစ်ရက်မြောက်သော နေ့၌ မောဟအစု အမိုက်ထုကို ဖောက်ခွဲနိုင်၍ (ထက်ဝယ်ဖွဲ့သော) ခြေတို့ကို ဆန့်တန်းပြီ။

ဤသို့လျှင် ဝိဇယာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

ဆက္ကနိပါတ် ပြီး၏။

၇-သတ္တကနိပါတ်

၁-ဥတ္တရာထေရီဂါထာ

အမျိုးသမီး ဥတ္တရာသည် ပဋာစာရီထေရီထံတွင် တရားနာရသဖြင့် ရဟန်းပြု၍ ဝိပဿနာပွါးလျှင် မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါ ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၁၇၅။ လူတို့သည် (အသက်မွေးခြင်းဟူသော အကြောင်းကြောင့်) ကျည်ပွေ့တို့ကို စွဲကိုင် လျက် စပါးကို ထောင်းကြကုန်၏၊ လူတို့သည် သားမယားတို့ကို မွေးမြူကုန်လျက် ဥစ္စာစပါးကို ရကြကုန်ဘိသေး၏။

၁၇၆။ အကြင် မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုကျင့်သောကြောင့် နောင်တ တစ်ဖန်မပူပန်ရ၊ ထိုမြတ်စွာဘုရား အဆုံးအမသာသနာတော်၌ (ကမ္မဋ္ဌာန်း) အားထုတ်ကုန်လော့၊ လျင်မြန်စွာ ခြေတို့ကို ဆေးပြီးလျှင် သင့်တင့်သော နေရာ၌ ထိုင်နေကြကုန်လော့။

၁၇၇။ (ဘာဝနာ) စိတ်ကို (ကမ္မဋ္ဌာန်း၌) ထင်စေ၍ (စိတ်၏ ) တစ်ခုတည်းသော အာရုံရှိ သည်ကို ကောင်းစွာ တည်ကြည်ခြင်းကို ပြု၍ တေဘူမကသင်္ခါရတို့ကို သူစိမ်းပြင်ပအားဖြင့် ဆင်ခြင်ကြကုန်လော့၊ အတ္တအားဖြင့် မဆင်ခြင်ကုန်လင့် (ဟု ပဋာစာရာထေရီမသည် ဆုံးမ၏)။

၁၇၈။ ငါသည် ထိုပဋာစာရာမည်သော ထေရီမ၏ အဆုံးအမတရားစကားကို ကြားနာရ၍ ခြေတို့ကို ဆေးပြီးလျှင် သင့်တင့်လျောက်ပတ်သော နေရာ၌ နေခဲ့၏။

၁၇၉။ ညဥ့်ဦးယံ၌ ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ညဥ့်သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင်ခဲ့၏။

၁၈ဝ။ ညဥ့်မိုးသောက်ယံ၌ မောဟအစု အမိုက်ထုကို ဖောက်ခွဲနိုင်ခဲ့ပြီ၊ ထို့နောက် ဝိဇ္ဇာ သုံးပါးနှင့် ပြည့်စုံသည်ဖြစ်၍ (နေရာမှ) ထပြီ၊ မြတ်သော ထေရီမ သင်၏ အဆုံးအမကို လိုက်နာပြုကျင့်ပြီးပြီ။

၁၈၁။ 'စစ်မြေပြင်၌ အသုရာတို့ မအောင်နိုင်သော သိကြားမင်းကို ခြံရံ၍ နေကုန်သော တာဝတိံသာနတ်တို့ကဲ့သို့' ငါသည် သင်ပဋာစာရာထေရီမကို ခြံရံ၍ နေပါအံ့၊ အရှင်မ ပဋာစာရာကြောင့် ငါသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသည်ဖြစ်၍ အာသဝေါ ကင်းရပါ၏။

ဤသို့လျှင် ဥတ္တရာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၂-စာလာထေရီဂါထာ

သျှင်သာရိပုတြာ၏ နှစ်မတော်စာလာသည် မောင်တော်ကြီး ဥပတိဿရဟန်းပြုသွားသော အခါ ငါလည်း ရဟန်းပြုမည်ဟူသော ပြင်းထန်သောဆန္ဒဖြင့် ရဟန်းပြုကာ ဝိပဿနာ ပွါးသည်တွင် မကြာခင် ရဟန္တာဖြစ်လေ၏။

နောင်အခါ အန္ဓဝနတော၌နေစဉ် မာရ်နတ်လာ၍ ဖြားယောင်းသွေးဆောင်လေရာ မိမိ၌ရဟန်းကိစ္စ ပြီးနေပြီဖြစ်ကြောင်း မာရ်နတ်နှင့် အပြန်အလှန် ပြောဆိုကြပုံကို ဥဒါန်းကျူးသော ဂါထာများ။

၁၈၂။ (စာလာမည်သော ) ဘိက္ခုနီမသည် သတိကို ရှေးရှုဖြစ်စေ၍ (အရိယမဂ္ဂဘာဝနာ ဖြင့်) ပွါးစေအပ်ပြီးသော ဣနြေ္ဒရှိသည်ဖြစ်၍ ငြိမ်းအေးသော ခပ်သိမ်းသော သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော စင်စစ် ချမ်းသာလှစွာသော နိဗ္ဗာန်ကို မျက်မှောက်ပြုသောအားဖြင့် သိပြီ။

၁၈၃။ စာလာ သင်သည် အဘယ်ဆရာကို ရည်မှန်း၍ ခေါင်းတုံးရိတ်သနည်း၊ (သင်္ကန်း ကိုဆောင်သဖြင့်) ရဟန်းမိန်းမကဲ့သို့ တွေ့မြင်ရ၏၊ ရသေ့ပရိဗိုဇ်တို့၏ ပါသဏ္ဍအယူတို့ကို သင် မနှစ်သက်ခဲ့၊ အဘယ့်ကြောင့် ဤ (ရသေ့ပရိဗိုဇ်တို့၏ ပါသဏ္ဍအယူဖြင့် စီရင်အပ်သော ဖြောင့်မတ်သော နိဗ္ဗာန်) ခရီးကို (ပယ်စွန့်လျက်) တွေဝေကာ လှည့်လည်ဘိသနည်း (ဟု မာရ်နတ်က ဆို၏)။

၁၈၄။ မာရ်ယုတ် ဤမြတ်စွာဘုရား သာသနာတော်မှ အပဖြစ်သော ပါသဏ္ဍအယူရှိသူတို့ သည် (သဿတစသော) ဒိဋ္ဌိတို့ကို ကပ်မှီသောအားဖြင့် ယူကုန်၏၊ ထိုပါသဏ္ဍအယူရှိသူတို့သည် ဖြစ်ခြင်းသဘောရှိသော တရားကိုလည်း မသိကုန်၊ မဖြစ်ခြင်းတရားသဘော၌လည်း မလိမ္မာကြကုန်။

၁၈၅။ သာကီဝင်မင်းမျိုး၌ ဖြစ်တော်မူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူသော မြတ်စွာဘုရားသည် (လောက၌ ထင်ရှား) ရှိတော်မူ၏၊ ထိုမြတ်စွာဘုရားသည် ငါ့အား မိစ္ဆာအယူ အားလုံးတို့ကို လွန်ကြောင်းဖြစ်သော သစ္စာတရားကို ဟောတော်မူ၏။

၁၈၆။ ဒုက္ခသစ္စာကိုလည်းကောင်း၊ ဒုက္ခကို ဖြစ်စေတတ်သော တဏှာဟုဆိုအပ်သော သမုဒယသစ္စာကိုလည်းကောင်း၊ ဝဋ်ဒုက္ခကို လွန်ရာဖြစ်သော နိဗ္ဗာန်ဟုဆိုအပ်သော နိရောဓသစ္စာကိုလည်းကောင်း၊ ဝဋ်ဒုက္ခ၏ ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ္ဂသစ္စာကိုလည်းကောင်း (ဟောတော်မူ၏)။

၁၈၇။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သာသနာတော်၌ မွေ့ လျော်ကာ နေ၏၊ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်၏၊ မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

၁၈၈။ (ငါသည် ) အလုံးစုံသော အာရုံတို့၌ နှစ်သက်မှု 'တဏှာ'ကို ဖျောက်အပ်ပြီ၊ မောဟ အစုအမိုက်ထုကို ဖောက်ခွဲအပ်ပြီ၊ မာရ်ယုတ် ဤသို့ တဏှာအဝိဇ္ဇာကို ပယ်သောသူဟု ငါ့ကို သိလော့၊ မာရ်ယုတ် သင်သည် ရှုံးသူ ဖြစ်ခဲ့၏။

ဤသို့လျှင် စာလာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၃-ဥပစာလာထေရီဂါထာ

စာလာထေရီ၏ ညီမအရင် ဥပစာလာသည်လည်း စာလာနည်းတူ ရဟန်းပြု ရဟန္တာ ဖြစ်ပြီးနောက် မာရ်နတ်နှင့် အပြန်အလှန်ပြောဆိုကြပုံကို ဥဒါန်းကျူးသော ဂါထာများ။

၁၈၉။ အောက်မေ့မှု 'သတိ' နှင့် ပြည့်စုံသော ပညာမျက်စိနှင့် ပြည့်စုံသော ဥပစာလာ မည်သော ဘိက္ခုနီမသည် ပွါးစေအပ်ပြီးသော ဣနြေ္ဒရှိသည်ဖြစ်၍ မယုတ်မာသည့် ဘုရားစသော ယောက်ျားမြတ်တို့ မှီဝဲအပ်သော ငြိမ်သက်စွာသော နိဗ္ဗာန်ကို မျက်မှောက်ပြုသောအားဖြင့် သိပြီ။

၁၉ဝ။ ဥပစာလာ သင်သည် အဘယ့်ကြောင့် ပဋိသန္ဓေနေမှုကို မနှစ်သက်သနည်း၊ ပဋိသန္ဓေနေသောသူသည် ကာမဂုဏ်ချမ်းသာတို့ကို ခံစားရ၏၊ (ထို့ကြောင့် ပဋိသန္ဓေနေပြီးသော သင်သည်) ကာမဂုဏ်ချမ်းသာဖြင့် မြူးထူးမွေ့လျော်ခြင်းတို့ကို ခံစားဦးလော့၊ (ကာမဂုဏ် ချမ်းသာကို မခံစားလိုက်ရဟု) နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်လင့် (ဟု မာရ် နတ်က ဆို၏)။

၁၉၁။ မာရ်ယုတ် ပဋိသန္ဓေနေရပြီးသော သတ္တဝါအား သေခြင်းသည် ဖြစ်၏၊ ပဋိသန္ဓေ နေရပြီးသော သတ္တဝါအား လက်ခြေတို့ကို ဖြတ်ခြင်းဖြစ်၏၊ ပဋိသန္ဓေနေရသော သတ္တဝါသည် သတ်ခြင်း နှောင်ဖွဲ့ခြင်း စသည်ဖြင့် ပူပန်နှိပ်စက်ခြင်းသို့လည်းကောင်း၊ (တစ်ပါးသော) ဆင်းရဲခြင်းသို့လည်းကောင်း ရောက်ရ၏၊ (ထို့ကြောင့် ပဋိသန္ဓေနေခြင်းကို ငါ မနှစ်သက်)။

၁၉၂။ သာကီဝင်မင်းမျိုး၌ ဖြစ်တော်မူသော မြတ်စွာဘုရားသည် (လောက၌ ထင်ရှား) ရှိ တော်မူ၏၊ ထိုမြတ်စွာဘုရားသည် ငါ့အား ပဋိသန္ဓေနေခြင်းကို လွန်ကြောင်း ဖြစ်သော သစ္စာ လေးပါးတရားကို ဟောတော်မူ၏။

၁၉၃။ ဒုက္ခသစ္စာကိုလည်းကောင်း၊ ဒုက္ခကို ဖြစ်စေတတ်သော တဏှာဟုဆိုအပ်သော သမုဒယသစ္စာကိုလည်းကောင်း၊ ဝဋ်ဒုက္ခကို လွန်ရာဖြစ်သော နိဗ္ဗာန်ဟုဆိုအပ်သော နိရောဓသစ္စာကိုလည်းကောင်း၊ ဝဋ်ဒုက္ခ၏ ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော မြတ်သော အင်္ဂါ ရှစ်ပါးနှင့်ပြည့်စုံသော မဂ္ဂသစ္စာကိုလည်းကောင်း (ဟောတော်မူ၏)။

၁၉၄။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သာသနာတော်၌ မွေ့ လျော်ကာ နေ၏၊ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

၁၉၅။ အလုံးစုံသော အာရုံတို့၌ နှစ်သက်မှုတဏှာကို ဖျောက်အပ်ပြီ၊ မောဟအစု အမိုက် ထုကိုဖောက်ခွဲအပ်ပြီ၊ မာရ်ယုတ် ဤသို့ တဏှာအဝိဇ္ဇာကို ပယ်သောသူဟု ငါ့ကို သိလော့၊ မာရ်ယုတ် သင်သည် ရှုံးသူ ဖြစ်ခဲ့၏။

ဤသို့လျှင် ဥပစာလာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

သတ္တကနိပါတ် ပြီး၏။

၈-အဋ္ဌကနိပါတ်

၁-သီသူပစာလာထေရီဂါထာ

သျှင်သာရိပုတြာ၏ နှစ်မတော် ၃-ပါးအနက် အငယ်ဆုံးဖြစ်သော သီသူပစာလာသည် အစ်မများနည်းတူ သျှင်သာရိပုတြာထံတွင် ရဟန်းပြု၍ ဝိပဿနာကိုပွါးများရာ မကြာခင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ရောက်လျှင် ဖလသမာပတ်ချမ်းသာကို ခံစားနေစဉ် တနေ့သ၌ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ငါ့မှာရဟန်းကိစ္စပြီးပြီဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာများ။

၁၉၆။ သီသူပစာလာမည်သော ရဟန်းမိန်းမသည် စင်ကြယ်သော သီလနှင့် ပြည့်စုံသည်ဖြစ်၍ ဣနြေ္ဒခြောက်ပါးတို့၌ ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကြောင်းဖြစ်သောငြိမ်သက်စွာသော ဖြည့်စွက်သွန်းလောင်းဖွယ် မရှိသော သြဇာရှိသော အရိယမဂ်နိဗ္ဗာန်ကို ဆိုက်ရောက်ရရှိ၏ (ဟု ဥဒါန်းစကားကို ဆို၏)။

၁၉၇။ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း ရှိကြကုန်၏။ အကြင်နတ်ဘုံငါးရပ်တို့၌ သင်သည် ရှေးက နေခဲ့ဖူး၏၊ ထိုသင်နေခဲ့ဖူးသော နတ်ဘုံတို့၌ သင်၏ စိတ်ကို ထားလော့ (ဟု မာရ်နတ်က ဆို၏)။

၁၉၈။ မာရ်ယုတ် တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း ရှိကြကုန်၏။

၁၉၉။ ထိုနတ်တို့သည် တစ်ဘဝမှ တစ်ဘဝသို့ (ကပ်ရကုန်သည်ဖြစ်၍) ထိုထိုကာလဝယ်ခန္ဓာငါးပါးတည်းဟူသော သက္ကာယ၌ ရှေးရှု ပြုကုန်သည်ဖြစ်၍ ငါးပါးတည်းဟူသော သက္ကာယကိုမလွန်နိုင်ကုန်သည် ဖြစ်သောကြောင့် ပဋိသန္ဓေနေခြင်း သေခြင်းသို့ အစဉ်လိုက် ကြရကုန်၏။

၂ဝဝ။ (မာရ်ယုတ် သင် ဆိုသော ကာမလောကသာ မဟုတ်)၊လောကအားလုံးသည် ရာဂမီးစသောတစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် တောက်လောင်နေ၏၊လောကအားလုံးသည် ထပ်တလဲလဲတောက်လောင်နေ၏၊လောကအားလုံးသည် အလျှံတပြောင်ပြောင် မပြတ် တောက်လောင်နေ၏၊လောကအားလုံးသည် ကိလေသာတို့ဖြင့် တုန်လှုပ်ချောက်ချား၏။

၂ဝ၁။ တစ်စုံတစ်ယောက်ကမျှ တုန်လှုပ်ချောက်ချားစေခြင်းငှါ မစွမ်းနိုင်သော (ဂုဏ်အား ဖြင့်ဤမျှသာဟု) နှိုင်းချိန်ခြင်းငှါ မစွမ်းနိုင်သော ပုထုဇဉ်ပုဂ္ဂိုလ်တို့ မမှီဝဲအပ်သော လောကုတ္တရာတရားကိုးပါးကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊ ထိုလောကုတ္တရာ တရားကိုးပါး၌ ငါ၏ စိတ်သည်မွေ့လျော်၏။

၂ဝ၂။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သာသနာတော်၌ မွေ့ လျော်ကာဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာ ပြုကျင့်အပ်ပြီ။

၂ဝ၃။ အလုံးစုံသော အာရုံတို့၌ နှစ်သက်မှု 'တဏှာ'ကို ဖျောက်အပ်ပြီ၊ မောဟအစု အမိုက်ထုကိုဖောက်ခွဲအပ်ပြီ၊ မာရ်ယုတ် ဤသို့ တဏှာအဝိဇ္ဇာကို ပယ်သောသူဟု ငါ့ကို သိလော့၊ မာရ်ယုတ်သင်သည် ရှုံးသူ ဖြစ်ခဲ့၏။

ဤသို့လျှင် သီသူပစာလာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

အဋ္ဌကနိပါတ် ပြီး၏။

၉-နဝနိပါတ်

၁-ဝဍ္ဎမာတုထေရီဂါထာ

ဝဍ္ဎမည်သော သားတစ်ယောက်မိခင် ဝဍ္ဎမာတာသည် သားကိုဆွေမျိုးတို့ထံအပ်ခဲ့၍ ဘိက္ခုနီမတို့ထံတွင် ရဟန်းပြုခဲ့၏။ (ဝဍ္ဎထေရဂါထာတွင် ဆိုခဲ့ပြီးဖြစ်၏။) သားရဟန်းက မယ်တော်ကိုဆုံးမသော ဂါထာ

မယ်တော်လျှောက်ထားပြန်ကြားသော ဂါထာများ။

၂ဝ၄။ ချစ်သား ဝဍ္ဎလောက၌ ကေိ လသာဟေူ သာ တောချုသံ ည် သင့်အား တစ်ရံ တဆစ်မျှမဖြစ်စေလင့်၊ သားချစ် ဝဍ္ဎ သင်သည် အဖန်ဖန် ပဋိသန္ဓေနေခြင်းစသော ဆင်းရဲ၏ အဖို့ဖြစ်သောကိလေသာရှိသူ မဖြစ်ပါစေလင့်။

၂ဝ၅။ ထိုစကားမှန်၏၊ ချစ်သား ဝဍ္ဎ ရဟန္တာအရှင်မြတ်တို့သည် တုန်လှုပ်ချောက်ချား စေတတ်သည့်တဏှာ မရှိကုန်သည်ဖြစ်၍ ယုံမှားသံသယကို ဖြတ်တောက်ကြကာ ကိလေသာ ငြိမ်းအေးကုန်သည်ဖြစ်၍ ယဉ်ကျေးခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အာသဝေါကင်းကုန် လျက် ချမ်းသာစွာ နေကုန်၏။

၂ဝ၆။ ချစ်သား ဝဍ္ဎ မဂ်ဉာဏ်အမြင်ကို ရခြင်းငှါလည်းကောင်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှါလည်းကောင်း ထိုရဟန္တာ (ဣသိ) တို့သည် ကျင့်အပ်လေ့ကျက်အပ်သော သမထဝိပဿနာတည်းဟူသော အကြောင်းကို ပွါးများလော့ (ဟု ဘိက္ခုနီမကျောင်းသို့ လာသော မိမိသားဝဍ္ဎထေရ်ကို မယ်တော် ထေရီမက လျှောက်၏)။

၂ဝ၇။ မယ်တော် ဤသို့ အကျိုးစီးပွါးနှင့် စပ်သော အဆုံးအမကို ရဲဝံ့စွာသာလျှင် ငါ့အား ပြောဆို၏၊ မြတ်နိုးအပ်သော မယ်တော် (သား၌ ချစ်မြတ်နိုးတတ်သော) ကိလေသာဟူသော တောချုံသည်လည်း သင်မယ်တော်အား မရှိတော့လေယောင်တကား (ဟု ဝဍ္ဎမထေရ်က ဆို၏)။

၂ဝ၈။ ချစ်သား ဝဍ္ဎ အယုတ်အမြတ်အလတ်ဖြစ်ကုန်သော အကြောင်းတရားလေးပါးတို့ သည်ပြုပြင်အပ်ကုန်သော အလုံးစုံသော သင်္ခါရတရားတို့သည် ရှိကုန်၏၊ ထိုသင်္ခါရတရား တို့၌လည်းအနည်းငယ်မျှလောက်ပင်သော်လည်း အဏုမြူမျှလောက်ပင်သော်လည်း ကိလေသာ တောချုံသည် ငါ့အားမရှိတော့ပြီ။

၂ဝ၉။ ကမ္မဋ္ဌာန်း၌ မမေ့မလျော့သည်ဖြစ်၍ မကောင်းမှုကို ရှို့မြှိုက်ပြီးသော ငါ့အား အလုံးစုံသောအာသဝေါတရားတို့ ကင်းကုန်ပြီ၊ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရားဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်အပ်ပြီ (ဟု မယ်တော်ထေရီမက ဆို၏)။

၂၁ဝ။ ငါ၏ မယ်တော်သည် မြတ်သော အဆုံးအမ ပေးခြင်းတည်းဟူသော နှင်တံကို ကောင်းစွာဖြစ်စေဘိ၏တကား၊ သားအပေါ်၌ သနားညှာတာသည့်အတိုင်း မြတ်သော နိဗ္ဗာန်အကျိုးနှင့်စပ်ယှဉ်ကုန်သော ဂါထာတို့ကို ဖြစ်စေဘိ၏။

၂၁၁-၂။ ငါသည် ထိုမယ်တော်၏ အဆုံးအမစကားကို ကြားနာရ၍ ငါ့အား တရားနှင့် စပ်သောပြင်းစွာသော ထိတ်လန့်ခြင်းသို့ ရောက်ရပြီ၊ ထိုငါသည် မယ်တော်တိုက်တွန်းအပ် သည်ဖြစ်၍ နေ့ညဥ့်ပတ်လုံး မပျင်းမရိ ယောဂလေးပါးတို့ကုန်ရာ နိဗ္ဗာန်သို့ ရောက်ခြင်းငှါ သမ္မပ္ပဓာန်လုံ့လဖြင့်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ အားထုတ်အပ်သည်ရှိ သော် ကိလေသာတို့၏ ငြိမ်းရာနိဗ္ဗာန်ကို ရပြီ။

ဤသို့လျှင် ဝဍ္ဎမာတာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

နဝနိပါတ် ပြီး၏။

၁ဝ-ဧကာဒသနိပါတ်

၁-ကိသာဂေါတမီထေရီဂါထာ

သူဆင်းရဲအမျိုးသမီး ကိသာဂေါတမီသည် သားတစ်ယောက် မတ်တတ်ပြေးကလေး သေဆုံးရာတွင်စိတ်ဖောက်ပြန်ကာ သားရှင်ဖို့ဆေးကို လှည့်လည်တောင်းနေစဉ် ဘုရားရှင့် ထံ ရောက်သည်တွင် လူမသောဖူးသောအိမ်မှ မုန်ညင်းစေ့ကို အရှာခိုင်း၍ လူမသေ ဖူးသောအိမ် မရှိကြောင်းသိမှသားသေကိုစွန့်၍ ဘုရားရှင့်ထံတွင် တရားနာရာ သောတာပန်တည် ရဟန်းပြု ဝိပဿနာပွါးနေဆဲရောင်ခြည်တော်လွှတ်၍ တရားဟောတော် မူမှ ဂါထာအဆုံးတွင် ရဟန္တာဖြစ်၏။ လူခစီဝရအရာတွင်ဧတဒဂ်ရရှိ၏။ တနေ့သ၌ ပဋိပတ်ကို ဆင်ခြင်လျှက် ကလျာဏမိတ်ဆွေကောင်းကို ချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၂၁၃။ မြတ်စွာဘုရားသည် သတ္တလောကကို ရည်ရွယ်တော်မူ၍ အဆွေခင်ပွန်းကောင်း ရှိသူ၏ အဖြစ်ကိုချီးမွမ်းတော်မူအပ်၏၊ အဆွေခင်ပွန်းကောင်းတို့ကို မှီဝဲဆည်းကပ်ရသူသည် ရှေးက မိုက်ခဲ့သော်လည်းပညာရှိ ဖြစ်နိုင်ပြန်ရာ၏။

၂၁၄။ ထို့ကြောင့် ဘုရားစသော သူတော်ကောင်းတို့ကို (အခါခပ်သိမ်း) မှီဝဲဆည်းကပ် ထိုက်ကုန်၏၊ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်သူတို့အား ပညာ တိုးပွါးနိုင်၏၊ ဘုရားစ သောသူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ရသော ပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းစသော ဆင်းရဲအားလုံးတို့မှလွတ်မြောက်နိုင်ရာ၏။

၂၁၅။ ဒုက္ခသစ္စာကိုလည်းကောင်း၊ ဝဋ်ဒုက္ခ၏ ဖြစ်ကြောင်း တဏှာဟုဆိုအပ်သော သမုဒယသစ္စာကိုလည်းကောင်း၊ ဝဋ်ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ဟုဆိုအပ်သော နိရောဓသစ္စာကိုလည်းကောင်း၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ္ဂသစ္စာကိုလည်းကောင်း ဤအရိယသစ္စာလေးပါး တို့ကို သိရာ၏။

၂၁၆-၇။ မိန်းမအဖြစ်ကို (လျှပ်ပေါ်ခြင်း, ကိုယ်ဝန်ဆောင်ခြင်းစသော အပြစ်တို့ဖြင့်) ဆင်းရဲ၏ဟူ၍မယဉ်ကျေးသူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား သည်ဟောကြားတော်မူအပ်၏၊ လင်တူမယားအဖြစ်ဖြင့် နေရခြင်းသည်လည်း ဆင်းရဲ၏၊ အချို့သောမိန်းမတို့သည် တစ်ကြိမ် သားဖွားရကုန်သည်ရှိသော် ဆင်းရဲကို သည်းမခံနိုင်ကုန် သည်ဖြစ်၍ မိမိလည်ပင်း၌သော်လည်း ဓားဖြင့် လှီးဖြတ်ကြကုန်၏၊ သိမ်မွေ့သော ကိုယ်ရှိ သော မိန်းမတို့သည် အဆိပ်တို့ကို စားကြကုန်၏၊ တွေဝေသဖြင့် ပဋိသန္ဓေနေသော သား သူငယ်ကိုကိုယ်ဝန်ဆောင်ရကုန်သည်ဖြစ်၍ သားအမိနှစ်ယောက်တို့သည်လည်း သေခြင်း အဆုံးရှိသောပျက်စီးခြင်းတို့သို့ ရောက်ကြရကုန်၏။ Ä

၂၁၈။ သားဖွားခါနီး ကာလ၌ ခရီးထွက်ခဲ့သော ငါ (ပဋာစာရာ) သည် မိမိအိမ်သို့ မရောက်မီ လမ်းခရီး၌သားဖွားပြီးလျှင် မြွေကိုက်၍ သေသော လင်ကို မြင်ရပြီ။

၂၁၉။ ငါ၏ သားငယ်နှစ်ယောက်တို့သည် သေခဲ့ကုန်၏၊ လင်သည်လည်း လမ်းခရီး၌ သေခဲ့၏၊ (လင်, သားသေသည်ဖြစ်၍) ငြိုငြင်ဆင်းရဲနေရသော ငါ၏ အမိအဖတို့သည်လည်းကောင်း မောင်သည်လည်းကောင်း ထင်းပုံတစ်ပုံတည်း၌ မီးရှို့ခံကြရကုန်၏ (ဟု ပဋာစာရာ သည် ရွတ်ဆို၏)။ÄÄ

၂၂ဝ။ စည်းစိမ်ဥစ္စာစသည်တို့ ပျက်စီးကုန်ခန်းသော အမျိုးသို့ ရောက်ရ၍ သူတစ်ပါးတို့ မထီမဲ့မြင်အပြုခံရသော ကိသာဂေါတမီ သင်ကိုယ်တိုင် အတိုင်း မသိသော ဆင်းရဲကို ခံစားခဲ့ရ ဖူးလေပြီ၊ များသောဘဝအထောင်တို့ပတ်လုံး သင်၏ မျက်ရည်တို့သည်လည်း ယိုစီးခဲ့ရဖူး လေပြီ။

၂၂၁။ ထိုမှတစ်ပါးလည်း မြေခွေးမဖြစ်စဉ် သုသာန်အလယ်၌ နေခဲ့ရ၏၊ (ကျား ကျားသစ်စသည်ဖြစ်စဉ်ကလည်း) သားသမီးတို့၏ အသားကို စားခဲ့ရကုန်၏၊ အမျိုးအနွယ် ပျက်စီးသူ သူခပ်သိမ်းတို့အကဲ့ရဲ့ခံရသူ လင်သေမုဆိုးမ ဖြစ်လျက်လည်း (အဆွေခင်ပွန်း ကောင်းကို မှီဝဲသဖြင့်) သေခြင်းကင်းရာနိဗ္ဗာန်ကို ရပြီ။

၂၂၂။ ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော သေခြင်းကင်းသော နိဗ္ဗာန်သို့ ရောက်စေ တတ်သောမဂ်ကို ပွါးစေအပ်ပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်ပြီ၊ တရားဖြင့် ပြီးသော ကြေးမုံ (မှန်) ကို ငါရှုမြင်ရပြီ။

၂၂၃။ ငါသည် ရာဂစသော ငြောင့်တံသင်းကို အရိယမဂ်ဖြင့် ဖြတ်ပြီးသူ ကိလေသာအဘိသင်္ခါရတည်းဟူသော ဝန်ကို ချပြီးသူ ဖြစ်ပါ၏၊ ငါသည် (ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းစသောတစ်ဆယ့် ခြောက်ပါးသော) မဂ်ကိစ္စကို ပြုအပ်ပြီ၊ ကိသာဂေါတမီ မည်သော ထေရီမသည် (ကိလေသာမှ) ကောင်းစွာ လွတ်သော စိတ်ရှိသည်ဖြစ်၍ ဤသို့သော အနက်ကို ဆိုပြီ။

ဤသို့လျှင် ကိသာဂေါတမီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

ဧကာဒသနိပါတ် ပြီး၏။

Ä ဤနှစ်ဂါထာကား ရှေးဘဝက မိမိ ခံစားခဲ့ဖူးသည်ကို ဆင်ခြင်၍ ရွတ်ဆိုသော ဂါထာတို့တည်း။ ÄÄ ဤနှစ်ဂါထာကား ပဋာစာရာ ရွတ်ဆိုသည်ကို အာရုံပြု၍ ရွတ်ဆို၏၊ မိန်းမဘဝ၏ ဆင်းရဲတို့ကို ထင်ရှားစေရန် ရွတ်ဆိုနေခြင်း ဖြစ်သည်ဟူ၏။

၁၁-ဒွါဒသနိပါတ်

၁-ဥပ္ပလဝဏ္ဏာထေရီဂါထာ

သေူ ဌးသမီး ဥပလ္ပ ဝဏ္ဏာ သည် အရယွေ် ရာက်သောအခါ အလွန်အဆင်းလှသဖြင့် ဇမ္ဗူဒိပ် ကျွန်းအလုံးရှိမင်း, သူဌေးတို့က တောင်းဆိုလာကြရာ အပေးခက်သောကြောင့် ရဟန်း ပြုပါဟု အဖ၏တိုက်တွန်းချက်အရ ရဟန်းပြု၏။

တနေ့သ၌ ဥပုသ်အိမ်တွင် ဆီမီး ညှိထွန်းစဉ် မီးကိုကြည့်ကာဈာန်အခြေခံရလျှက် အရဟတ္တဖိုရ်သို့ ရောက်လေ၏။ တန်ခိုး အရာတွင် ဧတဒဂ်ရသူဖြစ်၏။ တနေ့သ၌ဂင်္ဂါတီရိယမထေရ်, မယ်တော်နှင့် သမီးတို့ လင်တူမယားဖြစ်ရပုံကို ရည်ရွယ်ကာ ကာမဂုဏ်အပြစ်ကိုဆင်ခြင်လျှက် မာရ်နတ်ကို ခြိမ်းခြောက်သောအားဖြင့် သိမ်းကျုံးရွတ်ဆိုသော ဂါထာများ။

၂၂၄။ အမိနှင့် သမီးဖြစ်ကြသူ နှစ်ယောက်ကုန်သော ငါတို့သည် လင်တူမယားတို့ ဖြစ်ကြ ရကုန်၏၊ ထိုငါတို့အား မဖြစ်စဖူး ထူးထူးကဲကဲ ကြက်သီးမွေးညင်း ထခြင်းကို ဖြစ်စေတတ် သော ထိတ်လန့်မှုသံဝေဂ ဖြစ်ခဲ့၏။

၂၂၅။ ကာမဂုဏ်တို့သည် စက်ဆုပ်ဖွယ် ရှိကုန်၏၊ မစင်မကြယ် ရွံ့ရှာဖွယ်ဖြစ်၍ မကောင်းသောအနံ့ ရှိကုန်၏၊ များစွာသော ကိလေသာတည်းဟူသော ဆူးငြောင့်ရှိကုန်၏၊ ယင်းသို့ သဘောရှိသော ကာမဂုဏ်၌ အမိနှင့် သမီးဖြစ်ကြသူ ငါတို့သည် လင်တူမယား ဖြစ်ခဲ့ကြရကုန်၏။

၂၂၆။ ထိုငါသည် ကာမဂုဏ်တို့၌ အပြစ်ကို မြင်၍ ကာမဂုဏ်မှ ထွက်မြောက်ခြင်းကိုဘေးကင်းသောအားဖြင့် ရှုမြင်ပြီးလျှင် ရာဇဂြိုဟ်ပြည်၌ပင် အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်၍အိမ်ရာမထောင် ရဟန်းဘောင်၌ ရဟန်းပြုခဲ့ပြီ (ဟု ဘိက္ခုနီမတစ်ဦး ရွတ်ဆိုသော သံဝေဂသုံးဂါထာကိုရွတ်ဆို၏)။Ä

၂၂၇။ ငါသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင် အပ်ပြီ၊ သူတစ်ပါးစိတ်ကို ပိုင်းခြား၍ သိနိုင်သော စေတောပရိယအဘိညာဉ်ကိုလည်းကောင်း၊ ဒိဗ္ဗသောတအဘိညာဉ်ကိုလည်းကောင်း သုတ်သင်အပ်ပြီ။

၂၂၈။ ငါသည် ဣဒ္ဓိဝိဓအဘိညာဉ်ကိုလည်း မျက်မှောက်ပြုအပ်ပြီ၊ ငါသည် အာသဝက္ခယ ဉာဏ်ကိုရအပ်ပြီ၊ ငါသည် အဘိညာဉ်ခြောက်ပါးတို့ကို မျက်မှောက်ပြုအပ်ကုန်ပြီ၊ ငါသည် မြတ်စွာဘုရားဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

၂၂၉။ ငါသည် မြင်းလေးကောင် ကသော ရထားကို တန်ခိုးဖြင့် ဖန်ဆင်း၍ လူသုံးပါး တို့၏ကိုးကွယ်ရာ ဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ခြေ တော်တို့ကို ရှိခိုး၍ (ရပ်တည်၏)။

၂၃ဝ။ သူငယ်မ သင်သည် အဖျားမှစ၍ ပင်လုံးကျွတ်ပွင့်သော ပန်းပွင့်ရှိသော အင်ကြင်း ပင်ရင်းသို့ချဉ်းကပ်၍ အင်ကြင်းပင်ရင်း၌ တစ်ယောက်ထီးတည်း တည်နေဘိ၏၊ သင့်အား အဖော်တစ်စုံတစ်ယောက်မျှလည်း မရှိ၊ သူငယ်မ သင်သည် မိန်းမကျူးလူရမ်းကားတို့မှ အဘယ်ကြောင့်မကြောက်ဘိသနည်း (ဟု မာရ်နတ်က ဆို၏)။

၂၃၁။ မာရ်နတ် ဤသင်ကဲ့သို့သဘောရှိကုန်သော အသိန်းမကသည်လည်းဖြစ်ကုန်သော မိန်းမကျူးလူရမ်းကားတို့သည် ငါ့ကို ဖျက်ဆီးရန် လာကြစေဦးလော့၊ ငါ၏ မွေးညင်း တစ်ပင်မျှသော်လည်းမထကြွ မလှုပ်ရှားရာ၊ မာရ်နတ် သင်သည် တစ်ယောက်ထီးတည်းသာ ဖြစ်လျက် ငါ့အားအဘယ်သို့သော ဖျက်ဆီးမှုကို ပြုနိုင်လတ္တံ့နည်း။

၂၃၂။ မာရ်နတ် ထိုငါသည် (သင့်ရှေ့၌ တည်လျက်ပင် ကိုယ်ကို) ကွယ်ပျောက်စေအံ့၊ သင် မသိစဉ်သင့်ဝမ်းသို့မူလည်း ဝင်အံ့၊ သင်၏ မျက်မှောင်ကြား၌မူလည်း ရပ်တည်နေအံ့၊ ဤသို့ ရပ်တည်နေသောငါ့ကို သင် မမြင်ရလတ္တံ့။

၂၃၃။ မာရ်နတ် ငါသည် ဈာန်သမာပတ်နှင့် ယှဉ်သော စိတ်၌ လေ့လာပြီးသူ ဖြစ်၏၊ ငါသည် ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်း ပွါးစေအပ်ကုန်ပြီ၊ အဘိညာဉ်ခြောက်ပါးတို့ကို မျက် မှောက်ပြုအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

၂၃၄။ ကာမဂုဏ်တို့သည် ဓားလှံ သံတံကျင်နှင့် တူကုန်၏၊ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုကာမဂုဏ်တို့ကို ခုတ်စဉ်းပိုင်းဖြတ်ရာ စဉ်းတီတုံးနှင့် တူကုန်၏၊ အကြင်ကာမဂုဏ်၌ မွေ့ လျော်ခြင်းကိုသင် ပြောဆို၏၊ ထိုကာမဂုဏ်၌ မွေ့လျော်မှုမျိုးသည် ယခုအခါ ငါ့အား မွေ့ လျော်နှစ်ခြိုက်ဖွယ်မဟုတ်တော့ပြီ။

၂၃၅။ ငါသည် ခပ်သိမ်းသော အာရုံတို့၌ နှစ်သက်မှု 'တဏှာ' ကို ပယ်ဖျောက်အပ်ပြီ၊ မောဟအစု အမိုက်ထုကို ဖောက်ခွဲအပ်ပြီ၊ မာရ်ယုတ် ဤသို့ တဏှာအဝိဇ္ဇာကို ပယ်သောသူဟု ငါ့ကို သိလော့၊ မာရ်ယုတ် သင်ကား ရှုံးသူဖြစ်ခဲ့၏။

ဤသို့လျှင် ဥပ္ပလဝဏ်ထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

ဒွါဒသနိပါတ် ပြီး၏။

Ä ဂင်္ဂါတီရိယမထေရ်၏ အမိနှင့် နှမတို့သည် သားနှင့် မောင်ကို လင်ပြု၍ လင်တူမယားအဖြစ် အတူနေခဲ့ကြရကြောင်းကို ရည်ရွယ်၍ သံဝေဂဖြစ်ရန် ရွတ်ဆိုသော ဂါထာများတည်း။

၁၂-သောဠသနိပါတ်

၁-ပုဏ္ဏာထေရီဂါထာ

အနာထပိဏ်သူဌေး၏ ကျွန်မသမီး ပုဏ္ဏာသည် သီဟနာဒသုတ္တန်အဆုံး၌ သောတာပန် တည်ပြီးနောက် ပုဏ္ဏားတစ်ဦးကို ဆုံးမရာ၌ ချီးမွမ်းခံရ၍ ကျွန်အဖြစ်မှ ခွင့်လွှတ်ကာ ရဟန်းပြု ဝိပဿနာပွါးရာတွင်မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ မိမိ၏ပဋိပတ်ကို ဆင်ခြင်ကာ့ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၂၃၆။ ရေခပ်ရသော ငါသည် အရှင်သခင်တို့၏ လှင်ကန်တံပြာဘေးမှ ကြောက်သည်ဖြစ်၍ လည်းကောင်း၊ ဆိုမြည်ဆဲရေးခြင်း အမျက်ထွက်ခြင်းတည်းဟူသော ဘေးဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ လည်းကောင်း ချမ်းအေးသော အခါ၌လည်း အခါခပ်သိမ်း ရေသို့ သက်ဆင်း ရပါ၏။

၂၃၇။ အိုပုဏ္ဏား သင်သည် အဘယ်ဘေးမှ ကြောက်သည်ဖြစ်၍ အခါခပ်သိမ်း ရေသို့သက်ဆင်းရပါသနည်း၊ (သက်ဆင်းပြီး၍လည်း) (ချမ်း၍) တုန်လှုပ်သော ကိုယ်အင်္ဂါတို့ဖြင့်ခိုက်ခိုက်တုန်အောင် ချမ်းလှသော ဆင်းရဲကို ခံစားရလေဘိ၏ (ဟု ပုဏ္ဏာ ဆို၏)။

၂၃၈။ ပုဏ္ဏာမည်သော အိုရှင်မ ပြုခဲ့ဖူးသော မကောင်းမှုကံကို တားမြစ်နိုင်သော ကုသိုလ်ကံကိုပြုလုပ်အားထုတ်နေသော ငါ့ကို သင်သည် သိလျက်လည်း မေးဘိ၏။

၂၃၉။ အသက်ကြီးသူလည်းဖြစ်စေ၊ အသက်ငယ်သူပင်ဖြစ်စေ အကြင်သူသည် မကောင်းမှု ကိုအလွန်အကျွံ ပြုမိ၏။

ထိုသူသည်လည်း ရေချိုးခြင်းဖြင့် မကောင်းမှုမှ မုချလွတ်မြောက် နိုင်၏ (ဟုပုဏ္ဏားက ဖြေ၏)။

၂၄ဝ။ ပုဏ္ဏား ကံ၏ အကျိုးကို မသိသော သင်ပုဏ္ဏားအား ကံ၏ အကျိုးကို အလျှင်း မသိသောအဘယ်သူက ရေချိုးခြင်းဟူသော အကြောင်းကြောင့် မကောင်းမှုမှ လွတ်မြောက် နိုင်၏ဟု ဤသို့သောအနက်အဓိပ္ပါယ်ကို ပြောဖူးသနည်း။

၂၄၁။ အလုံးစုံသော ဖားနှင့်လိပ်တို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း၊ မိကျောင်းတို့သည်လည်းကောင်း၊ ရေ၌ ကျက်စားကြသော အခြား ငါးမကရ်းစသော သတ္တဝါတို့သည်လည်းကောင်း နတ်ပြည်သို့ ရောက်ကြကုန်လိမ့်မည် ထင်၏။

၂၄၂။ ဆိတ်သတ်သမားတို့သည်လည်းကောင်း၊ ဝက်သတ်သမားတို့သည်လည်းကောင်း၊ တံငါသည် တို့သည်လည်းကောင်း၊ မုဆိုးတို့သည်လည်းကောင်း၊ သူခိုးတို့သည်လည်းကောင်း၊ သူသတ်ယောက်ျားတို့သည်လည်းကောင်း၊ အခြားသော မကောင်းမှုကို ပြုလေ့ရှိကုန်သော သူတို့သည်လည်းကောင်း ရေချိုးခြင်းကြောင့် မကောင်းမှုမှ လွတ်ကြကုန်လိမ့်ယောင်တကား။

၂၄၃။ ဤအစိရဝတီမြစ်တို့သည် ရှေးက ပြုအပ်ပြီးသော သင်၏ မကောင်းမှုကို အကယ်၍မျှောနိုင်ကုန်ငြားအံ့၊ ထိုသို့ မျှောနိုင်ကုန်သော် ဤအစိရဝတီစသော မြစ်တို့သည် သင်၏ကုသိုလ်ကောင်းမှုကိုလည်း မျှောလေကုန်ရာ၏၊ ယင်းသို့ ဖြစ်ခဲ့သော် သင်သည် ထိုကောင်းမှုကံမှအပဖြစ်ရာ၏။

၂၄၄။ ပုဏ္ဏား သင်သည် အကြင်မကောင်းမှုမှ ကြောက်သည်ဖြစ်၍ အခါခပ်သိမ်း ရေသို့ သက်ဆင်း၏၊ ပုဏ္ဏား သင်သည် ထိုကြောက်သော မကောင်းမှုကိုသာလျှင် မပြုပါလင့်၊ (ရေချိုးခြင်းကြောင့် ဖြစ်သော) အချမ်းသည် သင်ပုဏ္ဏား၏ အရေကို မညှဉ်းဆဲ မနှိပ်စက်စေ လင့် (ဟု ပုဏ္ဏာက ဆို၏)။

၂၄၅။ အိုရှင်မ ပုဏ္ဏာ သင်သည် (မကောင်းမှုကို ပယ်ဖျောက်ခြင်းငှါ) ရေချိုးခြင်းဖြင့် မကောင်းမှုမှစင်ကြယ်၏ဟူသော လမ်းမှားသို့ သွားနေသော ငါ့ကို ဘုရားစသော အရိယာ ပုဂ္ဂိုလ်တို့ သွားမြဲဖြစ်သောလမ်းမှန်သို့ ကောင်းစွာ ဆောင်ပေ၏၊ ထို့ကြောင့် ဤပုဆိုးကို သင့်အား (ဆရာစားပြု၍) ပေးလှူပါ၏ (ဟု ပုဏ္ဏားက ဆို၏)။

၂၄၆။ ပုဏ္ဏား ပုဆိုးသည် သင့်အားသာလျှင် ဖြစ်ပါစေလော့၊ ငါသည် ပုဆိုးကို အလို မရှိပါ၊ သင်သည်ဆင်းရဲမှ အကယ်၍ ကြောက်ခဲ့ပါမူ သင်သည် ဆင်းရဲကို မချစ်ခင်ခဲ့ပါမူ-

၂၄၇။ မျက်မှောက်၌သော်လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်း မကောင်းမှုကို မပြုလင့်။ သင်သည် မကောင်းမှုကံကို အကယ်၍ နောင်အခါ၌မူလည်း ပြုခဲ့ပါမူ ယခုလည်း ပြုခဲ့ပါမူ-

၂၄၈။ ဤသို့ပြုသည်ရှိသော် (မကောင်းမှု၏ အကျိုး ငါသို့ မလိုက်နိုင်လတ္တံ့ဟု) ပျံတက်၍့ပြေးသော်လည်း သင့်အား ဆင်းရဲမှ လွတ်ခြင်း မရှိ၊ သင်သည် ဆင်းရဲမှ ကြောက်ခဲ့ပါမူ ဆင်းရဲကိုမချစ်ခဲ့မူ-

၂၄၉။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း၊လောကုတ္တရာ တရားကိုးပါးကိုလည်းကောင်း၊ အရိယာသံဃာရှစ်ယောက်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ဆည်းကပ်လေလော့။ သီလတို့ကို ဆောက်တည်လေလော့၊ ထို (ရတနာသုံးပါးကို ဆည်းကပ်ခြင်း, သီလဆောက်တည်ခြင်း) သည် သင့်အား အကျိုးများခြင်းငှါ ဖြစ်လတ္တံ့ (ဟု ပုဏ္ဏာက ဆို၏)။

၂၅ဝ။ အိုရှင်မ ပုဏ္ဏာ ငါသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း၊ ဆယ်ပါးသောတရားတော်ကိုလည်းကောင်း၊ အရိယာသံဃာရှစ်ယောက်ကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့။ သီလတို့ကိုလည်း ဆောက်တည်ပါအံ့၊ ထို (ရတနာသုံးပါးကိုဆည်းကပ်ခြင်း, သီလဆောက်တည်ခြင်း) သည် ငါ့အား အကျိုးများခြင်းငှါ ဖြစ်ပါလတ္တံ့။

၂၅၁။ ငါသည် ရှေးအခါက (ပုဏ္ဏားတို့ သမုတ်သဖြင့်) ဗြဟ္မာမင်း၏ အဆွေဖြစ်သော ဗြာဟ္မဏဇာတ်ရှိသူဖြစ်ခဲ့၏၊ ယခုအခါသော်ကား မကောင်းမှုကို အပပြုပြီးသော ဗြာဟ္မဏ အစစ် ဖြစ်ခဲ့၏၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူ ဝေဒဟုဆိုအပ်သော မဂ်ဉာဏ်နှင့် ပြည့်စုံသူ ပရမတ္ထအားဖြင့် ချမ်းသာခြင်းရှိသူကိလေသာအညစ်အကြေးတို့ကို ဆေးကြောပြီးသူ ဖြစ်၏။

ဤသို့လျှင် ပုဏ္ဏာထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

သောဠသနိပါတ် ပြီး၏။

၁၃-ဝီသတိနိပါတ်

၁-အမ္ဗပါလီထေရီဂါထာ

ဝေသာလီပြည် သရက်ပင်ရင်း၌ ဖွားမြင်လာသော အမ္ဗပါလီသည် အရုပ်အဆင်း အလွန်လှသဖြင့် များစွာသောမင်းသားတို့ သူရသင့် ငါရသင့် ငြင်းခုန်ကြရာ ထိုရန်ကို ငြိမ်းစေခြင်းငှာ ပြည့်တန်ဆာမအရာ၌ထားခြင်းကို ခံရလေ၏။ သူသည် ဘုရားရှင်၌ ကြည်ညို၍ ကျောင်းဆောက်လှူဒါန်းကာ မိမိ၏သားဝိမလကောဏ္ဍညမထေရ်ထံ တရား နာယူလျှက် မိမိ၏အိုမင်းပုံ၌ သံဝေဂယူ ဝိပဿနာပွါးသည်တွင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျှက် ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆို သော ဂါထာများ။

၂၅၂။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ ဦးခေါင်း၌ ပေါက်သော ဆံပင်တို့သည် မည်းနက် သောအဆင်းရှိကုန်၏၊ ပိတုန်းရောင်နှင့် တူသော အဆင်းရှိကုန်၏၊ ကော့တက်သော အဖျား ရှိကုန်၏၊ (ယခုမူကား) အိုခြင်းကြောင့် ထိုဦးခေါင်း၌ ပေါက်သော ဆံပင်တို့သည် ပိုက်ဆံ လျှော်မျှင်နှင့် တူခဲ့ကုန်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော် သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၅၃။ ငါ၏ မြတ်သော အင်္ဂါဟူသော ခေါင်း၌ ပေါက်သော ဆံထုံးသည် (ရှေးပျိုရွယ်စဉ် အခါက ) (ပန်းနံ့သာမှုန့်စသည်တို့ဖြင့်) ထုံအပ်သော နံ့သာကြုတ်ကဲ့သို့ ကောင်းစွာ မွှေး ကြိုင်သော အနံ့ရှိ၏၊ (စကားပန်း, မုလေးပန်းစသော ပန်းတို့ဖြင့်) ပြည့်သည်ဖြစ်၍ (အညစ်အကြေးကင်း၏)၊ (ယခုမူကား) အိုခြင်းကြောင့် ထိုဦးခေါင်း၌ ပေါက်သော ဆံပင်သည် ပြကတေ့ ညှီစို့စို့ ဆံပင်နံ့သာလျှင် နံပေ၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၅၄။ ငါ၏ ဆံပင်တို့သည် (ရှေးပျိုရွယ်စဉ် အခါက ) ညီညီညွတ်ညွတ် ကောင်းစွာ စိုက်ပျိုးအပ်သော တစ်ခဲနက် ထူထပ်စွာသော အခက်အလက်ရှိသော ပန်းတောကဲ့သို့ ဘီးဖြင့်လည်းကောင်း၊ ရွှေဆံကျင်တို့ဖြင့်လည်းကောင်း သင်အပ်ပြီးသော အဖျားရှိသည်ဖြစ်၍ တင့်တယ်လှပ၏။ (ယခုမူကား) အိုခြင်းကြောင့် ခေါင်း၌ ပေါက်သော ဆံပင်တို့သည် ထိုထို အရပ်၌ ကျဲတောက်တောက်သာလျှင် ကျန်ရှိတော့၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၅၅။ ထိုဦးခေါင်းသည် (ရှေးပျိုရွယ်စဉ် အခါက ) ရွှေဆံကျင် စိန်ဆံထိုးအစရှိသည်တို့ဖြင့်တန်ဆာဆင်အပ်သော မည်းနက်သော ဆံပင်ရှိလျက် ငုရွှေပန်းသဏ္ဌာန် ကောင်းသော ဆံမြိတ်ဆံထုံးတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ တင့်တယ်ခဲ့ပါ၏၊ (ယခုမူကား) ထိုဦးခေါင်းသည်အိုခြင်းတရား နှိပ်စက်အပ်သည်ဖြစ်၍ ဆံပင်ကျွတ်ကာ ခေါင်းပြောင်ခဲ့ပါ၏၊ဟုတ်မှန်သည် ကိုသာဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟော တော်မူတိုင်းမှန်သည်သာတည်း။

၂၅၆။ (ရှေးပျိုရွယ်စဉ်အခါက ) ငါ၏ ကောင်းစွာ လှပတင့်တယ်သော မျက်ခုံးအရေးတို့ သည်ညိုသောအဆင်းဖြင့် ပန်းချီဆရာ ကောင်းစွာ ရေးခြယ်အပ်သော အရေးတို့ကဲ့သို့ ကောင်းစွာတင့်တယ်ကုန်၏၊ ယခုအခါ အိုခြင်းကြောင့် ထိုမျက်ခုံးအရေးတို့သည် နဖူးစွန်း၌ ဖြစ်သောအရေတွန့်တို့ဖြင့် တွန့်ရရွန့် တွဲရရွဲကျလျက် တည်ကုန်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသောမြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၅၇။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ မျက်လုံးတို့သည် မြလက်စွပ်ကဲ့သို့ ပြိုးပြိုးပြက် သောအရောင်ရှိသည်ဖြစ်၍ အလွန်နှစ်သက်ဖွယ် ရှိကုန်၏၊ အလွန်ညိုသည်ဖြစ်၍ ကျယ် ဝန်းကုန်၏၊ ယခုမူကား ထိုငါ၏ မျက်လုံးတို့သည် အိုခြင်းတရား နှိပ်စက်အပ်သည်ဖြစ်၍ မတင့်တယ်ကြလေတော့ကုန်၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကား တော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၅၈။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ နှာခေါင်းနှာတံသည် အလွန်ပျိုနုသော အရွယ်ကို စွဲကာ သိမ်မွေ့စွာထင်ပေါ်လျက် (ကြွင်းသော မျက်နှာအစိတ်အပိုင်းတို့နှင့် လျောက်ပတ်သည်ဖြစ်၍) တင့်တယ်၏၊ ယခုမူကား အိုခြင်းကြောင့် ထိုနှာခေါင်းနှာတံသည် သားရေကြိုးထုံးကဲ့သို့ ဖြစ်၏၊ဟုတ်မှန်သည်ကိုသာဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုး တခြား မဖြစ်) ဟောတော်မူတိုင်းမှန်သည်သာတည်း။

၂၅၉။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ နားရွက်တို့သည် ကောင်းစွာ ပြုအပ် ကောင်းစွာ ပြီးစေအပ်သော ရွှေလက်ကောက်ကဲ့သို့ တင့်တယ်ကုန်၏၊ ယခုမူကား အိုခြင်းကြောင့် ထိုငါ၏ နားရွက်တို့သည် အရေတွန့်တို့ဖြင့် တွန့်ရရွန့် တွဲရရွဲ ရှည်တွဲကျကုန်၏၊ဟုတ်မှန်သည်ကို သာ ဆိုလေ့ရှိသောမြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူ တိုင်း မှန်သည်သာတည်း။

၂၆ဝ။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ သွားတို့သည် ငှက်ပျောငုံအကင်းနှင့် တူသော သဏ္ဌာန်ရှိကုန်သည်ဖြစ်၍ တင့်တယ်ကြကုန်၏၊ ယခုမူကား အိုခြင်းကြောင့် ထိုငါ၏ သွားတို့ သည်ကျိုးပျက်မည်းနက်ကုန်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၆၁။ (ရှေးပျိုရွယ်စဉ် အခါက ) တောအုပ်၌ ကျက်စားလေ့ရှိသော တော၌ နေလေ့ရှိ သော ဥသြမကဲ့သို့ သာယာစွာသော အသံကို ငါ ပြောဆိုခဲ့ပါ၏၊ ယခုမူကား အိုခြင်းကြောင့် ထိုသာယာစွာသော အသံသည်ထိုထိုသို့သော စကား၌ ချွတ်ယွင်းခဲ့၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၆၂။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ လည်တိုင်သည် သိမ်မွေ့ပြေပြစ်သော ရွှေခရုသင်းကဲ့သို့ (လည်ရေးတို့ဖြင့်) တင့်တယ်၏၊ ယခုမူကား အိုခြင်းကြောင့် ခရုသင်းကဲ့သို့  အရစ် အရစ်ထသောလည်တိုင်သည် (အကြောပြိုင်းပြိုင်း ထသဖြင့်) ပျက်စီးသည်ဖြစ်၍ ဖောက်ပြန်ခြင်းသို့ ရောက်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၆၃။ (ရှေးပျိုရွယ်စဉ်အခါက ) ငါ၏ လက်မောင်းနှစ်ဖက်တို့သည် လုံးသော တံခါးတိုင် နှင့်တူကုန်သည်ဖြစ်၍ တင့်တယ်ကုန်၏၊ ယခုမူကား အိုခြင်းကြောင့် ထိုလက်မောင်း နှစ်ဖက် တို့သည် ဆွေးမြေ့ ဖြူဖွေးသော သခွတ်ကိုင်းနှင့် တူနေကုန်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ ရှိသောမြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန် သည်သာတည်း။

၂၆၄။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ လက်ချောင်းတို့သည် ရွှေဖြင့် ပြီးသော သိမ်မွေ့ ပြေပြစ်သောလက်စွပ်တို့ဖြင့် တန်ဆာဆင်အပ်ကုန်သည်ဖြစ်၍ တင့်တယ်ကုန်၏၊ ယခုမူကား အိုခြင်းကြောင့်ထိုလက်ချောင်းတို့သည် မုန်လာဥ အမြစ်ကဲ့သို့ ဖြစ်ကုန်၏၊ဟုတ်မှန်သည် ကိုသာ ဆိုလေ့ရှိသောမြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော် မူတိုင်း မှန်သည်သာတည်း။

၂၆၅။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ သားမြတ်နှစ်ခုတို့သည် ဖြိုးပြည့်လုံးလျောင်း တပေါင်းတည်းစပ်လျက် အထက်သို့ မောက်တက်သည်ဖြစ်၍ တင့်တယ်ကုန်၏၊ ယခုမူကား အိုခြင်းကြောင့် ထိုသားမြတ်နှစ်ခုတို့သည် ရေမရှိသော ရေစစ်အိတ်ကဲ့သို့ တွဲရရွဲ တွဲကျကုန်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသောမြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုး တခြားမဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၆၆။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ ကိုယ်သည် '(ဟင်္သပြဒါးဖြင့်) ရှည်ကြာမြင့်စွာ ပွတ်နယ်အပ်သော ရွှေပျဉ်ပြားကဲ့သို့' တင့်တယ်ခဲ့၏၊ ထိုကိုယ်သည် ယခုအခါ သေးငယ်သော အတွန့်တို့ဖြင့်အရေတွန့်သော အဖြစ်သို့ ရောက်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၆၇။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ ပေါင်နှစ်ဖက်တို့သည် ဆင်နှာမောင်းနှင့် တူကုန် သည်ဖြစ်၍ သာလျှင် တင့်တယ်ကုန်၏၊ ယခုမူကား အိုခြင်းကြောင့် ထိုပေါင်နှစ်ဖက်တို့သည် ဝါးနုပိန်အဆစ်နှင့်တူကုန်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကား တော်သည် (တစ်မျိုးတခြားမဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၆၈။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ ခြေသလုံးတို့သည် သိမ်မွေ့ပြေပြစ်သော ရွှေခြေ ကျင်းတို့ဖြင့်တန်ဆာဆင်အပ်ကုန်သည်ဖြစ်၍ တင့်တယ်ကုန်၏၊ ယခုမူကား အိုခြင်းကြောင့် ထိုခြေသလုံးတို့သည် '(ရိတ်၍ ကြွင်းသော) နှမ်းရိုးခြောက်ငုတ်တိုကဲ့သို့' ဖြစ်ကုန်၏၊ဟုတ် မှန်သည်ကိုသာ ဆိုလေ့ရှိသောမြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၆၉။ (ရှေးပျိုရွယ်စဉ် အခါက ) ငါ၏ ခြေနှစ်ဖက်တို့သည် လက်ပံလဲသွတ်သည့် ဖနှောင့်ဖုံးဖမိုးဖုံးတတ်သော ဖိနပ်နှင့် အတူ နူးညံ့ကုန်သည်ဖြစ်၍ တင့်တယ်ကုန်၏၊ ယခု မူကား အိုခြင်းကြောင့်ထိုခြေဖမိုးနှစ်ဖက်တို့သည် ကွဲကုန်၏၊ တွန့်သော အရေရှိကုန်၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသောမြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

၂၇ဝ။ ဤငါ၏ ကိုယ်သည် ဤသို့ သဘောရှိ၏၊ အိုမင်းရင့်ရော်၍ များစွာသော ဆင်းရဲ တို့၏တည်ရာဖြစ်၏၊ ထိုငါ၏ ကိုယ်သည် အိမ်အိုကြီးကဲ့သို့ အသားအသွေးကုန်သဖြင့် လဲပြိုခြင်းသို့ရှေးရှု၏၊ (ထို့ကြောင့်)ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိသော မြတ်စွာဘုရား၏ စကားတော်သည် (တစ်မျိုးတခြား မဖြစ်) ဟောတော်မူတိုင်း မှန်သည်သာတည်း။

ဤသို့လျှင် အမ္ဗပါလီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၂-ရောဟိနီထေရီဂါထာ

ပုဏ္ဏားသူကြွယ်သမီးရောဟိနီသည် ဘုရားရှင့်ထံတွင် တရားတော်ကိုနာရ၍ သောတာပန် တည်ကာမိဖတို့အားတရားဟောပြ သာသနာ၌ ကြည်ညိုစေပြီးလျှင် မိမိကိုယ်တိုင်လည်း ရဟန်းပြု၍ဝိပဿနာပွါးသဖြင့် မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ မိမိ၏ပဋိပတ်ကိုဆင်ခြင်လျှက် မိမိ၏ဖခင်နှင့် အပြန်အလှန်ပြောဆိုခဲ့သည့်အတိုင်း ဥဒါန်းကျူးသော ဂါထားများ။

၂၇၁။ ချစ်သမီး ရောဟိနီ (သင်သည်) အိပ်သော အခါ၌လည်း ရဟန်း ရဟန်းဟူသောစကားကိုသာလျှင် ဆိုလျက် အိပ်ဘိ၏၊ အိပ်ရာမှ နိုးသော အခါ၌လည်း ရဟန်း ရဟန်းဟူ သောစကားကိုသာလျှင် ဆိုလျက် နိုးဘိ၏၊ (သင်သည်) ရဟန်းတို့၏ ဂုဏ်ကျေးဇူးတို့ကို သာ လျှင်ချီးမွမ်းဘိ၏၊ (သင်သည် လူ့အသွင်ဖြင့်နေသော်လည်း) စိတ်အားဖြင့် ရဟန်းမ ဖြစ်လိမ့်မည်ဟု ထင်ဘိ၏။

၂၇၂။ ရဟန်းတို့အား များစွာသော ထမင်းအဖျော်ကို ပေးလှူ၏၊ ချစ်သမီး ရောဟိနီ ယခုအခါ သင့်အားငါ မေးပါ၏၊ အဘယ်အကြောင်းကြောင့် သင်သည် ရဟန်းတို့ကို ချစ်အပ် ပါကုန်သနည်း။

၂၇၃။ ရဟန်းတို့သည် အမှုကိစ္စကို ပြုလုပ်ခြင်းငှါ အလို မရှိကြကုန်၊ ပျင်းရိကြကုန်၏၊ သူတစ်ပါးတို့ပေးအပ်သည်ကိုသာ မှီ၍ အသက်မွေးလေ့ရှိကြကုန်၏၊ သူတစ်ပါးတို့ထံမှ အရို အသေပြုခြင်းစသည်ကိုသာတောင့်တတတ်ကြကုန်၏၊ ချိုမြိန်ကောင်းမွန်သော အစာကိုသာ အလိုရှိကြကုန်၏၊ သင်သည် အဘယ်အကြောင်းကြောင့် ရဟန်းတို့ကို ချစ်အပ်ပါသနည်း (ဟု ဖခင်ပုဏ္ဏားက မေး၏)။

၂၇၄။ ဖခင်ပုဏ္ဏား ကြာမြင့်မှလျှင် ရဟန်းတို့အား ချစ်အပ်သည်ကို အကျွန်ုပ်အား မေး လေဘိ၏၊ ထိုရဟန်းတို့၏ ပညာ, သီလ, လုံ့လကို သင် ဖခင်အား ပြောကြားပါအံ့။

၂၇၅။ ရဟန်းတို့သည် (ဝတ်ကြီးဝတ်ငယ်စသော) ရဟန်းအမှုကိစ္စကို ပြုလုပ်ခြင်းငှါ အလိုရှိကုန်၏၊ ပျင်းရိမှု မရှိကုန်၊ နိဗ္ဗာန်သို့ ဆောင်တတ်သော မြတ်သော အမှုကို ပြုတတ်ကုန်၏၊ တပ်မက်မှု 'ရာဂ'ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ'ကိုလည်းကောင်း စွန့်ကြကုန်၏။ ထို့ကြောင့်အကျွန်ုပ်သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏။

၂၇၆။ မကောင်းမှု၏ အမြစ်အရင်း သုံးပါးတို့ကို ပယ်စွန့် ခါတွက်နိုင်ကြပေကုန်၏၊ အပြစ်မရှိစင်ကြယ်သော အမှုကို ပြုတတ်ကုန်၏၊ ထိုရဟန်းတို့သည် အလုံးစုံ မကောင်းမှု အားလုံးကို ပယ်အပ်ပြီ၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏။

၂၇၇။ ထိုရဟန်းတို့၏ ကိုယ်ဖြင့် ပြုအပ်သော (ကာယကံ) မှုသည်လည်း စင်ကြယ်၏၊ ထိုကာယကံအတူနှုတ်ဖြင့် ပြုအပ်သော (ဝစီကံ) မှုသည်လည်း စင်ကြယ်၏၊ ထိုရဟန်းတို့၏ စိတ်ဖြင့် ပြုအပ်သော (မနောကံ) မှုသည်လည်း စင်ကြယ်၏၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏။

၂၇၈။ ထိုရဟန်းတို့သည် (ပွတ်သစ်စဖြစ်သော) ခရုသင်း, ပုလဲရတနာတို့ကဲ့သို့ ရာဂစ သောအညစ်အကြေး ကင်းကုန်၏၊ ကိုယ်တွင်းကိုယ်ပမှ စင်ကြယ်သော အလိုဆန္ဒလုံ့လရှိကုန်၏၊ (စင်စစ်) ဖြူစင်ကုန်သော အပြစ်မရှိသော သီလစသော ကျေးဇူးတရားတို့နှင့် ပြည့်စုံကုန်၏၊ ထို့ကြောင့်အကျွန်ုပ်သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏။

၂၇၉။ ထိုရဟန်းတို့သည် များသော အကြားအမြင်ရှိကုန်၏၊ ပရိယတ္တိ, ပဋိဝေဓတရားကို ဆောင်ကုန်၏၊ အရိယာဖြစ်ကုန်၏၊ တရားသဖြင့် အသက်မွေးတတ်ကုန်၏။ အနက်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ပြောဟောတတ်ကုန်၏။ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းတို့ ကို ချစ်အပ်ပါကုန်၏။

၂၈ဝ။ ထိုရဟန်းတို့သည် များသော အကြားအမြင်ရှိကုန်၏၊ ပရိယတ္တိ, ပဋိဝေဓတရားကို ဆောင်ကုန်၏၊ အရိယာဖြစ်ကုန်၏၊ တရားသဖြင့် အသက်မွေးကုန်၏၊ တည်ကြည်သော စိတ်ရှိကုန်၏၊ ထင်သော သတိရှိကုန်၏၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏။

၂၈၁။ ထိုရဟန်းတို့သည် လူနှင့် ဝေးသော တောအရပ်သို့ သွားတတ်ကုန်၏၊ ထင်သော သတိရှိကုန်၏၊ ပညာဖြင့် ဆင်ခြင်၍ စကားကို ဆိုလေ့ရှိကုန်၏၊ ပျံ့လွင့်ခြင်း မရှိကုန်၊ ဝဋ် ဆင်းရဲ၏ အဆုံးဖြစ်သောနိဗ္ဗာန်ကို ပိုင်းခြား၍ သိကုန်၏၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏။

၂၈၂။ ထိုရဟန်းတို့သည် အကြင်ရွာမှ ဖဲသွားကြကုန်၏၊ ထိုရွာ၌ တစ်စုံတစ်ခုသော သတ္တဝါသင်္ခါရကို (တပ်မက်ငဲ့ကွက်သောအားဖြင့်) ပြန်လှည့်၍ပင် မကြည့်ကြကုန်၊ ငဲ့ကွက်ခြင်း ကင်းကုန်သည်ဖြစ်၍ သာလျှင် ရွာမှ ဖဲသွားကြကုန်၏၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းတို့ ကို ချစ်အပ်ပါကုန်၏။

၂၈၃။ ထိုရဟန်းတို့သည် မိမိဥစ္စာကို ဘဏ္ဍာတိုက်ကျီကြ၌ မသိုမှီးကြ မသိမ်းဆည်းကြကုန်၊ အိုး၌မသိုမှီး မသိမ်းဆည်းကြကုန်၊ခြင်းတောင်း၌ မသိုမှီး မသိမ်းဆည်းကြကုန်၊ ချက်ပြီးသော အစာကိုသာရှာမှီးလေ့ရှိကြကုန်၏၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏။

၂၈၄။ ထိုရဟန်းတို့သည် အသပြာကို အလှူမခံကုန်၊ ရွှေကို အလှူမခံကုန်၊ ငွေကို အလှူမခံကုန်၊ ပစ္စုပ္ပန်ဖြစ်သော ပစ္စည်းဖြင့်သာ မျှတတော်မူကြကုန်၏၊ ထို့ကြောင့် အကျွန်ုပ် သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏။

၂၈၅။ ထိုရဟန်းတို့သည် အထူးထူးသော အမျိုးမှလည်းကောင်း၊ အထူးထူးသော ဇနပုဒ်တို့မှလည်းကောင်း ရဟန်းပြုကုန်သည်ဖြစ်၍ (အမျိုးအမည် မတူပါဘဲလျက်) အချင်းချင်းချစ်မြတ်နိုးကြပေကုန်၏၊ ထို့ကြောင့် အကျွန်ုပ်သည် ရဟန်းတို့ကို ချစ်အပ်ပါကုန်၏ (ဟု ရောဟိနီကဖြေ၏)။

၂၈၆။ ချစ်သမီး ရောဟိနီ သင်ချစ်သမီးသည် ငါတို့၏ အကျိုးစီးပွါးအလို့ငှါ ငါတို့အမျိုး၌ဖြစ်လာပေစွတကား၊ သင်ချစ်သမီးသည် ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ယုံကြည်မှု 'သဒ္ဓါ'တရား ရှိပါပေစွတကား၊ ထက်သန်သော ရိုသေမှု ရှိပါပေစွတကား။

၂၈၇။ သင် ချစ်သမီးသည် အမြတ်ဆုံးဖြစ်သော ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာလယ်မြေကောင်းသဖွယ် ဖြစ်သော ထိုရတနာသုံးပါးကို သိပေ၏၊ ထိုရဟန်းတို့ သည် ငါတို့၏လည်း လှူဖွယ်ဝတ္ထုကို ခံပေကုန်၏ (ဟု ဖခငပ် ဏ္ဏုားက ဆို၏)။

၂၈၈။ ဤရဟန်းတို့၌ တည်ထားအပ်သော လှူဖွယ်ဝတ္ထုသည် ငါတို့အား ပြန့်ပြော များမြတ်သောအကျိုးရှိလတ္တံ့၊ ဖခင်ပုဏ္ဏား သင်သည် ဆင်းရဲမှ ကြောက်မူ ဆင်းရဲကို မချစ်ခဲ့မူ-

၂၈၉။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့။ သီလ တို့ကို ဆောက်တည်လေလော့ ၊ ထိုရတနာသုံးပါးကို ဆည်းကပ်ခြင်း သီလဆောက်တည်ခြင်း သည် သင်ဖခင်အားအကျိုးများခြင်းငှါ ဖြစ်ပါလတ္တံ့ (ဟု ရောဟိနီက ဆို၏)။

၂၉ဝ။ ချစ်သမီး ရောဟိနီ ငါသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သီလတို့ကိုလည်း ဆောက်တည်ပါ၏၊ ထိုရတနာသုံးပါးကို ဆည်းကပ်ခြင်း သီလဆောက်တည်ခြင်းသည် ငါ့အား အကျိုးများခြင်းငှါ ဖြစ်ပါလတ္တံ့။

၂၉၁။ ထိုငါသည် ရှေးအခါက (ပုဏ္ဏားတို့၌ သမုတ်သဖြင့်) ဗြဟ္မာမင်း၏ အဆွေဖြစ်သောဗြာဟ္မဏဇာတ်ရှိသူ ဖြစ်ခဲ့၏၊ ယခုအခါသော်ကား မကောင်းမှုကို အပပြုပြီးသော ဗြာဟ္မဏ ဖြစ်ခဲ့၏၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ပရမတ္တအားဖြင့် ချမ်းသာခြင်းရှိသူ ဖြစ်ခဲ့၏၊ ဝေဒဟုဆို အပ်သော မဂ်ဉာဏ်နှင့်ပြည့်စုံသူ ကိလေသာအညစ်အကြေးတို့ကို ဆေးကြောပြီးသူ ဖြစ်ခဲ့၏ (ဟု ဖခင်ပုဏ္ဏားက ဖြေ၏)။

ဤသို့လျှင် ရောဟိနီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၃-စာပါထေရီဂါထာ

ဥပက၏ဇနီး သုဘဒ္ဒ၏မယ်တော်ဖြစ်သော စာပါ (ဆာဝါ) သည် ဥပကထွက်သွားသော အခါလောကကိုငြီးငွေ့သဖြင့် သားကလေးကို အဖိုးတို့ထံတွင် အပ်နှင်းခဲ့၍ သာဝတ္ထိပြည် ဘိက္ခုနီမတို့ထံသွားရောက်ကာ ရဟန်းပြု ဝိပဿနာပွါးသည်တွင် မဂ်အစဉ်ဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ ရှေးအခါက ဥပကနှင့် ပြောဆိုကြသည့်အတိုင်း ဥဒါန်းကျူးသောအားဖြင့်တပေါင်းတည်း ရွတ်ဆိုသော ဂါထာများ။

၂၉၂။ စာပါဥပကသည် ရှေးပရိဗိုဇ်ရဟန်း ဖြစ်စဉ်အခါ၌ တောင်ဝှေးလက်စွဲ၍ သွားသော တက္ကတွန်းဖြစ်ခဲ့ဖူးပြီ၊ ထိုဥပကသည် ယခုအခါ သားမုဆိုး ဖြစ်၏၊ တပ်မက်မောမှုကြောင့် ကြမ်းတမ်းစွာသောကာမဂုဏ်ဒိဋ္ဌိတည်းဟူသော ညွန်စေးမှ ကမ်းတစ်ဘက်ဖြစ်သော နိဗ္ဗာန် သို့ ရောက်ခြင်းငှါ မစွမ်းနိုင်။

၂၉၃။ မိမိ၌ ကာမဂုဏ်၏ အစွမ်းဖြင့် အလွန်တပ်မက်နေပြီဟု မှတ်ထင်ကာ မုဆိုး သမီးဖြစ်သောစာပါသည် ငါ့ကို (ခြုတ်ခြယ် စောင်းမြောင်းလိုသည်ဖြစ်၍ တက္ကတွန်းသား စသည်ဖြင့်) သားကိုချော့၏၊ စာပါ ငါသည် သင်၌ ချစ်ခြင်းကိလေသာဟူသော အနှောင်အဖွဲ့ ကို ဖြတ်၍ နှစ်ကြိမ်မြောက်နောက်ထပ် တစ်ဖန်လည်း ရဟန်းပြုတော့အံ့ (ဟု ဥပကက ပြော၏)။

၂၉၄။ ကြီးသော လုံ့လရှိသော ဥပက (ပြက်ရယ်ပြုကာမျှဖြင့်) အကျွန်ုပ်အား အမျက် မထွက်ပါလင့်၊ ရဟန်းမြတ်ဖြစ်သော အသျှင်ဥပက (ပြက်ရယ်ပြုကာမျှဖြင့်) အကျွန်ုပ်အား အမျက်မထွက်ပါလင့်၊ မှန်လှပါ၏၊ အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ်သော အသျှင်ဥပကအား သီလ၏ စင်ကြယ်ခြင်းသည် မရှိနိုင်ရာ၊ ခြိုးခြံသော အကျင့်သည် အဘယ်မှာ ရှိနိုင်အံ့နည်းဟု (စာပါက ပြော၏)။

၂၉၅။ စာပါ အဘယ်သူသည် ဤနာဠရွာ၌ နေလတ္တံ့နည်း၊ ငါသည် နာဠရွာမှ မချွတ်သွားအံ့သည်သာတည်း၊ စာပါ သင်သည် တရားသဖြင့် အသက်မွေးကုန်သော ငါကဲ့သို့ သော ရဟန်းကောင်းတို့ကို မိန်းမတို့၏ အမူအရာ အသွင်အပြင်ဖြင့် နှောင်ဖွဲ့လျက် တည် ဘိ၏ (ဟု ဥပကက ပြော၏)။

၂၉၆။ မည်းနက်သော အဆင်းရှိသော အသျှင်ဥပက လာပါဦး၊ ရှေးကကဲ့သို့ ကာမဂုဏ် တို့ကို ခံစားပါဦးလော့။ အကျွန်ုပ်သည်လည်းကောင်း၊ အကျွန်ုပ်၏ အကြင်ဆွေမျိုးတို့သည်လည်းကောင်းရှိကြပါကုန်၏။ ထိုအကျွန်ုပ်နှင့်တကွ ဆွေမျိုးအားလုံးတို့သည် သင်၏ အလို သို့ လိုက်သည်တို့ကို ပြုကြပါကုန်အံ့ (ဟု စာပါက ပြော၏)။

၂၉၇။ စာပါ ယခုအခါ သင်သည် အကြင်သို့သဘောရှိသော စကားကို ပြောဆို၏၊ သင် ယခုပြောဆိုသော

ဤစကားထက် လေးဆတက်ဖြစ်သော ချစ်နှစ်သက်ဖွယ် စကား ပြောဆိုခြင်းကို အကယ်၍ပြောဆိုစေဦးတော့၊ ထိုချစ်ဖွယ်သော စကားပြောဆိုခြင်းသည် သင်၌ တပ် မက်သော ယောက်ျားအားသာမွန်မြတ်သည်သာ ဖြစ်ပေရာ၏၊ ငါသည် မူကား သင်၌ တပ် မက်မှု ကင်းခဲ့ပြီ (ဟု ဥပကက ပြော၏)။

၂၉၈-၉၉။ မည်းနက်သော အဆင်းရှိသော အသျှင်ဥပက တောင်ထိပ်၌ လှိုင်စွာပွင့်သောရေသကျည်းပင်ကဲ့သို့လည်းကောင်း၊ လှိုင်စွာပွင့်သော သလဲနွယ်ကဲ့သို့လည်းကောင်း၊ လေး ကျွန်းအချာအသုရာပြည်၌ လှိုင်စွာပွင့်သော သခွတ်ပင်ကဲ့သို့လည်းကောင်း ထွတ်ထွတ်နုနယ် တင့်တယ်သောကိုယ်အင်္ဂါရှိသော စန္ဒကူးနီဖြင့် လိမ်းကျံအပ်သော ကိုယ်အင်္ဂါရှိသော မြတ်သော ကာသိတိုင်း၌ ဖြစ်သောအဝတ်ရုံကိုသာ ဝတ်ရုံသော ထိုသို့သဘောရှိသော အကျွန်ုပ်ကို အဆင်းလှခြင်းနှင့် ပြည်စုံသည်ဖြစ်ပါလျက် အဘယ်ကြောင့် စွန့်၍ သင် သွားအံ့နည်း (ဟု စာပါက ပြော၏)။

၃ဝဝ။ စာပါ ငှက်မုဆိုးသည် ငှက်အပေါင်းကို ထောင်ခြင်းငှါ အလိုရှိသကဲ့သို့ ထို့အတူ သင်သည့်ပြုပြင်ဖန်တီးသော ရုပ်အဆင်းဖြင့် ငါ့ကို ကာမဂုဏ်ဖြင့် နှောင်ဖွဲ့ခြင်းငှါ အလိုရှိခဲ့၏၊ ယခုအခါ သင်သည်ငါ့ကို မညှဉ်းဆဲနိုင်လတ္တံ့ (ဟု ဥပကက ပြော၏)။

၃ဝ၁။ မည်းနက်သော အဆင်းရှိသော အသျှင်ဥပက ထိုအကျွန်ုပ်၏ သားတည်းဟူသော အသီးကိုသင်သည် ဖြစ်စေအပ်ပါ၏၊ ထိုသို့သဘောရှိသော အကျွန်ုပ်ကို သားရှိသူ ဖြစ်ပါလျက် အဘယ်ကြောင့်စွန့်၍ သင် သွားအံ့နည်း (ဟု စာပါက ပြော၏)။

၃ဝ၂။ စာပါ ပညာရှိတို့သည် သားသမီးတို့ကို စွန့်ကြကုန်၏၊ ထိုနောက် ဆွေမျိုးတို့ကို စွန့်ကြကုန်၏၊ ထိုနောက် ပစ္စည်းဥစ္စာကို စွန့်ကြကုန်၏၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ ကို ဖြတ်၍ သွားသကဲ့သို့ ကြီးသောလုံ့လရှိသော သူတော်ကောင်းတို့သည် လူ၏ အနှောင် အဖွဲ့ကို ဖြတ်၍ ရဟန်းပြုကြကုန်၏ (ဟုဥပက ပြော၏)။

၃ဝ၃။ မည်းနက်သော အဆင်းရှိသော အသျှင်ဥပက ယခု သင်၏ သားကို တုတ်လှံတံဖြင့်လည်းကောင်း၊ ဓားငယ်ဖြင့်လည်းကောင်း ရိုက်ပုတ်ထိုးခုတ်ပေအံ့။ မြေ၌သော်လည်း ချ၍ညှဉ်းဆဲပေအံ့၊ သား၌ စိုးရိမ်ခြင်းကြောင့် သင် မသွားရလတ္တံ့ (ဟု စာပါက ပြော၏)။

၃ဝ၄။ ဟယ် အယုတ်မ သင်သည် သားကို မြေခွေးအိမ်ခွေးတို့အား ကိုက်စေရန် အကယ် ၍ ပေးလိုက်စေဦးတော့၊ သားတည်းဟူသော အကြောင်းကြောင့် သင်သည် ငါ့ကို လူ့ဘောင် သို့ တစ်ဖန်မလည်နိုင်စေလတ္တံ့ (ဟု ဥပကက ပြော၏)။

၃ဝ၅။ မည်းနက်သော အဆင်းရှိသော ကောင်းသော ကျေးဇူးနှင့် ပြည့်စုံသော အသျှင်ဥပက ယခုအခါအဘယ်အရပ်သို့ သွားပါမည်နည်း၊ အဘယ်မည်သော ရွာ နိဂုံးမြို့ မင်း နေပြည်တို့သို့ သင်သွားပါမည်နည်း (ဟု စာပါက မေး၏)။

၃ဝ၆။ စာပါ ငါတို့သည် ရှေးအခါက ဂိုဏ်းကို ဆောင်သော တက္ကတွန်းတို့ ဖြစ်ခဲ့ကြကုန်၏၊ ရဟန်းမဟုတ်ကုန်ဘဲလျက် ရဟန်းဟု အမှတ်ရှိခဲ့ကြကုန်လျက် တစ်ရွာမှ တစ်ရွာမြို့ မင်းနေပြည်တို့သို့လှည့်လည်ခဲ့ကြကုန်၏။

၃ဝ၇။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ဤမြတ်စွာဘုရားသည် နေရဉ္ဇရာမြစ်၏ အနီး၌သတ္တဝါတို့၏ အလုံးစုံသော ဆင်းရဲကို ပယ်ခြင်းငှါ တရားဟော၍ နေတော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ အထံတော်သို့ သွားတော့အံ့၊ ထိုမြတ်စွာဘုရားသည် ငါ၏ ဆရာ ဖြစ်လတ္တံ့သတည်း (ဟုဥပကက ဖြေ၏)။

၃ဝ၈။ မည်းနက်သော အဆင်းရှိသော အသျှင်ဥပက ယခု အကျွန်ုပ်၏ ရှိခိုးခြင်းကို အတု မရှိမူ၍လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားအား လျှောက်ထားပါလေလော့၊ သင်သည်မြတ်စွာဘုရားကို လက်ျာရစ်လှည့်လည်ရှိခိုးခြင်းကို ပြုပြီးနောက် အကျွန်ုပ် အား ကောင်းမှုအဖို့ကိုလည်းရည်ညွှန်းပေးဝေပါလော့ (ဟု စာပါက ပြော၏)။

၃ဝ၉။ စာပါ သင်သည် အကြင်စကားကို ငါ့အား ပြောဆို၏၊ ထိုမြတ်စွာဘုရားအား ရှိခိုးခြင်းကောင်းမှု၏ အဖို့ကို သင့်အား ပေးဝေမှုမျိုးကို ငါတို့သည် သင့်အား ပေးဝေခြင်းငှါ ရကောင်းပါ၏၊ ယခုအခါ သင်၏ ရှိခိုးခြင်းကို အတု မရှိမူ၍ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသောမြတ်စွာဘုရားအား ငါ လျှောက်ကြားလိုက်ပါအံ့၊ မြတ်စွာဘုရားကို လက်ျာရစ် လှည့်လည်ရှိခိုးပြီးနောက် ကောင်းမှုအဖို့ကို သင့်အား အမျှပေးဝေလိုက်ပါအံ့ (ဟု ဆိုပြီးလျှင်) -

၃၁ဝ။ မည်းနက်သော အဆင်းရှိသော အသျှင်ဥပကသည် ထိုရွာမှ ဖဲသွားလေ၏၊ ထို မည်းနက်သောအဆင်းရှိသော ဥပကသည် နေရဉ္ဇရာမြစ်ကမ်းနား၌ သေခြင်းကင်းရာ နိဗ္ဗာန် ကို ဟောတော်မူသောမြတ်စွာဘုရားကို မြင်ရလေ၏။

၃၁၁။ ဒုက္ခသစ္စာကိုလည်းကောင်း၊ ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာဟု ဆိုအပ်သော သမုဒယသစ္စာကိုလည်းကောင်း၊ ဝဋ်ဆင်းရဲ၏ လွန်ရာဖြစ်သော နိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသစ္စာကိုလည်းကောင်း၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဒုက္ခ၏ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာကိုလည်းကောင်း (ဟောတော်မူတတ်သော မြတ်စွာဘုရားကို ဖူးမြင်ပြီးနောက် ) -

၃၁၂။ ထိုမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ လက်ျာရစ်လှည့်လည် ရှိခိုးခြင်းတည်းဟူသောမြတ်သော ကောင်းမှုကို ပြုပြီးနောက် စာပါအား ကောင်းမှုအဖို့ကို အမျှပေးဝေ၍ ထိုဥပကသည်အိမ်ရာမထောင်သော ရဟန်းဘောင်၌ ရဟန်းပြု၏၊ ထိုဥပကသည် ဝိဇ္ဇာသုံးပါး တို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့်အတိုင်း လိုက်နာပြုကျင့်အပ်ပြီ။

ဤသို့လျှင် စာပါထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၎-သုန္ဒရီထေရီဂါထာ

ပုဏ္ဏားသမီးသုန္ဒရီသည် အဖဖြစ်သူရဟန်းပြုသွားသည်ကို အားကျကာ အမိထံမှ ရဟန်း ပြုခွင့်တောင်း၍ပစ္စည်းဥစ္စာတို့ကို စွန့်ပစ်ပြီးလျှင် ရဟန်းပြု၏။ သိက္ခမာန် အဖြစ်နှင့်ပင် ဝိပဿနာပွါးရာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ နောက် အဖို့၌ မိမိ၏ ပဋိပတ်ကို ဆင်ခြင်ကာ အဖဖြစ်သူပြောခဲ့ဖူးသော ဂါထာကို အစပြု၍ ဥဒါန်းကျူးသော ဂါထာများ။

၃၁၃။ ထေရီမ သင်သည် ရှေးအခါက သေသော သားသမီးတို့ကို စားသည်ဖြစ်၍၁ နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း ပြင်းစွာလျှင် ပူပန်ဘိ၏။

၃၁၄။ ပုဏ္ဏားမျိုးဖြစ်သော ဝါသေဋ္ဌိထေရီမ ထိုသင်သည် အလုံးစုံသော အရာမကသော သားတို့ကို စား၍ယခု အဘယ်ကြောင့် ပြင်းစွာ မပူပန်ဘိလေသနည်း (ဟု သုဇာတပုဏ္ဏားက မေး၏)။

၃၁၅။ သုဇာတပုဏ္ဏား ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း၊ ရှေးလွန်လေပြီး သော ဘဝ၌အရာမက များလှစွာသော သားတို့ကိုလည်းကောင်း၊ အရာမကသော ဆွေမျိုးအပေါင်းတို့ကိုလည်းကောင်း စားအပ်ကုန်ပြီ။

၃၁၆။ ထိုငါသည် ပဋိန္ဓေနေခြင်း (အိုခြင်း) သေခြင်း၏ ထွက်မြောက်ရာနိဗ္ဗာန်ကို (မဂ်ဉာဏ် ဖြင့်) သိ၍မစိုးရိမ်တော့ပြီ၊ ငိုလည်း မငိုကြွေးတော့ပြီ၊ ပင်ပန်းလည်း မပင်ပန်းတော့ပြီ (ဟု ထေရီမက ဖြေ၏)။

၃၁၇။ ဝါသေဋ္ဌိမည်သော ထေရီမ သင်သည် မဖြစ်ဖူးမြဲသော ဤသို့သဘောရှိသော စကားကိုပြောဆိုပေစွတကား၊ သင်သည် အဘယ်မည်သော ဆရာ၏ တရားစကားကို သိရ၍ ဤသို့သဘောရှိသောစကားကို ပြောဆိုနိုင်ဘိသနည်း (ဟု သုဇာတပုဏ္ဏားက ထပ်၍မေး၏)။

၃၁၈။ သုဇာတပုဏ္ဏား အလုံးစုံသော တရားတို့ကို အလိုလို ကိုယ်တော်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် မိထိလာပြည်ကြီးအနီး၌ ဆင်းရဲအားလုံးကို ပယ်ခြင်းငှါ သတ္တဝါတို့အားတရားဟောတော်မူ၏။

၃၁၉။ သုဇာတပုဏ္ဏား ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော ထိုမြတ်စွာဘုရား၏ ဆင်းရဲခြင်းမရှိသော တရားတော်ကို ကြားနာရသည်ရှိသော် ထိုမြတ်စွာဘုးရားအထံတော်၌ သစ္စာလေးပါးတရားကိုသိပြီးသည်ဖြစ်၍ သား၌ စိုးရိမ်ခြင်းကို ပယ်နိုင်ခဲ့၏ (ဟု ထေရီမက ဖြေ၏)။

၃၂ဝ။ (ဝါသေဋ္ဌိထေရီမ) ထိုငါသည်လည်း မိထိလာပြည်၏ အနီးသို့ သွားပေအံ့၊ ထိုမြတ်စွာဘုရား သည်ငါ့ကို ဆင်းရဲအားလုံးမှ လွတ်စေနိုင်မည်လည်း မသိပါ (ဟု ဆို၏)။

၃၂၁။ သုဇာတပုဏ္ဏားသည် (မိထိလာပြည်သို့ သွားပြီးလျှင်) ကိလေသာအားလုံးတို့မှ လွတ်တော်မူသောဆင်းရဲခြင်းရှိတော်မမူသော မြတ်စွာဘုရားကို ဖူးမြင်ရလေ၏၊ ဝဋ်ဆင်းရဲဟူ သော ရေအလျဉ်၏့ကမ်းတစ်ဘက်ဖြစ်သော နိဗ္ဗာန်သို့ ရောက်တော်မူပြီးသော ထိုမြတ်စွာဘုရားသည် ထိုသုဇာတပုဏ္ဏားအားသစ္စာလေးပါးတို့ကို ဟောတော်မူ၏။

၃၂၂။ ဒုက္ခသစ္စာကိုလည်းကောင်း၊ ဒုက္ခေ ကြာင့် ဖြစ်သော တဏှာ ဟု ဆိုအပ်သော သမုဒယသစ္စာကိုလည်းကောင်း ၊ ဝဋ်ဆင်းရဲ၏ လွန်ရာဖြစ်သော နိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသစ္စာကိုလည်းကောင်း၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဒုက္ခ၏ ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သော မဂ္ဂသစ္စာကိုလည်းကောင်း (ဟောတော်မူ၏)။

၃၂၃။ သုဇာတပုဏ္ဏားသည် ထိုမြတ်စွာဘုရား သာသနာတော်၌ သစ္စာလေးပါးတရားတည်းဟူသောသူတော်ကောင်းတရားကို သိအပ်ပြီးသည်ဖြစ်၍ ရဟန်းအဖြစ်ကို လျှောက် ကြားတောင်းပန်ခဲ့ပြီ၊ (ရဟန်းဖြစ်ပြီး၍) သုံးညဥ့်တို့ဖြင့် ဝိဇ္ဇာသုံးပါးတို့ကို တွေ့ထိရရှိခဲ့ လေပြီ။

၃၂၄။ ရထားထိန်း လာဦး၊ သင် သွားပါချေလော့၊ ဤရထားကို ပုဏ္ဏေးမအား အပ်နှင်းပါ ချေလော့၊ ငါ၏ အနာရောဂါကင်းသော အဖြစ်ကိုလည်း ပုဏ္ဏေးမအား ပြောပါချေလော့၊ သုဇာတပုဏ္ဏားသည်ယခုအခါ ရဟန်းပြုပြီ၊ သုံးညဥ့်တို့ဖြင့် ဝိဇ္ဇာသုံးပါးတို့ကို ရပြီဟု ပြောပါချေလော့။

၃၂၅။ ရထားထိန်းသည် ထိုမိထိလာပြည်မှ ရထားကိုလည်းကောင်း၊ အသပြာတစ်ထောင်ကိုလည်းကောင်း ကောင်းစွာ ယူခဲ့၍ (ပုဏ္ဏေးမအား ဆောင်နှင်းပေ၏)၊ သုဇာတပုဏ္ဏား၏အနာရောဂါကင်းသော အဖြစ်ကိုလည်း ပုဏ္ဏေးမအား ပြောဆို၏၊ အရှင်ပုဏ္ဏေးမ သုဇာတ ပုဏ္ဏားသည်ရဟန်းပြုပြီ၊ သုံးညဥ့်တို့ဖြင့် ဝိဇ္ဇာသုံးပါးတို့ကို ရပြီ (ဟု ပုဏ္ဏေးမအား ပြော ဆို၏)။

၃၂၆။ ရထားထိန်း ငါသည် ဤမြင်းကသော ရထားကိုလည်းကောင်း၊ အသပြာတစ်ထောင်ကိုလည်းကောင်း သုဇာတပုဏ္ဏား ဝိဇ္ဇာသုံးပါး ရကြောင်းကို (သင့်ထံမှ) ကြားရ သဖြင့် သင့်အား နှစ်သက်သော ပေးခြင်းကို (ပြု၍) ပေးပါ၏ဟု ပုဏ္ဏေးမက ဆို၏။

၃၂၇။ ပုဏ္ဏေးမ မြင်းကသော ရထားသည်လည်းကောင်း၊ အသပြာတစ်ထောင်သည်လည်းကောင်းအရှင်မအားသာ ဖြစ်ပါစေလော့။ အကျွန်ုပ်လည်း မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုပါအံ့ (ဟု ရထားထိန်းက ဆို၏)။

၃၂၈။ ချစ်သမီးသုန္ဒရီ သင် ချစ်သမီး၏ ဖခင် သုဇာတပုဏ္ဏားသည် ဆင်ကိုလည်းကောင်း၊ နွားနှင့်မြင်းကိုလည်းကောင်း၊ ပတ္တမြားနားတောင်းကိုလည်းကောင်း၊ လယ်ယာရွှေငွေစသော များပြားသောအိမ်စည်းစိမ်အားလုံးကိုလည်းကောင်း ပယ်စွန့်၍ ရဟန်းပြုလေပြီ။ ချစ်သမီး သုန္ဒရီ သင်သည်စည်းစိမ်တို့ကို ခံစားလော့၊ သင်သည် ငါတို့အမျိုး၌ အမွေခံခြင်းငှါ ထိုက်၏ (ဟု မိခင်ပုဏ္ဏေးမက ဆို၏)။

၃၂၉။ မိခင် အကျွန်ုပ်၏ ဖခင်သည် သား၌ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ဆင်ကိုလည်းကောင်း၊ နွားနှင့် မြင်းကိုလည်းကောင်း၊ ပတ္တမြားနားတောင်းကိုလည်းကောင်း၊ လယ်ယာရွှေငွေစသော များပြားသော အိမ်စည်းစိမ်အားလုံးကိုလည်းကောင်း စွန့်၍ ရဟန်းပြုခဲ့ပါ၏။ အကျွန်ုပ်သည်လည်း မောင်၌ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ရဟန်းပြုပါအံ့ (ဟု သုန္ဒရီကပြော၏)။

၃၃ဝ။ ချစ်သမီးသုန္ဒရီ သင်သည် အကြင်ရဟန်းပြုခြင်းကို တောင့်တ၏၊ သင်၏ ထို တောင့်တသောအကြံအစည်သည် ပြည့်စုံပါစေ၊ အိမ်တိုင်း ရပ်၍ ရသော ဆွမ်းကိုလည်းကောင်း၊ (ဆွမ်းအလို့ငှါ အိမ်စဉ်မပြတ်လှည့်လည်ခြင်း ရပ်ခြင်းဟူသော) ဆွမ်းရှာမှီးခြင်းကိုလည်းကောင်း၊ 'မြေမှုန့်ကဲ့သို့'စက်ဆုပ်ဖွယ်ရှိသော တံမြက်ချေးစု စသည်တို့၌ ရသော သင်္ကန်းကိုလည်းကောင်း ဤသည်တို့ကို ပြီးစေနိုင်သည်ဖြစ်၍ တမလွန်လောက၌ အာသဝေါ ကင်းလျက် (သင် တောင့်တသော အကြံအစည်သည်ပြည့်စုံပါစေ) (ဟု မိခင်က ခွင့်လွှတ် ပြောဆို၏)။

၃၃၁။ ဥပဇ္ဈာယ်ဖြစ်သော အရှင်မ အကျွန်ုပ်သည် သိက္ခမာန်သာဖြစ်သေးလျက် ဒိဗ္ဗစက္ခု အဘိညာဉ်ကို သုတ်သင်အပ်ပြီ၊ အကျွန်ုပ်သည် အကြင်ဘုံ၌ ရှေးဘဝက နေခဲ့ဖူး၏၊ ထိုဘုံဝယ် ရှေး၌ နေဖူးသောခန္ဓာအစဉ်ကို သိပါ၏။

၃၃၂။ သံဃာ၏ ထေရီမဖြစ်သော တင့်တယ်သော သီလစသော ဂုဏ်နှင့် ပြည့်စုံသောအဆွေခင်ပွန်းကောင်းဖြစ်သော ဥပဇ္ဈာယ်အရှင်မ အရှင်မကို အမှီပြု၍ အကျွန်ုပ်သည် ဝိဇ္ဇာ သုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီး ပါပြီ။

၃၃၃။ ဥပဇ္ဈာယ် အရှင်မ အကျွန်ုပ်သည် (ဗာရာဏသီပြည်မှ) သာဝတ္ထိပြည်သို့ သွားခြင်းငှါအလိုရှိပါ၏၊ အကျွန်ုပ်အား ခွင့်ပြုပါလော့၊ ဘုရားမြတ်ထံတော်၌ (အရဟတ္တဖိုလ်ကိုကြားခြင်းတည်းဟူသော) ရဲရင့်သော အသံ (ဖြင့် လျှောက်ထားခြင်း) ကို လျှောက်ထားပါချေအံ့ (ဟုသုန္ဒရီဘိက္ခုနီမက ဆို၏)။

၃၃၄။ ချစ်သမီးသုန္ဒရီ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသော ရွှေနှင့်တူသော တောက်ပသောအရေတော်လည်းရှိတော်မူသော မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သောခပ်သိမ်းသော တရားတို့ကို မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် သိတော်မူသော မည်သည့်အရပ်ကမျှဘေးမရှိသော မြတ်စွာဘုရားကို သင် ဖူးမြင်လေလော့ (ဟု ဥပဇ္ဈာယ်ထေရီက ခွင့်ပြု၏)။

၃၃၅။ ကိလေသာတို့မှ လွတ်ပြီးသော ဆင်းရဲခြင်းမရှိသော ရာဂကင်းပြီးသော သံယောဇဉ်တို့မှလည်းကင်းပြီးသော ပြုအပ်ပြီးသော တစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စရှိ သော အာသဝေါကင်းပြီးသော သုန္ဒရီမည်သော အကျွန်ုပ် မြတ်စွာဘုရားအထံသို့ လာသည် ကို (မြတ်စွာဘုရားသည် ) ရှုတော်မူပါလော့။

၃၃၆။ ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ တပည့်မဖြစ် သော သုန္ဒရီသည်ဗာရာဏသီပြည်မှ ထွက်ခဲ့၍ အရှင်ဘုရားထံတော်သို့ လာပြီးလျှင် အရှင် ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏။

၃၃၇။ မကောင်းမှုမှ အပပြုပြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် နတ်နှင့်တကွသောလောက၌ တစ်ဆူတည်းသော သဗ္ဗညုဘုရားပေတည်း၊ အရှင်ဘုရားသည် အကျွန်ုပ်၏ ဆရာပါပေတည်း၊ အကျွန်ုပ်သည် အရှင်ဘုရား၏ ရင်၌ ဖြစ်သော သမီးတော်၊ အရှင်ဘုရား၏ ခံတွင်းတော်မှ ဖြစ်သောသမီးတော်၊ တစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စကို ပြုပြီးဖြစ်၍ အာသဝေါကင်းပြီးသောသမီးတော်ဖြစ်ပါ၏။

၃၃၈။ ကောင်းသော ကျေးဇူးနှင့် ပြည့်စုံသော သုန္ဒရီ ထိုဗာရာဏသီပြည်မှ ထိုသင်၏ ငါ့ထံသို့လာခြင်းသည် ကောင်းသော လာခြင်းတည်း၊ ထို့ကြောင့်သာလျှင် ငါဘုရားထံသို့ လာခြင်းသည် အပြစ်မရှိသော လာခြင်းတည်း၊ သုန္ဒရီ

ဤယခု သင် လာသကဲ့သို့ပင် အရိယ မဂ်တည်းဟူသောယဉ်ကျေးခြင်းဖြင့် ယဉ်ကျေးကုန်ပြီးသော ရာဂကင်းကုန်ပြီးသော သံယောဇဉ်တို့မှ ကင်းကုန်ပြီးသောတစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စကို ပြုပြီးကုန်သော အာသဝေါကင်းပြီးသော ရဟန္တာတို့သည် ငါဘုရား၏ ခြေတော်တို့ကို ရှိခိုးကုန်သည်ဖြစ်၍ လာကြကုန်စမြဲတည်း၊ ထို့ကြောင့် သင်၏ ငါဘုရားထံသို့လာခြင်းသည် ကောင်းသော လာခြင်းတည်း၊ အပြစ်မရှိသော လာခြင်းတည်း။

ဤသို့လျှင် သုန္ဒရီထေရီသည် ဤဂါထာတို့ကို ရွတ်ဆို၏။

၁။လောကဝေါဟာရအားဖြင့် ဆဲရေးသော စကားဖြစ်၏၊ မွေးတိုင်း မွေးတိုင်းသော သားသမီးတို့ သေဆုံးသည်ကို ဆိုလို၏။

၅-သုပါကမ္မာရဓီတုထေရီဂါထာ

ရုပ်အဆင်းတင့်တယ်သော ရွှေပန်းထိမ်သည်သမီး သုဘာသည် ဘုရားရှင် ရာဇဂြိုဟ် ပြည်သို့ကြွဝင်တော်မူသောအခါ ကြည်ညို၍ဘုရားရှင်ထံ ချဉ်းကပ်လေရာ သစ္စာလေးပါး တရားကို နာရသဖြင့် သောတာပန်တည်လေ၏။

နောက်မိထွေးတော်ဂေါတမီထံတွင် ရဟန်း ပြု၍ တရားအားထုတ်နေရာဣနြေ္ဒရင့်ကျက်သည့်အားလျော်စွာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ ရွတ်ဆိုသော ဂါထာများ။

၃၃၉။ ဆွေမျိုးအပေါင်းတို့ ငါသည် ရှေးလူဖြစ်စဉ်အခါက ငယ်ငယ်ရွယ်ရွယ်ဖြစ်လျက် စင်ကြယ်သောအဝတ်ကို ဝတ်သည်ဖြစ်၍ (မြတ်စွာဘုရားထံတော်၌) တရားတော်ကို အကြင့် ကြောင့် ကြားနာရပြီ၊ ထို့ကြောင့် မမေ့မလျော့သော သတိဖြင့် အားထုတ်သော ထိုငါ့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းဖြစ်ခဲ့ပြီ။

၃၄ဝ။ ထို့ကြောင့် ငါသည် အလုံးစုံသော ကာမဂုဏ်တို့၌ အလွန့်အလွန် မမွေ့လျော်မှုကို ရပြီ၊ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော သက္ကာယ၌ ဘေးကို မြင်ရ၍ ကာမဂုဏ်မှ ထွက် မြောက်ရာနိဗ္ဗာန်ကိုသာလျှင် တောင့်တ၏။

၃၄၁-၄၂။ ငါသည် ဆွေမျိုးအပေါင်းကိုလည်းကောင်း၊ ကျွန်အမှုလုပ်တို့ကိုလည်းကောင်း၊ စည်ပင်ဝပြောကုန်သော ရွာ, လယ်ယာတို့ကိုလည်းကောင်း၊ နှစ်သက်ဖွယ် ဝမ်းမြောက်ဖွယ်ဖြစ်ကုန်သော စည်းစိမ်အစုတို့ကိုလည်းကောင်း များစွာသော ဥစ္စာနှစ်ကို ပယ်စွန့်၍ ဤသို့ ဆိုခဲ့ပြီးသော အပြားဖြင့်ယုံကြည်မှု 'သဒ္ဓါ'တရားဖြင့် အိမ်မှ ထွက်ပြီးလျှင် မြတ်စွာဘုရား ကောင်းစွာ ဟောကြားတော်မူအပ်သော သူတော်ကောင်းတရားတည်းဟူသော အရိယာဝိနည်း၌ ငါ ရဟန်းပြုခဲ့၏။

၃၄၃။ ဤသို့ ရဟန်းပြုပြီးသော ငါ့အား စွန့်အပ်ပြီးသော ကာမဂုဏ်တို့သို့ တစ်ဖန် ပြန်လည်ခြင်းသည် မသင့်တင့် မလျောက်ပတ်၊ ဥစ္စာသိမ်းဆည်းခြင်း မရှိသော ရဟန်းအဖြစ် ကိုသာလျှင် ငါ တောင့်တ၏။ အကြင်ပုဂ္ဂိုလ်သည် ရွှေငွေစသော ဥစ္စာကို စွန့်ပယ်ခဲ့ပြီးမှ တစ်ဖန်ပြန်လည်ယူငြားအံ့၊ (ထိုပုဂ္ဂိုလ်သည်ပညာရှိတို့ အလယ်၌ အသို့လျှင် ဦးခေါင်း ထောင်ဝံ့ပါအံ့နည်း။)

၃၄၄။ ငွေသည်လည်းကောင်း၊ ရွှေသည်လည်းကောင်း သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်အကျိုးငှါ မဖြစ်၊ ကိလေသာတို့ ငြိမ်းရာဖြစ်သော နိဗ္ဗာန်အကျိုးငှါ မဖြစ်။ ဤရွှေငွေ စသော ဝတ္ထုတို့ကို ခံယူခြင်းသည် ရဟန်းတို့အား မလျောက်ပတ်၊ ဤရွှေငွေစသော သိမ်း ဆည်းအပ်သော ဝတ္ထုတို့သည် အရိယာတို့ ဥစ္စာမဟုတ်။

၃၄၅။ ဤသိမ်းဆည်းအပ်သော ရွှေငွေစသော ဝတ္ထုသည် တပ်မက်မှု 'လောဘ'ကို ဖြစ်စေ တတ်၏၊ မာန်ယစ်ခြင်းကို ဆောင်တတ်၏၊ ပြင်းစွာ တွေဝေခြင်းကို ဖြစ်စေတတ်၏၊ ရာဂစ သော ကိလေသာမြူကိုပွါးစေတတ်၏၊ ရွံရှာတွေးတောဖွယ် ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊ (စီမံမှုစောင့်ရှောက်မှုစသည်ဖြင့်) များသော ပင်ပန်းခြင်းရှိ၏၊ ဤသိမ်းဆည်းအပ်သော ရွှေငွေ စသော ဝတ္ထု၌မြဲမြံခိုင်ခံ့မှုသည်လည်းကောင်း၊ တည်တံ့မှုသည်လည်းကောင်း မရှိ။

၃၄၆။ ဤရွှေငွေစသော ဝတ္ထု၌ တပ်မက်ကုန်သော သတ္တဝါတို့သည်လည်းကောင်း၊ ကုသိုလ်တရားတို့၌သတိကင်းသဖြင့် မေ့လျော့ကုန်သော သတ္တဝါတို့သည်လည်းကောင်း ညစ်ညူးသော စိတ်ရှိကြကုန်၏။

(ထို့ကြောင့်) များစွာသော သတ္တဝါတို့သည် တစ်ယောက် သည် တစ်ယောက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြကုန်လျက် ငြင်းခုံမှုကို ပြုကြကုန်၏။

၃၄၇။ ကာမဂုဏ်လိုက်စားကုန်သော သူတို့အား သတ်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ သတ်ဖြတ်ခြင်း စသောပူပန်နှိပ်စက်ခြင်းသို့ ရောက်ခြင်း၊ ဥစ္စာအခြွေအရံမှ ရှုံးခြင်း၊ စိုးရိမ်ခြင်း ငိုကြွေးခြင်းဟူသောများစွာသော အကျိုးမဲ့ ပျက်စီးခြင်းသည် ထင်လာ၏။

၃၄၈။ ထိုသို့ကာမဂုဏ်တို့၌ တပ်မက်ခြင်းကင်းသော သဘောရှိသော ငါ့ကို သင်တို့သည် ဆွေမျိုး ဖြစ်ပါကုန်လျက် 'ရန်သူတို့ကဲ့သို့' ကာမဂုဏ်တို့၌ အဘယ်ကြောင့် တိုက်တွန်းကြကုန်ဘိသသနည်း၊ ကာမဂုဏ်တို့၌ ဘေးဘယကို မြင်သည်ဖြစ်၍ ရဟန်းပြုသူဟူ၍ ငါ့ကို သိကြကုန်လော့။

၃၄၉။ ရွှေငွေဖြင့် အာသဝေါလေးပါးတို့ မကုန်ခန်းနိုင်၊ ကာမဂုဏ်တို့သည် အဆွေခင်ပွန်း မဟုတ်ကုန်၊ သူသတ်ယောက်ျားနှင့် တူကုန်၏၊ ရန်သူတို့နှင့် တူကုန်၏၊ ရာဂစသော ငြောင့်တံသင်းငါးစင်းကိုဖွဲ့တတ်ကုန်၏။

၃၅ဝ။ ထိုသို့ကာမဂုဏ်တို့၌ တပ်မက်ခြင်းကင်းသော သဘောရှိသော ငါ့ကို သင်တို့သည် ဆွေမျိုးဖြစ်ပါကုန်လျက် 'ရန်သူတို့ကဲ့သို့' ကာမဂုဏ်တို့၌ အဘယ်ကြောင့် တိုက်တွန်းကြကုန်ဘိသနည်း၊ ရိတ်ပြီးသော ဆံရှိသော ထိုထိုအရပ်၌ အဝတ်ဟောင်း အဝတ်စုတ်ကို ယူ၍ ချုပ်စပ်သော သင်္ကန်းကိုဝတ်ရုံကာ ရဟန်းပြုသူဟူ၍ ငါ့ကို သိကြကုန်လော့။

၃၅၁။ အိမ်တိုင်းအိမ်တိုင်း ရပ်၍ ရအပ်သော ဆွမ်းကိုလည်းကောင်း၊ ဆွမ်းအလို့ငှါ အိမ်စဉ်မပြတ်လှည့်လည်ခြင်း ရပ်တန့်ခြင်းဟူသော ဆွမ်းကို ရှာမှီးခြင်းကိုလည်းကောင်း၊ 'မြေမှုန့်ကဲ့သို့'စက်ဆုပ်ဖွယ်ရှိသော တံမြက်ချေးစုစသည်တို့၌ ရသော သင်္ကန်းကိုလည်းကောင်း ဤသုံးပါးသာ ငါ့အားလျောက်ပတ်၏။ အိမ်ရာထောင်ခြင်း မရှိသော ရဟန်းတို့၏ မှီရာဖြစ်၍ အသက်၏ အရံအတား ဖြစ်၏။

၃၅၂။ နတ်ပြည်၌ ဖြစ်သော အကြင်ကာမဂုဏ်တို့သည်လည်းကောင်း၊ လူ့ပြည်၌ ဖြစ် သော အကြင်ကာမဂုဏ်တို့သည်လည်းကောင်း ရှိကြပေကုန်၏။ ထိုကာမဂုဏ်တို့ကို မြတ် သော သီလစသောကျေးဇူးကိုရှာတော်မူတတ်သော ဘုရားစသော သူတော်ကောင်းတို့သည် စွန့်အပ်ကုန်၏၊ ထိုဘုရားစသောသူတော်ကောင်းတို့သည် (ယောဂလေးပါးတို့ဖြင့်) ဘေး ဥပါဒ်မရှိရာ နိဗ္ဗာန်ဟူသော အရပ်၌ကိလေသာတို့မှ လွတ်ကုန်သည်ဖြစ်၍ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်ချမ်းသာကို ရကုန်၏။

၃၅၃။ အကြင်ကာမဂုဏ်တို့၌ အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်တတ်သော တရား မည်သည်တစ်ခုမျှ မရှိ၊ ထိုကာမဂုဏ်တို့သည် အဆွေခင်ပွန်း မဟုတ်ကုန်၊ သူသတ် ယောက်ျားနှင့် တူကုန်၏၊ မီးပုံကြီးနှင့် တူကုန် ဆင်းရဲကုန်၏၊ (ထို့ကြောင့် ငါသည် ထို ကာမဂုဏ်တို့နှင့်ပေါင်းသင်းဆက်ဆံခြင်းသို့ မရောက်နိုင်တော့ပြီ)။

၃၅၄။ ဤကာမဂုဏ်သည် နှိပ်စက်တတ်သော ဘေးရန်မည်၏၊ စိတ်ပင်ပန်းခြင်းနှင့်တကွဖြစ်၏၊ စူးဝင်တတ်သော ဆူးငြောင့်နှင့်တကွဖြစ်၏၊ တပ်မက်မောခြင်း၏ အကြောင်း ဖြစ်၏၊ ဤကာမဂုဏ်သည်လွန်ကဲသောကြောင့် ကြမှုကြီးဖြစ်၏၊ ကျယ်ဝန်းများပြား၏၊ တွေဝေခြင်း၏ အကြောင်းဖြစ်၏။

၃၅၅။ ဤကာမဂုဏ်သည် စွဲကပ်တတ်သော ဘေးရန်ကဲ့သို့လည်း ဖြစ်၏၊ အလွန် ကြောက်မက်ဖွယ်သဘောလည်းရှိ၏၊ ကာမဂုဏ်တို့သည် မြွေဦးခေါင်းနှင့် တူကုန်၏၊ ယင်း မြွေဦးခေါင်းနှင့် တူသောကာမဂုဏ်တို့ကို မိုက်ကုန်သော ပညာမရှိသည်ဖြစ်၍ သူကန်း သဖွယ် ဖြစ်ကုန်သော ပုထုဇဉ်တို့သည် အလွန်နှစ်သက်ကြကုန်၏။

၃၅၆။လောက၌ ပညာမရှိကုန်သော များစွာသော သူတို့သည် ကာမဂုဏ်ညွန်ပျောင်းဖြင့်ကပ်ငြိတွယ်တာကုန်သည်ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း၏ အဆုံးဖြစ်သော နိဗ္ဗာန်ကိုမသိနိုင်ကြကုန်။

၃၅၇။ လူတို့သည် မိမိ၏ နာကျင်နှိပ်စက်တတ်သော အနာရောဂါနှင့် တူသော ဆင်းရဲကိုဆောင်တတ်သော၊ ကာမဂုဏ်ကို သုံးဆောင်ခံစားခြင်းလျှင် အကြောင်းရှိသော၊ များစွာသော၊ စင်စစ်ငရဲစသော အပါယ်လေးဘုံသို့ လားစေတတ်သော အကြောင်းဖြစ်သော အကုသိုလ် ဒုစရိုက်ကိုပြုကျင့်ကုန်၏။

၃၅၈။ ဤဆိုအပ်ပြီးသော အပြားဖြင့် ကာမဂုဏ်တို့သည် အဆွေခင်ပွန်း မဟုတ်သော အဖြစ်ကိုသာဖြစ်စေတတ်ကုန်၏၊ ပူပန်စေတတ်သော သဘောရှိကုန်၏၊ ပူပန်စေတတ် နှိပ် စက်တတ်သော ကိလေသာကို ရခြင်းငှါ ထိုက်ကုန်၏၊လောက၌ အသုံးအဆောင် အာမိသ သဖွယ် ဖြစ်၍ ဖြစ်ကုန်၏၊ အနှောင်အဖွဲ့သံယောဇဉ်တို့ဖြင့် နှောင်ဖွဲ့အပ်သော တရား ဖြစ်ကုန်၏၊ (ဘဝ၌ ဖြစ်ခြင်း၏အကြောင်းဖြစ်၍) သေခြင်းနှင့် စပ်ကုန်၏။

၃၅၉။ ကာမဂုဏ်တို့သည် စိုးရိမ်ခြင်း ရူးသွပ်ခြင်းကို ပြုတတ်ကုန်၏၊ တိုး၍ တိုး၍ ပလွှားပြောဆိုတတ်ကုန်၏၊ စိတ်ကို နှိပ်စက်တတ်သော အလေ့ရှိကုန်၏၊ သတ္တဝါတို့ကို နှိပ် စက်ပူပန်စေခြင်းဖြင့် မာရ်နတ်သည် ထောင်အပ်သော မြှုံးသဖွယ် ဖြစ်၏။

၃၆ဝ။ ကာမဂုဏ်တို့သည် မဆုံးနိုင်လောက်အောင် များသော အပြစ်ရှိကုန်၏၊ များသော ဆင်းရဲရှိကုန်၏၊ ပြင်းသော အဆိပ်နှင့် တူကုန်၏၊ (ဓားသွားဖျား၌ တည်သော ပျားရည်ကဲ့သို့) သာယာမှုနည်းပါးကုန်၏၊ ပြင်းစွာ တပ်စွန်းမှု 'ရာဂ' စသော ကိလေသာကို ပွါးစေ တတ်ကုန်၏၊ ဖြူစင်သော ကုသိုလ်အဖို့ကိုခြောက်ကပ်စေတတ်ကုန်၏။

၃၆၁။ ဤဆိုခဲ့ပြီးသော အကြောင်းကြောင့် ထိုငါသည် အခါခပ်သိမ်း နိဗ္ဗာန်၌ မွေ့လျော် သည်ဖြစ်၍ ထိုဆိုခဲ့ပြီးသော သဘောရှိသော ကာမဂုဏ်ချမ်းသာကို ခံစားခြင်းလျှင် အကြောင်း ရှိသော ပျက်စီးခြင်း၏အကြောင်းဖြစ်သော ထိုကာမဂုဏ်သို့ တစ်ဖန် ပြန်မသွားတော့အံ့။

၃၆၂။ (ငါသည် ကိလေသာဟူသော ပူပန်ခြင်း၏) ငြိမ်းကြောင်းဖြစ်သော အရဟတ္တဖိုလ်ကိုအလိုရှိသည်ဖြစ်၍ ကာမဂုဏ်တို့ကို စစ်ထိုးမှုပြုကာ သံယောဇဉ်အားလုံးတို့၏ကုန်ရာ နိဗ္ဗာန်၌မွေ့လျော်သည်ဖြစ်၍ မမေ့မလျော့ နေပေတော့အံ့။

၃၆၃။ ဘုရားစသော သူတော်ကောင်းတို့သည် အကြင်မဂ္ဂင်ရှစ်ပါးဖြင့် သံသရာတည်းဟူ သောကြီးစွာသော ရေအလျဉ်ကို ကူးကုန်၏၊ ငါသည်လည်း ထိုဘုရားစသော သူတော် ကောင်းတို့သွားရာဖြစ်သော စိုးရိမ်မှု မရှိသော ကိလေသာမြူလည်း မရှိသောကြောင့် ကြမှု ဘေး မရှိသောဖြူစင်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဖြောင့်မတ်စွာသော မဂ္ဂင်ရှစ်ပါးတည်းဟူသော ထိုခရီးသို့လိုက်ပေတော့အံ့။

၃၆၄။ (ရဟန်းတို့) သင်တို့သည် အရိယဖိုလ်တရား၌ တည်သော ရွှေပန်းထိမ်သည်၏ သမီးဖြစ်သောသုဘာမည်သော

ဤရဟန္တာမိန်းမကို ရှုကြကုန်လော့၊ (ဤသုဘာမည်သော ရဟန်းမိန်းမသည်) တဏှာကင်းသော အရဟတ္တဖိုလ်ကို ပြည့်စုံစေ၍ သစ်ပင်ရင်း၌ အရဟတ္တဖိုလ်ဈာန်ကို ဝင်စားနေ၏။

၃၆၅။ သုဘာမည်သော ရဟန်းမိန်းမသည် ယနေ့ ရဟန်းပြု၍ ရှစ်ရက်မြောက်သော နေ့တည်း၊ သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်တည်းဟူသော သူတော်ကောင်း တရားကို ရသဖြင့် တင့်တယ်၏၊ ဥပ္ပလဝဏ်ထေရီမက ဆိုဆုံးမအပ်သည်ဖြစ်၍ ဝိဇ္ဇာသုံးပါး နှင့် ပြည့်စုံ၏၊ သေခြင်းတရားကို ပယ်စွန့်နိုင်ခဲ့၏။

၃၆၆။ ထိုသုဘာထေရီ ဘိက္ခုနီမသည် ကိလေသာဟူသော အရှင်မှ တော်လှန်ပြီးဖြစ်၍ (ကာမစ္ဆန္ဒစသော) ကြွေးမြီလည်း မရှိပြီ၊ ပွါးအပ်ပြီးသော ဣနြေ္ဒရှိ၏၊ ယောဂအားလုံးတို့မှ လွတ်ကင်းပြီ၊ တစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စကိုလည်း ပြုအပ်ပြီးပြီ၊ အာသဝေါကင်းသော ရဟန္တာမိန်းမ ဖြစ်ပေ၏ဟု (မြတ်စွာဘုရား မိန့်တော်မူ၏)။

၃၆၇။ (လူ့ဘုံ စာတုမဟာရာဇ်ဘုံ တာဝတိံသာဘုံတည်းဟူသော ကာမသုဂတိဘုံ၌ ဖြစ် သည့်) သတ္တဝါတို့၏ အရှင်ဖြစ်တော်မူသော သိကြားနတ်မင်းသည် နတ်အပေါင်းနှင့်တကွ ရွှေပန်းထိမ်သည်၏သမီးဖြစ်သော သုဘာမည်သော ထိုရဟန္တာထေရီမသို့ မိမိတန်ခိုးဖြင့် ချဉ်းကပ်၍ ရှိခိုး၏။

ဤသို့လျှင် ရွှေပန်းထိမ်သည်၏ သမီးဖြစ်သော သုဘာထေရီသည် ဤဂါထာတို့ကို ရွတ် ဆို၏။

ဝီသတိနိပါတ် ပြီး၏။

၁၄-တိံသနိပါတ်

၁-သုဘာဇီဝကမ္ဗဝနိကာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီးသုဘာသည် သံဝေဂရ၍ မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြုကာ ဝိပဿနာပွါးရာနှစ်ရက်သုံးရက်ဖြင့် အနာဂါမ်တည်လေ၏။ တစ်နေ့သ၌ လူရမ်းကား တစ်ဦးသည် ဇီဝကဥယျာဉ်၌သွားနေသော သုဘာထေရီကို မြင်၍ တပ်မက်စကား ပြောသည်တွင် တရားပြ၍တားမြစ်သော်လည်းမရသဖြင့် အလှဆုံးဖြစ်သော မျက်လုံးကို ထုတ်ဖောက်ပေးလိုက်မှ နောင်တရကာ ကန်တော့လေ၏။ ဘုရားရှင်ထံရောက်လျှင် မျက်စိ ပကတိအကောင်း ဖြစ်ပြန်ပြီးနောက် တရားကို အားထုတ်ရာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ လူရမ်းကားနှင့် ပြောဆိုခဲ့သောစကားများကို ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၃၆၈။ နှလုံးမွေ့လျော်ဖွယ် ဖြစ်သော ဇီဝက၏ သရက်ဥယျာဉ်သို့ သွားသော သုဘာ မည်သော ဘိက္ခုနီမကို (ရာဇဂြိုဟ်ပြည်နေ) မိန်းမလိုက်စား လူရမ်းကားသည် လမ်းကို ပိတ် ဆို့တားမြစ်၏၊ ထိုမိန်းမ လိုက်စား လူရမ်းကားကို သုဘာထေရီက ပြောဆို၏။

၃၆၉။ အမောင် သင့်အား ငါ အဘယ်သို့ ပြစ်မှားဖူးသနည်း၊ အကြင်အပြစ်ကြောင့် ဥယျာဉ်သို့သွားသော ငါ့အား လမ်းခရီးကို ပိတ်၍ သင် ရပ်တည်ဘိ၏၊ (ထိုအပြစ်သည်) ငါ၌ မရှိသည်သာတည်း၊ အမောင် ရဟန်းမိန်းမအား ယောက်ျားသည် ထိပါးသုံးသပ်ခြင်းငှါ မအပ်သည်သာတည်း။

၃၇ဝ။ အမောင် ကျောက်ထီးကဲ့သို့ အလေးပြုအပ်သော ငါ၏ မြတ်စွာဘုရားသာသနာ တော်၌ အကြင်ကျင့်ဝတ်သိက္ခာပုဒ်ကို မြတ်စွာဘုရား ဟောကြားပညတ်တော်မူအပ်၏၊ စင်ကြယ်သော ကုသိုလ်အစုရှိသော, ရာဂစသော ကိလေသာလည်း မရှိသော ငါကဲ့သို့သော ရဟန်းမိန်းမကို အဘယ်အကြောင်းကြောင့်လမ်းခရီးပိတ်ဆို့၍ သင် ရပ်တည်ဘိသနည်း။

၃၇၁။ (ကာမဝိတက်စသည်တို့၏ အစွမ်းဖြင့်) နောက်ကျုသော စိတ်ရှိ၍ ရာဂစသော ကိလေသာမြူရှိသူ (သင်သည်) နောက်ကျုသော စိတ်မရှိမူ၍ ရာဂစသော ကိလေသာမြူ ကင်းပြီးသော, ရာဂစသောကိလေသာ မရှိသော, အလုံးစုံသော ခန္ဓာငါးပါးအပေါင်း၌ ကိလေသာတို့မှ လွတ်သော စိတ်ရှိသောငါကဲ့သို့သော ရဟန်းမိန်းမကို အဘယ်အကြောင်း ကြောင့် ခရီးပိတ်ဆို့၍ သင် ရပ်တည်ဘိသနည်း (ဟုသုဘာထေရီမက မေး၏)။

၃၇၂။ နှမ သင်သည် အသက်အရွယ် ငယ်လှပါသေး၏၊ အဆင်းအားဖြင့်လည်း လှပ၏၊ သို့ဖြစ်လျက်သင့်အား ရဟန်းအဖြစ်သည် အဘယ်ပြုအံ့နည်း၊ ဖန်ရည်ဆိုးသင်္ကန်းကို ချွတ်ပါလော့၊ လာပါလှည့်၊ လှိုင်စွာပွင့်သော ပန်းပင်ရှိသော ဥယျာဉ်အတွင်း၌ ငါတို့ မွေ့လျော် ပျော်ပါးကြပါကုန်အံ့။

၃၇၃။ သစ်ပင်တို့သည် (မိမိတို့၏) ပန်းဝတ်မှုံစုဖြင့် တညီတညွတ် တည်ကုန်လျက် ထက်ဝန်းကျင်မှမွှေးကြိုင်သော အနံ့ကိုလည်း လှိုင်စေကုန်၏၊ ဤလ ဥတုအချိန်အခါသည် ရှေးဦးစွာသော မိုးလ, ရှေးဦးစွာသော မိုးဥတုဖြစ်၍ အေးမြချမ်းသာသော အတွေ့ရှိသောကြောင့် အလွန်သာယာ၏၊ (နှမ) လာပါလှည့်၊ လှိုင်စွာပွင့်သော ပန်းပင်ရှိသော ဥယျာဉ် အတွင်း၌ ငါတို့ မွေ့လျော်ပျော်ပါးကြပါကုန်အံ့။

၃၇၄။ အဖျားတိုင်အောင် ကောင်းစွာ ပွင့်သော ပန်းပွင့်ရှိကုန်သော သစ်ပင်တို့သည် လေတိုက်အပ်ကုန်သည်ဖြစ်၍ ယိမ်းနွဲ့လှုပ်ရှားကုန်လျက် ထစ်ချုန်းကြွေးကြော်သကဲ့သို့ တည်ကုန်၏၊ သင်နှမသည် တစ်ယောက်ထီးတည်းသာ တောသို့ သက်ဝင်ခဲ့မူ ထိုတော၌ သင်နှမ အားအဘယ်မည်သော မွေ့လျော်ခြင်း ဖြစ်ပါလတ္တံ့နည်း။

၃၇၅။ ခြင်္သေ့သစ်ကျားစသော သားရဲအပေါင်းတို့ မှီဝဲအပ်သော အမုန်ယစ်သော ဆင်ပေါက်ဆင်မတို့ချိုးဖဲ့အပ်သော သစ်ရွက်သစ်ခက်သံတို့ဖြင့် ချောက်ချားနှောက်ယှက်အပ် သည့် အရပ်ဖြစ်သော လူသူ့ကင်း၍ ကြောက်မက်ဖွယ်ရှိသော တောအုပ်ကြီးသို့ အဖော်မပါ တစ်ယောက်တည်းသာလျှင် သွားခြင်းငှါသင် အလိုရှိဘိ၏။

၃၇၆။ နီဖလံရွှေဖြင့် ထုလုပ်စီရင်အပ်သော ယမင်းရုပ်ကဲ့သို့လည်းကောင်း၊ စိတ္တလတာ မည်သော နတ်ဥယျာဉ်၌ နတ်သမီးကဲ့သို့လည်းကောင်း အလွန်တင့်တယ်လျက် သွားလာ လှည့်လည်ဘိ၏။ နှိုင်းယှဉ်ရာ မရနိုင်သော နှမ သင်နှမသည် အလွန်ပြေပြစ်ချောမွေ့သော ကာသိတိုင်းဖြစ်သိမ်မွေ့နူးညံ့သော အဝတ်တို့ဖြင့် နှိုင်းယှဉ်စရာ မရှိအောင် တင့်တယ်ဘိ၏။

၃၇၇။ ကန္နရီမကဲ့သို့ ညင်ညင်သာသာ ကြည့်သော ကြည်လင်စွာသော မျက်လုံးရှိသော နှမနှစ်ယောက်သော ငါတို့သည် တော၏ အလယ်၌ အတူတကွ မွေ့လျော်နေကြရပါကုန်မူ ငါသည် သင့်အလိုသို့ လိုက်ပါအံ့၊ သင့်ထက်သာလွန်၍ ချစ်အပ်သော သူ တစ်စုံတစ်ယောက်မျှ ငါ့အား မရှိပါ။

၃၇၈။ (သင်သည်) ငါ၏ စကားကို အကယ်၍ လိုက်နာမည်ဖြစ်အံ့၊ ဤကာမဂုဏ်စည်းစိမ် တို့ဖြင့်ချမ်းချမ်းသာသာ အိမ်ကို စိုးအုပ်၍ နေလှည့်ပါလော့၊ ပြာသာဒ်ဆောင်ဝယ် လေတိုက် မခံ စံနေပါလော့၊ ကျွန်မိန်းမတို့သည် သင်၏ အမှုကြီးငယ်တို့ကို ပြုလုပ်ပါစေကုန်။

၃၇၉။ သင်နှမသည် ကာသိတိုင်းဖြစ် သိမ်မွေ့သော အထည်အဝတ်တို့ကို ဝတ်ဆင်ပါလော့၊ ပန်းနံ့သာပျောင်းတို့ကိုလည်း ပန်ဆင်လိမ်းခြယ်ပါလော့၊ ရွှေ ပတ္တမြား ပုလဲတို့ဖြင့် ခြယ်လှယ်အပ်သော အထူးထူးအပြားပြား များစွာသော တန်ဆာကို သင့်အတွက် ပြုလုပ်အံ့။

၃၈ဝ။ နှမ ကောင်းစွာ ဆေးလျှော်သုတ်သင်ပြီးဖြစ်၍ မြူမှုံကင်းစင်သော အထက်၌ ကြက် အပ်သော နီသော ဗိတာန်ရှိသော တင့်တယ်စွာသော ရှည်သော အမွှေးရှိသော ကော်ဇောနက် တို့ဖြင့်လည်းကောင်း၊ ဟင်္သာမွေးစသည်ဖြင့် ပြည့်သော လဲသွတ်သော မွေ့ယာအခင်းတို့ဖြင့်လည်းကောင်း ခင်းအပ်သော အသစ်စက်စက် ဖြစ်၍ အဖိုးများစွာ ထိုက်တန်သော ဂေါသီသ စသော စန္ဒကူးနှစ်ဖြင့် ထုံအပ်သည့်အလွန်မွှေးကြိုင်သော အနံ့လည်းရှိသော အိပ်ရာထက်သို့ တက်၍ အိပ်စက်နေထိုင်ပါလော့။

၃၈၁။ ရက္ခိုသ်တို့ စောင့်ရှောက်အပ်သော ရေကန်၌ ဖြစ်သောကြောင့် လူတို့ မသုံးဆောင် ရသော ရေမှစွင့်စွင့်တက်၍ ပွင့်သော ကြာပန်းသည် တစ်စုံတစ်ယောက်မျှ မသုံးဆောင်ရဘဲ ပျက်စီးသကဲ့သို့ ထို့အတူ သင်နှမငယ်သည် မြတ်သော အကျင့်ကို ကျင့်သည်ဖြစ်၍ မိမိ ဥစ္စာဖြစ်ကုန်သော ကိုယ်အင်္ဂါကြီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူမျှ မသုံးဆောင်ရကုန်ဘဲ အိုခြင်းသို့ ရောက်ရလတ္တံ့သတည်း (ဟုမိန်းမလိုက်စား လူရမ်းကားက ပြောဆို၏)။

၃၈၂။ အမောင် ဆံစသော သုံးဆယ့်နှစ်ပါးသော အပုပ်တို့ဖြင့် ပြည့်သော စင်စစ် မုချ ပျက်တတ်သောသဘောရှိသော သုသာန်မြေကို တိုးပွါးစေတတ်သော ဤကိုယ်ကောင်၌ အဘယ်မည်သော ဝတ္ထုကိုအမောင်သည် မြတ်၏ဟု ချီးမွမ်းအပ်သနည်း၊ အကြင်ကိုယ်အင်္ဂါကို မြင်၍ ဖောက်ပြန်သော စိတ်အကြံရှိလျက် သင်ကြည့်ရှုဘိ၏၊ ထို (သင် နှစ်သက်သော) ကိုယ် အင်္ဂါကို ငါ့အား ပြောစမ်းပါလော့ (ဟု သုဘာထေရီဘိက္ခုနီမက မေး၏)။

၃၈၃။ နှမ သမင်မငယ်၏ မျက်လုံးတို့ကဲ့သို့လည်းကောင်း၊ တောင်ဝှမ်း၌ (နေသော) ကိန္နရီမ၏မျက်လုံးတို့ကဲ့သို့လည်းကောင်း တင့်တယ်ကုန်သော သင့်မျက်လုံးတို့ကို မြင်ရ၍ အတိုင်း ထက်အလွန်ငါ၏ ကာမဂုဏ်၌ မွေ့လျော်လိုမှု တိုးပွါးပါ၏။

၃၈၄။ နှမ အညစ်အကြေး မရှိသော ရွှေရုပ်၏ မျက်နှာနှင့် တူသော သင်နှမ၏ မျက်နှာ ပြင်၌ ကြာနီပွင့်ချပ်ဖျားနှင့် တူကုန်သော မျက်တောင်ရှိကုန်သော သင့်မျက်လုံးတို့ကို မြင်ရ၍ ငါ့အားအတိုင်းထက်အလွန် ကာမဂုဏ်၌ မွေ့လျော်လိုမှု တိုးပွါးလာ၏။

၃၈၅။ နှမ သင်သည် ဝေးသော အရပ်သို့ သွားသော်လည်း ရှည်သွယ်သော မျက် တောင်ရှိကုန်သော အညစ်အကြေးကင်းသည်ဖြစ်၍ သန့်ရှင်းစင်ကြယ်သော မျက်လုံးတို့ကို ငါတို့အောက်မေ့အမှတ်ရကြပါကုန်၏၊ ကိန္နရီမကဲ့သို့ ညင်ညင်သာသာ ကြည့်သော ကြည် လင်သော မျက်လုံးရှိသော နှမသင်၏ မျက်လုံးထက် သာလွန်၍ ချစ်အပ်သော အရာ (ငါ့အား) မရှိတော့ပါ (ဟု မိန်းမလိုက်စားလူရမ်းကားက ပြော၏)။

၃၈၆။ အမောင် အကြင် သင်သည် မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သမီးစစ်ဖြစ်သော ငါ့ကိုတောင့်တဘိ၏၊ ထိုသင်သည် ဆူးငြောင့်ဘေးရန်ရှိသော မှားသော လမ်းခရီးဖြင့် သွားခြင်းငှါ အလိုရှိ၏၊ လဗိမာန်ကို ကစားဖွယ်ရာဟူ၍ ရှာသည် မည်၏၊ မြင်းမိုရ်တောင်မင်းကို ခုန်ကျော်ခြင်းငှါ အလိုရှိသည်မည်၏။

၃၈၇။ အမောင် ယခုအခါ အကြင်အာရုံ၌ ငါ့အား တပ်စွန်းမှု 'ရာဂ' ဖြစ်၏၊ ငါ၏ သန္တာန်၌ တပ်စွန်းမှု 'ရာဂ' ဖြစ်ရာ အာရုံမျိုးသည် နတ်နှင့်တကွသောလောက၌ မရှိတော့သည် သာတည်း၊ ထိုတပ်စွန်းမှု 'ရာဂ'ကို အဘယ်သို့ သဘောရှိသည်ဟူ၍သော်လည်း ငါ မသိတော့ ချေ၊ (မသင့်မတင့်သောအားဖြင့်နှလုံးသွင်းခြင်းဟူသော) အမြစ်အရင်းနှင့်တကွသော တပ်စွန်းမှု 'ရာဂ'ကို အရိယမဂ်ဖြင့် ငါသတ်ဖြတ်ဖျက်ဆီးအပ်လေပြီ။

၃၈၈။ မီးကျီးတွင်း၌ ပစ်ချအပ်သော လောင်စာကဲ့သို့လည်းကောင်း၊ အဆိပ်စေးကိုမျှ မကြွင်းရအောင်မီးကျီးတွင်း၌ ပစ်ချဖျက်ဆီးခြင်းကို ပြုအပ်ပြီးသော အဆိပ်ခွက်ကဲ့သို့လည်းကောင်းထိုတပ်စွန်းမှု 'ရာဂ'ကို အဘယ်သို့ သဘောရှိ၏ဟူ၍သော်လည်း ငါ မသိတော့ချေ၊ (မသင့်မတင့်သောအားဖြင့် နှလုံးသွင်းခြင်းဟူသော) အမြစ်ရင်းနှင့်တကွသော တပ်စွန်းမှု 'ရာဂ'ကိုအရိယမဂ်ဖြင့် ငါ သတ်ဖြတ်ဖျက်ဆီးအပ်လေပြီ။

၃၈၉။ အကြင်မိန်းမသည် (ဤခန္ဓာအပေါင်းကို) မဆင်ခြင်အပ်သေးသည် ဖြစ်ရာ၏၊ မြတ်စွာဘုရားကိုမူလည်း မဆည်းကပ်အပ်သေးသည် ဖြစ်ရာ၏၊ ထိုသို့သဘောရှိသောလောကုတ္တရာတရားကို မျက်မှောက်မပြုရသေးသော မိန်းမကို (ကာမဂုဏ်ဖြင့်) သင် ဖြားယောင်းလေလော့၊ ထိုသင်သည် ဖြစ်ခြင်း ပျက်ခြင်းကို မဖောက်မပြန် သိသော

ဤသုဘာထေရီဘိက္ခုနီမကို (အကြောင်းပြု၍) ပင်ပန်းဘိ၏။

၃၉ဝ။ အမောင် ဆဲရေးခြင်း ရှိခိုးခြင်း၌လည်းကောင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၌လည်းကောင်းဆင်ခြင်မှု 'ပစ္စဝေက္ခဏာ'နှင့် ယှဉ်သော သတိသည် ငါ့အား အခါခပ်သိမ်း ထင်နေ၏။ ထို့ကြောင့်တေဘူမကသင်္ခါရကို မတင့်တယ်ဟု သိ၍ ဘဝသုံးပါးလုံး၌ပင်လျှင် ငါ၏ စိတ်သည် (တဏှာတည်းဟူသောလိမ်းကျံခြင်း စသည်ဖြင့်) မလိမ်းကျံတော့ပေ။

၃၉၁။ မြတ်စွာဘုရား၏ တပည့်မ ဖြစ်သော ထိုငါသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ်တည်းဟူသောအရိယာပုဂ္ဂိုလ်တို့၏ ယာဉ်ဖြင့် (နိဗ္ဗာန်ရွှေပြည်သို့) သွားလေ့ရှိသူ, ကိလေသာတည်းဟူသောငြောင့်တံကျင်ကို ပယ်နုတ်ပြီးသူ, အာသဝေါကင်းပြီးသူ ဖြစ်၍ ဆိတ်ငြိမ်ရာသို့ သွားလျက်တစ်ယောက်ထီးတည်း မွေ့လျော်၏။

၃၉၂။ အမောင် လက်ခြေမျက်နှာစသော အခြင်းအရာဖြင့် ဆန်းကြယ်စွာ စီရင်ဖန်ဆင်းပြုလုပ်အပ်ကုန်သော ကောင်းမွန်တင့်တယ်သော အဆင့်သဏ္ဌာန်ရှိသည်ဖြစ်၍ ကြိုးသွယ်တို့ဖြင့်လည်းကောင်း၊ (လက် ခြေ ကျောက်ကုန်း နားရွက်စသည်တို့ကို သွယ်စေခြင်းငှါ တပ်အပ်သော သစ်သားစို့တို့ဖြင့်လည်းကောင်း (အသွယ်သွယ်) ဖွဲ့အပ်သော သစ်သားတို့ဖြင့် ဆန်းကြယ်စွာစီရင်အပ်သော စက်ယန္တရား ရုပ်တို့ကို ယန္တရားစက်ကြိုးစသည်တို့ဖြင့် ဆွဲငင်လျှော့ချလျက်ကချေသည်တို့ကို ငါ မြင်ဖူးကုန်ပြီ။

၃၉၃။ အမောင် ထိုသစ်သားယန္တရားရုပ်၌ ဖွဲ့ချည်ထားသောကြိုး, လက်ဆစ် ခြေဆစ် စသည်တို့၌ဖွဲ့ချည်သော ကြိုးနှင့် ရိုက်နှက်ထားသော သစ်သားစို့တို့ကို ဖွဲ့ချည်ထားတိုင်း သော အရပ်မှ့နုတ်ပစ်အပ်သော်လည်းကောင်း၊ ထိုထိုသို့သော အရပ်တို့၌ ပစ်ချသဖြင့် ဖရို ဖရဲဖြန့်ကျဲအပ်သော်လည်းကောင်း၊ ထိုသစ်သားယန္တရားရုပ် အစိတ်၌ အထုံးအထုံး အပိုင်းအပိုင်းရှိသောအားဖြင့် (ကိုယ်တခြား လက်တခြား တစ်ခုစီတစ်ခုစီ) ပြုအပ်သော်လည်းကောင်း''ဤကြိုးကား ယန္တရားရုပ်၊ ဤသစ်သားစို့ကား ယန္တရား ရုပ်''ဟု မှတ်ထင်၍ မရနိုင်ရာ။ ထိုအစိတ်အစိတ်သော ကြိုးသစ်သားစို့တို့တွင် အဘယ် အစိတ်အစိတ်၌ သစ်သားစက် ယန္တရားရုပ်ဟူ၍စိတ်ကို သက်ဝင်စေနိုင်ပါတော့အံ့နည်း။

၃၉၄။ အမောင် ထိုအပိုင်းအပိုင်း ခွဲခြားပြီးသော သစ်သားစက်ယန္တရားရုပ်အတူပင်လက်ခြေမျက်နှာစသော ကိုယ်အင်္ဂါတို့သည် (ပထဝီဓာတ်စသော ပရမတ္ထ) တရားတို့နှင့် ကင်း ၍မဖြစ်ကုန်၊ ကိုယ်ခန္ဓာအတ္တဘောသည် လက်ခြေမျက်နှာစသော ကိုယ်အင်္ဂါအစိတ်တို့နှင့် ကင်း၍ မဖြစ်ဟုငါ၏ ဉာဏ်၌ ထင်လာ၏၊ ယင်းသို့ ဖြစ်သည်ရှိသော် ထိုပထဝီဓာတ်စသော အစိတ်အစိတ်သောတရားတို့တွင် အဘယ်မည်သော တရားအစိတ်၌ မိန်းမယောက်ျားဟု စိတ်ကိုသက်ဝင်စေနိုင်ပါတော့အံ့နည်း။

၃၉၅။ အမောင် တိုက်နံရံ၌ ဆေးဒါန်း, ဟင်္သပြဒါး, အင်တွဲစသည်ဖြင့် လိမ်းကျံပွတ်နယ် ၍ပြုလုပ်အပ်သော မိန်းမရုပ်ကို မြင်ရာ၏၊ ထိုမိန်းမရုပ်၌ လူမိန်းမပင် ဖြစ်လေသလောဟူသောအမှတ်သည် အချည်းနှီး အကျိုးမရှိသည်သာတည်း၊ ထိုမိန်းမရုပ်၌ လူမိန်းမဟု ရှုခြင်းသည် ဖောက်ပြန်မှားယွင်းသောအားဖြင့် ရှုခြင်းမည်သကဲ့သို့ ထို့အတူ ခန္ဓာငါးပါးဟူ သော ပရမတ္ထတရား၏အပုံအစု၌ မိန်းမယောက်ျားဟု မှတ်ယူ၍ သိခြင်းသည်လည်း ဖောက် ပြန်မှားယွင်းသော အယူပင် ဖြစ်၏။

၃၉၆။ ပညာမျက်စိအမြင်မရှိသော အမောင်လုလင် မျက်လှည့်သည်သည် လူတကာတို့၏ ရှေ့မှောက်အနီး၌ ပြအပ်သော မျက်လှည့်ကဲ့သို့လည်းကောင်း၊ အိပ်မက်၌ မြင်မက်သောရွှေသစ်ပင်ကဲ့သို့လည်းကောင်း ထို့အတူ သင်သည် အချည်းနှီးသက်သက် အနှစ်မှ ကင်း သောဤခန္ဓာကိုယ်အတ္တဘောကို အနှစ်ရှိသကဲ့သို့ ထင်မှတ်ဘိ၏။

'မျက်လှည့်သည်သည် လူတို့ အလယ်၌ပြအပ်သော ငွေရုပ် ရွှေရုပ် စသည်တို့ကဲ့သို့' ဤခန္ဓာကိုယ်အတ္တဘောသည် အနှစ်မရှိအချည်းနှီးသက်သက်သာ ဖြစ်ဘိသည်တကား။

၃၉၇။ အမောင် သစ်ခေါင်း၌ ထားအပ်ကုန်သော ချိပ်လုံးတို့ကဲ့သို့ (မျက်လွှာ) အလယ်၌ တည်သောရေပွက်နှင့် တူကုန်သော မျက်လုံးတို့သည် မျက်ရည်နှင့်တကွ ဖြစ်ကုန်၏၊ ဤ မျက်လုံးအိမ်အဝန်း၌အစွန်းနှစ်ဖက်တို့ဝယ် မျက်ချေးသည် (ညှီစို့စို့) အဆိပ်နံ့ကို လှိုင်စေ လျက် ဖြစ်၏၊ အထူးထူးအပြားပြားများကုန်သော စက္ခုပသာဒအဖို့အစုတို့သည် တပေါင်းတည်းကဲ့သို့ တည်ကုန်၏ (ဟု ပြောဆို၍) -

၃၉၈။ ထိုခဏ၌ပင် ရှုချင်စဖွယ် တင့်တယ်သော အမြင်ရှိသော သုဘာထေရီဘိက္ခုနီမသည် (တစ်စုံတစ်ခုသော အာရုံ၌မျှ) ငြိတွယ်သော စိတ်မရှိမူ၍ 'အမောင် သင်အလိုရှိသော ဤငါ့ မျက်လုံးကိုယူလော့၊ ယူပြီး၍ လိုရာအရပ်သို့ ဆောင်သွားလော့'ဟု ပြောဆိုကာ မျက်လုံးကို မျက်ကွင်းမှဆွဲထုတ်ပြီးလျှင် ထိုမိန်းမလိုက်စား လူရမ်းကားအား ပေးလေ၏၊ (ထိုသုဘာ ထေရီဘိက္ခုနီမသည်ထုတ်ပေးအပ်သော မျက်လုံး၌) ကပ်ငြိခြင်းသို့ မရောက်။

၃၉၉။ ထိုလူရမ်းကားအားလည်း (ထေရီမက မျက်လုံးကို ဖောက်ထုတ်ပေးလိုက်သော) ထိုခဏ၌ထိုမျက်လုံး၌ တပ်မက်မှုရာဂသည် ကင်းလေ၏၊ ထိုမိန်းမလိုက်စား လူရမ်းကား သည်ထိုသုဘာထေရီမကို ကန်တော့လည်း ကန်တော့၏၊ မြတ်သော အကျင့်ရှိသော ထေရီမ အသင့်အားအနာကင်းသဖြင့် ချမ်းသာခြင်း ဖြစ်ပါစေသတည်း၊ နောက်ထပ် ဤသို့သော မကောင်းမှုဒုစရိုက်မျိုးကိုကျင့်ခြင်း မဖြစ်ပါလတ္တံ့။

၎ဝဝ။ အကျွန်ုပ်သည် ဤသို့သဘောရှိသော ခပ်သိမ်းသော အာရုံ၌ တပ်မက်ခြင်း ကင်း ပြီးသော အရှင်မ သုဘာကို နှောက်ယှက် ညှဉ်းဆဲမိသောကြောင့် ပြောင်ပြောင် တောက်သော မီးပုံကြီးကို ဖက်၍နေရသည်နှင့် တူပါ၏၊ လျင်သော အဆိပ်ရှိသော မြွေပွေးမြွေဟောက်ကို ဖမ်းကိုင်၍ နေမှားမိသည်နှင့်တူပါ၏၊ (အရှင်မအား) စင်စစ် ချမ်းသာခြင်း ဖြစ်ပါစေသတည်း၊ အကျွန်ုပ်၏ အပြစ်ကိုသည်းခံတော်မူပါလော့ (ဟု ကန်တော့လည်း ကန်တော့၏)။

၎ဝ၁။ ထိုသုဘာမည်သော ရဟန်းမိန်းမသည်လည်း ထိုမိန်းမလိုက်စား လူရမ်းကား လက်မှ လွတ်ပြီးသော်ဘုရားမြတ်၏ အထံတော်သို့ သွားလေ၏၊ ဘုန်းသမ္ဘာတော်တို့ ကြောင့်ဖြစ်သော သုံးဆယ့်နှစ်ပါးသောယောက်ျားမြတ်တို့ လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ကို ဖူးမြင်ရသည်ရှိသော်ရှေးမျက်စိအမြင်ကဲ့သို့ မျက်လုံးသည် အသစ် တစ်ဖန် ဖြစ်ပြန်၍ ပြကတေ့ရှိ၏။

ဤသို့လျှင် ဇီဝကသရက်ဥယျာဉ်၌ နေသော သုဘာထေရီသည် ဤဂါထာတို့ကို ရွတ် ဆို၏။

တိံသနိပါတ် ပြီး၏။။

၁၅-စတ္တာလီသနိပါတ်

၁-ဣသိဒါသီထေရီဂါထာ

ဥဇ္ဇေနီသူဌေးသမီး ဣသိဒါသီသည် အမျိုးတူယောက်ျားနှင့် အိမ်ထောင်ပြုပြီးမှ လင်ကမနှစ်သက်၍နှင်ထုတ်ခံရ၏။

နောက်ထပ်လင်နှစ်ဆက်၏ စွန့်ပစ်ခြင်းကိုလည်း ခံရ၏။ ထိုအခါ သံဝေဂရကာအဖထံခွင့်တောင်း၍ ဇိနဒတ္တာထေရီထံတွင် ရဟန်းပြုကာ ဝိပဿနာ ပွါးသည်တွင် မကြာခင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၏။ တစ်နေ့သ၌ ဆွမ်းခံ ပြီးနောက် မဟာဂင်္ဂါမြစ်ကမ်းသဲပုံအစု၌ထိုင်၍ မိမိ၏အဆွေဗောဓိထေရီမက မေးသည်ကို ဖြေဆို၏။

ထိုအမေးအဖြေများကိုဆက်စပ်ပြထားသော ဂါထာများ။

၎ဝ၂။ အလုံးစုံသော ဇမ္ဗူဒိပ်မြေအပြင်၏ တန်ဆာသဖွယ် ဖြစ်သော ယခုအခါ ပါဋလိပုတ် မည်၍ ရှေးကကုသုမပြည်အမည်ရှိသော မြို့ဝယ် သာကီဝင်မင်းသားဖြစ်သော မြတ်စွာဘုရား၏သာသနာတော်တည်းဟူသော အမျိုး၌ အမျိုးကောင်းသမီး ဖြစ်ကုန်သော သီလစသော ကျေးဇူးနှင့်ပြည့်စုံကုန်သော ရဟန်းမိန်းမ နှစ်ယောက်တို့ ရှိကြကုန်၏။

၎ဝ၃။ ထိုနှစ်ယောက်တို့တွင် တစ်ယောက်သော ရဟန်းမိန်းမသည် ဣသိဒါသီမည်၍ ဒုတိယရဟန်းမိန်းမသည် ဗောဓိထေရီမည်၏၊ ထိုရဟန်းမိန်းမ နှစ်ယောက်တို့သည် စတုပါရိသုဒ္ဓိနှင့်လည်းပြည့်စုံကုန်၏၊လောကီလောကုတ္တရာဈာန်ကို ဝင်စားခြင်း၌ မွေ့လျော်ကုန်၏၊ များသော ပရိယတ္တိအကြားအမြင်လည်း ရှိကုန်၏၊ အရဟတ္တမဂ်ဖြင့် ကိလေသာတို့ ကို ပယ်နုတ်ခါထွက်ပြီးသူတို့ဖြစ်ကြကုန်၏။

၎ဝ၄။ ထိုရဟန်းမိန်းမ နှစ်ယောက်တို့သည် ပါဋလိပုတ်မြို့တွင်းသို့ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားခြင်းကိစ္စပြီးဆုံးလျှင် သပိတ်တို့ကို ဆေးကြောပြီးလတ်သော် လူသူ ကင်းဆိတ်ရာ ဂင်္ဂါမြစ် သဲသောင်ပြင်၌ (ဝိဝေကချမ်းသာဖြင့်) ချမ်းသာစွာ နေကုန်လျက် ဤဆိုလတ္တံ့သော ဂါထာတို့ကို ဆိုကြကုန်၏။

၎ဝ၅။ အရှင်မဣသိဒါသီ သင်သည် မြင်ရသူတို့၏ စိတ်ကြည်လင်ဖွယ်ကို ဆောင်နိုင်သူ ဖြစ်ခဲ့၏၊ သင်၏အရွယ်သည်လည်း (ပထမအရွယ်၌ တည်သည်ဖြစ်၍) မဆုတ်ယုတ်သေး၊ အဘယ်သို့သော အပြစ်ကိုမြင်၍ ကာမဂုဏ်မှ ထွက်မြောက်မှု ရဟန်းပြုခဲ့သနည်း။

၎ဝ၆။ ဆိတ်ငြိမ်ရာ အရပ်ဝယ် ဤသို့ ဗောဓိမည်သော ထေရီမက မေးအပ်သော် တရား ဟောခြင်း၌လိမ္မာသော ဣသိဒါသီမည်သော ထိုရဟန်းမိန်းမသည် အရှင်မဗောဓိ ငါသည် အကြင်အခြင်းအရာဖြင့်ရဟန်းပြု၏၊ ထိုအခြင်းအရာကို နားထောင်လော့ဟု ဤစကားကို ပြောဆို၏။

၎ဝ၇။ အရှင်မဗောဓိ အကျွန်ုပ်၏ အဖသည် အဝန္တိတိုင်း ဥဇ္ဇေနီမည်သော ပြည်မြတ်၌ သီလကိုစောင့်သုံးသော သူဌေးဖြစ်ပါ၏၊ အကျွန်ုပ်သည် ထိုသူဌေး၏ ချစ်မြတ်နိုးအပ်သူ နှလုံးကို ပွါးစေတတ်သူသနားအပ်သူ တစ်ဦးတည်းသော သမီး ဖြစ်ခဲ့ပါ၏။

၎ဝ၈။ ထိုနောက် (အရွယ်သို့ ရောက်သောအခါ) သာကေတမြို့မှ ငါ့အား (သားနှင့်) ထိမ်းမြားလိုသောမြတ်သော အမျိုး၌ ဖြစ်သော များသော ဥစ္စာရတနာရှိသော သူဌေးသည် ရောက်လာခဲ့ပြီ၊ ငါ၏ ဖခင်သူဌေးသည် ငါ့ကို ချွေးမပြုရန် ထိုသာကေတပြည်သား သူဌေး အား ဆောင်နှင်းလိုက်ပါ၏။

၎ဝ၉။ အကျွန်ုပ်သည် ယောက္ခမမိန်းမသူသို့လည်းကောင်း၊ ယောက္ခမယောက်ျားသူသို့လည်းကောင်းညနံနက်တိုင်း ချဉ်းကပ်၍ ဦးဖြင့် ရှိခိုးခြင်းကို ပြုပါ၏။ ထိုယောက္ခမ နှစ်ဦး တို့၏ ခြေတို့ကို ရှိခိုးပါ၏၊ ယောက္ခမတို့ ဆုံးမသည့်အတိုင်း လိုက်နာပြုကျင့်ပါ၏။

၄၁ဝ။ အကျွန်ုပ်လင်၏ အစ်မနှမတို့သည်လည်းကောင်း၊ အစ်ကိုညီ၏ အခြွေအရံတို့သည်လည်းကောင်းရှိကြပါကုန်၏။ ထိုသို့သဘောရှိသော တစ်ယောက်သော အကျွမ်းဝင်သူကိုမျှလည်း မြင်ရသော်ထိတ်လန့်တုန်လှုပ်သည်ဖြစ်၍ သင့်လျော်သော နေရာကို ပေးခဲ့ပါ၏။

၄၁၁။ ထမင်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း၊ ခဲဖွယ်ဖြင့်လည်းကောင်း လုပ် ကျွေးပါ၏။

ထိုထမင်းကျွေးရာ အရပ်၌ စီရင်ထားသော ထင်ရှားရှိသော ဝတ္ထုကိုလည်း ဖုံးလွှမ်းသိုမှီးသင့်သည်ကိုဖုံးလွှမ်းသိုမှီးပါ၏၊ (ဖုံးလွှမ်းသိုမှီးထားသော ဝတ္ထုမှ) ပေးကမ်း ဆောင်နှင်းသင့်သည်ကိုပေးကမ်းဆောင်နှင်းပါ၏၊ အကြင်ဝတ္ထုသည် အကြင်သူအား လျောက် ပတ်၏၊ ထိုလျောက်ပတ်သောဝတ္ထုကို ထိုသူအား ပေးလည်း ပေးပါ၏။

၄၁၂။ အကျွန်ုပ်သည် လုပ်ကျွေးသင့်သော အချိန်အခါကို မလွန်စေသဖြင့် အိမ်ထောင်မှု ကိစ္စကိုပြီးစေပြီးနောက် တံခါးခုံ၌ ရပ်လျက် လက်ခြေတို့ကို ဆေးပြီးသော် အိမ်သို့ ချဉ်း ကပ်ပါ၏၊ လက်အုပ်ချီလျက် လင့်ထံသို့ ချဉ်းကပ်ပါ၏။

၄၁၃။ အကျွန်ုပ်သည် (ခေါင်းဖြီးစရာ) ဘီးကိုလည်းကောင်း၊ မျက်နှာချေမှုန့်ကိုလည်းကောင်း၊ မျက်စဉ်းကျည်ကိုလည်းကောင်း၊ မှန်ကိုလည်းကောင်း ကိုင်ယူ၍ 'အလုပ်အကျွေး ကျွန်မကဲ့သို့'ကိုယ်တိုင်သာလျှင် လင်ကို တန်ဆာဆင်ပေးပါ၏။

၄၁၄။ ကိုယ်တိုင်သာလျှင် ထမင်းချက်ပါ၏၊ ကိုယ်တိုင်သာလျှင် စားအိုးစားခွက်ကို ဆေး ကြောသည်ဖြစ်၍ အမိသည် တစ်ဦးတည်းသော သားကို ပြုစုလုပ်ကျွေးသကဲ့သို့ ထို့အတူ အကျွန်ုပ်သည် လင်ကိုပြုစုလုပ်ကျွေးပါ၏။

၄၁၅။ ဤသို့ လင်၌ ခစားခြင်းရှိသော လင့်အလို အလိုက် တပ်မက်သော ထိုထိုပြုဖွယ် ကိစ္စကိုပြုတတ်သော မာန်မာနကို နှိမ်ချသော ထကြွလုံ့လနှင့် ပြည့်စုံ၍ ပျင်းရိခြင်း မရှိသော သီလအကျင့်ရှိသောထိုအကျွန်ုပ်ကို လင်ယောက်ျားသည် အမျက်ထွက်ပါ၏။

၄၁၆။ ထိုအကျွန်ုပ်လင်သည် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြောဆို၏။ အကျွန်ုပ်သည်မိခင်ဖခင်တို့ကို ပန်ကြား၍ (တစ်စုံတစ်ခုသော အရပ်သို့) သွားပါတော့အံ့၊ ဇနီးဖြစ်သူ ဣသိဒါသီနှင့်တစ်အိမ်တည်း၌ အတူတကွနေရန် အလိုမရှိတော့ပါဟု ပြောဆို၏။

၄၁၇။ ချစ်သား ဤသို့ မပြောဆိုလင့်၊ (သင့်ဇနီး) ဣသိဒါသီသည် ပညာရှိ၏၊ လိမ္မာ၏၊ ထကြွလုံ့လနှင့်ပြည့်စုံ၍ ပျင်းရိခြင်းမရှိ၊ ချစ်သား သင်ချစ်သားသည် အဘယ့်ကြောင့် သင့် ဇနီးဣသိဒါသီကိုမနှစ်သက်လေဘိသနည်း။

၄၁၈။ အမိအဖတို့ ဣသိဒါသီသည် အနည်းငယ်မျှ ညှဉ်းဆဲလည်း မညှဉ်းဆဲပါ၊ အကျွန်ုပ်သည်ဣသိဒါသီနှင့်တကွ မနေလိုတော့ပါ၊ အကျွန်ုပ်သည် ဣသိဒါသီကို မုန်းလှသည် သာတည်း၊ အကျွန်ုပ်အားထိုဣသိဒါသီဖြင့် အလို မရှိတော့ပါ၊ အကျွန်ုပ်သည် သင် မိခင်ဖခင် တို့ကို ပန်ကြား၍ သွားပါတော့အံ့ (ဟု ပြောပါ၏)။

၄၁၉။ ယောက္ခမတို့သည် ထိုအကျွန်ုပ်လင်၏ စကားကို ကြားရကုန်၍ အကျွန်ုပ်ကို မေးကြပါကုန်၏၊ ဣသိဒါသီ ထိုသင့်လင်အား သင်သည် အဘယ်သို့သော ပြစ်မှားမှုကို ပြစ်မှား ပြုလုပ်မိသနည်း၊ဟုတ်မှန်သည့်အတိုင်း ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပါလော့။

၄၂ဝ။ ယောက္ခမမိဘတို့ အကျွန်ုပ်သည် ထိုအကျွန်ုပ်လင်အား အနည်းငယ်မျှ ပြစ်မှားလည်း မပြစ်မှားမိပါ၊ ညှဉ်းဆဲလည်း မညှဉ်းဆဲမိပါ၊ မကောင်းသော စကားကို ဆိုလည်း မဆိုပါ၊ ယောက္ခမမိဘတို့အကျွန်ုပ်လင်သည် အကျွန်ုပ်ကို အကြောင်းမရှိဘဲပင် မုန်းခဲ့ပါ၏၊ ယင်းသို့ မုန်းခြင်းကို အကျွန်ုပ်သည် အဘယ်သို့ ပြုခြင်းငှါ တတ်နိုင်ပါတော့အံ့နည်း။

၄၂၁။ (ဤသို့ပြောဆိုသော်) ထိုယောက္ခမတို့သည် နှလုံးမသာကုန်သည် ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မိမိတို့ သား၏ စိတ်ကို စောင့်ရှောက်လိုကုန်သောကြောင့် အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၍ ကျက်သရေရှိသော ချွေးမကို ဆုံးရှုံးရကုန်၏တကားဟု ပြော ဆိုပြီးလျှင်အကျွန်ုပ်ကို မိဘအိမ်သို့ ပြန်ပို့ကြကုန်၏။

၄၂၂။ ထိုသို့မိဘအိမ်သို့ ပြန်ပို့ပြီးနောက် မှ အကျွန်ုပ်၏ ဖခင်သည် ကြွယ်ဝသော ဒုတိယ အမျိုးသားလင်၏ အိမ်သို့ အကျွန်ုပ်ကို ပေးလိုက်ပြန်ပါ၏၊ ပဌမသူဌေးထံမှ အကျွန်ုပ်ရသော လက်ဖွဲ့ပစ္စည်းအောက်ထက်ဝက်ယုတ်လျော့သော လက်ဖွဲ့ပစ္စည်းဖြင့် ဒုတိယသူဌေးအား ဆောင်နှင်းထိမ်းမြား ပေးစားလိုက်ပြန်ပါ၏။

၄၂၃။ ထိုဒုတိယလင်၏ အိမ်၌လည်း တစ်လမျှ အကျွန်ုပ် နေရပါ၏၊ ထို့နောက် ထိုဒုတိယလင်သည်လည်း အိမ်ကျွန်မကဲ့သို့ လုပ်ကျွေးခစား၍ မဖျက်ဆီးထိုက်သော သီလနှင့် ပြည့်စုံသောအကျွန်ုပ်ကို အိမ်မှ နှင်ထုတ်ပြန်ပါ၏။

၄၂၄။ ထို့နောက် (သနားခြင်း၏ တည်ရာ၏ အဖြစ်ဖြင့် သူတစ်ပါးတို့၏ စိတ်ကို) ယဉ်ကျေးစေတတ်သောသူတစ်ပါးတို့ ပေးကမ်းချင်လောက်အောင် (ကိုယ် နှုတ် စိတ်) ငြိမ် သက်သည်ကို ပြု၍ သူတစ်ပါးတို့ပေးကမ်းသော ထမင်းအလို့ငှါ လှည့်လည်သော သူတောင်း စားကို ငါ၏ အဖသည် ပြောဆိုပါ၏၊ သူတောင်းစား သင်သည် ငါ၏ သားမက် ဖြစ်ပါလော့၊ သင် ဝတ်ထားသောလျှော်မျှင်ပုဆိုးပိုင်းကိုလည်းကောင်း၊ ထမင်းခွက်ကိုလည်းကောင်း၊ မြေအိုး ငယ်ကိုလည်းကောင်းစွန့်ပစ်လိုက်ပါလော့ (ဟု ပြောဆိုပါ၏)။

၄၂၅။ ထိုသူတောင်းစားသည်လည်း တစ်ဆယ့်ငါးရက်မျှ အကျွန်ုပ်နှင့် နေပြီး၍ ထို တစ်ဆယ့်ငါးရက်လွန်သောအခါ၌ အကျွန်ုပ်အဖကို ပြောဆိုပါ၏၊ ငါ၏ လျှော်မျှင်ပုဆိုးပိုင်း ကိုလည်းကောင်း၊ ထမင်းတောင်းသော ခွက်ကိုလည်းကောင်း၊ မြေအိုးငယ်ကိုလည်းကောင်း ပေးပါလော့။ ငါသည် တစ်ဖန်ထမင်းတောင်းရန် လှည့်လည်ရပါဦးအံ့ဟု ပြောဆိုပါ၏။

၄၂၆။ ထို့နောက် ငါ၏ အဖသည်လည်းကောင်း၊ အမိသည်လည်းကောင်း၊ ဆွေမျိုးအားလုံးအပေါင်းသည်လည်းကောင်း ပေါင်းစည်းစုဝေး၍ ထိုသူတောင်းစားကို ပြောဆိုပါ၏။ ဤပြည့်စုံကြွယ်ဝသော အိမ်၌ သင်၏ အဘယ်မည်သော အမှုကို မပြီးစေသနည်း၊ လျင်မြန်စွာပြောဆိုပါလော့၊ ထိုအမှုကို သင် ပြုရလတ္တံ့ (ဟု ပြောဆို၏)။

၄၂၇။ ဤသို့ ပြောဆိုသော် သူတောင်းစားသည် ဖြေကြားပြောဆိုပါ၏၊ ငါ၏ ကိုယ်သည် မိမိအလိုအတိုင်း ကိုယ်စိုးကိုယ်ပိုင် နေစွမ်းနိုင်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့၊ ငါ့အား ဣသိဒါသီကို အလိုမရှိပါ၊ ငါသည် ဣသိဒါသီနှင့် တစ်အိမ်တည်း၌ အတူတကွ မနေလိုတော့ ပါဟု ပြောဆို၏။

၄၂၈။ ထိုသူတောင်းစားသည် ငါ့အဖက လွှတ်လိုက်သည်ရှိသော် အလိုရှိရာ သွားလေ၏၊ အကျွန်ုပ်သည်လည်း တစ်ယောက်ထီးတည်းသာလျှင် ကြံစည်မိပါ၏၊ ငါသည် ငါ့အဖကို ပန်ကြား၍့သေခြင်းငှါမူလည်း သွားတော့အံ့၊ ရဟန်းမူလည်း ပြုတော့အံ့ (ဟု ကြံစည်မိပါ၏)။

၄၂၉။ ထိုအခါ ဝိနည်းကို ဆောင်သော များသော အကြားအမြင်ရှိသော သီလနှင့် ပြည့်စုံ သော အရှင်မဇိနဒတ္တာသည် ဆွမ်းခံလှည့်လည်လျက် အကျွန်ုပ်၏ အဖအိမ်သို့ ရောက်လာ ပါ၏။

၄၃ဝ။ အကျွန်ုပ်တို့၏ အဖအိမ်သို့ ရောက်လာသော ထိုဇိနဒတ္တာထေရီမကို ဖူးမြင်ရ၍ အကျွန်ုပ်သည်နေရာမှ ထကာ ထိုထေရီမ၏ အလို့ငှါ နေရာခင်းခဲ့ပါ၏၊ ထိုင်နေပြီးသော ထေရီမ၏ ခြေတို့ကိုလည်းရိုသေစွာ ရှိခိုးပြီးလျှင် ဆွမ်းဘောဇဉ်ကို ပေးလှူခဲ့ပါ၏။

၄၃၁။ ထမင်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း၊ ခဲဖွယ်ဖြင့်လည်းကောင်း၊ ထိုဆွမ်းကျွေးရာအရပ်၌ စီရင်ထားသော ထင်ရှားရှိသော ဝတ္ထုဖြင့်လည်းကောင်း ထိုဇိနဒတ္တာ ထေရီမကိုကောင်းစွာ ရောင့်ရဲစေပြီး၍ အရှင်မ အကျွန်ုပ်သည် ရဟန်းပြုအံ့သောငှါ အလိုရှိပါ၏ (ဟု ပြောဆိုပါ၏)။

၄၃၂။ ထိုအခါ အကျွန်ုပ်၏ အဖသည် အကျွန်ုပ်ကို ချစ်သမီး ဤအိမ်၌ပင်လျှင် သင်သည် ရဟန်းအကျင့်စသော တရားကို ကျင့်ဦးလော့။ ရဟန်းတို့ကိုလည်းကောင်း၊ ပုဏ္ဏားမျိုးတို့ ကိုလည်းကောင်းထမင်းအဖျော်တို့ဖြင့် ရောင့်ရဲစေဦးလော့ဟု ပြောဆိုပါ၏။

၄၃၃။ ထိုအခါ အကျွန်ုပ်သည် ငိုကြွေးလျက် လက်အုပ်ချီကာ ဖခင်ကို ''ဖခင် အကျွန်ုပ် သည်မကောင်းမှုကိုသာ ပြုအပ်ပါ၏၊ ထိုမကောင်းမှုကို ပျက်စီးစေအံ့'' (ဟု ပြောဆိုပါ၏)။

၄၃၄။ ထိုအခါ အကျွန်ုပ် ဖခင်သည် ချစ်သမီး အကြင်မဂ်ဖိုလ်နိဗ္ဗာန်ဟူသောလောကုတ္တရာ တရားကိုးပါးကို အခြေနှစ်ချောင်းရှိသော လူ နတ် ဗြဟ္မာတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် မျက်မှောက်ပြုတော်မူ၏။ ထိုသို့ သဘောရှိသော မဂ်ဉာဏ်သို့လည်းကောင်း၊ မြတ်သော အရဟတ္တဖိုလ်တရားသို့လည်းကောင်း သင်ရောက်ပါစေသတည်း၊ နိဗ္ဗာန်ကိုလည်း ရယူပါစေသတည်း (ဟု အကျွန်ုပ်ကိုပြောဆိုပါ၏)။

၄၃၅။ အကျွန်ုပ်သည် အမိအဖတို့ကိုလည်းကောင်း၊ ပေါင်းစည်းစုဝေးသော ဆွေမျိုးအားလုံးအပေါင်းကိုလည်းကောင်း ရှိခိုးပြီးလျှင် ရဟန်းဖြစ်၍ ခုနစ်ရက်မျှဖြင့် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြုရပြီ။

၄၃၆။ အရှင်မ ဗောဓိ အကျွန်ုပ်သည် မိမိ၏ ရှေးခုနစ်ဘဝတို့ကို သိရှိပါ၏၊ အကြင် မကောင်းမှုကံ၏ဤလင် မနှစ်သက်သော အဖြစ်ဟုဆိုအပ်သော အကျိုးဝိပါက်သည် ဖြစ်၏၊ ထိုမကောင်းမှုကံကို သင်ဗောဓိထေရီမအား ပြောကြားပါအံ့၊ ထိုပြောကြားမည့် မကောင်းမှုကံ ကို တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နားထောင်ပါလော့။

၄၃၇။ အကျွန်ုပ်သည် ရှေးခုနစ်ဘဝ၌ ဧရကစ္ဆအမည်ရှိသော မြို့ဝယ် ဥစ္စာများစွာ ကြွယ်ဝ သောရွှေပန်းထိမ်သည် ဖြစ်ခဲ့ပါ၏၊ ထိုရွှေပန်းထိမ်သည်ဖြစ်သော အကျွန်ုပ်သည် အရွယ် မာန်ယစ်ခြင်းဖြင့် ယစ်သည်ဖြစ်၍ သူတစ်ပါးမယားကို မှီဝဲခဲ့ဖူးပါ၏။

၄၃၈။ ထိုအကျွန်ုပ်သည် ထိုရွှေပန်းထိမ်သည်ဘဝမှ စုတေခဲ့၍ အဝီစိငရဲကြီး၌ ကြာမြင့်စွာ သောကာလပတ်လုံး ငရဲမီးလောင်ခဲ့ရ၏၊ ထိုအဝီစိငရဲမှ လွတ်မြောက်ခဲ့ပြီး၍လည်း တိရစ္ဆာန် မျောက်မဝမ်း၌ပဋိသန္ဓေနေရပါ၏။

၄၃၉။ မွေးဖွား၍ ခုနစ်ရက်မြောက်ပြီးသော အကျွန်ုပ်ကို မျောက်အပေါင်း၏ အရှင်ဖြစ် သောမျောက်မင်းသည် ဝှေးစေ့ကို ကိုက်ထုတ်လိုက်ပါ၏၊ အကျွန်ုပ်သည် အကြင် အကြောင်း ဖြင့်လည်းသူတစ်ပါး မယားကို လွန်ကျူး၍ ကျင့်ခဲ့ဖူးပါ၏၊ ထိုအကျွန်ုပ်အား ဤဝှေးစေ့ကို မျောက်မင်းကိုက်ထုတ်ခံရခြင်းဟူသော အကျိုးသည် ရှေးဘဝ၌ ပြုအပ်သော ထိုပရဒါရကံ၏ အကျိုးပါတည်း။

၄၄ဝ။ ထိုအကျွန်ုပ်သည် ထိုမျောက်ဘဝမှ စုတေခဲ့၍ သိန္ဓဝတိုင်း တောအရပ်၌ ကန်းလည်းကန်းခြေလည်းခွင်သော ဆိတ်မ၏ ဝမ်း၌ ပဋိသန္ဓေ နေရပါ၏။

၄၄၁။ အကျွန်ုပ်သည် ဝှေးစေ့ထုတ်ခံရသည်ဖြစ်၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ကျောက်ကုန်း၌တက်စီးကုန်သော သူငယ်တို့ကို ချီပိုးရွက်ဆောင်လျက် ပိုးလောက်အတိ တက်ကာ နှိပ်စက် အပ်သည်ဖြစ်၍ မကျန်းမာခဲ့ပါ၊

ဤဝှေးစေ့ထုတ်သော ဆိတ်အဖြစ်၌ ဆင်းရဲခံရခြင်းဟူသော အကျိုးသည် ရှေးဘဝ၌ပြုအပ်သော ထိုပရဒါရကံ၏ အကျိုးပါတည်း။

၄၄၂။ ထိုအကျွန်ုပ်သည် ထိုဆိတ်ဘဝမှ စုတေခဲ့၍ နွားကုန်သည်တစ်ယောက်၏ နွားမဝမ်း၌ ဖြစ်ခဲ့ရပါ၏၊ ထိုအကျွန်ုပ်သည် 'ချိတ်ရည်ဖြင့် ဆိုးသကဲ့သို့' နီသော အမွေးရှိသော နွားပေါက် ငယ်ဖြစ်၍ တစ်ဆယ့်နှစ်လသို့ ရောက်သောအခါ၌ ဝှေးစေ့ ထုတ်ခံရပါတော့၏။

၄၄၃။ အကျွန်ုပ်သည် ထွန်တုံးကိုလည်း ဆောင်ရ၍ လှည်းကိုလည်း ရုန်းရပါ၏၊ ရုန်းပြီး နောက်အကန်းဖြစ်ကာ နှိပ်စက်အပ်သည်ဖြစ်၍ မကျန်းမာခဲ့ပါ၊ ဤဝှေးစေ့ထုတ်သော နွားအဖြစ်၌ဆင်းရဲခံရခြင်းဟူသော အကျိုးသည် ရှေးဘဝ၌ ပြုအပ်သော ထိုပရဒါရကံ၏ အကျိုးပင်တည်း။

၄၄၄။ ထိုအကျွန်ုပ်သည် နွားဘဝမှ စုတေခဲ့၍ မြို့လမ်းခရီး၌ အိမ်ပေါက်ကျွန်မ၏ ဝမ်း၌ ဖြစ်ရပါ၏၊ မိန်းမ မဟုတ်၊ ယောက်ျား မဟုတ်၊ နပုံး ဖြစ်ရပါ၏၊ ဤသို့ နပုံးဖြစ်ရခြင်းဟူသော အကျိုးသည်ရှေးဘဝ၌ ထိုပရဒါရကံ၏ အကျိုးပင်တည်း။

၄၄၅။ (နပုံးဖြစ်၍) အနှစ်သုံးဆယ်ရှိသော အခါ သေခဲ့ရပါ၏၊ (သေပြီးနောက် ) ဆင်းရဲစွာ သောစည်းစိမ်ဥစ္စာ နည်းပါးသော ကြွေးမြီရှင်ယောက်ျားတို့၏ နှိပ်စက်ခံရခြင်း များသော လှည်းသမားအမျိုးအိမ်၌ သူငယ်မကလေး ဖြစ်ရပါ၏။

၄၄၆။ လှည်းကုန်သည် သူကြွယ်တစ်ဦးသည် တိုးပွါးများပြားသောကြွေးမြီ၏ အတိုးပွါးခြင်းအားဖြင့်အကျွန်ုပ်မွေးဖွားရာ အိမ်မှ လုယက်၍ ငိုကြွေးမြည်တမ်းစဉ် ထိုအကျွန်ုပ်ကို ဆွဲချ ယူဆောင်သွားပါ၏။

၄၄၇။ ထို့နောက် တစ်ဆယ့်ခြောက်နှစ်မြောက် (အရွယ်ရောက်) သော အခါ၌ ဂိရိဒါသမည် သောထိုလှည်းကုန်သည်၏ သားသည် အရွယ်ရောက်သော သတို့သမီးငယ်ဖြစ်သော အကျွန်ုပ်ကို မြင်၍အိမ်သူမယား အဖြစ်ဖြင့် သိမ်းပိုက်ပါ၏။

၄၄၈။ (အကျွန်ုပ်၏ လင်ဖြစ်သော) ထိုဂိရိဒါသအားလည်း အကျွန်ုပ်မှ တစ်ပါး သီလနှင့် ပြည့်စုံသောကျေးဇူးနှင့် ပြည့်စုံသော အခြွေအရံနှင့်လည်း ပြည့်စုံသော လင်ကို ချစ်ခင်သူ မယားကြီးသည်ရှိပါသေး၏၊ အကျွန်ုပ်သည် ထိုလင်အား ထိုမယားကို မုန်းအောင် ပြုခဲ့ မိပါ၏။

၄၄၉။ အိမ်ကျွန်မကဲ့သို့ လင်ကို လုပ်ကျွေးသူ အကျွန်ုပ်ကို လင်သုံးယောက်တို့သည် စွန့် ပစ်၍သွားကုန်၏၊ ဤသို့ လင်တို့ စွန့်ပစ်ထွက်သွားခြင်းသည် ထိုအကျွန်ုပ်၏ သူတစ်ပါး မယားကိုလွန်ကျူးသော မကောင်းမှု, လင်မုန်းအောင် ပြုသော မကောင်းမှု၏ အကျိုးဆက် ပါတည်း၊ အကျွန်ုပ်သည် ယခုအခါ အရဟတ္တမဂ်ကို ရသဖြင့် ဤသို့ အစဉ်လိုက်နေသော ကြမ်းတမ်းသောမကောင်းမှုကံ၏ အဆုံးကို ပြုအပ်ပြီးပါပြီ။

ဤသို့လျှင် ဣသိဒါသီထေရီသည် ဂါထာတို့ကို ရွတ်ဆို၏။

စတ္တာလီသနိပါတ် ပြီး၏။

၁၆-မဟာနိပါတ်

၁-သုမေဓာထေရီဂါထာ

မန္တာဝတီမြို့ ဘုရင့်သမီး သုမေဓာသည် ငယ်စဉ်ကစ၍ ဘိက္ခုနီတို့ထံတွင် တရားနာရ၍ သံဝေဂရပြီးဖြစ်သည့်အတိုင်း အိမ်ထောင်မပြုဘဲ ရဟန်းပြုရန် ခွင့်တောင်းရာ မိဖတို့က ခွင့်မပြုသဖြင့် မိမိကိုယ်တိုင် သန်လျှက်ဖြင့် ဆံပင်ကိုရိတ်ဖြတ်ကာ ခင်ပွန်းလောင်း မင်းသားအား ကာမဂုဏ်၏အပြစ်တို့ကို ဟောကြားပြီး ပဋိကူလကမ္မဋ္ဌာန်းကိုပွါး၍ ပဌမဈာန်ကို ရရှိ၏။ နောက်မှ ဘိက္ခုနီမကျောင်း၌ ရဟန်းပြု ဝိပဿနာပွါးသည်တွင် မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏။ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်လျက် ယခင်ဖြစ်စဉ်ကို ပြန်လည်ဟောကြားသော ဂါထာများ။

၄၅ဝ။ ငါသည် မန္တာဝတီမြို့ဝယ် ကောဉ္စမည်သော ဘုရင်၏ မိဖုရားကြီး၏ သမီးတော် သုမေဓာမင်းသမီးဖြစ်ခဲ့၏၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်ကုန်သော အရိယာပုဂ္ဂိုလ်တို့ တရားဟောသဖြင့် သာသနာတော်၌ ကြည်ညိုသူ ဖြစ်ပါ၏။

၄၅၁။ ထိုသမီးတော် သုမေဓာသည် အကျင့်သီလနှင့် ပြည့်စုံ၏၊ ဆန်းကြယ်သော တရား စကားကို ပြောဆိုတတ်၏၊ များသော ပရိယတ် အကြားအမြင်ရှိ၏၊ မြတ်စွာဘုရားသာသနာ၌ ဆုံးမအပ်ပြီးဖြစ်၍ စောင့်စည်းသော ကိုယ် နှုတ် စိတ်ရှိ၏၊ ထိုသမီးတော် သုမေဓာသည် ခမည်းတော် မယ်တော်တို့ထံ ချဉ်းကပ်ခစား၍ ခမည်းတော်မယ်တော် နှစ်ပါးတို့သည် အကျွန်ုပ်၏ စကားကို နားထောင်ကြပါကုန်လော့ဟု ပြောဆို၏။

၄၅၂။ ခမည်းတော်မယ်တော်တို့ အကျွန်ုပ်သည် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ပါ၏၊ ဘုံသုံး ပါး၌အကျုံးဝင်သော အလုံးစုံသော တေဘူမကသင်္ခါရမည်သည်ကား နတ်ပြည်၌ အကျုံးဝင် သည် ဖြစ်စေကာမူအမြဲ မတည်နိုင်ပါ၊ လူ့ပြည်၌ ဖြစ်သော ကာမဂုဏ်တို့သည်ကား အဘယ်ဆိုဖွယ်ရာ ရှိပါကုန်အံ့နည်း၊ အနှစ်မရှိသည်သာ ဖြစ်၍ အချည်းနှီးသာတည်း၊ 'လှံ သွားထက်၌ ပျားရည်စက်ကဲ့သို့' တပ်မက်သာယာဖွယ် မရှိကုန်၊ ပစ္စုပ္ပန်တမလွန်၌ များစွာ ပင်ပန်းခြင်း ရှိပါကုန်၏။

၄၅၃။ ကာမဂုဏ်တို့သည် အလိုမရှိအပ် ခါးစပ်ကုန်၏၊ ဘေးဘျမ်းနှင့်တကွဖြစ်သောကြောင့် လျင်သောအဆိပ်ရှိသော မြွေဟောက်နှင့် တူကုန်၏၊ ယင်းကာမဂုဏ်တို့၌ လူမိုက်တို့သည် အလွန်တွေဝေမိန်းမောကုန်၏၊ ထိုလူမိုက်တို့သည် ရှည်မြင့်စွာသော ကာလပတ်လုံး ငရဲ၌ မိမိတို့ မကောင်းမှုကံက ပစ်ချအပ်ကုန်သည်ဖြစ်၍ ဆင်းရဲသော ကိုယ်စိတ်ရှိကုန်လျက် အနှိပ်စက်ခံကြရကုန်၏။

၄၅၄။ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မစောင့် စည်းကုန်သော လူမိုက်တို့သည် အခါခပ်သိမ်း မကောင်းမှု တိုးပွါးကုန်သည်ဖြစ်၍ မိမိတို့ မကောင်းမှုကံကြောင့် ဖရိုဖရဲပျက်စီးကျရောက်ရာ အပါယ်လေးဘုံ၌ ကျရောက်ကုန်လျက် စိုးရိမ်ကြရကုန်၏။

၄၅၅။ ပညာ မရှိကုန်၍ မိမိအစီးအပွါးကို ဆောင်တတ်သော စိတ်စေတနာ မရှိကုန်သော၊ ဒုက္ခသမုဒယအမည်ရသော၊ တပ်မက်မောမှု 'တဏှာ'လျှင် အကြာင်းရင်းရှိသော သံသရာဝဋ် ဆင်းရဲ၌ နစ်မွန်းရကုန်သော ထိုလူမိုက်တို့သည် သစ္စာလေးပါးတရားကို ဟောတော်မူအပ် သည်ရှိသော် အနက်ကိုမသိကုန်သည်ဖြစ်၍ အရိယသစ္စာတို့ကို ထိုးထွင်း၍ မသိနိုင်ကြကုန်။

၄၅၆။ မယ်တော် အကြင်လူမိုက်တို့သည် ဘုံသုံးပါး၌ တည်သော ဝဋ်ဆင်းရဲကို အလွန်နှစ် သက်ကုန်၏၊ နတ်ပြည်တို့၌ ဖြစ်ခြင်းကို တောင့်တကြကုန်၏၊ ထိုလူမိုက်တို့သည် ဘုရားမြတ်တို့ ဟောတော်မူအပ်သော သစ္စာလေးပါးတို့ကို မသိနိုင်ကြကုန်၊ ထိုသစ္စာလေးပါးကို မသိ သောလူမိုက်တို့သည်သာလျှင် ဤလောက၌ များပြားကုန်၏။

၄၅၇။ အလုံးစုံသော ဘုံဘဝသည် မမြဲသည်ရှိသော် နတ်ပြည်တို့၌ ဖြစ်ခြင်းသည်လည်းမမြဲသည်သာတည်း၊ (ဤသို့ မမြဲသော်လည်း) လူမိုက်တို့သည် အဖန်တလဲလဲ ဖြစ်လတ္တံ့ သည်မှမထိတ်လန့်ကုန်သည်သာတည်း။

၄၅၈။ (ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဟူသော) အပါယ်လေးဘုံတို့သည် ချမ်းသာ အစုမှ ဖရိုဖရဲပျက်စီးကျရာ ဂတိတို့ပေတည်း၊ လူ့ဘုံ, နတ်ဘုံဟူသော ဂတိနှစ်ပါးတို့ ကိုလည်း (ကောင်းမှုကံ၏ပြုနိုင်ခဲသည်၏ အဖြစ်ကြောင့်) ငြိုငြင်ပင်ပန်းသဖြင့် ရအပ်ကုန်၏၊ ချမ်းသာမှ ကင်းသောအပါယ်လေးဘုံတို့၌ ပျက်စီးကျရောက်ရကုန်သော သတ္တဝါတို့အား ရှင်ရဟန်းအဖြစ်သည့်မရှိနိုင်သည်သာတည်း။

၄၅၉။ ခမည်းတော်မယ်တော် နှစ်ပါးတို့ သင်တို့သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား၏ သာသနာတော်၌ အကျွန်ုပ်ကို ရဟန်းပြုရန် ခွင့်ပြုကြပါကုန်လော့၊ အကျွန်ုပ်သည် တစ်ပါးသော အမှုတို့၌ အားထုတ်ခြင်း ကင်းသည်ဖြစ်၍ ပဋိသန္ဓေနေမှု အိုမှု သေမှုကို ပယ်အံ့သောငှါဘာဝနာကို အားထုတ်ပါတော့အံ့။

၄၆ဝ။ ခန္ဓာကိုယ်ကို ဆင်းရဲစေတတ်သော အနှစ်သာရ မရှိသော ဘုံသုံးပါး၌ဖြစ်သော ဝဋ်ဆင်းရဲကို အလွန်နှစ်သက်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဘုံသုံးပါး၌ ဖြစ်သော တဏှာ၏ ချုပ်ခြင်းအကျိုးငှါ (အသင်မိဖနှစ်ပါးတို့သည်) အခွင့်ပြုကြပါကုန်လော့၊ အကျွန်ုပ်သည် ရဟန်း ပြုပါတော့အံ့။

၄၆၁။ အကျွန်ုပ်သည် ဘုရားရှင်တို့ ဖြစ်ထွန်းပေါ်ပေါက်လာခြင်းကို ရအပ်ပါပြီ၊ ငရဲ၌ ဖြစ်ခြင်း စသော ရှစ်ပါးသော အက္ခဏကို ကြဉ်အပ်ပါပြီ၊ ဗုဒ္ဓုပ္ပါဒနဝမခဏကို ရအပ်ပါပြီ။ စတုပါရိသုဒ္ဓိသီလတို့ကိုလည်းကောင်း၊ သာသနာတော်တည်းဟူသော အကျင့်မြတ်ကို လည်းကောင်း အသက်ထက်ဆုံး မဖျက်ဆီးပါအံ့။

၄၆၂။ အကျွန်ုပ်သည် လူအဖြစ်၌ တည်နေရသမျှ ကာလပတ်လုံး အစာအာဟာရကို မသုံးဆောင်တော့အံ့၊ အစာမစားဘဲ သေမင်းနိုင်ငံသို့သာ လိုက်ပါတော့အံ့၊ ဤသို့ သုမေဓာသတို့ သမီးသည် ခမည်းတော် မယ်တော်တို့ကို ပြောဆို၏။

၄၆၃။ ထိုသုမေဓာမင်းသမီး၏ မယ်တော်သည် ဆင်းရဲခြင်းသို့ ရောက်သည်ဖြစ်၍ ငိုကြွေး၏၊ ခမည်းတော်သည်လည်း မျက်ရည်တို့ဖြင့် အချင်းခပ်သိမ်း စိုစွတ်သော မျက်နှာရှိ သည်ဖြစ်၍ ငိုကြွေး၏၊ ထိုမယ်တော်ခမည်းတော် နှစ်ပါးတို့သည် ပြာသာဒ်ကြမ်းပြင်၌ လဲကျ သော သုမေဓာမင်းသမီးအား လူဝတ်ကြောင်ဘဝ၌ စည်းစိမ်ခံစားမှုကို သိမှတ်စေခြင်းငှါ အားထုတ်ကြကုန်၏။

၄၆၄။ ချစ်သမီး သုမေဓာ ထပါလော့၊ (ရဟန်း မပြုရဟု) စိုးရိမ်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ သင်ချစ်သမီးသည် ဝါရဏဝတိမည်သော မြို့၌ ပေးအပ်ပြီးသူ ဖြစ်၏၊ အနီကရတ္တမည်သော မင်းသည်အဆင်းလှ၏၊ ထိုအနီကရတ္တမင်းအား သင်ချစ်သမီးကို ပေးအပ်ကြောင်း လမ်းပြီး ဖြစ်ပါ၏။

၄၆၅။ သင်ချစ်သမီးသည် အနီကရတ္တမည်သော မင်း၏ မိဖုရားကြီး ဖြစ်လတ္တံ့၊ ချစ်သမီး သုမေဓာပါတိမောက္ခသံဝရစသော သီလလေးပါးတို့သည်လည်းကောင်း၊ အကျင့်မြတ် 'ဗြဟ္မ စရိယ'ဟူသော သာသနာတော်သည်လည်းကောင်း၊ ရဟန်းအဖြစ်သည်လည်းကောင်း ပြုလုပ် နိုင်ခဲ ကျင့်ကြံနိုင်ခဲ၏။

၄၆၆။ အနီကရတ္တမင်း၏ တိုင်းပြည်၌ သင်ချစ်သမီး၏ အာဏာနှံ့ခြင်း၊ ဤငါတို့၏ နန်းတော်, လင်ဖြစ်သော အနီကရတ္တမင်း၏ နန်းတော်၌ ဖြစ်သော ဥစ္စာ၊ အစိုးရခြင်း၊ အလွန်နှစ်သက်အပ်သော စည်းစိမ် ဤဆိုခဲ့ပြီး အလုံးစုံသည် (သင်ချစ်သမီး၏ လက်သို့ ရောက်လာ၏)။ သင်ချစ်သမီးသည်အရွယ်လည်း ငယ်ရွယ်နုပျိုလှသေး၏၊ ထို့ကြောင့် ကာမဂုဏ်စည်းစိမ်တို့ကို ခံစားပါဦးလော့၊ ချစ်သမီးသုမေဓာ ထို့ကြောင့် သင့်အား ထိမ်းမြားလက်ထပ်ခြင်းသည်လည်း ဖြစ်ပါစေလော့ (ဟုခမည်းတော် မယ်တော်တို့က ပြော၏)။

၄၆၇။ ထိုအခါ ထိုမယ်တော်ခမည်းတော်တို့ကို သုမေဓာ မင်းသမီးသည် ပြောဆို၏၊ အကျွန်ုပ်အားဤသို့သဘောရှိကုန်သော အနီကရတ္တမင်း၏ တိုင်းပြည်၌ အာဏာနှံ့ခြင်းစ သည်ကို မဖြစ်ပါစေကုန်လင့်၊ ဘုံသုံးပါး၌ ဖြစ်သော ဝဋ်ဆင်းရဲသည် အနှစ်မရှိပါ၊ အကျွန်ုပ် အား ရဟန်းအဖြစ်သော်လည်းကောင်း၊ သေခြင်းသော်လည်းကောင်း မချွတ်ဖြစ်ပါလတ္တံ့။ ထို အနီကရတ္တမင်းနှင့် ထိမ်းမြားလက်ထပ်ခြင်းမဖြစ်လတ္တံ့သည်သာတည်း။

၄၆၈။ 'ပိုးလောက်ကဲ့သို့' အနံ့ထွက်သော၊ (ရာဂမကင်းသေးသော) သူတို့အား ကြောက်ခြင်းကိုဆောင်တတ်သော၊ 'မြွေကောင်ပုပ် ခွေးကောင်ပုပ်တို့ဖြင့် ပြည့်သည့် သားရေ အိပ်ကဲ့သို့'့ အထူးထူးအပြားပြားသော မစင်ကြယ်သော အရာတို့ဖြင့် ပြည့်သည်ဖြစ်၍ တစ်ကြိမ်မဟုတ် အခါခပ်သိမ်းယိုစီးသော ဤအကျွန်ုပ်၏ ကိုယ်ကောင်ပုပ်ကို မစင်ကြယ်သော ကိုယ်ဟူ၍ နှလုံးသွင်းပေအံ့။

၄၆၉။ အလွန်စက်ဆုပ်ဖွယ်ရှိသော၊ မစင်ကြယ်သော အသားအသွေးတို့ဖြင့် လိမ်းကျံအပ် သော၊ များစွာသော ပိုးမျိုးရှစ်ဆယ်တို့၏ တည်ရာ အိမ်သဖွယ်ဖြစ်သော၊ ကျီးလင်းတစ သည်တို့၏ အစာလည်းဖြစ်သော ထိုအကောင်ပုပ်ကို သိသည်ဖြစ်၍ တည်သော အကျွန်ုပ်ကို အဘယ့်ကြောင့်အိမ်ရာထောင်ခြင်း၏ အစွမ်းဖြင့် ပေးလေဘိသနည်း။

၄၇ဝ။ ဤခန္ဓာကိုယ်သည် မကြာမြင့်မီ သေသည်ဖြစ်၍ ဝိညာဉ်ကင်းသည်ရှိသော် ဤ ခန္ဓာကိုယ်ကို အဆွေအမျိုးတို့ စက်ဆုပ်ကုန်သည်ဖြစ်၍ အကျိုးမရှိသော ထင်းတုံးကို စွန့်ပစ် သကဲ့သို့ သုသာန်သို့ ထုတ်ဆောင် စွန့်ပစ်အပ်ပါ၏။

၄၇၁။ မိမိ၏ အမိအဖတို့သော်မှလည်း အခြားတစ်ပါးသော ခွေးမြေခွေး စသည်တို့၏ အစာဖြစ်သော ထိုအကောင်ပုပ်ကို စွန့်ပစ်ခဲ့ပြီး၍ ဤမျှဖြင့်ပင် စက်ဆုပ်ကြကုန်လျက် (ဦးခေါင်းနှင့်တကွ ငုပ်၍) ရေချိုးကြကုန်ဘိသေး၏၊ မိမိနှင့် ဆက်ဆံကာမျှသာ ဖြစ်သော မိဘမှအခြား တစ်ပါးသော လူအပေါင်းသည်ကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။

၄၇၂။ လူမိုက်တို့သည် အနှစ်သာရ မရှိသော၊ အရိုးစု, အကြောစုမျှသာ ဖြစ်သော၊ တံတွေး, မျက်ရည်, ကျင်ကြီး, ကျင်ငယ်တို့ဖြင့် ယိုစီးကာ ပြည့်နေသော၊ အပုပ်အစုဖြစ်သော ဤခန္ဓာကိုယ် အကောင်ပုပ်၌တဏှာ၏ အစွမ်းဖြင့် လွှမ်းမိုးဖိစီး၍ တည်ကုန်၏။

၄၇၃။ အကြင်သူသည် ထိုခန္ဓာကိုယ်ကို ဉာဏ်ဖြင့် ခွဲခြမ်းဝေဖန်ခြင်းကို ပြု၍ ထိုခန္ဓာကိုယ်၏ အတွင်းအင်္ဂါကို အပ၌ အကယ်၍ ပြုခဲ့မူ ထိုခန္ဓာကိုယ်ကောင်၏ ပုပ်သိုးသော အနံ့ကိုလည်း မခံနိုင်သည်ဖြစ်၍ မိမိ၏ အမိပင်ဖြစ်သော်လည်း စက်ဆုပ်လေရာ၏။

၄၇၄။ ခန္ဓာ, အာယတန, ဓာတ်ဟုဆိုအပ်သော ရုပ်နာမ်တရားအပေါင်းသည် ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရားတို့ ကပ်၍ ပြုပြင်အပ်သော သင်္ခတတရားတည်း၊ ထိုသင်္ခတဟုဆိုအပ်သော ဘဝ၌ ဖြစ်သော ဆင်းရဲသည် ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိ၏၊ ဤသို့အသင့်အားဖြင့် ကြံဆင်ခြင်လေ့ရှိသော အကျွန်ုပ်သည် ထိမ်းမြားလက်ထပ်ခြင်းကို အဘယ့်ကြောင့်အလိုရှိပါအံ့နည်း။

၄၇၅။ နေ့တိုင်းနေ့တိုင်း (ထိုခဏ၌ သွေးအပ်သော အဖြစ်ဖြင့်) အသစ်အသစ် ဖြစ်ကုန် လျက်သုံးရာသော လှံတို့သည် အကျွန်ုပ်ကိုယ်၌ ကျကုန်ရာ၏၊ ဤသို့ကျခြင်းတည်းဟူသော အကြောင်းကြောင့်ဝဋ်ဆင်းရဲ၏ကုန်ခြင်းသည် အကယ်၍ ဖြစ်ခဲ့ပါမူ အနှစ်တစ်ရာပတ်လုံး လည်း ကျသော ဆိုခဲ့ပြီးသောလှံထိုးခံရခြင်းသည် မြတ်ပါသေး၏။

၄၇၆။ အကြင်ပုဂ္ဂိုလ်သည် ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် အစမထင်သော သံသရာ အတိုင်း မသိသောဝဋ်ဆင်းရဲကို ပြတတ်သော မြတ်စွာဘုရား၏ စကားတော်ကို သိသည်ရှိ သော် ထိုလှံထိုးမိခြင်းဖြင့် ဝဋ်ဆင်းရဲ၏ကုန်ခြင်းသည် အကယ်၍ ဖြစ်ခဲ့ပါမူ လှံထိုးမိသော ဆင်းရဲကို ခံရာ၏၊ အဖန်တလဲလဲပဋိသန္ဓေနေမှု အိုမှု သေမှုစသော ဆင်းရဲတို့ဖြင့် နှိပ်စက် အပ်သော ထိုလူမိုက်တို့အားသာလျှင် သံသရာသည် ရှည်လျား၏။

၄၇၇။ မနှိုင်းယှဉ်အပ်ကုန်သော ကိုယ်စိတ်ကို ညှဉ်းဆဲတတ်ကုန်သော ဆင်းရဲဒုက္ခတို့သည် နတ်ပြည်တို့၌လည်းကောင်း၊ လူ့ပြည်တို့၌လည်းကောင်း၊ တိရစ္ဆာန်မျိုး၌လည်းကောင်း၊ ကာလကဉ္စိကစသော ပြိတ္တာ အသုရကာယ်ဘုံ၌လည်းကောင်း၊ နိဇ္ဈာမတဏှိကစသော ပြိတ္တာဘုံတို့၌လည်းကောင်း၊ ငရဲဘုံတို့၌လည်းကောင်း ထင်ကုန်၏။

၄၇၈။ ပျက်စီးကျရောက်ရာ အပါယ်သို့ လားသည်ဖြစ်၍ ထိုးခြင်း ခုတ်ခြင်း စသည်တို့ဖြင့် နှိပ်စက်အပ်သော သတ္တဝါအား အပါယ်ဘုံတို့၌ များစွာကုန်သော သတ်ခြင်း ညှဉ်း ဆဲခြင်းတို့သည် ထင်ကုန်၏၊ နတ်ပြည်တို့၌လည်း (ရာဂပူပန်မှု စသည်ဖြင့် ဆင်းရဲခြင်းရှိသည်ဖြစ်၍) ကိုးကွယ်ရာ မရှိ၊ နိဗ္ဗာန် ချမ်းသာထက် လွန်မြတ်သော တစ်ပါးသော ချမ်းသာသည် မရှိ။

၄၇၉။ အကြင်သူတော်ကောင်းတို့သည် မြတ်စွာဘုရား၏ သာသနာတော်၌ လုံ့လကြိုးကုတ်အားထုတ်ကုန်သည်ဖြစ်၍ ပဋိသန္ဓေနေမှု (အိုမှု) သေမှုကို ပယ်အံ့သောငှါ အခြား တစ်ပါး သောကိစ္စတို့၌ ကြောင့်ကြမဲ့ ဖြစ်ကုန်လျက် ကမ္မဋ္ဌာန်း စီးဖြန်းမှု၌သာ လုံ့လပြုကုန်၏၊ ထိုသူတော်ကောင်းတို့သည် နိဗ္ဗာန်သို့ ရောက်နိုင်ကြကုန်၏။

၄၈ဝ။ မယ်တော် ခမည်းတော်တို့ အကျွန်ုပ်သည် ယနေ့ပင်လျှင် တောထွက်၍ ရဟန်းပြု ပါတော့အံ့၊ အနှစ်မရှိကုန်သော ကာမဂုဏ်စည်းစိမ်တို့ဖြင့် အဘယ်အကျိုးရှိပါအံ့နည်း၊ အကျွန်ုပ်သည် ကာမဂုဏ်တို့ကို ခွေးအန်ဖတ်ကဲ့သို့ တပ်မက်မှု ကင်းပါကုန်ပြီ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ပါကုန်ပြီ။

၄၈၁။ ထိုသုမေဓာမင်းသမီးကလည်း မယ်တော်ခမည်းတော်တို့ကို ဤသို့အိမ်ရာထောင်မှု၌ အလိုမရှိ ရဟန်းအဖြစ်ကိုသာ အလိုရှိသော အခြင်းအရာဖြင့် ပြောဆို၏၊ အနီကရတ္တမည်သော အကြင်မင်းအား ထိုသမီးတော်ကို ပေးအပ်ပြီ၊ ထိုအနီကရတ္တမင်းကလည်း ထိမ်းမြားအံ့သော ကာလ နီးလတ်သော် ထိမ်းမြားလက်ထပ်ရန်လာ၏။

၄၈၂။ ထိုအခါ သုမေဓာ မင်းသမီးသည် ပတ္တမြားညို ပိတုန်းတောင်အတူ မည်းနက်၍ တစ်ခဲနက် စုပုံသော လဲဝါဂွမ်း အတွေ့ကဲ့သို့ နူးညံ့ကုန်သော မိမိဆံပင်တို့ကို သန်လျက်ဖြင့် ဖြတ်လျက် နေရာပြာသာဒ် (ကျက်သရေတိုက်ခန်း) ကို ပိတ်ပြီးလျှင် ပဌမဈာန်ကို ဝင်စားနေ၏။

၄၈၃။ ထိုသုမေဓာ မင်းသမီးကလည်း ထိုပြာသာဒ်၌ ဈာန်ဝင်စား၏၊ အနီကရတ္တမင်း ကလည်း မန္တာဝတီမြို့သို့ ရောက်လာ၏၊ သုမေဓာမင်းသမီးသည် ပြာသာဒ်၌သာ အနိစ္စာ နုပဿနာကို ကောင်းစွာပွါးများနေ၏။

၄၈၄။ ထိုသုမေဓာမင်းသမီးကလည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်း၏၊ အနီကရတ္တမင်းကလည်း ပတ္တမြားဖြင့် ဆန်းကြယ်ကုန်သော ရွှေပန်းအဆင်တန်ဆာတို့ဖြင့် ဆင်အပ်သော ကိုယ်ရှိသည်ဖြစ်၍ အဆောတလျင်ပြာသာဒ်ထက်သို့ တက်ပြီးလျှင် လက်အုပ်ချီလျက် သုမေဓာမင်းသမီးကို တောင်းပန်၏။

၄၈၅။ ငါ၏ တိုင်းပြည်၌ အစိုးရခြင်း အလွန်နှစ်သက်အပ်သော စည်းစိမ် ဤအလုံးစုံသည် သင့်လက်သို့ရောက်လာ၏၊ သင်မင်းသမီးသည် ငယ်ရွယ်ပျိုနုလှပါသေး၏၊ ကာမဂုဏ်စည်း စိမ်တို့ကို ခံစားပါဦးလော့၊လောက၌ ကာမဂုဏ်ချမ်းသာတို့သည် ရခဲပါကုန်၏။

၄၈၆။ သင်မင်းသမီးအား သုံးယူဇနာရှိသော ငါ၏ တိုင်းပြည်ကို စွန့်အပ်ပါ၏၊ ကာမဂုဏ် စည်းစိမ်တို့ကို ခံစားပါဦးလော့၊ များစွာသော အလှူဒါနတို့ကို ပေးလှူပါဦးလော့၊ စိတ်မချမ်း မသာ မဖြစ်ပါလင့်၊ သင်၏ မယ်တော်ခမည်းတော်တို့သည် စိတ်မချမ်းမသာခြင်းသို့ ရောက် ကြရကုန်၏ (ဟု တောင်းပန်၏)။

၄၈၇။ ထိုအနီကရတ္တမင်းအား သုမေဓာမင်းသမီးသည် ထိုစကားကို ပြောဆို၏၊ အနီကရတ္တမင်း အကျွန်ုပ်သည် ကာမဂုဏ်တို့ဖြင့် အလိုမရှိပါ၊ တွေဝေမှု 'မောဟ' ကင်းပါ၏၊ အသင် အနီကရတ္တမင်းသည် ကာမဂုဏ်တို့ကို မနှစ်သက်ပါလင့်၊ ကာမဂုဏ်တို့၌ အပြစ်ကို ကြည့်ရှုပါလော့။

၄၈၈။ လေးကျွန်းလုံးကို အစိုးရသော ကာမဂုဏ်စည်းစိမ်ခံစားသော သူတို့ထက် မြတ်သော မန္ဓာတ်စကြဝတေးမင်းသော်မှလည်း ကာမဂုဏ်တို့ဖြင့် မရောင့်ရဲနိုင်သည်ဖြစ်၍ သေလွန် ရပါသေး၏၊ ထိုမန္ဓာတ်စကြဝတေးမင်းအား ကာမဂုဏ်၌ အလိုအာသာသည် ပြည့်လည်း မပြည့်သေး၊ (အလိုမပြည့်မီသေရပါ၏)။

၄၈၉။ ရတနာခုနစ်ပါး မိုးကြီးသည် အရပ်ဆယ်မျက်နှာတို့ကို နှံ့စေ၍ ထက်ဝန်းကျင်မှ ရွာရာ၏၊ ဤသို့ရွာသော်လည်း ကာမဂုဏ်တို့ဖြင့် ရောင့်ရဲခြင်း မရှိ၊ လူမိုက်တို့သည် ကာမဂုဏ်တို့ဖြင့် မရောင့်ရဲနိုင်သည်ဖြစ်၍သာလျှင် သေကြရကုန်၏။

၄၉ဝ။ ကာမဂုဏ်တို့သည် ဆင်းရဲ၏ တည်ရာ ဖြစ်သောကြောင့် သန်လျက်သွားနှင့် တူကုန်၏၊ ဘေးနှင့်တကွ ဖြစ်သောကြောင့် မြွေဦးခေါင်းနှင့် တူကုန်၏၊ မြက်မီးရှူးနှင့် တူသည်ဖြစ်၍လောင်မြိုက်တတ်ကုန်၏၊ သာယာဖွယ်မရှိသောကြောင့် အရိုးဆက်အရိုးစုနှင့် တူကုန်၏။

၄၉၁။ ကာမဂုဏ်တို့သည် အမြဲ မရှိကုန်၊ မတည်တံ့နိုင်ကုန်၊ များစွာသော ဆင်းရဲခြင်း ရှိကုန်၏၊ လတ်တလော သေစေတတ်သော အဆိပ်နှင့် တူကုန်၏၊ ပြောင်ပြောင်တောက်သော သံတွေခဲကဲ့သို့ ပူလောင်၏၊ ဆင်းရဲခြင်း၏ အကြောင်း ဖြစ်ကုန်၏၊ ဆင်းရဲခြင်းတည်းဟူသော အကျိုးရှိကုန်၏။

၄၉၂။ ကာမဂုဏ်တို့သည် (အင်္ဂါကြီးငယ်တို့ သုံးဆောင်ရာဖြစ်သော အနက်ကြောင့်) သစ်သီးနှင့်တူကုန်၏၊ (အများတို့၏ ဆက်ဆံရာဖြစ်သော အနက်ကြောင့်) သားတစ်နှင့် တူကုန်၏၊ ဆင်းရဲကုန်၏၊ အိပ်မက်နှင့် တူကုန်၏၊ မျက်လှည့်နှင့် တူကုန်၏၊ အခိုက်အတန့် တစ်ခဏမျှ ငှား၍ သုံးဆောင်အပ်သော ဥစ္စာနှင့် တူကုန်၏။

၄၉၃။ ကာမဂုဏ်တို့သည် (စူးဝင်တတ်သော အနက်ကြောင့်) လှံသွားနှင့် တူကုန်၏၊ အနာရောဂါနှင့်တူကုန်၏၊ အိုင်းအမာနှင့် တူကုန်၏၊ ဆင်းရဲမည်ကုန်၏၊ သေမင်းနှင့် တူကုန်၏၊ မီးကျီးတွင်းနှင့်တူကုန်၏၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်ကုန်၏၊ ဘေးဘျမ်း မည်ကုန်၏၊ လူသတ်သမားနှင့် တူကုန်၏။

၄၉၄။ ဤသို့ဆိုခဲ့ပြီးသော နည်းဖြင့် ကာမဂုဏ်တို့သည် များသော ဆင်းရဲခြင်းရှိကုန်၏၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုရခြင်း၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ ဘုရားအစရှိသော သူတော် ကောင်းတို့ဟောတော်မူအပ်ကုန်၏၊ သင်တို့ သွားကြကုန်လော့၊ အကျွန်ုပ်အား ဘုံသုံးပါး၌ အကျွန်ုပ်နှင့်အကျွမ်းဝင်သောသူ မရှိပါ။

၄၉၅။ မိမိဦးခေါင်းကို ရာဂစသော တစ်ဆယ့်တစ်ပါးသောမီးလောင်သည်ရှိသော် အိုခြင်း သေခြင်းသည် အစဉ်လိုက်သည်ရှိသော် အကျွန်ုပ်မှတစ်ပါး အခြားသူသည် အကျွန်ုပ်အား အဘယ်မည်သော အစီးအပွါးကိုပြုလတ္တံ့နည်း၊ ထိုအိုခြင်း သေခြင်း ဦးခေါင်းမီးလောင်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အကျွန်ုပ်အားထုတ်ရပါ၏။

၄၉၆။ အကျွန်ုပ်သည် တံခါးကို ဖွင့်လိုက်သည်ရှိသော် မယ်တော် ခမည်းတော်တို့ကိုလည်းကောင်း၊ အနီကရတ္တမင်းကိုလည်းကောင်း မြေကြီး၌ ထိုင်နေကြကုန်သည်ဖြစ်၍ ငိုနေကြသည် တို့ကို မြင်ရသဖြင့် ဤစကားကို ပြောဆိုပါ၏။

၄၉၇။ အစမထင်သော သံသရာ၌ အဖ၏ သေခြင်းကြောင့်လည်းကောင်း၊ မောင်ကို သတ်ခြင်းကြောင့်လည်းကောင်း၊ မိမိကိုယ်ကို သတ်ခြင်းကြောင့်လည်းကောင်း အဖန်ဖန် စိုးရိမ် သည်၏အစွမ်းဖြင့် ငိုကြွေးကုန်သော လူမိုက်တို့အား သံသရာသည် ရှည်လျားလှ၏။

၄၉၈။ သံသရာ၏ အစကို မသိအပ်သည်၏ အဖြစ်ကြောင့် (ရှည်စွာသော ကာလဖြင့်) ကျင်လည်ရကုန်သော သတ္တဝါတို့၏ (ဆွေမျိုးတို့၏ ပျက်စီးခြင်းစသည်တို့ဖြင့် တွေ့ကုန်၍ ငိုကြွေးသော) မျက်ရည်ကိုလည်းကောင်း၊ (ငယ်ရွယ်စဉ်အခါ အမိနို့မှ စို့အပ်သော ) နို့ရည်ကိုလည်းကောင်း၊ (ရန်သူတို့သတ်အပ်သည်ဖြစ်၍ ထွက်သော) သွေးကိုလည်းကောင်း သင်တို့ သည် (အဘယ်မျှ များသည်ကို) အောက်မေ့ကြကုန်လော့၊ အရိုးတို့၏ အပုံအစုကိုလည်း အောက်မေ့ကြကုန်လော့။

၄၉၉။ အစမထင်သော သံသရာ၌ ကျင်လည်ရသော တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ထွက်သောမျက်ရည် စို့သောနို့ရည် ထွက်သောသွေး၌ နှိုင်းယှဉ်အပ်သော မဟာ သမုဒ္ဒရာလေးစင်းတို့ကို ဥပမာ၏ အစွမ်းအားဖြင့် မြတ်စွာဘုရားတို့သည် ဆောင်၍ ဟော တော်မူအပ်သည်တို့ကို အောက်မေ့ပါလော့၊ (တစ်ဦးသော ပုဂ္ဂိုလ်၏ တစ်ခုသော ကမ္ဘာ၌ အရိုး စုအရိုးပုံကို ဝေပုလ္လတောင်နှင့်အတူအမျှ (ဥပမာဆောင်၍ ဟောတော်မူအပ်သည်ကို) အောက် မေ့ပါလော့။

၅ဝဝ။ ဇမ္ဗုဒိပ်ကျွန်းဟုဆိုအပ်သော မြေကြီးကို ဇီးစေ့ခန့်မျှ အလုံးလုံး၍ (ဤအလုံးသည် ငါ၏ အမိဤအလုံးသည် ငါ၏ အဖွားစသည်ဖြင့်) ခွဲဝေသည်ရှိသော် အစမထင်သော သံသရာ၌ ကျင်လည်ရသော သတ္တဝါ၏ အမိ အဖွားတို့၌ပင်လျှင် မလောက်နိုင်ကုန်။ (ဤသို့ ဇမ္ဗုဒီပါမြေကို ဥပမာဆောင်၍ဟောတော်မူအပ်သော စကားတော်ကို နှလုံးသွင်းပါလော့)။

၅ဝ၁။ (ဤလောက၌ ရှိရှိသမျှသော) မြက် သစ်သား သစ်ခက် သစ်ရွက်ကို လက်လေးသစ်အတိုင်း အရှည်ရှိသော အတုံးအပိုင်းတို့ ပြုလုပ်၍ (ဤအတုံးအပိုင်းသည် ငါ့အဖ၊ ဤအတုံးအပိုင်းသည် ငါ့အဘိုး စသည်ဖြင့်) ခွဲဝေအပ်ကုန်သည်ရှိသော် ထိုအတုံးပိုင်းတို့သည် (သံသရာ၏) အစ မထင်သောကြောင့် အဖအဘိုးတို့၌ပင်လျှင် မလောက်နိုင်ကုန်၊ (ဤသို့မြက် သစ်သား သစ်ခက် သစ်ရွက်ကို ဥပမာဆောင်၍ ဟောတော်မူသည်ကို အောက်မေ့ပါလော့)။

၅ဝ၂။ အရှေ့သမုဒ္ဒရာ၌လည်းကောင်း၊ အနောက်သမုဒ္ဒရာ မြောက်သမုဒ္ဒရာ တောင်သမုဒ္ဒရာ၌လည်းကောင်း လေ၏အစွမ်းဖြင့် မျောပါးနေသော ထမ်းပိုး၏ အပေါက်သည် ထိုအနှစ်တစ်ရာလွန်မှ တစ်ကြိမ်သာ လည်ကို ဖော်သော လိပ်ကန်း၏ ဦးခေါင်းကို စွပ်မိခြင်းဟူသောမျက်စိနှစ်ဖက်ကန်းလိပ်ကို လူ့အဖြစ် ရခြင်း၌ ဥပမာပြု၍ အောက်မေ့ပါလော့။

၅ဝ၃။ ရေမြှုပ်စိုင်နှင့်တူသော အနှစ်မရှိသော ကိုယ်ဟုဆိုအပ်သော အစု၏ စက်ဆုပ် ဖွယ်သဘောကိုအောက်မေ့ပါလော့၊ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အမြဲမရှိသည်တို့ကို ဉာဏ်မျက်စိ ဖြင့် ရှုပါလော့၊ ငရဲကြီးရှစ်ထပ် ဥုဒေရက်ငရဲ တစ်ဆယ့်ခြောက်ထပ်၌ များစွာ ဆင်းရဲခြင်း ရှိသည်တို့ကို အောက်မေ့ပါလော့။

၅ဝ၄။ ထိုထိုသို့သော ဘဝတို့၌ အဖန်တလဲလဲ သင်္ချိုင်းရာမြေကို ထပ်ကာထပ်ကာ ဖြစ် သဖြင့် ပွါးစေကုန်သော သတ္တဝါတို့ကို အောက်မေ့ပါလော့၊ မိကျောင်းဘေးဟု၁ ဟောတော် မူအပ်သော ဝမ်းစာကို ရှာမှီးရသော အဖြစ်တို့ကိုလည်း အောက်မေ့ပါလော့၊ အရိယသစ္စာ လေးပါးတို့ကိုလည်းအောက်မေ့ပါလော့။

၅ဝ၅။ (မြတ်စွာဘုရားသည် မဟာကရုဏာတော်ဖြင့် ဆောင်အပ်သော သူတော်ကောင်းတရားတည်းဟူသော) အမြိုက်အရသာ ရှိပါလျက် အခါးအစပ်ငါးမျိုးရှိသော၂ သင်၏ ကာမဂုဏ်ငါးပါးအရသာကို သောက်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကာမဂုဏ်ငါးပါးတို့၌ မွေ့လျော်မှုအားလုံးတို့သည် အခါးအစပ် ငါးမျိုးဖြင့် အလွန်ခါးစပ်ကုန်၏။

၅ဝ၆။ မြတ်စွာဘုရားသည် မဟာကရုဏာတော်ဖြင့် ဆောင်အပ်သော သူတော်ကောင်းတရားတည်းဟူသော အမြိုက်အရသာသည် ရှိပါလျက် အကြင်ကာမဂုဏ်တို့သည် ပစ္စုပ္ပန် တမလွန်၌ပူပန်ရကုန်၏၊ သင်၏ ထိုကာမဂုဏ်တို့ဖြင့် အဘယ်အကျိုးရှိပါအံ့နည်း၊ ကာမဂုဏ် တို့၌မွေ့လျော်မှုအားလုံးတို့သည် (ရာဂစသော တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့်) ပြောင်ပြောင်တောက်ကုန်သည် ကျိုက်ကျိုက်ဆူကုန်သည်ဖြစ်၍ သတ္တဝါတို့ကို တုန်လှုပ်စေတတ်ပူပန်စေတတ်ကုန်၏။

၅ဝ၇။ ရန်သူမျိုးငါးပါးမှ ကင်းသော ရဟန်းအဖြစ်သည် ရှိနေပါလျက် အကြင်ကာမဂုဏ် တို့သည် များသော ရန်သူရှိကုန်၏၊ ထိုများသော ရန်သူရှိသော သင်၏ ကာမဂုဏ်တို့ဖြင့်အဘယ်အကျိုးရှိပါအံ့နည်း၊ ကာမဂုဏ်တို့သည် မင်း, မီး, ခိုးသူ, ရေ, မချစ်မနှစ်သက်သော ရန်သူတို့နှင့်ဆက်ဆံကုန်သည်ဖြစ်၍ များသော ရန်သူရှိကုန်၏။

၅ဝ၈။ ကိလေသာတို့မှ လွတ်မြောက်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်သည် ရှိပါလျက် အကြင် ကာမဂုဏ်တို့၌သတ်ဖြတ်ပုတ်ခတ်ခြင်း နှောင်ဖွဲ့ခြင်းသည် ရှိ၏၊ သင်၏ ထိုကာမဂုဏ်ငါးပါး တို့ဖြင့်အဘယ်အကျိုး ရှိပါအံ့နည်း၊ ကာမဂုဏ်တို့၌ သတ်ခြင်း နှောင်ဖွဲ့ခြင်း ဆင်းရဲတို့ကို ခံစားရကုန်၏၊ ထို့ကြောင့် ကာမဂုဏ်တို့သည် ယုတ်မာကုန်၏။

၅ဝ၉။ ပြောင်ပြောင် တောက်ကုန်သော မြက်ဖြင့် ပြုလုပ်အပ်သော မီးရှူးတို့သည် မလွှတ်ဘဲ ကိုင်သောသူကိုလောင်ကုန်၏၊ ကာမဂုဏ်တို့သည် မီးရှူးနှင့် တူကုန်၏၊ အကြင် သူတို့သည် ထိုကာမဂုဏ်တို့ကို မလွှတ်ကုန်၊ ထိုသူတို့ကို ပစ္စုပ္ပန် တမလွန်၌လောင်တတ်ကုန်၏။

၅၁ဝ။ သင်သည် အနည်းငယ်သော ကာမဂုဏ်ချမ်းသာ၏ အကြောင်းကြောင့် ပြန့်ပြော များမြတ်သောလောကုတ္တရာချမ်းသာကို မစွန့်ပါလင့်၊ (အစာ၌ တပ်မက်မောသဖြင့်) ငါးမျှား ချိတ်ကို မျို၍ပျက်စီးခြင်းသို့ ရောက်သော ငါးကဲ့သို့ (ကာမဂုဏ်ချမ်းသာတို့ကို မစွန့်မူ၍) နောင်အခါ၌ ပင်ပန်းခြင်းသို့မရောက်ပါစေလင့်။

၅၁၁။ လည်တောက်ကြိုးဖြင့် နှောင်ဖွဲ့အပ်သော ခွေးသည် (တစ်ပါးသော အရပ်သို့ သွားခြင်းငှါမတတ်နိုင်သည်ဖြစ်၍ ထိုချည်တိုင်၌သာ ပတ်ပတ်လည် လှည့်နေသကဲ့သို့) သင်သည် ကာမတဏှာဖြင့်နှောင်ဖွဲ့ခံနေရ၏၊ စင်စစ် ကာမဂုဏ်တို့၌ ဣနြေ္ဒတို့ကို ဆုံးမပါလော့၊ ဒွန်းစဏ္ဍားတို့သည် မွတ်သိပ်ကုန်သည်ဖြစ်၍ ခွေးကို အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်စေကုန် သကဲ့သို့ ထို့အတူ ကာမဂုဏ်တို့သည် သင့်ကို အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်သည်ကို ပြုကုန်လတ္တံ့။

၅၁၂။ သင်သည် ကာမဂုဏ်တို့နှင့် ယှဉ်သည်ဖြစ်၍ နှိုင်းယှဉ်ခြင်းငှါ မတတ်ကောင်းသော ငရဲစသည်တို့၌ဖြစ်သော ကိုယ်၏ ဆင်းရဲခြင်းကိုလည်းကောင်း၊ များစွာကုန်သော စိတ်၌ ရအပ်သော နှလုံးမသာခြင်းတည်းဟူသော စိတ်၏ ဆင်းရဲခြင်းကိုလည်းကောင်း ခံစားရလတ္တံ့။ ကာမဂုဏ်တို့ကို စွန့်လွှတ်ပါလော့။

၅၁၃။ အလုံးစုံသော ဘဝစသည်တို့၌ ပဋိသန္ဓေနေမှု အားလုံးတို့ကို အိုခြင်း သေခြင်း နာခြင်းသည် ဆွဲယူအပ်ကုန်သည်ဖြစ်၍ ထိုအိုခြင်း သေခြင်း နာခြင်းစသည်တို့မှ မလွတ် နိုင်ကုန်၊ ထို့ကြောင့်မအိုရာဖြစ်သော နိဗ္ဗာန်သည် ထင်ရှားရှိပါလျက် အိုခြင်းစသည်မှ မလွတ်သော ကာမဂုဏ်တို့ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း။

၅၁၄။ ဤနိဗ္ဗာန်တစ်ခုတည်းသာလျှင် အိုခြင်းမရှိ၊ ဤနိဗ္ဗာန်တစ်ခုတည်းသာလျှင် သေခြင်း မရှိ၊

ဤနိဗ္ဗာန်တစ်ခုတည်းသာလျှင် အိုခြင်းသေခြင်း နှစ်ပါးစုံမရှိ၊ ဝဋ်ဆင်းရဲမှ ထွတ်မြောက် လိုသော သူတို့၏ထွက်မြောက်ကြောင်း ဖြစ်၏၊ စိုးရိမ်ခြင်းလည်း မရှိ၊ ရန်သူလည်း မရှိ၊ ကိလေသာတည်းဟူသောကျဉ်းမြောင်းခြင်းလည်း မရှိ၊ ဒုစရိုက်တည်းဟူသော ချွတ်ယွင်းခြင်းလည်း မရှိ၊ ဘေဘျမ်းလည်း မရှိ၊ ဆင်းရဲပူပန်ခြင်းလည်း မရှိ။

၅၁၅။ ဤသေခြင်းကင်းရာ နိဗ္ဗာန်ကို များစွာကုန်သော ဘုရားစသော အရိယာတို့သည် သိအပ်မျက်မှောက်ပြုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် အသင့်အားဖြင့် အားထုတ်၏၊ ထိုပုဂ္ဂိုလ် သည် ယခုလည်းဤသေခြင်းကင်းရာ နိဗ္ဗာန်ကို ရခြင်းငှါ တတ်ကောင်း၏၊ အားမထုတ်သော ပုဂ္ဂိုလ်သည်ကား ရခြင်းငှါမတတ်ကောင်းသည်သာတည်း။

၅၁၆။ ဤသို့ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် သုမေဓာမင်းသမီးသည် တရားစကားကို ပြောဟော၏၊ သုမေဓာမင်းသမီးသည် သင်္ခါရတရားအပေါင်း၌ မွေ့လျော်ခြင်းကို မရသည်ဖြစ်၍ အနီကရတ္တမင်းကိုသိစေလိုသည် ဖြစ်ရကား (သန်လျက်ဖြင့် ဖြတ်ပြီးသော မိမိ၏) ဆံပင်တို့ကို သာလျှင် ပြာသာဒ်ထက်မှမြေပေါ်သို့ ပစ်ချလိုက်၏။

၅၁၇။ ထိုအနီကရတ္တမင်းသည် နေရာမှ ထကာ လက်အုပ်ချီလျက် ထိုမင်းသမီး၏ ခမည်း တော်ဖြစ်သောကောဉ္စမင်းကြီအား သုမေဓာမင်းသမီးကို ရဟန်းပြုရန် ခွင့်ပြုလိုက်ပါကုန်လော့၊ ထိုသုမေဓာမင်းသမီးသည် (ရဟန်းပြုပြီးနောက် ) မဖောက်မပြန်သော နိဗ္ဗာန်ကို မြင်ပါစေသတည်းဟု တောင်းပန်၏။

၅၁၈။ သုမေဓာမင်းသမီးသည် ခမည်းတော်မယ်တော်တို့က ခွင့်လွှတ်အပ်သည်ဖြစ်၍ ဆွေ မျိုးတို့နှင့်ကွေကွင်းရခြင်းစသည် အကြောင်းရှိသော စိုးရိမ်မှုထက် သံသရာဘေးမှ ကြောက် သည်ဖြစ်၍့ ရှင်ရဟန်းပြု၏၊ ထိုသုမေဓာ မင်းသမီးသည် သိက္ခမာန်ဖြစ်စဉ်ပင် အဘိညာဉ် ခြောက်ပါးတို့ကို မျက်မှောက်ပြုအပ်ကုန်ပြီ၊ (ထို့ကြောင့်ပင်လျှင်) အရဟတ္တဖိုလ်ကို မျက်မှောက် ပြုအပ်ပြီ။

၅၁၉။ သုမေဓာမင်းသမီး၏ ထိုကိလေသာတို့မှ ငြိမ်းခြင်းသည် အံ့ဖွယ်သရဲရှိ၏၊ မဖြစ်ဖူးမြဲ ဖြစ်၏၊ နောက်ဆုံးဖြစ်သော ခန္ဓပရိနိဗ္ဗာန်ပြုခါနီးကာလ၌ ရှေးနေခဲ့ဖူးသော ခန္ဓာ၌ အကျုံး ဝင်သော အကျင့်ကိုထိုသုမေဓာမင်းသမီး ပြောကြားသော အခြင်းအရာအားဖြင့် သိအပ်၏။

၅၂ဝ။ ကောဏာဂုံအမည်ရှိတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူသည်ရှိ သော် သံဃာကိုရည်၍ အသစ်ဆောက်အပ်သော အရံ၌ အဆွေခင်ပွန်းမဖြစ်ကုန်သော ဓနဉ္ဇာနီ, ခေမာနှင့်တကွအကျွန်ုပ်တို့သုံးယောက်တို့သည် ကျောင်းအလှူကို ပေးလှူခဲ့ဖူးပါကုန်၏။

၅၂၁။ ထိုကျောင်းအလှူ၏ အာနုဘော်ကြောင့် ဆယ်ကြိမ်လည်းကောင်း၊ အကြိမ်တစ်ရာလည်းကောင်း၊ အကြိမ်တစ်ထောင်လည်းကောင်း၊ အကြိမ်တစ်သောင်းလည်းကောင်း နတ်ပြည် တို့၌ ငါတို့ သုံးယောက်ဖြစ်ဖူးကြကုန်၏။

လူ့ပြည်တို့ဝယ် ဖြစ်သော အကြိမ်တို့၌ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။

၅၂၂။ နတ်ပြည်တို့၌ ဖြစ်ကြသောအခါ ကြီးသော တန်ခိုးရှိကြသူတို့ ဖြစ်ကြရပါကုန်၏၊ လူ့အဖြစ်ကို ရ၍ တန်ခိုးကြီးသည် အဖြစ်၌ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ အကျွန်ုပ် သည် ရတနာခုနစ်ပါးနှင့်ပြည့်စုံသော စကြဝတေးမင်း၏ မိဖုရားကြီးဖြစ်သော မိန်းမရတနာ ဖြစ်ခဲ့ဖူးပါ၏။

၅၂၃။ ထိုကျောင်းလှူခြင်းတည်းဟူသော အကြောင်းသည် ဆိုအပ်ခဲ့ပြီးသော နတ်စည်း စိမ်၏အကြောင်းတည်း၊ ထိုကျောင်းလှူခြင်းတည်းဟူသော အမွန်အစသည် ဆိုအပ်ခဲ့ပြီးသော နတ်စည်းစိမ်၏အမွန်အစတည်း၊ ထိုကျောင်းလှူခြင်းတည်းဟူသော အရင်းမူလသည် ဆိုအပ် ခဲ့ပြီးသော နတ်စည်းစိမ်၏အရင်းမူလတည်း၊ ထိုကျောင်းလှူခြင်းတည်းဟူသော စေတနာ သည်သာလျှင် ဤမြတ်စွာဘုရားအဆုံးအမတရား၌ (ရှုမြင်နိုင်ခဲသော) ဝိပဿနာပညာ ဖြစ်၏၊ ထိုကျောင်းလှူခြင်းတည်းဟူသောစေတနာသည် မြတ်စွာဘုရား အဆုံးအမတရားနှင့် ရှေးဦးစွာ ပေါင်းဆုံခြင်း ဖြစ်၏၊ ထိုကျောင်းလှူခြင်းစေတနာသည် မြတ်စွာဘုရား အဆုံး အမတရား၌ မွေ့လျော်ခြင်းကြောင့် နိဗ္ဗာန်မည်၏။

၅၂၄။ အကြင်ပုဂ္ဂိုလ်တို့သည် ပြည့်စုံသော ပညာရှိတော်မူသော မြတ်စွာဘုရား၏ စကား တော်ကိုယုံကြည်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဤသို့ဟောတော်မူတိုင်း ကျင့်ကြကုန်၏၊ ကျင့်ကြကုန်သော သူတို့သည် ဘုံသုံးပါး၌ ဖြစ်သော သံသရာဝဋ်၌ (ဝိပဿနာပညာဖြင့်) ငြီးငွေ့ကြကုန်၏၊ ငြီးငွေ့ကြကုန်ပြီးလျှင် အရိယမဂ်ဖြင့် ဘဝ၌ တပ်ခြင်းကင်းကြကုန်၏။

ဤသို့လျှင် သုမေဓာထေရီသည် ဂါထာတို့ကို ရွတ်ဆို၏။

မဟာနိပါတ် ပြီး၏။

ထေရီဂါထာပါဠိတော်မြန်မာပြန် ပြီး၏။

၁။ မိကျောင်းဘေးဟူသော ဤအမည်သည် ဝမ်းစာရှာမှီးခြင်း၏ အမည်တည်း''ဟု အင်္ဂုတ္တိုရ်၌ ဟောထားသည်ကို ရည်ရွယ်သည်၊ အင် မြန် ၁-၄၅၂ တွင်ကြည့်။

၂။ အခါးအစပ် ငါးမျိုးဟူသည်-

၁။ ပရိယေသန= ရှာမှီးရမှု၊

၂။ ပရိဂ္ဂဟ= သိမ်းဆည်းရမှု၊

၃။ အာရက္ခ= စောင့်ရှောက်ရမှု၊

၎။ ပရိဘောဂ= သုံးဆောင်ရမှု၊

၅။ ဝိပါက= အကျိုးခံစားရမှု၊ ၄င်းငါးမျိုး၌ ခါးခါးစပ်စပ် ဆိုးဝါးသည်ဟူ၏။






<< Home

This page is powered by Blogger. Isn't yours?

Subscribe to Posts [Atom]