၁၁-ဧကာဒသနိပါတ်

၁၁-ဧကာဒသနိပါတ်

၁-သံကိစ္စတ္ထေရဂါထာ

အမိအလောင်းကို မီးသင်္ဂြီုဟ်ရာမှ အသက်မသေပဲ ကျန်ရစ်ခဲ့သော သံကိစ္စသည် ခုနစ်နှစ်အရွယ်သို့ရောက်သောအခါ ဖြစ်ခဲ့ရပုံကို သံဝေဂရ၍ သျှင်သာရိပုတြာထံ၌ ရှင်ပြု တစပဉ္စက ကမ္မဋ္ဌာန်းကိုပေးကာ ခေါင်းရိပ်အပြီးတွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်၏။ ခိုးသားငါးရာတို့ လက်ထည်းရောက်သော်လည်း အသက်မသေကျန်ရစ်ရပြန်၏။ အခါတပါး ဥပါသကာတယောက်က အသျှင်၏အနီးတွင် ပြုစုလုပ်ကျွေးနေထိုင်လိုပါကြောင်း တောင်းပန်သည်တွင် ပြန်ကြား ရွတ်ဆိုသော ဂါထာများ

၅၉၇။ ချစ်သားသာမဏေ တော၌ သင့်အတွက် အဘယ်မှာ အကျိုးရှိအံ့နည်း၊ မိုးအခါ၌ ဥဇ္ဇုဟာနတောင်သည်လည်း သင့်အတွက် အဘယ်မှာ အကျိုးရှိအံ့နည်း၊ ဝေရမ္ဘမည်သော လေတို့သည် အဘယ်မှာမွေ့လျော်ဖွယ် ရှိကုန်အံ့နည်း၊ ဈာန်ဝင်စားကုန်သော သူတို့အား (မည်သည့်အရပ်၌မဆို) ဆိတ်ငြိမ်မှုကိုသာအလိုရှိအပ်၏။

၅၉၈။ ဒါယကာ မိုးအခါ၌ ဝေရမ္ဘမည်သော လေသည် တိမ်တိုက်တို့ကို ပယ်ဖျောက် သကဲ့သို့ ဤအတူဆိတ်ငြိမ်မှု 'ဝိဝေက'နှင့် ယှဉ်သော သညာတို့သည် ငါ့အား ဆိတ်ငြိမ်ရာ အရပ်သို့သာလျှင် ဆွဲဆောင်ကုန်၏။

၅၉၉။ မည်းနက်၍ ဥ၌ ဖြစ်သော ကျီးသည် သင်္ချိုင်းအရပ်၌ နေရာဌာနပြု၍ ကျက်စား သွားလာ၏၊ ငါ၏ ကိုယ်၌ ရာဂကင်းခြင်းကို မှီသော ကာယဂတာသတိကို ဖြစ်စေနိုင်သည်သာ လျှင်တည်း။

၆ဝဝ။ အခြားသော သူတို့၏ အစောင့်အရှောက်ကိုလည်း မခံရ၊ မိမိကလည်း အခြား သူတို့ကို မစောင့်ရှောက်ရသော ရဟန်းသည် ဝတ္ထုကာမတို့၌ ငဲ့ကွက်မှု ကင်းသည်ဖြစ်၍ စင်စစ် ချမ်းသာစွာနေရ၏။

၆ဝ၁။ ကြည်လင်သော ရေရှိကုန်သော၊ ကျယ်ပြန့်၍ နူးညံ့သည့် ကျောက်ရှိကုန်သော၊ မျောက်, ချေ (ဂျီ), သမင်စသော သားကောင်တို့ဖြင့် ရောပြွမ်းကုန်သော၊ (ထိုထိုအရပ်၌) ရေမှော်တို့ဖြင့်ဖုံးလွှမ်းအပ်ကုန်သော ထိုကျောက်တောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏။

၆ဝ၂။ ငါသည် တောအရပ်၌ ဖြစ်ကုန်သော ချောက်တို့၌လည်းကောင်း၊ ဂူလိုဏ်တောင်ခေါင်းတို့၌လည်းကောင်း၊ အစွန်အဖျားကျသော ကျောင်းတို့၌လည်းကောင်း၊ (ခြင်္သေ့ ကျားစသော) သားရဲသမင်တို့ မှီဝဲအပ်သော တော၌လည်းကောင်း နေခဲ့ဖူးပြီ။

၆ဝ၃။ ဤသတ္တဝါတို့ သေကြစေကုန်သတည်း၊ ထိုးပစ်နှိပ်စက်ခံကြရစေကုန်သတည်း၊ ဆင်းရဲခြင်းသို့ရောက်ကြစေကုန်သတည်း၊ (ဤသို့ ဒေါသနှင့်တကွဖြစ်သော မမြတ်သော အကြံဖြစ်ခဲ့ဖူးသည်ကို) ငါမသိစဖူး။

၆ဝ၄။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို နုတ်အပ်ပြီ။

၆ဝ၅။ အကြင် အရဟတ္တဖိုလ်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြု၏၊ အလုံးစုံသော နှောင်ကြိုးသံယောဇဉ်တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ်သော အကျိုးကိုလည်း ငါ ရပြီ။

၆ဝ၆။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ 'သူရင်းငှါးသည်လုပ်ခရရန်အတွက် နေ့ကုန်မည့် အချိန်ကိုသာ ငံ့လင့်စောင့်မျှော်သကဲ့သို့' ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏။

၆ဝ၇။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ ငံ့လင့်စောင့်မျှော်နေ၏။

ဤသို့လျှင် သံကိစ္စမထေရ်သည် ရွတ်ဆို၏။

ဧကာဒသနိပါတ် ပြီး၏။

၁၂-ဒွါဒသကနိပါတ်

၁-သီလဝတ္ထေရဂါထာ

ဗိမ္ဗိသာရမင်းကြီး၏သားတော် သီလဝသည် နောင်တော်အဇာတသတ်က သတ်လိုသဖြင့် အမုန်ယစ်သောဆင်ပေါ်တင်၍ သတ်စေသော်လည်း မသေ၊ ထိုအခြင်းအရာကို ဘုရားရှင် မြင်တော်မူ၍သျှင်မောဂ္ဂလ္လာန်ကို ခေါ်ယူစေရာ ဆင်နှင့်တကွ မင်းသားရောက်လာ၍ ဆင်ပေါ်မှဆင်းကာ ဘုရားရှင်ကိုရှိခိုးလျက် တရားတော်ကို နာရလျှင် ရဟန်းပြု ဝိပဿနာပွါးများလျှင် မကြာမီ ရဟန္တာဖြစ်၏၊ ထို့နောင်ကောသလတိုင်း၌ နေစဉ် အဇာတသတ်က အာဏာသားတို့ကို လွှတ်၍ သတ်စေပြန်ရာအာဏာသားတို့လည်း မထေရ်၏ တရားကို နာရ၍ အားလုံး ရဟန်းပြုကြသည်တွင် ထိုရဟန်းတို့အားဟောကြား သော ဂါထာများ

၆ဝ၈။ ဤလောက၌ (အကျိုးစီးပွါးကို အလိုရှိသော အမျိုးသားသည်) စာရိတ္တ, ဝါရိတ္တသီလ ကိုသာလျှင် ကောင်းစွာ စင်ကြယ်သည်ကို ပြု၍ ကျင့်ရာ၏၊ မှီဝဲအပ်သော (စာရိတ္တ, ဝါရိတ္တ) သီလသည်စည်းစိမ်ချမ်းသာအားလုံးကို ဆောင်တတ်၏။

၆ဝ၉။ ချမ်းသာသုံးမျိုးတို့ကို အလိုရှိသော ပညာရှိသည် သီလကို စောင့်ရာ၏၊ (သီလရှိ သောသူအားဤပစ္စုပ္ပန်လောက၌) ပညာရှိတို့ ချီးမွမ်းခြင်း, ဝမ်းမြောက်နှစ်သက်ရခြင်း, သေဆုံးပြီးနောက် နတ်ပြည်၌မွေ့လျော်ရခြင်းဟူသော အကျိုးကို ရနိုင်၏။

၆၁ဝ။ သီလရှိသူသည် (ကိုယ်နှုတ်ကို) စောင့်စည်းခြင်းဖြင့် များစွာသော အဆွေခင်ပွန်း တို့ကို ရနိုင်၏၊ သီလမရှိသော ပုဂ္ဂိုလ်သည်ကား မကောင်းမှုကို ပြုကျင့်သည်ဖြစ်၍ အဆွေ ခင်ပွန်းတို့ကို ဖျက်ဆီး၏။

၆၁၁။ သီလမရှိသူသည် (မျက်မှောက်၌) ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ အကျော်အစောမဲ့ခြင်းကိုလည်းကောင်း ရ၏။

သီလရှိသူသည် ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ ကျော်စောခြင်းကိုလည်းကောင်း၊ (မျက်မှောက်) ချီးမွမ်းခြင်းကိုလည်းကောင်း အခါခပ်သိမ်း ရ၏။

၆၁၂။ သီလသည် (ကုသိုလ်တရားတို့၏) အစ'မူလ' ဖြစ်၏၊ (ဈာန်မဂ်ဖိုလ်တရားတို့၏) တည်ရာဖြစ်၏၊ သီလသည် (သမထ ဝိပဿနာစသော) ကောင်းသော တရားတို့၏ အမိ သဖွယ် ဖြစ်၏၊ အလုံးစုံသောတရားတို့၏ အကြီးအမှူး ဖြစ်၏၊ ထို့ကြောင့် သီလကို စင်ကြယ်စေရာ၏။

၆၁၃။ သီလသည် ဒုဿီလျမှုကို ဖျက်ဆီးတတ်၏၊ ကာယဒုစရိုက်စသည်တို့၏ ဖြစ်ရာ ဒွါရကို ပိတ်ဆို့တတ်၏၊ စိတ်ကို နှစ်သက်ရွှင်ပျစေတတ်၏၊ ခပ်သိမ်းသော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့၏နိဗ္ဗာန်တည်းဟူသော မဟာသမုဒ္ဒရာသို့ သက်ဆင်းရာ ဆိပ်ကမ်းလည်း ဖြစ်၏၊ ထို့ကြောင့် သီလကိုစင်ကြယ်စေရာ၏။

၆၁၄။ သီလသည် မာရ်ကို နှိမ်နင်းဖျက်ဆီးခြင်း၌ အတုမရှိသော ခွန်အား မည်၏၊ သီလသည် မြတ်သောလက်နက်လည်း မည်၏၊ သီလသည် မြတ်သော အဆင်တန်ဆာလည်း မည်၏၊ သီလသည် အံ့သြဖွယ်ရာချပ်ဝတ်တန်ဆာလည်း မည်၏။

၆၁၅။ သီလသည် တောင့်တင်းခိုင်မြဲသော တံတားသဖွယ် ဖြစ်၏၊ သီလသည် အတုမရှိ သောနံ့သာလည်း မည်၏၊ သီလသည် မြတ်သော နံ့သာပျောင်းနှင့်လည်း တူ၏၊ ယင်း သီလတည်းဟူသောရနံ့ဖြင့် အရပ်ဆယ်မျက်နှာတိုင်အောင် တကြိုင်ကြိုင် ပျံ့လှိုင်၏။

၆၁၆။ သီလသည် မြတ်သော စမြိန်စာ ထမင်းထုပ်နှင့် တူ၏၊ သီလသည် မြတ်သော ခရီးရိက္ခာထုပ်နှင့်တူ၏၊ သီလသည် မြတ်သော ရှေ့ဆောင်လမ်းပြနှင့် တူ၏၊ ယင်းရှေ့ဆောင် လမ်းပြဖြင့် အရပ်မျက်နှာ (ထိုထိုဂတိကြီးငယ်) သို့ ချမ်းသာစွာ သွားရောက်ရ၏။

၆၁၇။ စိတ်ဆိုး စိတ်ယုတ်ရှိသူသည် ပစ္စုပ္ပန်လောက၌ ပညာရှိတို့ ကဲ့ရဲ့ခြင်းကို ခံရ၏၊ တမလွန်ဘဝ၌လည်း အပါယ်ဘုံ၌ (ယမမင်းတမန်တို့၏) ပြစ်တင် ရှုတ်ချ ကဲ့ရဲ့ခြင်းကို ခံရ၏၊ သီလတို့၌မဆောက်တည် မစောင့်စည်းသော လူမိုက်သည် အလုံးစုံသော ပစ္စုပ္ပန်လောက, တမလွန်လောက၌ပူဆွေးဝမ်းနည်းရ၏။

၆၁၈။ စိတ်ကောင်း စိတ်မြတ်ရှိသူသည် ပစ္စုပ္ပန်လောက၌ ပညာရှိတို့ ချီးမွမ်းခြင်းကို ခံရ၏၊ တမလွန်ဘဝ၌လည်း နတ်ပြည်၌ (ပညာရှိနတ်တို့၏) ချီးမွမ်းခြင်းကို ခံရ၏၊ သီလတို့ ၌ ကောင်းစွာဆောက်တည် စောင့်စည်းသော ပညာရှိသည် အလုံးစုံသော ပစ္စုပ္ပန်လောက, လမလွန်လောက၌ရွှင်လန်းဝမ်းမြောက်ရ၏။

၆၁၉။ ဤလောက၌ သီလသည် မြတ်သည်သာလျှင်တည်း၊ ပညာရှိသူသည် ချီးမွမ်းအပ်မြတ်သည်ပင်တည်း။ လူတို့၌လည်းကောင်း၊ နတ်တို့၌လည်းကောင်း သီလပညာအားဖြင့် (ဆန့်ကျင်ဘက်တရားတို့ကို) အောင်နိုင်ကြကုန်၏။

ဤသို့လျှင် သီလဝ မထေရ်သည် ရွတ်ဆို၏။

၂-သုနီတတ္ထေရဂါထာ

ရှေးဘဝ ဝစီကံကြောင့် သူတပါး၏ အညစ်အကြေးကို စွန့်ရသော အမျိုး၌ ဖြစ်ရသော သုနီတသည်အရဟတ္တဖိုလ် ဥပနိဿယရှိသူဖြစ်၍ အမှိုက်ကျုံးနေဆဲဘုရားရှင်ကြွလာ၍ ခေါ်တော်မူလျင်ဝမ်းမြောက်ဝမ်းသာ ရဟန်းပြုသည်တွင် ဧဟိဘိက္ခုရဟန်းအဖြစ် ခံယူလျက် ကမ္မဌာန်းကို အားထုတ်ရာသမာပတ်ရှစ်ပါး အဘိညာဉ်ခြောက်ပါးတို့နှင့်တကွ ရဟန္တာ ဖြစ်လေ၏။ ထိုအသျှင့်ထံသို့ သိကြားဗြဟ္မာတို့ချဉ်းကပ်ရှိခိုးကြ၏။ အခါတပါး ရဟန်းများ က ''အဘယ်အမျိုးမှ အဘယ်သို့ရဟန်းပြု၍ အဘယ်သို့သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိသနည်း''ဟု မေးကြရာ ပြန်ကြားဖြေဆိုသော ဂါထာများ

၆၂ဝ။ ငါသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်ခဲ့၏၊ အစားအစာ ရှားပါးသူ, ဆင်းရဲသူ ဖြစ်ခဲ့၏၊ အောက်ကျယုတ်နိမ့်သော အလုပ်ကိစ္စကို ပြုလုပ်ရသူ, ပန်းမှိုက်သွန် ဘင်ကျုံးသူ ဖြစ်ခဲ့ရ၏။

၆၂၁။ ငါသည် လူတို့ စက်ဆုပ်အပ်သူ, အနှိမ်ခံရသူ, ရှုတ်ချခံရသူ ဖြစ်၍ စိတ်ကို နှိမ့်ချ လျက်များစွာသော လူအပေါင်းကို ရှိခိုးခဲ့ရပါ၏။

၆၂၂။ အခါတစ်ပါး၌ ရဟန်းသံဃာတို့ဖြင့် ခြံရံလျက် မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူသော ကြီးသောလုံ့လရှိသော မြတ်စွာဘုရားကို ဖူးမြော်ရ၏။

၆၂၃။ (ထိုအခါ ) ငါသည် ထမ်းပိုးကို ချ၍ ရှိခိုးရန် ချဉ်းကပ်ခဲ့၏၊ ယောက်ျားမြတ် ဖြစ်တော်မူသောမြတ်စွာဘုရားသည် ငါ့ကို သနားတော်မူသဖြင့် သာလျှင် ရပ်နေတော်မူ၏။

၆၂၄။ ထိုအခါ ငါသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးဦးတိုက်၍ သင့်တင့်လျောက် ပတ်သောနေရာ၌ တည်နေပြီးလျှင် သတ္တဝါခပ်သိမ်းတို့ထက် မြတ်တော်မူသော ဘုရားသခင် အား ရဟန်းပြုခွင့်တောင်းခဲ့ပါ၏။

၆၂၅။ ထို့နောက် ကြီးမြတ်သော ကရုဏာရှိတော်မူသော, အလုံးစုံသော လူတို့၏ အကျိုးစီးပွါးကိုစောင့်ရှောက်တော်မူတတ်သော မြတ်စွာဘုရားသည် ''ရဟန်း လာလှည့်''ဟု ငါ့ကို မိန့်တော်မူ၏၊ ''ရဟန်း လာလှည့်''ဟူသော ထိုစကားမျှသည်ပင် ငါ၏ (ဧဟိဘိက္ခု) ရဟန်းပဉ္ဇင်း ဖြစ်ခြင်းတည်း။

၆၂၆။ ထိုငါသည် တော၌ တစ်ယောက်ထီးတည်း မပျင်းမရိ နေလျက် မြတ်စွာဘုရားဆုံးမတော်မူသောအတိုင်း မြတ်စွာဘုရား စကားတော်ကို လိုက်နာပြုကျင့်၏။

၆၂၇။ ညဥ့်၏ ပဌမယာမ်ပတ်လုံး ရှေး၌ နေဖူးသော ခန္ဓာကို အစဉ်အတိုင်း အောက် မေ့ခဲ့၏၊ ညဥ့်၏မဇ္ဈိမယာမ်ပတ်လုံး နတ်မျက်စိနှင့် တူသော မျက်စိ (ဒိဗ္ဗစက္ခုအဘိညာဉ်) ကို စင်ကြယ်ကြည်လင်စေခဲ့၏၊ ညဥ့်၏ ပစ္ဆိမယာမ်၌ မောဟအစုကို (အာသဝက္ခယဉာဏ်ဖြင့်) ဖျက် ဆီးခဲ့၏။

၆၂၈-၉။ ထိုနောက် ညဥ့်၏ အဆုံး နေထွက်ခြင်းကို အမှတ်ပြု၍ သိကြားမင်းသည်လည်းကောင်း၊ ဗြဟ္မာမင်းသည်လည်းကောင်း လာကြကုန်လျက် လက်အုပ်ချီကာ ''ယောက်ျား ဇာနည်ဖြစ်တော်မူသောအရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ်ဖြစ်တော်မူ သော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားအား အာသဝေါတရားတို့သည် ကုန်ပါကုန်ပြီ၊ ဆင်းရဲကင်းသော အရှင်ဘုရားအရှင်ဘုရားသည် မြတ်သော အလှူကို ခံတော် မူထိုက်ပါ၏''ဟု ဆို၍ ရှိခိုးကြကုန်၏။

၆၃ဝ။ ထိုနောက် မြတ်စွာဘုရားသည် နတ်အပေါင်းတို့ဖြင့် ခြံရံအပ်သော ငါ့ကို မြင်တော် မူ၍ပြုံးတော်မူလျက်

ဤဆိုလတ္တံ့သော အနက်သဘောကို မိန့်တော်မူ၏။

၆၃၁။ (ဣနြေ္ဒကို စောင့်စည်းခြင်းဟူသော) အကျင့်ဖြင့်လည်းကောင်း၊ (ကိုယ်, နှုတ် နှစ်ပါးကိုစောင့်စည်းခြင်းဟူသော) သီလဖြင့်လည်းကောင်း၊ (ကိလေသာတို့ကို ပယ်စွန့် ကြောင်း) ပညာဖြင့်လည်းကောင်း၊ မြတ်သော အကျင့်ဖြင့်လည်းကောင်း ဤဆိုအပ်ခဲ့ပြီးသော အကျင့်ဖြင့် (မကောင်းမှုကို အပပြုပြီးသော) ဗြာဟ္မဏမည်၏။

ဤအကျင့်မြတ်ရှိသော သူကို အလုံးစုံသောဗြာဟ္မဏတို့ထက် မြတ်သော ဗြာဟ္မဏဟူ၍ ဆိုကုန်၏။

ဤသို့လျှင် သုနီတမထေရ်သည် ရွတ်ဆို၏။

ဒွါဒသကနိပါတ် ပြီး၏။

၁၃-တေရသနိပါတ်

၁-သောဏကောဠိဝိသတ္ထေရဂါထာ

စမ္ပာမြို့ဥသဘသူဌေးသား သောဏသည် အလွန်နူးညံ့၍ ပြုဒေ် ၃-ဆောင်၌ နတ်သားကဲ့သို့စည်းစိမ်ခံစားနေရာမှ ဗိမ္ဗိသာရမင်း၏ အမိန့်ဖြင့် ရာဇဂြိုလ်ပြည်သို့ လာရာတွင် ဘုရားရှင်ထံရောက်တရားတော်နာယူ၍ ရဟန်းပြုပြီးလျှင် တမာပင်တော၌ တရားကို အပြင်းအထန်အားထုတ်သော်လည်းတရားမရနိုင် လူထွက်တော့မည်ဟု အကြံ ပြုနေ၊ ဆဲဘုရားရှင်ကြွလာ၍ စောင်းဥပမာဖြင့် အညီအမျှကျင့်ရမည့်အကြောင်း ဟောတော်မူမှ အားထုတ်သည်တွင် ရဟန္တာဖြစ်လေ၏။ ထိုအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာများ

၆၃၂။ အကြင်သောဏသည် အင်္ဂတိုင်း၌ အင်္ဂတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်း၏ အလွန်မြတ် သော အခြံအရံသူကြွယ်ဖြစ်ခဲ့၏၊ ထိုသောဏသည် ယခုအခါလောကုတ္တရာတရားကိုးပါးတို့၌ အလွန်မြတ်သည်ဖြစ်၍ ဝဋ်ဆင်းရဲ၏ အဆုံးသို့ ရောက်ပြီ။

၆၃၃။ အောက်ပိုင်းသံယောဇဉ် ငါးပါးတို့ကို (အောက်မဂ်သုံးပါးဖြင့်) ဖြတ်တောက်ရာ၏၊ (အထက်ပိုင်းသံယောဇဉ်) ငါးပါးတို့ကို (အရဟတ္တမဂ်ဖြင့်) ပယ်စွန့်ရာ၏၊ (အထက်ပိုင်း သံယောဇဉ် ငါးပါးတို့ကို ပယ်ရန်အလို့ငှါ) သဒ္ဓါစသော ဣနြေ္ဒငါးပါးတို့ကိုလည်း လွန်စွာပွါး စေရာ၏၊ (ဤသို့ပွါးများသော) ရဟန်းကို (ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ)ဟူသော ငြိတွယ်မှု ငါးပါးတို့ကို လွန်မြောက်နိုင်၍သြဃလေးပါးမှ ကူးမြောက်ပြီးသူဟူ၍ ဆိုအပ်၏။

၆၃၄။ 'ကျူပင်ကဲ့သို့' အချည်းနှီး တက်ကြွသော မာနရှိ၍ မေ့လျော့ခြင်းသို့ ရောက်သောဗာဟိရာယတနတို့၌ တပ်မက်မှု မကင်းသော ရဟန်းအား သီလ သမာဓိ ပညာသည် ပြည့်စုံခြင်းသို့မရောက်နိုင်။

၆၃၅။ အကြင်ရဟန်းသည် ရဟန်းတို့ ပြုသင့်သော အမှုကိစ္စကို စွန့်ပယ်၍ ရဟန်းတို့ မပြုသင့်သောအမှုကိစ္စကိုမူကား ပြုလုပ်၏၊ 'ကျူပင်ကဲ့သို့' အချည်းနှီး တက်ကြွသော မာန ရှိ၍ မေ့လျော့ခြင်းသို့ရောက်ကုန်သော ထိုရဟန်းတို့၏ သန္တာန်၌ အာသဝတရားတို့ တိုးပွါးကုန်၏။

၆၃၆။ အကြင်ရဟန်းတို့သည် ကာယဂတာသတိကို အမြဲမပြတ် ကောင်းစွာ အားထုတ် အပ်ကုန်၏၊ ထိုရဟန်းတို့သည် မပြုသင့်သော ကိစ္စကို မပြုလုပ်မမှီဝဲကုန်၊ ပြုသင့်သော ကိစ္စ၌ အမြဲပြုလေ့ရှိကုန်၏၊ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'နှင့် ပြည့်စုံကုန်သော ထိုရဟန်းတို့၏ သန္တာန်၌အာသဝတရားတို့သည် ပျက်စီးချုပ်ပျောက်ခြင်းသို့ ရောက်ကုန်၏။

၆၃၇။ ဖြောင့်မတ်သော အရိယမဂ်တရားကို (မြတ်စွာဘုရား) ဟောကြား ညွှန်ပြတော်မူ အပ်သည်ရှိသော်ကျင့်ကြကုန်လော့၊ မဆုတ်နစ်ကြကုန်လင့်၊ အမျိုးကောင်းသားသည် မိမိ ကိုယ်တိုင်သာလျှင် မိမိကိုယ်ကိုတိုက်တွန်းလျက် နိဗ္ဗာန်သို့ ရှေးရှုဆောင်ရာ၏။

၆၃၈။လောကသုံးပါး၌ အတုမရှိမူ၍ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား သည်အားထုတ်လွန်းသော ဝီရိယနှင့် စပ်လျဉ်း၍ 'စောင်းတီးခြင်း ဥပမာ'ကို ပြုတော်မူ၍ ငါ့အားတရားဟောတော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားစကားကို ကြားနာရသည် ရှိသော်သာသနာတော်၌ မွေ့လျော်သည်ဖြစ်၍ နေခဲ့၏။

၆၃၉။ မြတ်သော (အရဟတ္တဖိုလ်) အကျိုးကို ရခြင်းငှါ ဝိပဿနာသမာဓိကို ပြီးစေခဲ့၏၊ ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြု ကျင့်ပြီးပြီ။

၆၄ဝ-၁။ ကာမဂုဏ်မှ လွတ်မြောက်မှု၌ နှလုံးသွင်းသူ၊ စိတ်၏ ဆိတ်ငြိမ်မှုကို နှလုံး သွင်းသူ၊ ကြောင့်ကြကင်းရာ (သမာဓိသုခ) ၌ နှလုံးသွင်းသူ၊ ဥပါဒါန်တို့၏ကုန်ရာ (အရဟတ္တဖိုလ်) ၌ နှလုံးသွင်းသူ၊ တဏှာကုန်ရာ (နိဗ္ဗာန်) ၌ နှလုံးသွင်းသူ၊ စိတ်၏ မတွေဝေမှု (အရိယမဂ်) ကို နှလုံးသွင်းသူ ရဟန်း၏စိတ်သည် အာယတနတို့၏ ဖြစ်ခြင်း, (ချုပ်ခြင်း) ကို (မဂ်ပညာဖြင့်) မြင်သောကြောင့် အာသဝတရားအားလုံးမှ ကောင်းစွာ လွတ်၏။

၆၄၂။ (ကိလေသာ အားလုံးတို့မှ) ကောင်းစွာ လွတ်ပြီးသော၊ ငြိမ်သက်သော စိတ်ရှိ သောထိုရဟန္တာပုဂ္ဂိုလ်အား ပြုအပ်ပြီးသော ကုသိုလ်, အကုသိုလ်၏ ပွါးစီးခြင်း မရှိတော့ပြီ၊ ပြုဖွယ် (မဂ်) ကိစ္စလည်း မရှိတော့ပြီ။

၆၄၃-၄။ တစ်ခဲနက် ကျောက်အတိပြီးသော တောင်သည် ပြကတေ့သော လေကြောင့်မတုန်လှုပ်နိုင်သကဲ့သို့ ထို့အတူ အလုံးစုံသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူ သောဣဋ္ဌာရုံတရားတို့သည်လည်းကောင်း၊ အနိဋ္ဌာရုံတရားတို့သည်လည်းကောင်း တာဒိဂုဏ် နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏ တဏှာနှင့် မယှဉ်မူ၍ တည်သော စိတ်ကို မလှုပ်ရှားစေ နိုင်ကုန်၊ ထိုအာရုံတရား၏ချုပ်ခြင်း ပျက်ခြင်းကိုလည်း ရှုမြင်၏။

ဤသို့လျှင် သောဏကောဠိဝိသမထေရ်သည် ရွတ်ဆို၏။

တေရသနိပါတ် ပြီး၏။

၁၄-စုဒ္ဒသကနိပါတ်

၁-ခဒိရဝနိယ ရေဝတတ္ထေရဂါထာ

ရှားတောနေ သျှင်ရေဝတသည် ရဟန္တာပြစ်ပြီးနောက် မကြာမကြာ ဘုရားရှင်နှင့် သာဝကကြီးတို့ထံလာရောက်ဆည်းကပ်လေ့ရှိရာ အရွယ်ကြီးရင့်သောအခါလည်း လာလေ့ ရှိသည့်အတိုင်း တနေ့သ၌သာဝတ္ထြိပည်သို့အလာ မြို့နှင့်မနီးမဝေးတောအုပ်၌ နေထိုင်ဆဲ မြို့တွင်းမှ ခိုးယူလာသော သူခိုးကိုလိုက်လံဖမ်းဆီးကြသူတို့သည် မထေရ်အနီး၌ ပစ်ချခဲ့သော ဥစ္စာထုပ်ကို တွေ့၍ မထေရ်ကို ဖမ်းဆီးကာဘုရင့်ရှေ့မှောက်သို့ ပို့ကြ သည်တွင် မထေရ်ကို လွှတ်စေ၍ စစ်ဆေးသောအခါ ပြန်လည်ဖြေဆိုသော ဂါထာများ

၆၄၅။ အကြင်အခါ၌ ငါသည် (လူ့ဘောင်မှ ရဟန်းဘောင်သို့) ဝင်ရောက် ရဟန်းပြု၏၊ ထိုအခါ မှစ၍အဘိဇ္ဈာ, ဗျာပါဒ၏ အစွမ်းဖြင့် (မမြတ်သော ဒေါသနှင့် စပ်ယှဉ်သော အကြံကို) ကြံစည်ဖူး၏ဟု မသိစဖူး။

၆၄၆။ ဤရှည်စွာသော ကာလအတွင်း၌ ဤသတ္တဝါတို့သည် သေကြစေကုန်သတည်း၊ ပုတ်ခတ်ညှဉ်းဆဲခံကြရစေကုန်သတည်း၊ ဆင်းရဲသို့ ရောက်ကြစေကုန်သတည်း (ဟူသော မမြတ်သော ဒေါသနှင့်စပ်ယှဉ်သော) အကြံကို ကြံစည်ဖူး၏ဟု မသိစဖူး။

၆၄၇။ အတိုင်းမသိသော သတ္တဝါပညတ်လျှင် အာရုံရှိသော ကောင်းစွာ ပွါးစေအပ်သော မေတ္တာနှင့်ယှဉ်သော စိတ်ကို မြတ်စွာဘုရား ဟောကြးတော်မူသည့်အတိုင်း အစဉ်အားဖြင့်လေ့လာဆည်းပူးအပ်သည်ကိုသာ သိဖူး၏။

၆၄၈။ ငါသည် သတ္တဝါအားလုံးတို့၏ မိတ်ဆွေ သတ္တဝါအားလုံးတို့၏ ခင်ပွန်း ဖြစ်၍ သတ္တဝါအားလုံးတို့ကို ချီးမြှောက်ကာ သတ္တဝါတို့၏ စီးပွါးချမ်းသာကို ဆောင်ခြင်း၌ မွေ့လျော် သည်ဖြစ်၍ အခါခပ်သိမ်း မေတ္တာနှင့် ယှဉ်သော စိတ်ကို ပွါးများ၏။

၆၄၉။ ငါသည် မေတ္တာနှင့် ယှဉ်သော မိမိစိတ်ကို ရာဂ မဆွဲဆောင်အပ်သည်ကိုလည်းကောင်း၊ ဒေါသမဖျက်ဆီးအပ်သည်ကိုလည်းကောင်း ပြု၍ ဝမ်းမြောက်စေပြီးလျှင် အောက် တန်းစားပုဂ္ဂိုလ်တို့မမှီဝဲနိုင်သော ဗြဟ္မဝိဟာတရားလေးပါးကို ပွါးများနေ၏။

၆၅ဝ။ (ဝိတက်, ဝိစာရကင်းသော) ဒုတိယဈာန်စသည်ကို ဝင်စားသော ဘုရားရှင် တပည့်သားသာဝကသည် ထိုဝင်စားသော အခိုက်၌ မြတ်သော ဆိတ်ဆိတ်နေခြင်းနှင့် ပြည့်စုံ၏။

၆၅၁။ ကျောက်တောင်သည် (ပကတိလေတို့ဖြင့်) မတုန်မလှုပ်မူ၍ ကောင်းစွာ တည်သကဲ့ သို့ ထို့အတူ ရဟန်းသည် မောဟကုန်ခြင်းကြောင့် တောင်ကဲ့သို့ မတုန်မလှုပ် ကောင်းစွာ တည်၏။

၆၅၂။ (ရာဂစသောကိလေသာ) အညစ်အကြေး ကင်းပြီးသော စင်ကြယ်၍ အပြစ်ကင်း သော တရားကိုရှာမှီးလေ့ရှိသော ယောက်ျားအား သားမြီးဖျားမျှလောက်သော မကောင်းမှုကို တိမ်တိုက်ကြီးမျှလောက်ပင်အမြဲ ထင်နေ၏။

၆၅၃။ (မြို့နေလူတို့သည်) အစွန်အဖျားကျသော မိမိမြို့ကို အတွင်းရောအပြင်ပါ စောင့်ရှောက်လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို စောင့်ရှောက်လုံခြုံစေရာ၏၊ ဗုဒ္ဓုပ္ပါဒနဝမခဏ သည်သင်တို့ကို မလွန်စေလင့်။

၆၅၄။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ သူရင်းငှါးသည်လုပ်ခရရန်အတွက် နေ့ကုန်မည့် အချိန်ကိုသာ ငံ့လင့်စောင့်မျှော်သကဲ့သို့ ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏။

၆၅၅။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ ငံ့လင့်စောင့်မျှော်နေ၏။

၆၅၆။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံမတော်မူသည့် အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို နုတ်အပ်ပြီ။

၆၅၇။ အကြင်အရဟတ္တဖိုလ်အကျိုးငှါ (လူ့ဘောင်မှ ရဟန်းဘောင်သို့) ဝင်ရောက်ရဟန်း ပြု၏၊ အလုံးစုံသော နှောင်ကြိုးသံယောဇဉ်တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ်သော အကျိုး ကိုလည်း ငါ ရပြီ။

၆၅၈။ မမေ့မလျော့မှု 'အပ္ပမာဒ'နှင့် ပြည့်စုံကြစေကုန်လော့၊ ဤသည်လျှင် ငါ၏ အဆုံးအမတည်း၊ ယခုအခါ ငါသည် ဘဝအားလုံးတို့မှ လွတ်မြောက်သူ ဖြစ်၍ ပရိနိဗ္ဗာန်ပြုတော့အံ့။

ဤသို့လျှင် ခဒိရဝနိယရေဝတမထေရ်သည် ရွတ်ဆို၏။

၂-ဂေါဒတ္တတ္ထေရဂါထာ

လှည်းကုန်သည်မျိုး၌ဖြစ်ရသော ဂေါဒတ္တသည် လှည်းဖြင့်ကုန်သွယ်သွားရင်း ဝန်မရုန်းနိုင်၍ လဲကျသောနွားကို မညှာမတာ အမြီးကို ထိုးဖောက်နှိပ်စက်သည်တွင် နွားက လူ့စကားဖြင့် ''ဖြစ်လေရာဘဝ၌သင့်ကိုပြန်၍ နှိပ်စက်မည်''ဟု ပြောဆိုဆုတောင်း သည်ကိုကြား၍ သံဝေဂဖြစ်ကာ မထေရ်တပါးထံရဟန်းပြု ဝိပဿနာကိုပွါးရာ မကြာမီ ရဟန္တာဖြစ်၏။

တနေ့သ၌ ဆည်းကပ်လာသော ရှင်ရဟန်းတို့အားလောကဓံနှင့် စပ်လျဉ်း၍ ဟောကြားသော ဂါထာများ

၆၅၉။ ဝန်ကို ဆောင်ရွက်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်၍ ကောင်းသော အားအစွမ်းနှင့် ပြည့်စုံသောလှည်းဦး၌ တပ်ထားသော နွားလားဥသဘသည် လေးလံလွန်းသော ဝန်ဖြင့်ဖိထားရုန်းကန်စေပါသော်လည်း မိမိ (ပခုံးထက်၌ တင်ထားသော) ထမ်းပိုးကို မစွန့်သကဲ့သို့လည်းကောင်း၊

၆၆ဝ။ ရေပြည့်သော မဟာသမုဒ္ဒရာကဲ့သို့လည်းကောင်း ဤအတူ (လောကီ,လောကုတ္တရာ) ပညာနှင့်ပြည့်စုံသောသူတို့သည် အခြားတစ်ပါးသော ပညာမဲ့သူတို့ကို မထီမဲ့မြင် မပြု ကြကုန်၊ (ဤသို့ ပညာနှင့်ပြည့်စုံမှုကြောင့် မိမိကိုယ်ကို မပလွှားသကဲ့သို့ တစ်ပါးသော) သတ္တဝါတို့ကို (မထီမဲ့မြင် မပြုခြင်းသည်) အရိယာတို့၏ သဘောတည်း။

၆၆၁။ (လောကဓံနှင့် တွေ့ကြုံသော) အခါ၌လောကဓံအလိုသို့ လိုက်ကြရကုန်သော လူတို့သည် (လောကဓံကြောင့် ဖြစ်ပေါ်လာသော) တိုးတက်မှု ဆုတ်ယုတ်မှုအလိုသို့ လိုက်ပါရကုန်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ကျရောက်ကြရကုန်၏၊ ထိုသတ္တဝါတို့သည် (ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်းသို့ရောက်ကုန်သည်ဖြစ်၍) ဤပစ္စုပ္ပန်လောက၌ စိုးရိမ်ပူပန်ကြရကုန်၏၊ (တမလွန်လောက၌လည်းဆင်းရဲခြင်းသို့ ရောက်ကြရကုန်၏)။

၆၆၂။ သတ္တဝါတို့သည် ချမ်းသာမှုဟူသော အကြောင်းကြောင့်လည်း တက်ကြွကုန်၏၊ ဆင်းရဲမှုဟူသောအကြောင်းကြောင့်လည်း နိမ့်ကျကုန်၏၊ (တရားသဘောကို)ဟုတ်တိုင်း မှန်စွာ မသိမြင်ကုန်သော လူမိုက်တို့သည် ယင်းတက်ကြွမှု နိမ့်ကျမှုနှစ်မျိုးကြောင့် ပင်ပန်း ကြရကုန်၏။

၆၆၃။ အကြင်အရိယာပုဂ္ဂိုလ်တို့သည်ကား ဒုက္ခဝေဒနာ၌လည်းကောင်း၊ သုခဝေဒနာ၌လည်းကောင်း၊ ဥပေက္ခာဝေဒနာ၌လည်းကောင်း (ထိုဝေဒနာသုံးပါးနှင့် စပ်သော) တဏှာကို လွန်မြောက်ကုန်ပြီ၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် တံခါးတိုင်ကဲ့သို့ ခိုင်မြဲတည်တံ့ကြကုန်၏၊ ထို အရိယာပုဂ္ဂိုလ်တို့သည် တက်ကြွမှု နိမ့်ကျမှုတို့သည်လည်း (တစ်ရံတစ်ခါမျှ) မဖြစ်ကြကုန်။

၆၆၄။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် လာဘ်ရခြင်းကြောင့်လည်းကောင်း၊ လာဘ်မရခြင်းကြောင့်လည်းကောင်း မတုန်မလှုပ်ကုန်။ အခြံအရံများခြင်းကြောင့်လည်းကောင်း၊ ကျော်စောခြင်းကြောင့်လည်းကောင်း မတုန်မလှုပ်ကုန်။ ကဲ့ရဲ့ခြင်ကြောင့်လည်းကောင်း၊ ချီးမွမ်းခြင်းကြောင့်လည်းကောင်း မတုန်မလှုပ်ကုန်။ ဆင်းရဲခြင်းကြောင့်လည်းကောင်း၊ ချမ်းသာခြင်းကြောင့်လည်းကောင်း မတုန်မလှုပ်ကုန်။

၆၆၅။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည်လောကဓံတရားအားလုံးတို့၌ 'ကြာဖက်ပေါ်၌ (ကျ သော) ရေပေါက်ကဲ့သို့' မလိမ်းကျံ မကပ်ငြိကုန်၊ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် အလုံးစုံသောအရပ်တို့၌ ရန်သူတို့ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသော အရာဌာနတို့၌ ချမ်းသာခြင်းသို့ရောက်ကြကုန်၏။

၆၆၆။ တရားနှင့် လျော်ညီသော လာဘ်မရခြင်းနှင့် တရားနှင့် မလျော်သော လာဘ်ရခြင်း နှစ်မျိုးတို့တွင်တရားနှင့် လျော်ညီသော လာဘ်မရခြင်းက မြတ်သေး၏၊ တရားနှင့် မလျော် သော လာဘ်ရခြင်းကားမမြတ်သည်သာတည်း။

၆၆၇။ ပညာနည်းသော ပုဂ္ဂိုလ်တို့၏ အခြံအရံအကျော်အစော များခြင်းနှင့် ပညာရှိသော ပုဂ္ဂိုလ်တို့၏အခြံအရံအကျော်အစော မရှိခြင်း (နှစ်ပါးတို့တွင်) ပညာရှိတို့၏ အခြံအရံ အကျော်အစော မရှိခြင်းသည် မြတ်သေး၏၊ ပညာနည်းသော သူတို့၏ အခြံအရံအကျော် အစောများခြင်းသည်ကားမမြတ်သည်သာတည်း။

၆၆၈။ ပညာမဲ့သူတို့ ချီးမွမ်းခြင်းနှင့် ပညာရှိတို့၏ ကဲ့ရဲ့ခြင်း (နှစ်ပါးတို့တွင်) ပညာရှိတို့ ကဲ့ရဲ့ခြင်းကမြတ်ပါသေး၏၊ ပညာမဲ့သူတို့ ချီးမွမ်းခြင်းကား မမြတ်သည်သာတည်း။

၆၆၉။ (ကာမဂုဏ်တို့ကို စွဲ၍ ဖြစ်သော) ချမ်းသာခြင်းနှင့် ကာမဂုဏ်မှ ကင်းဆိတ်ခြင်း'ဝိဝေက'ကြောင့်ဖြစ်သော ဆင်းရဲခြင်း (နှစ်ပါးတို့တွင်) ကာမဂုဏ်မှ ကင်းဆိတ်ခြင်း'ဝိဝေက'ကြောင့်ဖြစ်သော ဆင်းရဲခြင်းက မြတ်သေး၏၊ ကာမဂုဏ်တို့ကို စွဲ၍ ဖြစ်သော ချမ်းသာသည်ကား မမြတ်သည်သာတည်း။

၆၇ဝ။ မတရားသဖြင့် အသက်ရှင်နေခြင်းနှင့် တရားသဖြင့် သေရခြင်း (နှစ်ပါးတို့တွင်) တရားသဖြင့် သေရခြင်းက မြတ်သေး၏၊ မတရားသဖြင့် အသက်ရှင်ရခြင်းကား မမြတ်သည် သာတည်း။

၆၇၁။ အကြင်ပုဂ္ဂိုလ်တို့သည် ချစ်ခင်လိုက်လျောမှု 'ကာမ', မုန်းတီးဆန့်ကျင်မှု 'ကောဓ' တို့ကို ပယ်ထားပြီးဖြစ်ကုန်၏၊ ဘဝကြီးငယ်၌ ငြိမ်းအေးသောစိတ် ရှိကုန်၏၊ ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောက၌ (တဏှာဒိဋ္ဌိအစွမ်းဖြင့်) မမှီမူ၍ ဖြစ်ကုန်၏၊ ထိုရဟန္တာပုဂ္ဂိုလ်အား (လောကဓံတရားတို့၌) ချစ်ခြင်း, မုန်းခြင်း မရှိနိုင်တော့ပေ။

၆၇၂။ (ထိုရဟန္တာပုဂ္ဂိုလ်တို့သည်) ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း၊ ဣနြေ္ဒငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ပွါးများပြီးလျှင် မြတ်သော နိဗ္ဗာန်သို့ ရောက်၍ အာသဝေါကင်းကုန်လျက် ပရိနိဗ္ဗာန်ပြုတော်မူကြကုန်၏။

ဤသို့လျှင် ဂေါဒတ္တမထေရ်သည် ရွတ်ဆို၏။

စုဒ္ဒသကနိပါတ် ပြီး၏။

၁၅-သောဠသကနိပါတ်

၁-အညာသိကောဏ္ဍညတ္ထေရဂါထာ

ပဉ္စဝဂ္ဂီငါးဦးဝင် အသျှင်ကောဏ္ဍညသည် ဝါဆိုလပြည့်ကျော် ၅-ရက်တွင် အနတ္တလက္ခဏသုတ်အဆုံး၌အရဟတ္တဖိုလ်သို့ရောက်သည်၊ နောက်အခါ ရတ္တညူဧတဒဂ်ဖြင့် ချီးမြှောက်ခံရ၏၊ အခါတပါးသိကြားမင်းလာ၍ လျှောက်သည်၊ တရားဟောသဖြင့် သိကြားက ကြည်ညို၍ လျှောက်သော ဂါထာနှင့်မထေရ်ကရွတ်ဆိုသော ဂါထာများ

၆၇၃။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် တစ်စုံတစ်ခုသော တရားကိုမျှ မစွဲလမ်းမူ၍တပ်မက်မှုကင်းကြောင်းဖြစ်သော တရားတော်ကို အရှင်ဘုရားတို့သည် ဟောကြားတော်မူအပ် ပါပေ၏၊ ထိုအကျွန်ုပ်သည် များမြတ်သော အရသာရှိသော တရားတော်ကို ကြားနာရ၍ လွန်စွာ ကြည်ညိုလှပါ၏ (ဟု သိကြားမင်းက လျှောက်၏)။

၆၇၄။ ဤမြေအပြင် လူ့ပြည်လောက၌ ဆန်းကြယ်များပြားကုန်သော အာရုံတို့သည်လည်းကောင်း၊ တင့်တယ်သော ရာဂနှင့် စပ်ယှဉ်သော ကာမဝိတက်သည်လည်းကောင်း (အချင်း ချင်း) ထွေးလုံးရစ်ပတ်ကုန်ဘိသကဲ့သို့ တည်နေကြကုန်၏။

၆၇၅။ (နွေဥတု၏ နောက်ဆုံးလ၌) လေကြောင့် တက်လာသော မြူကို (ရွာသွန်း လိုက်သော) မိုးကြီးသည် ငြိမ်းအေးစေသကဲ့သို့ ထို့အတူ (အရိယာတပည့်သည်) အကြင်အခါ (ဆန်းကြယ်သောအာရုံတို့ကို ဟုတ်တိုင်းမှန်စွာ) ပညာဖြင့် ရှုမြင်နိုင်၏၊ (ထိုအခါ ) မိစ္ဆာ ဝိတက်တို့သည် ငြိမ်းကုန်၏။

၆၇၆။ အကြင်အခါ အလုံးစုံသော သင်္ခါရတရားတို့သည် အမြဲ မရှိကုန်ဟု (ဝိပဿနာ) ပညာဖြင့်ရှုမြင်နိုင်၏၊ ထိုအခါ သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏၊ ဤသို့ငြီးငွေ့ခြင်းသည် (ဉာဏ ဒဿန) ဝိသုဒ္ဓိကိုရခြင်း၏ အကြောင်းတည်း။

၆၇၇။ အကြင်အခါ အလုံးစုံသော သင်္ခါရတရားတို့သည် ဆင်းရဲကုန်၏ဟု (ဝိပဿနာ) ပညာဖြင့်ရှုမြင်နိုင်၏၊ ထိုအခါ သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏၊ ဤသို့ ငြီးငွေ့ခြင်းသည် (ဉာဏဒဿန) ဝိသုဒ္ဓိကိုရခြင်း၏ အကြောင်းတည်း။

၆၇၈။ အကြင်အခါ အလုံးစုံသော သင်္ခါရတရားတို့သည် အတ္တမဟုတ်ကုန်ဟု (ဝိပဿနာ) ပညာဖြင့်ရှုမြင်နိုင်၏၊ ထိုအခါ သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏၊ ဤသို့ ငြီးငွေ့ခြင်းသည် (ဉာဏဒဿန) ဝိသုဒ္ဓိကိုရခြင်း၏ အကြောင်းတည်း။

၆၇၉။ ဘုရားရှင်သို့ အတုလိုက်၍ သိတော်မူသော ထက်မြက်သော လုံ့လရှိတော်မူသောပဋိသန္ဓေနေခြင်း, သေခြင်းကို ပယ်တော်မူပြီးသော ကောဏ္ဍညမထေရ်သည် မဂ်တည်းဟူသော မြတ်သောသီတင်းသုံးခြင်းကို အကြွင်းမဲ့ ဖြည့်လေ့ရှိ၏။

၆၈ဝ။ သြဃလေးပါးနှင့် ရာဂတည်းဟူသော ကျော့ကွင်းသည်လည်းကောင်း၊ မြဲမြံခိုင်ခံ့ သောငြောင့်တံသင်းငါးမျိုးသည်လည်းကောင်း၊ ဖောက်ခွဲနိုင်ခဲသော တောင်နှင့် တူသောအဝိဇ္ဇာသည်လည်းကောင်း ရှိ၏။

အကြင်ပုဂ္ဂိုလ်သည် စိတ်၏ ငြောင့်တံသင်းငါးမျိုးကိုလည်းကောင်း၊ သြဃလေးပါးနှင့် ရာဂတည်းဟူသော ကျော့ကွင်းကိုလည်းကောင်း၊ ဖောက်ခွဲနိုင်ခဲ သောတောင်နှင့်တူသော အဝိဇ္ဇာကိုလည်းကောင်း ဖောက်ခွဲဖြိုဖျက်လျက် ဈာန်ဝင်စားကာ သြဃလေးပါးတို့ကို ကူးမြောက်လျက် နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်၏။

ထိုပုဂ္ဂိုလ်သည်မာရ်မင်းအနှောင်အဖွဲ့မှ လွတ်မြောက်တော့၏။

၆၈၁။ တုန်လှုပ်ပျံ့လွင့်သော လျှပ်ပေါ်လော်လည်သော ရဟန်းသည် ယုတ်ညံ့သော အဆွေ ခင်ပွန်းတို့ကို အမှီပြု၍ သံသရာတည်းဟူသော ကြီးစွာသော ရေအလျဉ်၌ အမျက်ထွက်ခြင်းစ သော လှိုင်းတံပိုးတို့လွှမ်းမိုးဖိစီးခံရလျက် နစ်မြုပ်ရ၏။

၆၈၂။ ပျံ့လွင့်တုန်လှုပ်ခြင်း မရှိ လျှပ်ပေါ်လော်လည်ခြင်းလည်း မရှိသော, မိမိအကျိုး စီးပွါးသူတစ်ပါးအကျိုးစီးပွါး၌ လိမ္မာသော, ဣနြေ္ဒတို့ကို စောင့်စည်းပိတ်ဆို့ထားသောအဆွေခင်ပွန်းကောင်းရှိသော ပညာရှိရဟန်းသည် ဆင်းရဲ၏ အဆုံးကို ပြုနိုင်ရာ၏။

၆၈၃။ မည်းနက်သည်ဖြစ်၍ ကိုင်းသော ကိုယ်အင်္ဂါရှိသော, ကြုံလှီ၍ အကြောပြိုင်းပြိုင်း ထသည့်ကိုယ်ရှိလျက် မပျင်းရိသော စိတ်ရှိသူသည် ထမင်းအဖျော်၌ အတိုင်းအရှည်ကို သိ၏။

၆၈၄။ ဆင်ပြောင်ကြီးသည် စစ်မြေဦး၌ (လက်နက်တို့ဖြင့် ပုတ်ခတ်မှုကို သည်းခံ၍ သူတစ်ပါးစစ်သည်ကိုဖျက်ဆီးသကဲ့သို့ ထို့အတူ ရဟန်းသည်) တောနက်ကြီးအတွင်းဝယ် သတိနှင့် ပြည့်စုံသည်ဖြစ်၍ ခြင်, မှက် တို့ တွေ့ထိကိုက်ခဲမှုကို သည်းခံလျက် (မာရ်စစ်သည်ကို ဖျက်ဆီးရာ၏)။

၆၈၅။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ သူရင်းငှါးသည်လုပ်ခရရန်အတွက် နေ့ကုန်သည့် အချိန်ကိုသာ ငံ့လင့်စောင့်မျှော်သကဲ့သို့ ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏။

၆၈၆။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ ငံ့လင့်စောင့်မျှော်နေ၏။

၆၈၇။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံမတော်မူသည့် အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို နုတ်အပ်ပြီ။

၆၈၈။ အကြင် အရဟတ္တဖိုလ်အကျိုးငှါ (လူ့ဘောင်မှ ရဟန်းဘောင်သို့) ဝင်ရောက်ရဟန်း ပြု၏၊ ငါသည့် ထိုအရဟတ္တဖိုလ်ဟူသော အကျိုးကို အစဉ်အတိုင်း ရအပ်ပြီ၊ ငါ့အား ဤ (ဆိုနိုင်ခက်သော) တပည့်ဖြင့်အဘယ်အကျိုးရှိအံ့နည်း၊

ဤသို့လျှင် ကောဏ္ဍညမထေရ်သည် ရွတ်ဆို၏။

၂-ဥဒါယိတ္ထေရဂါထာ

ဥဒါယီသုံးမျိုးတွင် မဟာဥဒါယီမည်သော ပုဏ္ဏားမျိုး ဥဒါယီသည် ဆွေတော်မျိုးတော်အစည်းအဝေးတွင် ဘုရားရှင်ကို ကြည်ညို၍ ရဟန်းပြု ဝိပဿနာပွါးလျှင် မကြာခင် ရဟန္တာ ဖြစ်လေ၏၊ တနေ့သ၌ မြတ်စွာဘုရားက နာဂေါပမသုတ္တန် (ဆင်ဥပမာတရား) ကို ဟောကြားပြီး အဆုံးတွင် ဘုရားရှင်၏ ဂုဏ်တော်ကို နှလုံးသွင်းကာ ''ငါသည် ဘုရားတည်းဟူသော ဂန္ဓဆင်မင်းကြီး၏ ဂုဏ်များကိုထင်ရှားအောင်ပြအံ့''ဟု ချီးကျူး ရွတ်ဆိုသော ဂါထာများ

၆၈၉-၁။ ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးသော၊ (မဂ်ဖိုလ်သမာဓိဖြင့်) တည်ကြည် တော်မူသော၊ ဗြဟ္မဝိဟာရတရား လေးပါးတည်းဟူသော လမ်းခရီး၌ ကြွသွားတော်မူသော၊ စိတ်၏ ငြိမ်းအေးရာနိဗ္ဗာန်၌မွေ့လျော်တော်မူသော၊ အလုံးစုံသော တရားတို့၏ ပါရဂူဖြစ် တော်မူသော၊ အလုံးစုံသောသံယောဇဉ်တို့ကို လွန်မြောက်ပြီးသော၊ (ကိလေသာ) တောမှ (ကိလေသာတော မရှိရာ) နိဗ္ဗာန်သို့ကပ်ရောက်တော်မူပြီးသော၊ (အလုံးစုံသော) ကာမတို့မှ ထွက်မြောက်ခြင်း၌ မွေ့လျော်တော်မူသော၊ ကျောက်မှ ကင်းလွတ်သော ရွှေကဲ့သို့သော၊ လူသားဖြစ်သော မြတ်စွာဘုရားကိုလူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း ရှိခိုးကြကုန်၏။ ဤသို့ ငါသည် ဘုရားအစရှိသောသူတော်ကောင်းတို့ထံမှ ကြားနာရဖူး၏။

၆၉၂။ ဟိမဝန္တာတောင်မင်းသည် အခြားတစ်ပါးသော တောင်တို့ကို လွန်၍ တင့်တယ်ဘိ သကဲ့သို့အတုမရှိ လွန်မြတ်တော်မူသော နာဂဟူ၍ မှန်ကန်သော အမည်ကို ရတော်မူသော ထိုမြတ်စွာဘုရားသည် နာဂအမည်ရသူ အားလုံးတို့ထက် စင်စစ် လွန်၍ တင့်တယ်တော်မူ၏။

၆၉၃။ သင်တို့အား နာဂအကြောင်းကို ငါ ပြောကြားပေအံ့၊ ထိုမြတ်စွာဘုရားသည် မကောင်းမှုကို (အချင်းခပ်သိမ်း) ပြုတော်မမူသောကြောင့် နာဂမည်တော်မူ၏၊ သောရစ္စဟူသောသီလသည်လည်းကောင်း၊ မညှဉ်းဆဲခြင်း 'ကရုဏာ'သည်လည်းကောင်း ထိုတရား နှစ်ပါးတို့သည် ဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ (ရှေ့) ခြေနှစ်ဖက်တို့ မည်ကုန်၏။

၆၉၄။ သတိသည်လည်းကောင်း၊ ပညာသည်လည်းကောင်း ထိုတရားနှစ်ပါးတို့သည် ဘုရားတည်းဟူသောဆင်ပြောင်ကြီး၏ (နောက်) ခြေနှစ်ဖက်တို့ မည်ကုန်၏။ (ဘုရားတည်းဟူသော) ဆင်ပြောင်ကြီးသည်ကား သဒ္ဓါတရားတည်းဟူသော နှာမောင်းရှိတော်မူ၏၊ ဥပေက္ခာတည်းဟူသောဖြူစင်သော အစွယ်လည်း ရှိတော်မူ၏။၊

၆၉၅။ သတိသည် (ထိုမြတ်စွာဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏) လည်ပင်းတော်ပေတည်း၊ တရားတို့ကို ကြံစည်စူးစမ်းတတ်သော ပညာသည် ဦးခေါင်းတော်ပေတည်း၊ (ဘုရားတည်းဟူသောဆင်ပြောင်ကြီးသည် သမထဝိပဿနာတရားတည်းဟူသော) ဝမ်းဗိုက်ရှိတော်မူ၏၊ (ဥပဓိမှ) ကင်းဆိတ်ခြင်းသည် ထိုဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ အမြီးပေတည်း။

၆၉၆။ ထိုဘုရားတည်းဟူသော ဆင်ပြောင်ကြီးသည် ဈာန်အာရုံတို့ကို ရှုလေ့ရှိတော်မူ၏၊ မြတ်သောသက်သာရာနိဗ္ဗာန်၌ မွေ့လျော်တော်မူ၏၊ ဝိသယဇ္ဈတ္တဟု ဆိုအပ်သော ဖလ သမာပတ်၌ ကောင်းစွာတည်ကြည်သော စိတ်ရှိတော်မူ၏၊ ဘုရားတည်းဟူသော ဆင်ပြောင် ကြီးသည် ကြွသည်ရှိသော်တည်ကြည်သော စိတ်ရှိတော်မူသည်ဖြစ်၍ ကြွတော်မူ၏၊ ရပ်တော် မူသည်ရှိသော် တည်ကြည်သောစိတ်ရှိတော်မူသည်ဖြစ်၍ ရပ်တော်မူ၏။

၆၉၇။ ကျိန်းစက်တော်မူသည်ရှိသော် တည်ကြည်သော စိတ်ရှိတော်မူသည်ဖြစ်၍ ကျိန်းစက် တော်မူ၏၊ ထိုင်တော်မူသည်ရှိသော် တည်ကြည်သော စိတ်ရှိတော်မူသည်ဖြစ်၍ ထိုင်တော်မူ၏၊ ဘုရားတည်းဟူသောဆင်ပြောင်ကြီးသည် အလုံးစုံ (အာရုံဒွါရ) တို့၌ စောင့်စည်းတော်မူ၏၊ ဤ သည်ပင် ဘုရားတည်းဟူသောဆင်ပြောင်ကြီး၏ ပြည့်စုံခြင်းပါပေတည်း။

၆၉၈။ အပြစ်မရှိသော အစာအာဟာရတို့ကို ဘုဉ်းပေးတော်မူ၏၊ အပြစ်ရှိသော အစာ အာဟာရတို့ကို ဘုဉ်းပေးတော်မမူ၊ အစားအစာကိုလည်းကောင်း၊ အဝတ်အထည်ကိုလည်းကောင်း ရသည်ရှိသော်သိုမှီးသိမ်းဆည်းခြင်းမှ ရှောင်ကြဉ်တော်မူ၏။

၆၉၉။ ငယ်ငယ်ကြီးကြီးဖြစ်သော သံယောဇဉ်အနှောင်အဖွဲ့ အားလုံးကို အကြွင်းမဲ့ ဖြတ်၍ ငဲ့ကွက်မှုမရှိဘဲသာလျှင် သွားလိုရာရာ အရပ်သို့ ကြွသွားတော်မူ၏။

၇ဝဝ-၁။ ဥပမာအားဖြင့် အနံ့ကောင်း၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ကြာပုဏ္ဍရိက်သည်လည်းကောင်း၊ ပဒုမ္မာကြာသည်လည်းကောင်း ရေ၌ ပေါက်ရောက်ကြီးပွါးသော်လည်း ရေနှင့် မူကား မလိမ်းကျံသကဲ့သို့ထို့အတူ သာလျှင် မြတ်စွာဘုရားသည် လောက၌ ဖြစ်၍လောက၌ နေတော်မူသော်လည်းလောကနှင့်လိမ်းကျံတော်မမူပေ။

၇ဝ၂။ အလျှံပြောင်ပြောင် တောက်လောင်သော မီးပုံကြီးသည်လောင်စာ မရှိသည်ရှိသော် ငြိမ်းအေး၏၊ မီးကျီစုတို့ ထင်ရှားရှိကုန်သေးသော်လည်း (လောင်စာ မရှိသည့်အဖြစ်ကြောင့် ထိုမီးကို) ငြိမ်းပြီးဟူ၍ဆိုရ၏။

၇ဝ၃။ အနက်ကို သိစေတတ်သော ဤဥပမာကို ပညာရှိတို့ ပြောကြားအပ်ကုန်ပြီ၊ ရဟန္တာ 'နာဂ'ဖြစ်သော ငါသည် ပြောကြားအပ်သော (ဘုရားတည်းဟူသော ဆင်ပြောင်ကြီး) နာဂအကြောင်းကိုရဟန္တာမြတ် 'မဟာနာဂ'တို့သည် သိကြကုန်လတ္တံ့။

၇ဝ၄။ ဘုရားတည်းဟူသော နာဂသည် ရာဂလည်း ကင်း၏၊ ဒေါသလည်း ကင်း၏၊ မောဟလည်းကင်း၏၊ အာသဝေါလည်း ကင်း၏၊ ခန္ဓာကိုယ် အတ္တဘောကို စွန့်လျက် အာသဝကင်းပြီးသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့။

ဤသို့လျှင် ဥဒါယိမထေရ်သည် ရွတ်ဆို၏။

သောဠသကနိပါတ် ပြီး၏။

၁၆-ဝီသတိနိပါတ်

၁-အဓိမုတ္တတ္ထေရဂါထာ

သံကိစ္စမထေရ်၏ တူဖြစ်သော အဓိမုတ္တသည် အရွယ်ရောက်သောအခါ ဦးရီးတော် မထေရ်ထံတွင် ရှင်ပြု၍ဝိပဿနာပွါးရာ သာမဏေအဖြစ်နှင့်ပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ရှင်အဖြစ်မှ ရဟန်းပြုလို၍မယ်တော်ထံပြောကြားရန်သွားရာ လမ်းတွင် မလိပူဇော်ရန် လူသားရှာနေကြသော ခိုးသား၅ဝဝ- နှင့်တွေ့၍ဖမ်းဆီးလျှင် မတုန်မလှုပ် မျက်နှာကြည်လင်လျက်နေသည်ကို ခိုးသူခေါင်းဆောင်ကချီးကျူးသော ဂါထာနှင့်အဓိမုတ္တမထေရ်က ပြန်ကြားသော ဂါထာများ။

၇ဝ၅။ ငါတို့သည် ရှေးအခါက နတ်ပူဇော်ပသခြင်းငှါသော်လည်းကောင်း၊ ဥစ္စာနှစ်ကိုဆောင်ခြင်းငှါသော်လည်းကောင်း အကြင်သတ္တဝါတို့ကို သတ်ဖြတ်ဖူးကုန်၏။ (ငါတို့) ဖမ်းယူအပ်ကုန်သော ထိုသတ္တဝါတို့တွင် (သင်မှ တစ်ပါး) အခြားသတ္တဝါတို့အား ကြောက်ရွံ့ထိတ် လန့်မှုဖြစ်၏၊ ထိုသတ္တဝါတို့သည် တုန်လှုပ်လည်း တုန်လှုပ်ကုန်၏၊ မြည်တမ်းလည်း မြည် တမ်းကုန်၏။

၇ဝ၆။ သင့်မှာမူကား ကြောက်ရွံ့ခြင်း မရှိ၊ သင်၏ မျက်နှာအဆင်းသည် အလွန်ကြည် လင်၏၊

ဤသို့ကြီးစွာသောဘေး ရှေးရှုထင်လတ်သော အခါ၌ အဘယ့်ကြောင့် မငိုကြွေး ဘိသနည်း (ဟု ခိုးသူကြီးက့မေး၏)။

၇ဝ၇။ ခိုးသူကြီး ငဲ့ကွက်မှု တဏှာကင်းသော ငါ့အား စိတ်ဆင်းရဲမှု မရှိ၊ သံယောဇဉ်ကုန်ပြီးသောငါ့အား အလုံးစုံသော ဘေးတို့သည် စင်စစ် လွန်မြောက်သွားကုန်ပြီ။

၇ဝ၈။ သစ္စာလေးပါးတရားကိုဟုတ်တိုင်းမှန်စွာ မဂ်ပညာဖြင့် မြင်သောကြောင့် လည်းကောင်း၊ ဘဝသုံးပါးသို့ ဆွဲငင်ယူဆောင်တတ်သော တဏှာ၏ကုန်ခြင်းကြောင့်လည်းကောင်းတစ်စုံတစ်ယောက်သော သူသည် ခေါင်းပေါ်၌ တည်ရှိသော လေးလံသော ဝန်ကို ချခြင်း၌မကြောက်သကဲ့သို့ ထို့အတူ ငါ့အား သေခြင်း၌ ကြောက်ခြင်း မဖြစ်။

၇ဝ၉။ ငါသည် အကျင့်မြတ်ကို ကောင်းစွာ ကျင့်အပ်ပြီ၊ အရိယမဂ်ကိုလည်းကောင်းစွာ ပွါးများအပ်ပြီ၊ (ရောဂါနှိပ်စက်နေသော သူအား) အနာရောဂါ ကင်းပျောက်ခြင်းကြောင့် နှစ်သက်ဝမ်းမြောက်သကဲ့သို့ထို့အတူ သေခြင်း၌ ငါ့အား ကြောက်ခြင်းမရှိတော့ပေ။

၇၁ဝ။ ငါသည် အကျင့်မြတ်ကို ကျင့်အပ်ပြီ၊ အရိယမဂ်ကိုလည်းကောင်းစွာ ပွါးများအပ်ပြီ၊ ဘဝသုံးပါးတို့သည် သာယာဖွယ် ကင်းကုန်၏ဟူ၍ မြင်အပ်ကုန်ပြီ၊ 'အဆိပ်ကို သောက် ပြီး၍အန်ဆေးဖြင့် ထိုအဆိပ်ကို ထွေးအန်စွန့်ပစ်သကဲ့သို့' (ငါ့အား သေခြင်း၌ ကြောက်ခြင်း မရှိတော့ပေ)။

၇၁၁။ 'သတ်ရာဌာနမှ လွတ်မြောက်သူသည် နှစ်သက်ဝမ်းမြောက်သကဲ့သို့' နိဗ္ဗာန်ဟူသောကမ်းတစ်ဖက်သို့ ရောက်သူ၊ ဥပါဒါန်လေးပါးတို့ဖြင့် မစွဲလမ်းသူ၊ မဂ်ကိစ္စကို ပြုပြီးသူ၊ အာသဝေါကင်းပြီးသူသည် အသက်ကုန်ခြင်းဟူသော အကြောင်းကြောင့် နှစ်သက်ဝမ်း မြောက်၏။

၇၁၂။ 'မီးလောင်နေသော အိမ်မှ လွတ်မြောက်သူသည် မစိုးရိမ်သကဲ့သို့' မြတ်သော တရားသဘောသို့ရောက်ပြီးသူသည် အလုံးစုံသောလောက၌ ငဲ့ကွက်မှု မရှိတော့ပြီဖြစ်၍ သေခြင်း၌ မစိုးရိမ်တော့ပေ။

၇၁၃။ ဤလောက၌ အကြင်တစ်စုံတစ်ခုသော သင်္ခါရတို့ ပေါင်းဆုံမှုသည် ရှိ၏၊ အကြင်သတ္တဝါအပေါင်း၌ ဥပပတ္တိဘဝကိုလည်း ရအပ်၏၊ ဤအလုံးစုံသည် မိမိအလိုသို့ မလိုက် သောကြောင့် အစိုးရခြင်းမှ ကင်း၏ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏။

၇၁၄။ အကြင်အရိယာသာဝကသည် မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ထိုဘဝ သုံးပါးကို သိ၏၊ ထိုအရိယာသာဝကသည် အလွန်ပူသော သံတွေခဲကို မကိုင်ယူသကဲ့သို့ ထို့အတူ တစ်စုံတစ်ခုသော ဘဝကိုမစွဲယူ။

၇၁၅။ ငါသည် ဖြစ်ခဲ့ဖူးပြီဟူ၍ ငါ့အား ယူမှားမှု မရှိ၊ ငါသည် ဖြစ်လိမ့်ဦးမည်ဟူ၍ ငါ့အား ယူမှားမှု မရှိ၊ သင်္ခါရတရားတို့သည် ချုပ်ပျောက်ပျက်စီးကြကုန်လတ္တံ့၊ ထိုသင်္ခါရ တရားတို့ ချုပ်ပျောက်ပျက်စီးရာ၌ငိုကြွေးမှုသည် အဘယ်မှာ အကျိုးရှိပါအံ့နည်း။

၇၁၆။ ခိုးသူကြီး (အတ္တသာရနှင့် မရော) သက်သက်သော တရားတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ (အတ္တသာရနှင့် မရော) သက်သက်သော သင်္ခါရတရားတို့၏ အစဉ်ကိုလည်းကောင်း (ပညာဖြင့်)ဟုတ်တိုင်းမှန်စွာ သိမြင်သော ပုဂ္ဂိုလ်အား ထိတ်လန့်ကြောက်ရွံ့မှု မဖြစ်တော့ပေ။

၇၁၇။ (အကြင်ပုဂ္ဂိုလ်သည်) အကြင်အခါ (သင်္ခါရ)လောကကြီးကို မြက်ထင်းနှင့် တူစွာ ပညာဖြင့်သိမြင်နိုင်၏၊ (ထိုအခါ) ထိုပုဂ္ဂိုလ်သည် (ထိုသင်္ခါရလောကကြီး၌) မြတ်နိုးခြင်းကို မရသည်ဖြစ်၍ ငါ့အား (ရှေးကဖြစ်ခဲ့သော ရုပ်ဝတ္ထုစသည်လည်း) မရှိတော့ချေဟု မစိုးရိမ်။

၇၁၈။ ငါသည် (အနှစ်သာရမရှိသော) ဤကိုယ်ခန္ဓာဖြင့် ငြီးငွေ့၏၊ ငါသည် အလုံးစုံသော ဘဝဖြင့်အလိုမရှိသူ ဖြစ်၏၊ ငါ၏ ဤကိုယ်သည် ပျက်စီးတော့လတ္တံ့၊ အခြားတစ်ပါး ကိုယ် သည်လည်းမဖြစ်လတ္တံ့။

၇၁၉။ သင်တို့သည် ဤကိုယ်ဖြင့် အလိုရှိရာ ကိစ္စကို ပြု ကြကုန်လော့၊ ထိုသို့ ပြုခြင်းဟူသောအကြောင်းကြောင့် ထို (ပြုသောသူ, မပြုသောသူ) တို့၌ မုန်းခြင်းသော်လည်းကောင်း၊ ချစ်ခြင်းသော်လည်းကောင်း ငါ့အား ဖြစ်လိမ့်မည် မဟုတ် (ဟု အဓိမုတ္တမထေရ်သည် ပြောဆို၏)။

၇၂ဝ။ ခိုးသားလုလင်တို့သည် ထိုအဓိမုတ္တမထေရ်၏ မဖြစ်ဖူးမြဲ ကြက်သီးမွေးညင်းထဖွယ် သောထိုစကားကို ကြားရကုန်၍ လက်နက်တို့ကို ချထားပြီးလျှင် ဤစကားကို လျှောက်ဆိုကုန်၏။

၇၂၁။ အရှင်ဘုရား အဘယ်မည်သော အမှုကို ပြုရ၍ လည်းကောင်း၊ အဘယ်သူ၏ အဆုံးအမ သြဝါဒကိုအမှီပြု၍လည်းကောင်း ထိုပူဆွေးမှု ကင်းသည့်အဖြစ်ကို ရပါသနည်း။ အရှင်ဘုရား၏ ဆရာကားအဘယ်သူပါနည်းဟု လျှောက်ကုန်၏။

၇၂၂။ ခိုးသူတို့ ခပ်သိမ်းသောတရားကို သိတော်မူသော၊ ခပ်သိမ်းသောတရားကို မြင်တော်မူသော၊ မာရ်ငါးပါးကို အောင်တော်မူသော၊ ကြီးမြတ်သော ကရုဏာရှိတော်မူသော၊ ဝေနေယျသတ္တဝါတို့ကို ဆုံးမတော်မူတတ်သော၊လောကအားလုံး၏ ဆေးဆရာသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါ၏ဆရာပေတည်း။

၇၂၃။ ထိုမြတ်စွာဘုရားသည် ကိလေသာတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ် သောအတုမရှိသော

ဤတရားကို ဟောတော်မူအပ်၏၊ ထိုမြတ်စွာဘုရား၏ အဆုံးအမတော်ကို အမှီပြု၍ထိုပူဆွေးခြင်းကင်းသည့်အဖြစ်ကို ရအပ်၏ဟု ဆို၏။

၇၂၄။ ခိုးသူတို့သည် အဓိမုတ္တရဟန္တာအရှင်မြတ်၏ ကောင်းစွာ ပြောကြားချက်ကို ကြားရကုန်သောကြောင့် (ဓား, သန်လျက်စသော) လက်နက်တို့ကိုလည်းကောင်း၊ (လေး, တောင့် စသော) လက်နက်တို့ကိုလည်းကောင်း ပစ်ချစွန့်ပယ်၍ ခိုးသူ အချို့တို့သည် ထိုခိုးမှုမှ ရှောင်ကြဉ်ကုန်၏၊ ခိုးသူအချို့တို့သည်ကား ရဟန်းအဖြစ်ကို လျှောက်ကြားတောင်းပန်ကုန်၏။

၇၂၅။ ပညာရှိကုန်သော ထိုခိုးသူတို့သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ ဗောဇ္ဈင်ခုနစ်ပါး, ဗိုလ်ငါးပါးတို့ကို ပွါးများကာ တက်ကြွသော စိတ်ရှိကြကုန်သည် ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ ပွါးအပ်ပြီးသော ဣနြေ္ဒရှိကြကုန်လျက် အကြောင်းတရားတို့ မပြုပြင်အပ်သော နိဗ္ဗာန်ကို ရကြကုန်၏။

ဤသို့လျှင် အဓိမုတ္တမထေရ်သည် ရွတ်ဆို၏။

၂-ပါရာပရိယတ္ထေရဂါထာ

ပုဏ္ဏားသူကြွယ်သား ပါရာပရိယသည် ဗေဒင်သုံးပုံကို သင်ကြားပြီးမှ ဇေတဝန် ကျောင်းတော်သွား၍ပရိတ်သတ်အစွန်ကထိုင်လျက် တရားနာရာ ဣနြ္ဒိယဘာဝနသုတ်ကို နာရသဖြင့် ရဟန်းပြု၏။

နာယူထားသော ဣနြ္ဒိယဘာဝနသုတ်ကို အဖန်ဖန်စဉ်းစားလျက် ဝိပဿနာပွါးသည်တွင် မကြာခင်ရဟန္တာဖြစ်လေ၏။

နောက်အခါ မိမိကြံစည်သော အခြင်း အရာကို ထင်ရှားပြသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၇၂၆။ တစ်ယောက်ထီးတည်း ထိုင်နေလျက် ဆိတ်ငြိမ်မှုကို ပွါးကာ ဈာန်ဝင်စားလေ့ ရှိသောသမဏအမည်ရသော ပါရာပရိယရဟန်းအား တရားတော်ကို စဉ်းစားကြံစည်မှုသည် ဖြစ်၏။

၇၂၇။ (အကျိုးကို လိုလားသော) ယောက်ျားသည် အဘယ်သို့သော အစဉ်ဖြင့် အဘယ် သို့သော သီလ, အဘယ်သို့သော အကျင့်ကို ကျင့်သည်ရှိသော် မိမိပြုသင့်သော ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ရာသနည်း၊ တစ်စုံတစ်ယောက်သော သတ္တဝါကို မညှဉ်းဆဲ မနှိပ်စက်ရာ ရောက်သနည်း။

၇၂၈။ (စက္ခုနြေ္ဒစသော ခြောက်ပါးသော) ဣနြေ္ဒတို့သည် လူတို့အား အကျိုးစီးပွါး ရှိရန်လည်းကောင်း၊ အစီးအပွါး မဲ့ရန်လည်းကောင်း ဖြစ်ကုန်၏။ မစောင့်စည်းအပ်ကုန်သော ဣနြေ္ဒတို့သည် အကျိုးစီးပွါးမဲ့ရန် ဖြစ်ကုန်၏၊ စောင့်စည်းအပ်ကုန်သော ဣနြေ္ဒတို့သည်ကား အကျိုးစီးပွါးရှိရန်သာ ဖြစ်ကုန်၏။

၇၂၉။ ဣနြေ္ဒတို့ကို ကောင်းစွာ စောင့်ရှောက်သော ဣနြေ္ဒတို့ကို လုံခြုံစေသော သူသည် မိမိပြုသင့်သောကိစ္စကို ပြုလေ့ရှိသူ ဖြစ်ရာ၏၊ တစ်စုံတစ်ယောက်သော သတ္တဝါကို မညှဉ်းဆဲ မနှိပ်စက်ရာ ရောက်၏။

၇၃ဝ။ (အကြင်ရဟန်းသည်) ရူပါရုံတို့၌ ဖြစ်သော စက္ခုနြေ္ဒကို မတားမြစ်မူ၍ ယင်းသို့ မတားမြစ်ခြင်း၌အပြစ်ကို ရှုလေ့မရှိ၊ ထိုရဟန်းသည် ဆင်းရဲမှ မလွတ်သည်သာလျှင်တည်း။

၇၃၁။ (အကြင်ရဟန်းသည်) သဒ္ဒါရုံတို့၌ ဖြစ်သော သောတိနြေ္ဒကို မတားမြစ်မူ၍ ယင်းသို့ မတားမြစ်ခြင်း၌အပြစ်ကို ရှုလေ့မရှိ၊ ထိုရဟန်းသည် ဆင်းရဲမှ မလွတ်သည်သာလျှင်တည်း။

၇၃၂။ (အကြင်ရဟန်းသည် အာရုံတို့မှ) ထွက်မြောက်ကြောင်းကို ရှုမြင်လေ့မရှိဘဲ ဂန္ဓာရုံတို့ကို မှီဝဲခဲ့မူထိုရဟန်းသည် ဂန္ဓာရုံတို့၌ တွေဝေသည်ဖြစ်၍ ဆင်းရဲမှ မလွတ်နိုင်။

၇၃၃။ ချဉ်သော အရသာကိုလည်းကောင်း၊ ချိုသော အရသာကိုလည်းကောင်း၊ ခါးစပ် သောအရသာကိုလည်းကောင်း အဖန်ဖန် အောက်မေ့လျက် အရသာ၌ တပ်မက်သော တဏှာ ဖြင့်တပ်မက်သော ရဟန်းသည် (ဆင်းရဲအဆုံးကို ပြုအံ့ဟုဖြစ်သော) စိတ်ကို မသိနိုင်။

၇၃၄။ တင့်တယ် ကောင်းမြတ်ကုန်သော စက်ဆုပ်ဖွယ် မရှိကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို အဖန်ဖန်အောက်မေ့လျက် ဖောဋ္ဌဗ္ဗာရုံ၌ တပ်မက်သော သူသည် ရာဂဟူသော အကြောင်း ကြောင့်အထူးထူးအပြားပြားသော ဆင်းရဲကို ရ၏။

၇၃၅။ အကြင်သူသည် စိတ်ကို ရူပါရုံစသော အာရုံငါးပါးတို့မှ စောင့်ရှောက်ခြင်းငှါ မစွမ်းနိုင်၊ ထိုသို့မစောင့်ရှောက်နိုင်သောကြောင့် ထိုပုဂ္ဂိုလ်သို့ ဆင်းရဲဒုက္ခသည် ဆိုအပ်ခဲ့ပြီး သော အလုံးစုံသောအာရုံငါးပါးတို့ဖြင့် အစဉ်လိုက်၏။

၇၃၆။ (ဤကိုယ်ကောင်သည်ကား) ပြည် သွေးတို့ဖြင့် ပြည့်၏၊ များစွာသော အပုပ်တို့ ဖြင့်လည်းပြည့်၏၊ 'လိမ္မာသော အတတ်သည်ဆရာသည် ပြုလုပ်အပ်သော ပြေပြစ်ဆန်းကြယ် သောပန်းကလပ်ကဲ့သို့' (အပေါ်ရေမျှဖြင့်သာ) စိတ်နှလုံးကို ဆောင်၏။

၇၃၇။ (ဤကိုယ်ကောင်သည်ကား ဆင်းရဲစသည်တို့ကြောင့်) စပ်ခါးပါလျက် ကောင်းမြတ်သာယာဖွယ်ကဲ့သို့ ထင်ရ၏၊ ထိုသို့သာယာဖွယ်ဟု ထင်သောကြောင့် ဒုက္ခအစစ် ဖြစ်ပါလျက် အချစ်နှင့်ဖွဲ့စပ်နေ၏၊ (ဤသို့သဘောရှိသော ခန္ဓာကိုယ်၌ လူအပေါင်းသည်) 'ပျားရည်ဖြင့် လိမ်းကျံထားသည့်သင်တုန်းသွားကို လျက်သော ယောက်ျားကဲ့သို့' (ဆင်းရဲခံစားရလတ္တံ့ သည်ကို) မသိနိုင်လေ။

၇၃၈။ မိန်းမ၏ အဆင်း၌လည်းကောင်း၊ မိန်းမ၏ အသံ၌လည်းကောင်း၊ မိန်းမ၏အတွေ့အထိ၌လည်းကောင်း၊ မိန်းမ၏ အနံ့တို့၌လည်းကောင်း ပြင်းစွာ တပ်မက်သော သူသည်အမျိုးမျိုးသော ဆင်းရဲကို ခံစားရ၏။

၇၃၉။ မိန်းမ၏ (ရူပါရုံစသည်လျှင် အာရုံရှိကုန်သော ) အလုံးစုံ ငါးပါးသော (တဏှာ) ရေ အလျဉ်တို့သည် (ယောက်ျား၏ စက္ခု, သောတစသော) ငါးဒွါရတို့၌ စီးဝင်ကုန်၏၊ ဝီရိယ ရှိသော အကြင်သူသည်ထိုငါးပါးသော (တဏှာ) ရေအလျဉ်တို့ကို စောင့်စည်းပိတ်ဆို့ခြင်းငှါ စွမ်းနိုင်၏။

၇၄ဝ။ ထိုသူသည် (ဤလောက၌) ပညာရှိ မည်၏၊ ထိုသူသည် တရား၌ တည်သူ မည်၏၊ ထိုသူသည်လိမ္မာသူ မည်၏၊ ထိုသူသည် မြော်မြင်ဉာဏ်ရှိသူ မည်၏၊ (အိမ်၌ မွေ့ လျော်ခြင်းဖြင့်) မွေ့လျော်ငြားသော်လည်း အကြောင်းအကျိုးနှင့် စပ်သော ကိစ္စကို ပြုနိုင် ရာ၏။

၇၄၁။ ထိုမှတပါး မမေ့မလျော့သော ပညာရှိသည် အကယ်၍ ချမ်းသာနှင့် စပ်သောမျက်မှောက်ကျိုးလည်း နစ်မြုပ်အံ့၊ တမလွန်ကျိုး မရှိသော ကိစ္စလည်း ဖြစ်အံ့၊ ထိုကိစ္စမျိုးကို (ငါမပြုအပ်ဟု) မှတ်ထင်၍ ရှောင်ကြဉ်ရာ၏။

၇၄၂။ ပစ္စုပ္ပန်, တမလွန်အကျိုးနှင့်စပ်သော ကိစ္စကိုလည်းကောင်း၊ တရား၌တည်သောမွေ့လျော်ခြင်းကိုလည်းကောင်း ကောင်းစွာ ဆောက်တည်၍ ကျင့်ရာ၏။ ထိုမွေ့လျော်ခြင်းသည် စင်စစ်မြတ်သော မွေ့လျော်ခြင်းတည်း။

၇၄၃။ အကြင်ပုဂ္ဂိုလ်သည် (ကာမဟူသော အကြောင်းကြောင့်) နည်းအမျိုးမျိုးတို့ဖြင့် သူတစ်ပါးတို့၏့ဥစ္စာကို ဆောင်ယူခြင်းငှါ အလိုရှိ၏၊ သူတစ်ပါးတို့ကို သတ်ဖြတ်၍လည်းကောင်း၊ ညှဉ်းဆဲနှိပ်စက်၍လည်းကောင်း၊ စိုးရိမ်စေ၍လည်းကောင်း အနိုင်အထက် လုယက် ယူငင်၏။ (ထိုသူ၏ထိုအမှုကိစ္စမျိုးသည် အကျိုးမဲ့ကို ဆောင်တတ်၍ စင်စစ် ယုတ်ညံ့နိမ့်ကျ သော ကိစ္စမျိုး ဖြစ်၏)။

၇၄၄။ ကိုယ်အား, ဉာဏ်အားနှင့် ပြည့်စုံသော သစ်ရွေသမားသည် (အားကြီးသော) တံသင်း (မယ်န) ဖြင့် သစ်တုံး၌ တည်သော တံသင်း (မယ်န) ကို ထုတ်နုတ်သကဲ့သို့ ထို့အတူ လိမ္မာသောရဟန်းသည် စက္ခုစသော ဣနြေ္ဒတို့ကို ထုတ်နုတ်လိုသည်ရှိသော် သဒ္ဓါစသော ဣနြေ္ဒတို့ဖြင့်သာလျှင် ထုတ်နုတ်၏။

၇၄၅-၆။ သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သမာဓိနြေ္ဒ၊ သတိနြေ္ဒ၊ ပညိနြေ္ဒ (ဤဝိမုတ္တိကို ရင့်စေ တတ်သောဣနြေ္ဒငါးပါးတို့) ကို ပွါးများလျက် (ဤသဒ္ဓိနြေ္ဒစသော ဣနြေ္ဒ) ငါးပါးတို့ဖြင့် စက္ခုစသော) ဣနြေ္ဒငါးပါးတို့ကို (ချစ်ခြင်း မုန်းခြင်းစသော ကိလေသာဖြစ်ခြင်း၏ ဒွါရအဖြစ် ကို ပယ်သောအားဖြင့်) ပယ်ဖြတ်သတ်ချ၍ ဆင်းရဲကင်းသော ရဟန္တာသည် (အနုပါဒိသေသ နိဗ္ဗာန်သို့) ရောက်၏၊ ထိုသူသည်ပညာရှိ မည်၏၊ ထိုသူသည် တရား၌ တည်သူ မည်၏၊ ထိုသူသည် အချင်းခပ်သိမ်း မြတ်စွာဘုရား၏ စကားတော်ဖြစ်သော အဆုံးအမကို လိုက်နာ ပြုကျင့်သောကြောင့် နိဗ္ဗာန်ချမ်းသာကို ပွါးစေသူ မည်၏။

ဤသို့လျှင် ပါရာပရိယမထေရ်သည် ရွတ်ဆို၏။

၃-တေလကာနိတ္ထေရဂါထာ

ဘုရားမပွင့်မီကပင် ပုဏ္ဏားမျိုး၌ ဖြစ်လာသော တေလကာနိသည် အရွယ်ရောက်သောအခါ ပါရမီရှိသူဖြစ်၍ ပရိဗိုဇ်ရဟန်းပြုကာ ဝဋ်မှထွက်ကြောင်းတရားကို ရှာဖွေရင်း လှည့်လည်လျက် ပညာရှိတို့ကို ပြဿနာမေးလေ၏။

ဘုရားပွင့်လာသောအခါ ဘုရားရှင့်ထံ ချဉ်းကပ်၍ တရားနာ ရသည်တွင် ရဟန်းပြုလျက် ဝိပဿနာကိုပွါးလျှင် မကြာခင်ရဟန္တာဖြစ်လေ၏။ တနေ့သ၌ ရဟန်းတို့နှင့် အတူနေစဉ်မိမိ၏တရားထူးကို ဆင်ခြင်၍ မိမိ၏ ပဋိပတ်ကို အောက်မေ့ကာ ရဟန်းတို့အား ပြောကြားသော ဂါထာများ။

၇၄၇။ ငါသည် အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ကြာမြင့်စွာသော ကာလပတ်လုံး ဝိမုတ္တိတရားကိုစူးစမ်းရှာမှီးလျက် (အထူးထူးသော အယူရှိကုန်သော ) သမဏဗြာဟ္မဏတို့ကို မေးမြန်းပါသော်လည်းစိတ်၏ ငြိမ်းကြောင်း အရိယာတရားကို မရခဲ့လေစွတကား။

၇၄၈။လောက၌ အဘယ်သူသည် (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်သို့ ရောက်သနည်း၊ အဘယ်သူသည်နိဗ္ဗာန်၌ တည်သော ဝိမောက္ခမဂ်ကို ရလေသနည်း၊ အဘယ်မည်သော သမဏဗြာဟ္မဏ၏မဖောက်မပြန်သော အနက်ကို သိစေတတ်သော (အဆုံးအမ) တရားကို ခံယူရပါအံ့နည်း။

၇၄၉။ '(သံမျှားချိတ်တပ်သော) အစာကို ဟပ်သော ငါးကဲ့သို့' စိတ်နှလုံးအတွင်း၌ ဖြစ်သောကိလေသာဟူသော ငါးမျှားချိတ်သည် (ငါ့အား) ဖြစ်ခဲ့၏၊ 'သိကြားမင်း၏ ကျော့ ကွင်းဖြင့် ဖွဲ့မိသောဝေပစိတ္တိအသူရာကဲ့သို့' (ငါသည် ရှေးက ကိလေသာကျော့ကွင်းဖြင့် အနှောင်အဖွဲ့ ခံနေခဲ့ရ၏)။

၇၅ဝ။ ငါသည် ဤစိုးရိမ်ခြင်းငိုကြွေးခြင်းဟူသော ဝဋ်တရားမှ ထိုကိလေသာဟူသော ကျော့ကွင်းကိုဆွဲငင်၏၊ (ယင်းသို့ ဆွဲငင်သော်လည်း မိမိကိုယ်ကို) မလွတ်စေနိုင်၊ ဤလောက၌ အဘယ်သူသည် ငါ၏ (ကိလေသာ) အနှောင်အဖွဲ့ကို ဖြေလျက် မဂ်ဉာဏ်ကို ပြော ကြားပါအံ့နည်း။

၇၅၁။ (ကိလေသာတို့ကို) ဖျက်ဆီးတတ်သော တရားကို ဟောပြညွှန်ကြားတတ်သော အဘယ်မည်သော သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း (မေးမြန်း၍) အဘယ် သမဏဗြာဟ္မဏ၏အိုခြင်း, သေခြင်းကို ပယ်တတ်သော တရားကို ခံယူရပါအံ့နည်း။

၇၅၂-၃။ မဆုံးဖြတ်နိုင်မှု 'ဝိစိကိစ္ဆာ' ယုံမှားမှု 'ကင်္ခါ' ဖြင့် ထုံးဖွဲ့အပ်သော , ချုပ်ချယ်မှု အားအစွမ်းနှင့်ယှဉ်သော, အမျက်ဒေါသနှင့် ယှဉ်သော စိတ်ဖြင့် ခက်ထန်သည့်အဖြစ်သို့ ရောက်သော, တဏှာဖြင့်သတ္တဝါတို့၏ စိတ်ကို ဖောက်ခွဲတတ်သော, တဏှာဟူသော လေးလျှင် ဖြစ်ရာရှိသော, ဆယ့်ငါးနှစ်လီအပြားရှိသော, ရင်၌ စူးဝင်သော, ပြင်းထန်စွာ စိတ်နှလုံး၌ ဖောက်ခွဲတည်နေသောမြားငြောင့် (အစင်းသုံးဆယ်) ကို ရှုပါလော့။

၇၅၄။ နောက်လိုက်ဖြစ်သော သဿတ စသော ဒိဋ္ဌိတို့ကို မပယ်နိုင်ခြင်း၏ အကြောင်းဖြစ် သောအကြင်သက္ကာယဒိဋ္ဌိဟူသော မြားငြောင့်ကို မိစ္ဆာဝိတက်ဖြင့် သူတစ်ပါးတို့ကို မှီ၍ စိုက် ထောင်အပ်၏၊ ငါသည် ထိုမိစ္ဆာဒိဋ္ဌိတည်းဟူသော မြားငြောင့်ဖြင့် နှလုံး၌ စူးဝင်အပ်သည်ဖြစ်၍ လေတိုက်သဖြင့် ကြွေကျသော သစ်ရွက်ကဲ့သို့ တုန်လှုပ်၏။

၇၅၅။ ငါ၏ အတ္တဘော၌ ဖြစ်၍ (အတ္တဘောဟု မှတ်အပ်သော ) ခြောက်ပါးသော ဖဿာယတနအပေါင်းသည် အကြင်အတ္တဘော၌ အခါခပ်သိမ်း ဖြစ်၏၊ (မီးသည် မိမိ မှီရာကိုလောင်သကဲ့သို့) ငါ၏ ဥစ္စာဖြစ်သော ထိုအတ္တဘောကိုသာလျှင် လျင်မြန်စွာလောင်ကျွမ်း၏။

၇၅၆။ အကြင်ဆေးဆရာသည် ငါ၏ မိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်ကို ပယ်နုတ်နိုင်ရာ၏၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်ကို ပယ်နုတ်ကုစားတတ်သော ထိုဆေးဆရာကို ငါ မမြင်။ ကြိုးနှင့်တူသောစူးချောင်းကို သွင်း၍လည်းကောင်း၊ ဓားဖြင့် ခွဲ၍လည်းကောင်း၊ အခြားသော ဆေးဝါးမန္တရားဖြင့်လည်းကောင်း ယုံမှားမှု 'ဝိစိကိစ္ဆာ'ဟူသော ငြောင့်ကို ပယ်နုတ်ခြင်းငှါ မတတ်နိုင်။

၇၅၇။ ဓားလက်နက်ကိုလည်း အသုံးမပြုဘဲ အနာဝကိုလည်း မဖြစ်စေဘဲ တစ်ကိုယ် လုံးကို မညှဉ်းဆဲမနာကျင်စေဘဲ ငါ၏ နှလုံးအတွင်း၌ တည်သော ငြောင့်အစစ် ဖြစ်၍ ဖြစ် သော ကိလေသာတည်းဟူသောငြောင့်ကို အဘယ်သူသည် နုတ်နိုင်လတ္တံ့နည်း။

၇၅၈။ ငါ၏ အဆိပ်နှင့် တူသော ကိလေသာ အပြစ်ဒေါသကို မျှောတတ်ဖြတ်တတ်သောအကြင်ပုဂ္ဂိုလ်သည် နက်စွာသော သံသရာဝဲသြဃ၌ ကျရောက်နေသော ငါ့အား (နိဗ္ဗာန်ဟူ သော) ကြည်းကုန်းကိုလည်းကောင်း၊ မဂ်ဟူသော လက်ကိုလည်းကောင်း ညွှန်ပြနိုင်ရာ၏။ တရားအရှင်ဖြစ်သောထိုပုဂ္ဂိုလ်သည် အမြတ်ဆုံး ဖြစ်သည်သာတည်း။

၇၅၉။ ဖယ်ရှားခြင်းငှါ မတတ်ကောင်းသော (ရာဂစသော) မြူမှော် ရွှံ့ညွှန်ရှိသော လှည့် ပတ်မှု 'မာယာ'၊ ငြူစူမှု 'ဥသူယ'၊ ချုပ်ချယ်မှု 'သာရမ္ဘ'၊ စိတ်၏ မခန့်မှု 'ထိန'၊ စေတသိတ် တို့၏ မခန့်မှု 'မိဒ္ဓ' တို့ဖြင့်ပျံ့နှံ့သော (သံသရာတည်းဟူသော) အိုင်၌ ငါသည် (ဦးခေါင်း နှင့်တကွ) နစ်မြုပ်နေရသူ ဖြစ်ခဲ့၏။

၇၆ဝ။ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'တည်းဟူသော မိုးချုန်းသံရှိကုန်သော၊ သံယောဇဉ်ဆယ်ပါးတည်းဟူသောမိုးတိမ်လည်းရှိကုန်သော၊ ရာဂကို မှီကုန်သော မကောင်းသော အကြံအစည်ဟု ဆိုအပ်ကုန်သော မိုးရေအလျဉ်တို့သည် မိစ္ဆာအယူရှိသော ငါ့ကို (အပါယ်တည်းဟူသော သမုဒ္ဒရာသို့) ဆောင်ယူကုန်၏။

၇၆၁။ (တဏှာစသော) ရေအလျဉ်တို့သည် ခပ်သိမ်းသော အာရုံတို့၌ ယိုစီးတတ်ကုန်၏၊ ထို (တဏှာစသော) ရေအလျဉ်တို့ကို အဘယ်သူသည် (မယိုစီးအောင်) တားမြစ်နိုင်ပါအံ့နည်း၊ (တဏှာ တည်းဟူသော) နွယ်သည် (ဒွါရခြောက်ပါးတို့ကို) ဖောက်ထွင်း၍ (အာရုံခြောက်ပါး တို့၌) တည်၏၊ ထို (တဏှာတည်းဟူသော) နွယ်ကို အဘယ်သူသည် ဖြတ်တောက်နိုင်ပါ အံ့နည်း။

၇၆၂။ အရှင်ကောင်းတို့ (တဏှာတည်းဟူသော) ရေအလျဉ်တို့ကို တားမြစ်တတ်သော ကံသင်းကိုပြုတော်မူကြပါကုန်လော့၊ (ရေအလျဉ်သည် ကမ်းနား၌ တည်သော) သစ်ပင်ကို လဲစေ၍ ဖျက်ဆီးသကဲ့သို့ထို့အတူ သင်၏ စိတ်၌ ဖြစ်သော (တဏှာတည်းဟူသော) ရေအလျဉ်သည် သင့်ကို မပျက်စီးပါစေလင့်။

၇၆၃။ ပညာတည်းဟူသော လက်နက်ရှိတော်မူသော၊ လူနတ်တို့၏ ဆရာဖြစ်တော်မူသော၊ အဂ္ဂသာဝကစသော အရိယာသံဃာအပေါင်းတို့ မှီဝဲရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤသို့ဆိုအပ်ပြီးသော အပြားဖြင့် ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်နေသော သံသရာဝဋ်တည်းဟူသော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်ဟူသော ထိုမှာဘက်ကမ်းကို ရှာမှီးသော ငါ၏ ကိုးကွယ် အားထားရာဖြစ်တော်မူပေ၏။

၇၆၄။ (ထိုမြတ်စွာဘုရားသည် ဒေသနာဉာဏ်ဖြင့်) ကောင်းစွာ ပြုအပ်သော , ညစ်ညူး ကြောင်း (ကိလေသာတို့မှ) စင်ကြယ်သော, (ပညာစသော) တရားအနှစ်ဖြင့် ပြီးသော, မြဲမြံခိုင်ခန့်သော (ဝိပဿနာ) လှေခါးကို (သြဃလေးပါးဟူသော ရေအလျဉ်၌) မျောနေသော ငါ့အားပေးတော်မူ၏၊ သင်မကြောက်လင့်ဟုလည်း မိန့်ဆိုတော်မူ၏၊

၇၆၅။ (ငါသည် ) သတိပဋ္ဌာန်လေးပါးတည်းဟူသော ပြာသာဒ်ထက်သို့ တက်၍ (သစ္စာ လေးပါးတရားကိုမဂ်ဉာဏ်ဖြင့်) ထိုးထွင်း၍ သိပြီ၊ သက္ကာယ၌ မွေ့လျော်သော တိတ္ထိအပေါင်း ကိုလည်းကောင်း၊ (ထိုတိတ္ထိအပေါင်းတို့ ကြံဆအပ်သော အတ္တကိုလည်းကောင်း) ရှေးအခါက (အနှစ်သာရအားဖြင့်) မှတ်ထင်ခဲ့ပြီ။

၇၆၆။ အကြင်အခါ ငါသည် (အရိယမဂ္ဂင် ရှစ်ပါးတည်းဟူသော) လှေထက်သို့ တက်စီး ကြောင်းဖြစ်သော (ဝိပဿနာ) လမ်းကြောင်းကို မြင်ပြီ၊ (ထိုအခါမှ စ၍ တိတ္ထိအပေါင်းကိုလည်းကောင်း)၊ တိတ္ထိအပေါင်းတို့ကြံဆအပ်သော အတ္တကိုလည်းကောင်း စိတ်၌ မထားမူ၍ ဆိပ်ကမ်းသဖွယ် ဖြစ်သော (အလုံးစုံသောကုသိုလ်တရားတို့ထက်) မြတ်သော အရိယမဂ်ကို မြင်ပြီ။

၇၆၇။ (ဒိဋ္ဌိမာနစသော) ငြောင့်သည် (အတ္တဟု အမည်ရသော ) အတ္တဘော၌ ဖြစ်၏၊ ဘဝတဏှာကြောင့်ဖြစ်၏၊ (မြတ်စွာဘုရားသည် ) ထိုဆိုအပ်ပြီးသော အကုသိုလ်တရားတို့ မဖြစ်ခြင်းငှါ မြတ်သော (အင်္ဂါရှစ်ပါးရှိသော) မဂ်ကို ဟောပြတော်မူ၏။

၇၆၈။ ရှည်မြင့်စွာသော နေ့ညဥ့် (ကာလ) ပတ်လုံး (သတ္တဝါတို့၏ သန္တာန်၌) အဖန် တလဲလဲ ကိန်းသောကြာမြင့်စွာသော နေ့ညဥ့် (ကာလ) ပတ်လုံး (သတ္တဝါတို့သန္တာန်၌ လွှမ်းမိုး၍) တည်သော (အဘိဇ္ဈာကာယဂန္ထစသော) အထုံးအဖွဲ့ 'ဂန္ထ' ကို အဆိပ်နှင့် တူသော ကိလေသာ အပြစ်ဒေါသကိုဆေးလျှော်ပြီးသော မြတ်စွာဘုရားသည် ငါ့အား စွန့်စေတော်မူပြီ။

ဤသို့လျှင် တေလကာနိမထေရ်သည် ရွတ်ဆို၏။

၎-ရဋ္ဌပါလတ္ထေရဂါထာ

ရဋ္ဌပါလသူဌေးသားသည် ရဟန်းပြုလို၍ ခုနစ်ရက်အစာငတ်ခံမှ မိဘကခွင့်ပြု၍ ရဟန်းပြုခွင့် ရခဲ့၏။

ဘုရားရှင်အမိန့်ဖြင့် မထေရ်တပါးထံ ရဟန်းပြုပြီးလျှင် ဝိပဿနာကိုပွါးရာ မကြာခင် ရဟန္တာဖြစ်လေ၏။ အခါတပါး မိဘရှိရာသို့ သွားလေရာ တန်ဆာဆင်ထားသော မိန်းမတို့ဖြင့် ဖြားယောင်းသွေးဆောင်လူ့ဘောင်သို့ကျအောင် ပြုမူကြသည်တွင် အနိစ္စစသည်နှင့် ယှဉ်သော တရားကို ဖော်ပြဟောကြားသော ဂါထာများ။

၇၆၉။ အဆန်းတကြယ် ပြုအပ်သော အိုင်းအမာတို့၏ စုဝေးတည်နေရာ ဖြစ်သော (သုံးရာသောအရိုးတို့ဖြင့်) စိုက်ထူ၍ ထားအပ်သော အမြဲ နာကျင်သော (လူမိုက်တို့) အထူး ထူးအထွေထွေကြံစည်အပ်သော ခန္ဓာကိုယ်'အတ္တဘော'ကို ရှုပါလော့၊ ယင်းခန္ဓာကိုယ် 'အတ္တဘော'၏ ခိုင်မြဲတည်တံ့သောအဖြစ်သည် မရှိချေ။

၇၇ဝ။ ကျောက်သံပတ္တမြားဖြင့်လည်းကောင်း၊ ပုတီး, နားတောင်းဖြင့်လည်းကောင်း အဆန်းတကြယ်ပြုပြင်အပ်သော ခန္ဓာကိုယ်ကြီးကိုလည်းကောင်း၊ (စိုသော) အရေဖြင့် မြှေး ယှက်ဖုံးလွှမ်းအပ်သော အရိုးစုဖြစ်သော ရုပ်ကိုယ်ကြီးကိုလည်းကောင်း ရှုပါလော့။ (ယင်းခန္ဓာ ကိုယ်သည်) အဝတ်တို့နှင့်တကွ (ဖုံးလွှမ်းမှသာ) တင့်တယ်နိုင်၏။

၇၇၁။ ချိပ်ရည်ဖြင့် ဆိုးအပ်သော ခြေတို့သည်လည်းကောင်း၊ မျက်နှာချေမှုန့်ဖြင့် လိမ်း အပ်သော မျက်နှာသည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းကို ရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

၇၇၂။ ရှစ်စု ခွဲ၍ ပြုပြင်အပ်သော ဆံပင်တို့သည်လည်းကောင်း၊ မျက်ကွင်းဆေးတို့ဖြင့်လိမ်းခြယ်အပ်ကုန်သော မျက်စိတို့သည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါစွမ်းနိုင်ကုန်၏၊ (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းကို ရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

၇၇၃။ 'အသစ်ဖြစ်၍ ဆန်းကြယ်သော မျက်ကွင်းဆေးကျည်တောက်ကဲ့သို့' တန်ဆာဆင် အပ်သော အကောင်ပုပ်သည် အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူ သော) တစ်ဖက်ကမ်းကိုရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

၇၇၄။ 'မုဆိုးသည် ကျော့ကွင်းကို ထောင်၏၊ သားသမင်သည် ကျော့ကွင်းကို မတိုးမူ၍မုဆိုးမြည်တမ်းစဉ် (ပစ်ချထားသော) အစာကို စား၍ သွားသကဲ့သို့' ငါတို့ သွားပါကုန်အံ့။

၇၇၅။ 'သမင်သည် ကျော့ကွင်းကို မတိုးမူ၍ မုဆိုး၏ ကျော့ကွင်းကို ဖြတ်ပြီးလျှင် မုဆိုး ပစ်ချထားသောအစာကို စား၍ မုဆိုး စိုးရိမ်ပူဆွေးနေစဉ် (သွားသကဲ့သို့)' ငါတို့ သွားပါကုန်အံ့။

၇၇၆။ (ကောရဗျမင်းကြီး ငါသည် )လောက၌ ဥစ္စာရှိကုန်သော လူတို့ကို မြင်၏၊ (ထို သူတို့သည်) ဥစ္စာကို ရကုန်လျက် မိုက်မဲတွေဝေခြင်းကြောင့် မပေးကမ်းမလှူဒါန်းကုန်၊လောဘဖြင့်တပ်မက်ကြကုန်သည်ဖြစ်၍ ဥစ္စာကို စုဆောင်းကြကုန်၏၊ ကာမတို့ကို လွန်လွန် ကဲကဲတောင့်တကြကုန်၏။

၇၇၇။ ပြည့်ရှင်မင်းသည် မြေအပြင်ကို အနိုင်အထက် ပြုလျက် အောင်နိုင်ပြီးလျှင် သမုဒ္ဒရာအဆုံးအပိုင်းအခြားရှိသော မြေကို စိုးအုပ်နေရလျက် သမုဒ္ဒရာ၏ ဤဖက်အဖို့ကို (ရသော်လည်း) မရောင့်ရဲနိုင်သော သဘောရှိသည် ဖြစ်ရကား သမုဒ္ဒရာ၏ ထိုမှာဖက်ကို တောင့်တရာ၏။

၇၇၈။ မင်းသည်လည်းကောင်း၊ မင်းမှတစ်ပါး များစွာသော လူတို့သည်လည်းကောင်း (တဏှာ) မကင်းသေးသည်ဖြစ်၍ သေခြင်းသို့ ကပ်ရောက်ရကုန်၏။ စိတ်အလို မပြည့်ကြကုန် သည်ဖြစ်၍ သာလျှင်

ဤလူ့ကိုယ်ခန္ဓာကို စွန့်လွှတ်ကြရကုန်၏၊ ဤလောက၌ ဝတ္ထုကာမတို့ဖြင့် ရောင့်ရဲမှုမည်သည်မရှိသည်သာတည်း။

၇၇၉။ အဆွေအမျိုးတို့သည် (ထိုသေသော သူကို ရည်စူး၍) ဆံပင်တို့ကို ဖြန့်ကြဲကုန် လျက်မြည်တမ်းတသလျက် ငိုကြွေးကြကုန်၏၊ ''ငါတို့၏ (ဆွေမျိုးတို့သည်) မသေကုန်လေမူ ကား သြော်ကောင်းလေစွ''ဟုလည်း ဆိုကြကုန်၏၊ အဝတ်ဖြင့် ဖုံးအုပ်ထားသော ထို သူသေကောင်ကို ထိုအိမ်မှထုတ်ဆောင်ကာ ထင်းပုံထက်သို့ တင်ပြီးလျှင် မီးတိုက်ကြကုန်၏။

၇၈ဝ။ ထိုသူသေကောင်ကို တံစူးဝါးတို့ဖြင့် ထိုးဆွလျက် မီးတိုက်အပ်၏၊ ထိုသူသေကောင် သည်စည်းစိမ်ဥစ္စာတို့ကို စွန့်၍ အဝတ်တစ်ထည်တည်းဖြင့်သာ (သွားရ၏)၊ တမလွန်ဘဝ၌မိဘဆွေမျိုးတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့သည်လည်းကောင်း၊ ထိုမှတစ်ပါးသူငယ်ချင်းတို့သည်လည်းကောင်း သေသောသူ၏ ကိုးကွယ်မှီခိုရာတို့ မဖြစ်ကုန်။

၇၈၁။ အမွေခံတို့သည် ထိုသေသူ၏ ဥစ္စာကို သိမ်းဆည်း ယူဆောင်ကြကုန်၏၊ သေသောသတ္တဝါသည်ကား ကံအားလျော်စွာ (ထိုထိုဘဝသို့) သွားရောက်ရ၏၊ အလိုရှိအပ်သော ဝတ္ထုတစ်စုံတစ်ရာသည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ မယားတို့သည်လည်းကောင်း၊ (ရွှေငွေ) ဥစ္စာသည်လည်းကောင်း၊ တိုင်းနိုင်ငံသည်လည်းကောင်း သေသောသူ နောက်သို့မလိုက်ပါတော့ချေ။

၇၈၂။ အသက်ရှည်ခြင်းကို ပစ္စည်းဥစ္စာဖြင့် မရနိုင်၊ အိုခြင်းကို စည်းစိမ်ဥစ္စာဖြင့် မပယ် ဖျောက်မတားမြစ်နိုင်။

ဤအသက်ကို အလွန့်အလွန် နည်း၏၊ အမြဲ မရှိ၊ ဖောက်ပြန်သော သဘောရှိ၏ဟု ပညာရှိတို့ ဆိုကြကုန်၏။

၇၈၃။ ကြွယ်ဝသော သူတို့သည်လည်းကောင်း၊ ဆင်းရဲသော သူတို့သည်လည်းကောင်း (အလိုရှိအပ်, အလိုမရှိအပ်သော ) အတွေ့အထိကို တွေ့ထိကြရကုန်၏၊ ထို့အတူ ပင် သူမိုက်သည်လည်းကောင်း၊ ပညာရှိသည်လည်းကောင်း (အလိုရှိအပ်, အလိုမရှိအပ်သော ) အတွေ့ အထိကိုတွေ့ထိရ၏။ ထူးခြားချက်ကား သူမိုက်သည် (တစ်စုံတစ်ခုသော) အတွေ့အထိဖြင့် တွေ့ထိခဲ့သော်မိုက်သည်အဖြစ်ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ သာလျှင် အိပ်ရနေရ၏၊ ပညာရှိ သည်ကား (ဆင်းရဲသော) အတွေ့အထိဖြင့် တွေ့ထိသော်လည်း မတုန်လှုပ်ချေ။

၇၈၄။ ထို့ကြောင့် ပညာသည်သာလျှင် ဥစ္စာထက် မြတ်၏၊ ဤလောက၌ ယင်း ပညာဖြင့် (ဘဝ၏) အဆုံး (နိဗ္ဗာန်) ကို ရ၏၊ ဘဝပြီးဆုံးရာ နိဗ္ဗာန်ကို မရသေးရကား မိုက်မဲတွေဝေ မှုကြောင့် သူမိုက်သည်ဘဝကြီးငယ်တို့၌ မကောင်းမှုဒုစရိုက်တို့ကို ပြု၏။

၇၈၅။ (အကြင်သူသည် မကောင်းမှုတို့ကို ပြုလုပ်၍) အဆင့်ဆင့် ကျင်လည်ခြင်းသို့ ရောက်လျက်ပဋိသန္ဓေနေခြင်းသို့လည်းကောင်း၊ တမလွန်လောကသို့လည်းကောင်း ကပ် ရောက်ရ၏။

ထိုမကောင်းမှုကိုပြုသောသူ၏ (အပြုအမူကို) ယုံကြည်သော ပညာနည်းသော သူသည် (ထိုသူကဲ့သို့ ကျင့်၍) ပဋိသန္ဓေနေခြင်းသို့လည်းကောင်း၊ တမလွန်လောကသို့လည်းကောင်း ကပ်ရောက်ရ၏။

၇၈၆။ ယုတ်မာသော သဘောရှိသော ခိုးသူသည် (အိမ်ခြံစပ်ကို ဖောက်သည်ရှိသော်) အိမ်ခြံစပ်ဝ၌ (အစောင့်ယောက်ျားတို့၏) ဖမ်းဆီးခြင်းကို ခံရသည်ဖြစ်၍ (အိမ်ခြံစပ်ကို ဖောက်ခြင်းဟူသော) မိမိပြုမူမှုကြောင့် အညှဉ်းဆဲခံရသကဲ့သို့ ထို့အတူ ယုတ်မာသော သဘောရှိသော ဤသတ္တဝါအပေါင်းသည် (ဤဘဝက မကောင်းမှုတို့ကို ပြု၍) တမလွန်ဘဝသို့ နောက်ကာလ၌ မိမိ၏ မကောင်းမှုကံကြောင့် (ငရဲစသည်တို့၌ အညှဉ်းဆဲခံရ၏)။

၇၈၇။ ကောရဗျမင်းမြတ် ဝတ္ထုကာမတို့သည် ဆန်းကြယ်ကုန် သာယာဖွယ် နှလုံးမွေ့ လျော်ဖွယ်ဖြစ်ကုန်၍ အထူးထူးအပြားပြားသော သဘောဖြင့် (သာယာဖွယ်ကို ပြု၍) စိတ် နှလုံးကို မွှေနှောက်ချောက်ချားစေတတ်ကုန်၏၊ ထို့ကြောင့် ငါသည် ကာမဂုဏ်တို့၌ အပြစ်ကို ရှုမြင်၍ ရဟန်းပြုခဲ့၏။

၇၈၈။ ကောရဗျမင်းမြတ် သစ်သီးတို့သည် (မှည့်သော အခါ၌ဖြစ်စေ၊ စိမ်းသော အခါ၌ ဖြစ်စေ) ကြွေကျသကဲ့သို့ ထို့အတူ သတ္တဝါတို့သည် ငယ်ကုန်သော်လည်းကောင်း၊ ကြီးကုန် သော်လည်းကောင်း၊ ကိုယ်ခန္ဓာပျက်စီး၍ သေကြရကုန်၏။ ငါသည် ဤသို့ မမြဲသောအဖြစ်ကိုလည်း (ပညာမျက်စိဖြင့်) ရှုမြင်၍ ရဟန်းပြုခဲ့၏၊ မချွတ်မယွင်းသော ရဟန်း၏ အဖြစ်သည် သာလျှင် အထူးသဖြင့် ကောင်းမြတ်၏။

၇၈၉။ ငါသည် (ကံ ကံ၏အကျိုးကို) ယုံကြည်မှု 'သဒ္ဓါတရား' ဖြင့် ရဟန်းပြု၍ မြတ်စွာဘုရားသာသနာတော်၌ (ကောင်းသော အကျင့်သို့) ကပ်ရောက်၏၊ ငါ၏ ရဟန်းအဖြစ်သည် (အရဟတ္တဖိုလ်ကိုရသောကြောင့် ) အချည်းနှီး အကျိုးမရှိသည် မဟုတ်ပေ။ (ထို့ကြောင့်သာ လျှင် ကိလေသာ) ကြွေးမြီမရှိသည်ဖြစ်၍ (တိုင်းသူပြည်သားတို့၏) ဘောဇဉ်ကို သုံးဆောင်၏။

၇၉ဝ။ (ငါသည် ) ဝတ္ထုကာမ, ကိလေသာကာမတို့ကို (မီးတစ်ဆယ့်တစ်ပါးတို့ဖြင့်) တပြောင်ပြောင်တောက်လောင်သော အခြင်းအရာအားဖြင့် ရှုမြင်၍လည်းကောင်း၊ ရွှေငွေတို့ကို ဓားလက်နက်အနေအားဖြင့် ရှုမြင်၍လည်းကောင်း၊ အမိဝမ်း၌ ပဋိသန္ဓေနေသည်မှ စ၍ (အလုံးစုံသောသံသရာ၌ဖြစ်ခြင်း) ဆင်းရဲကို ရှုမြင်၍လည်းကောင်း၊ ငရဲကြီးရှစ်ထပ်တို့၌ (ခံစားရမည့်) ကြီးစွာသောဘေးကို ရှုမြင်၍လည်းကောင်း ရဟန်းပြုခဲ့၏။

၇၉၁။ ဤသို့ဆိုခဲ့ပြီးသော အပြစ်ကို သိ၍ ထိုမြတ်စွာဘုရားထံ၌ တရားနာရသော အခါ ထိတ်လန့်မှုသံဝေဂကို ရပြီ၊ ထိုငါသည် လူဖြစ်စဉ်အခါက ရာဂဟူသော ငြောင့်တံသင်းစသည် တို့စူးဝင်အပ်သော်လည်း (ယခုအခါ) အာသဝေါတရားတို့ကုန်ခြင်းသို့ ရောက်ပြီ။

၇၉၂။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်း လိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို နုတ်အပ်ပြီ။

၇၉၃။ အကြင်အရဟတ္တဖိုလ်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြု၏၊ အလုံးစုံသော နှောင်ကြိုး'သံယောဇဉ်'တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ်သော ထိုအကျိုး ကိုလည်း ငါ ရပြီ။

ဤသို့လျှင် ရဋ္ဌပါလမထေရ်သည် ရွတ်ဆို၏။

၅-မာလုကျပုတ္တတ္ထေရဂါထာ

ဆက္ကနိပါတ်၌ မာလုကျပုတ္တမထေရ် ရဟန္တာအဖြစ်ဖြင့် ရွတ်ဆိုသော ဂါထာများကို ပြခဲ့၏။ ဤ၌ကားပုထုဇဉ်အဖြစ်ဖြင့် မြတ်စွာဘုရားအား တရားအကျဉ်း ဟောတော်မူပါဟု တောင်းပန်သည်တွင် အကျဉ်းအားဖြင့် ဟောတော်မူရာ ထိုအကျဉ်းကိုဆောင်ယူသင်ကြား ထားကြောင်း ဖော်ပြသော ဂါထာများ။

၇၉၄။ ရူပါရုံကို မြင်၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူအား အောက်မေ့မှု 'သတိ'လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ရူပါရုံ၌) တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ခံစား၏၊ ထိုရူပါရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏။

၇၉၅။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ရူပါရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန် သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ရူပါရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ'သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏။ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူး သောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏။

၇၉၆။ သဒ္ဒါရုံကို ကြား၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူအား အောက် မေ့မှု 'သတိ'သည်လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် သဒ္ဒါရုံ၌) တပ်စွန်းသော စိတ်ရှိ သည်ဖြစ်၍ ခံစား၏၊ ထိုသဒ္ဒါရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏။

၇၉၇။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား သဒ္ဒါရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန်သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော သဒ္ဒါရုံတို့၌) ရှေးရှု ကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ'သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏။ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူးသောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏။

၇၉၈။ ဂန္ဓာရုံကို နမ်းရှူ၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူအား အောက် မေ့မှု 'သတိ' သည် လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ဂန္ဓာရုံ၌) တပ်စွန်းသော စိတ်ရှိ သည်ဖြစ်၍ ခံစား၏၊ ထိုဂန္ဓာရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏။

၇၉၉။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဂန္ဓာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန် သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ဂန္ဓာရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ' သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏၊ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူး သောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏။

၈ဝဝ။ ရသာရုံကို လျက်၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူအား အောက် မေ့မှု 'သတိ'သည် လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ရသာရုံ၌) တပ်စွန်းသော စိတ်ရှိ သည်ဖြစ်၍ ခံစား၏၊ ထိုရသာရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏။

၈ဝ၁။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ရသာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန်သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ရသာရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ' သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏။ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူးသောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏။

၈ဝ၂။ ဖောဋ္ဌဗ္ဗာရုံကို တွေ့၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသောသူအား အောက်မေ့မှု 'သတိ' သည် လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ဖောဋ္ဌဗ္ဗာရုံ၌) တပ်စွန်း သော စိတ်ရှိသည်ဖြစ်၍ ခံစား၏၊ ထိုဖောဋ္ဌဗ္ဗာရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုး သိမ်းပိုက်၍ တည်၏။

၈ဝ၃။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဖောဋ္ဌဗ္ဗာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန်သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ' သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏။ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူးသောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏။

၈ဝ၄။ ဓမ္မာရုံကို သိ၍ ချစ်မြတ်နိုးဖွယ်ဟု သုဘနိမိတ်ကို နှလုံးသွင်းသူသောအား အောက် မေ့မှု 'သတိ' သည် လွတ်ကင်း၏၊ (သတိလွတ်ကင်းသူသည် ဓမ္မာရုံ၌) တပ်စွန်းသော စိတ်ရှိ သည်ဖြစ်၍ ခံစား၏၊ ထိုဓမ္မာရုံကိုလည်း (ကောင်း၏ ကောင်း၏ဟု) လွှမ်းမိုးသိမ်းပိုက်၍ တည်၏။

၈ဝ၅။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား ဓမ္မာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော များစွာကုန် သော (သုခစသော) ဝေဒနာတို့သည် ပွါးကုန်၏၊ (ချစ်အပ်သော ဓမ္မာရုံတို့၌) ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သည်လည်းကောင်း၊ ညှဉ်းဆဲမှု 'ဝိဟိံသာ' သည်လည်းကောင်း ထိုပုဂ္ဂိုလ်၏ စိတ်ကိုညှဉ်းဆဲနှိပ်စက်၏။ ဤသို့ (ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဘဝါဘိသင်္ခါရကို) ဆည်းပူး သောသူအားဆင်းရဲမှု ဝဋ်ဒုက္ခ ဖြစ်၏၊ (ထိုသူကို) နိဗ္ဗာန်နှင့် ဝေး၏ဟု ဆိုအပ်၏။

၈ဝ၆။ ရူပါရုံကို မြင်လတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ရူပါရုံတို့၌ မတပ် မက်၊ (ရူပါရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုရူပါရုံကိုလည်း လွှမ်းမိုးသိမ်းပိုက်၍ မတည်။

၈ဝ၇။ ရူပါရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် ရှုသော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုရူပါရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝနဖြင့်) မှီဝဲသော သူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်းသို့ မရောက်။ ဤသို့သော အကျင့်ဖြင့်ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊

ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကိုမဂ်ပညာဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟူ၍ ဆိုအပ်၏။

၈ဝ၈။ သဒ္ဒါရုံကို ကြားလတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် သဒ္ဒါရုံတို့၌ မတပ်မက်၊ (သဒ္ဒါရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထို သဒ္ဒါရုံကိုလည်းလွှမ်းမိုးသိမ်းပိုက်၍ မတည်။

၈ဝ၉။ သဒ္ဒါရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် နားထောင်သော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုသဒ္ဒါရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝန ဖြင့်) မှီဝဲသောသူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်းသို့မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏။

၈၁ဝ။ ဂန္ဓာရုံကို နမ်းရှူလတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ဂန္ဓာရုံတို့၌ မတပ်မက်၊ (ဂန္ဓာရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုဂန္ဓာရုံ ကိုလည်း လွှမ်းမိုးသိမ်းပိုက်၍ မတည်။

၈၁၁။ ဂန္ဓာရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် နမ်းရှူသော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုဂန္ဓာရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝနဖြင့်) မှီဝဲ သောသူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်းသို့ မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏။

၈၁၂။ ရသာရုံကို လျက်လတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ရသာရုံတို့၌ မတပ်မက်၊ (ရသာရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုရသာရုံ ကိုလည်းလွှမ်းမိုးသိမ်းပိုက်၍ မတည်။

၈၁၃။ ရသာရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် လျက်သော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုရသာရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝနဖြင့်) မှီဝဲသောသူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်း သို့မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသော ပုဂ္ဂိုလ်အား နိဗ္ဗာန် နှင့် နီး၏ဟုဆိုအပ်၏။

၈၁၄။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ဖောဋ္ဌဗ္ဗာရုံ တို့၌မတပ်မက်၊ (ဖောဋ္ဌဗ္ဗာရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုဖောဋ္ဌဗ္ဗာရုံကိုလည်း လွှမ်းမိုးသိမ်းပိုက်၍ မတည်။

၈၁၅။ ဖောဋ္ဌဗ္ဗာရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် တွေ့ထိသော ယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာ သေဝနဖြင့်) မှီဝဲသော သူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်းသို့မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသောပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၈၁၆။ ဓမ္မာရုံကို သိလတ်သော် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည် ဓမ္မာရုံတို့၌ မတပ် မက်၊ (ဓမ္မာရုံ၌) တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ အာရုံကို ခံစား၏၊ ထိုဓမ္မာရုံကိုလည်း လွှမ်းမိုးသိမ်းပိုက်၍မတည်။

၈၁၇။ ဓမ္မာရုံကို အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်လောက်အောင် သိသော ထိုယောဂီပုဂ္ဂိုလ်အားလည်းကောင်း၊ (ထိုဓမ္မာရုံကို အာရုံပြု၍ ဖြစ်သော) ဝေဒနာကို (ဂေါစရာသေဝနဖြင့်) မှီဝဲသောသူအားလည်းကောင်း (ကိလေသာဝဋ်အားလုံး) ကုန်ခြင်းသို့ ရောက်၏၊ ပွါးစီးခြင်း သို့မရောက်။ ဤသို့သော အကျင့်ဖြင့် ထိုယောဂီပုဂ္ဂိုလ်သည် သတိရှိသည်ဖြစ်၍ နေ၏၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့် ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးသောပုဂ္ဂိုလ်အား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

ဤသို့လျှင် မာလုကျပုတ္တမထေရ်သည် ရွတ်ဆို၏။

၆-သေလတ္ထေရဂါထာ

လုလင်သုံးရာတို့၏ဆရာ ဗေဒင်သုံးပုံဆောင် သေလပုဏ္ဏားကြီးသည် ဘုရားရှင်ထံ ရောက်လာကာလက္ခဏာတော်များကို စုံစမ်းရင်း ချီးကျူးလျှောက်ထား၍ ဘုရားရှင်၌ အကြွင်းမရှိ ယုံကြည်ကြည်ညိုလျက့်လုလင်သုံးရာနှင့်တကွ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ခံယူကြ၏။ ဤသို့ရဟန်းဖြစ်ကြပြီးနောက် ဝိပဿနာပွါးများကြသည်တွင် အရဟတ္တဖိုလ်သို့ ရောက်ကြ၏။ ထိုအခြင်းအရာနှင့်စပ်လျဉ်းသော ဂါထာများ။

၈၁၈။ ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် မဟာပုရိသ လက္ခဏာတို့နှင့်တင်းတင်းပြည့်ညီသော ကိုယ်ရှိတော်မူပါပေ၏၊ ကောင်းသော ကိုယ်တော် ရောင် ရှိတော်မူပါပေ၏၊ လုံးရပ်သဏ္ဌာန်တို့ဖြင့် ကောင်းစွာ ဖြစ်တော်မူပါပေ၏၊ ကြည့်ရှုသူတို့ နှစ်သက်စဖွယ် တင့်တယ်သောအဆင်းရှိတော်မူပါပေ၏၊ ရွှေအဆင်းနှင့် တူသော အဆင်း ရှိတော်မူပါပေ၏၊ ဖွေးဖွေးဖြူစင်သောစွယ်တော်ရှိတော်မူပါပေ၏။

၈၁၉။ 'လုံးရပ်သဏ္ဌာန်တို့ဖြင့် ကောင်းစွာ ဖြစ်သော ယောက်ျားမြတ်၏ ကိုယ်၌ မဟာပုရိသလက္ခဏာတို့သည် ထင်ရှားပြလျက် ဖြစ်ပေါ်နေကုန်သကဲ့သို့' အရှင်ဘုရား၏ ကိုယ် တော်၌လည်းမဟာပုရိသလက္ခဏာ အားလုံးတို့သည် ထင်ရှားပြလျက် ဖြစ်ပေါ်နေပါကုန်၏။

၈၂ဝ။ မြတ်စွာဘုရား အရှင်ဘုရားသည် ကြည်လင်သော မျက်လုံးရှိတော်မူသည် (လပြည့် ဝန်းကဲ့သို့) တင့်တယ်သော မျက်နှာရှိတော်မူသည် (လုံးရပ်သဏ္ဌာန်ပြည့်စုံသဖြင့်) ကျယ်ပြန့် တော်မူ၍ (ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့) ဖြောင့်မတ်သော ကိုယ်ရှိတော်မူသည် တောက်ပသော အရောင်ရှိတော်မူသည်ဖြစ်၍ ရဟန်းအပေါင်း၏ အလယ်၌ 'နေမင်းကဲ့သို့' တင့်တယ်တော်မူပါ ပေ၏။

၈၂၁။ ရဟန်း (အရှင်ရဟန်းသည်) ကြည့်ရှုသူတို့၏ မျက်စိ၌ ကောင်းသော အမြင် ရှိတော်မူပါပေ၏၊ ရွှေနှင့်တူသော ကိုယ်ရေအဆင်း ရှိတော်မူပါပေ၏၊ ဤသို့လျှင် မြတ်သော အဆင်းနှင့် ပြည့်စုံတော်မူသောအရှင်ဘုရားအား ရဟန်း၏ အဖြစ်ဖြင့် အဘယ်အကျိုးရှိပါ အံ့နည်း။

၈၂၂။ (အရှင်ရဟန်းသည်) သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် မြေကို အစိုးရသော ရန်အပေါင်းကိုအောင်မြင်သော ဇမ္ဗူဒိပ်နှင့်တကွ လေးကျွန်းလုံးကို အစိုးရသော ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော စကြဝတေးမင်း ဖြစ်ရန် ထိုက်တန်တော်မူပါပေ၏။

၈၂၃။ မင်းမျိုးမင်းနွယ်တို့သည်လည်းကောင်း၊ မြို့စားရွာစားမင်းတို့သည်လည်းကောင်း၊ ဘိသိက်ခံပြီးမင်းတို့သည်လည်းကောင်း အရှင်၏ နောက်လိုက် အရံမင်းတို့ ဖြစ်ကြပါစေ။ ဂေါတမနွယ်ဖွားမြတ်စွာဘုရား (အရှင်ဘုရားသည် ) လူတို့ကို အစိုးရသော မင်းတကာတို့ ပူဇော်ထိုက်သော စကြာမင်းပြုတော်မူပါလော့ (ဟု သေလပုဏ္ဏားက လျှောက်၏)။

၈၂၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏)၊ သေလ ငါသည် မင်း ဖြစ်၏၊ အတုမရှိသောတရားမင်း ဖြစ်၏၊ (ထိုငါသည် ) တရားဖြင့် အာဏာစက်ကို လည်စေပြီ၊ တစ်ဦးတစ်ယောက်မျှမလည်စေနိုင်သော ဓမ္မစက်ကို လည်စေတော်မူ၏ (ဟု မြတ်စွာဘုရား မိန့်တော်မူ၏)။

၈၂၅။ (သေလပုဏ္ဏားသည် ဤသို့ လျှောက်၏)၊ ဂေါတမနွယ်ဖွား မြတ်စွာဘုရား အရှင် သည်ဘုရားဟူ၍ ဝန်ခံတော်မူပါ၏၊ အတုမရှိသော တရားမင်း ဖြစ်၏၊ တရားဖြင့် အာဏာ စက်ကိုလည်စေ၏ဟု မိန့်ဆိုတော်မူပါပေ၏။

၈၂၆။ ဆရာ့အလိုသို့ လိုက်၍ အရှင်၏ စကားကို နာယူသော စစ်သူကြီးကား အဘယ်သူ ပါနည်း၊ အရှင်သခင် လည်စေနိုင်သော ဓမ္မစက်ကို အဘယ်သူသည် အတုလိုက်၍ လည်စေနိုင် ပါသနည်း။

၈၂၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏)၊ သေလ ငါသည် ဓမ္မစက်ကို လည်စေအပ်ပြီ၊ မြတ်စွာဘုရား၏ အနုဇာတသားဖြစ်သော သာရိပုတြာသည် အတုမရှိ မြတ် သော ဓမ္မစက်ကိုအတုလိုက်၍ လည်စေ၏။

၈၂၈။ ပုဏ္ဏား ငါသည်ကား ထူးသောဉာဏ်ဖြင့် သိထိုက်သော ဝိဇ္ဇာနှင့် ဝိမုတ္တိကို ထူးသောဉာဏ်ဖြင့်သိသူ၊ ပွါးများထိုက်သော မဂ္ဂသစ္စာတရားကို ပွါးများပြီးသူ၊ ပယ်ထိုက် သော သမုဒယသစ္စာကို ပယ်ပြီးသူ ဖြစ်သောကြောင့် သစ္စာလေးပါးကို သိပြီးသူ 'ဗုဒ္ဓ'ဖြစ်၏။

၈၂၉။ ပုဏ္ဏား ငါ့အပေါ်၌ ယုံမှားမှု 'ကင်္ခါ' ကို ပယ်ဖျောက်လော့၊ အတိအကျ ဆုံးဖြတ်လော့၊ မြတ်စွာဘုရားတို့အား ဖူးမြင်ရခြင်းသည် အလွန်ပင် ရခဲလှ၏။

၈၃ဝ။ ပုဏ္ဏားလောက၌ သမ္ဗုဒ္ဓဘုရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် အလွန်ပင် ရခဲလှ၏၊ ငါသည် (ရာဂစသော) မြားငြောင့်တို့ကို ပယ်နုတ်ပြီးသူဖြစ်၍ မိမိထက် လွန်မြတ်သူ မရှိသော'သမ္ဗုဒ္ဓ'ဘုရားပင်တည်း။

၈၃၁။ ဗြဟ္မာမင်းသဖွယ် ဖြစ်သော နှိုင်းယှဉ်မှု အတုကို လွန်ပြီးသော မာရ်စစ်သည် အပေါင်းကိုနှိမ်နင်းပြီးသော ငါသည် ရန်သူအားလုံးကို အလိုသို့ လိုက်ပါစေ၍ တစ်စုံတစ်ခုမျှ ဘေးမခဘဲဝမ်းမြောက်ရ၏။

၈၃၂။ (သေလပုဏ္ဏားသည် တပည့်တို့အား ဤသို့ ပြောဆို၏)၊ အမောင်လုလင်တို့ ငါးပါးသောမျက်စိအမြင်ရှိသည်ဖြစ်၍ (ရာဂစသော) မြားငြောင့်ကို ပယ်နုတ်ပြီးသော ကြီးမြတ် သောဝီရိယရှိတော်မူသော မြတ်စွာဘုရားသည် 'တော (အတွင်း) ဝယ် ခြင်္သေ့မင်း ဟောက် သကဲ့သို့'ဟောတော်မူအပ်သော စကားကို နာယူမှတ်သားကြကုန်လော့။

၈၃၃။ ဗြဟ္မာမင်းသဖွယ် ဖြစ်တော်မူသော နှိုင်းယှဉ်မှု အတုကို လွန်တော်မူပြီးသော မာရ်စစ်သည်အပေါင်းကို နှိမ်နင်းတော်မူပြီးသော မြတ်စွာဘုရားကို ဖူးမြင်ရမူ အမျိုးဇာတ် ယုတ်နိမ့်သူပင်ဖြစ်ငြားသော်လည်း အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။

၈၃၄။ ငါသည် ဤအရပ်၌ မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ရဟန်းပြုတော့အံ့၊ ရဟန်းပြုလိုသူသည် ငါ့ကို အတုလိုက်၍ ရဟန်းပြုလော့၊ ရဟန်း မပြုလိုသူသည်အလိုရှိရာသို့ သွားပါလေလော့။

၈၃၅။ အရှင်၏ စိတ်သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြုရန် အကယ်၍ နှစ်သက်ခဲ့ပါမူအကျွန်ုပ်တို့သည်လည်း မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏ အထံတော်၌ရဟန်းပြုကြပါကုန်အံ့ (ဟု တပည့်တို့က ဆို၏)။

၈၃၆။ မြတ်စွာဘုရား သုံးရာကုန်သော ဤပုဏ္ဏားတို့သည် လက်အုပ် ချီကြကုန်လျက် (ရဟန်းပြုရန်) တောင်းပန်ကြပါကုန်၏၊ အကျွန်ုပ်တို့သည် အရှင်ဘုရား၏ အထံတော်၌ မြတ်သော အကျင့်ကို ကျင့်သုံးလိုပါကုန်၏ (ဟု လျှောက်ထားတောင်းပန်၏)။

၈၃၇။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏)၊ သေလ အကြင်အကျင့်ကို ကျင့်သည် ရှိသော်မမေ့မလျော့မူ၍ ကျင့်သော အမျိုးကောင်းသား၏ ရဟန်းအဖြစ်သည် အချည်းနှီး မဖြစ်နိုင်၊ ကောင်းစွာဟောအပ်သော မျက်မှောက်ထင်ထင် ကိုယ်တိုင် သိမြင်နိုင်သော အခါ မလင့် အကျိုးပေးနိုင်သောထိုအကျင့်မြတ်ကို ကျင့်ကြကုန်လော့။

၈၃၈။ ငါးပါးသော မျက်စိအမြင်ရှိတော်မူသော မြတ်စွာဘုရား (အကျွန်ုပ်တို့သည်) ဤနေ့မှ စ၍ရေတွက်သော် ရှစ်ရက်မြောက်သော နေ့၌ အရှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြပါကုန်၏၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့သည် ခုနစ်ညဥ့်မျှဖြင့် အရှင်ဘုရား၏ သာသနာတော်၌ ယဉ်ကျေးသူတို့ ဖြစ်ကြရပါကုန်၏။

၈၃၉။ မြတ်စွာဘုရား အရှင်ဘုရားသည် သစ္စာလေးပါးကို သိပြီးသော ဘုရားဖြစ်တော်မူ ပါပေ၏၊ အရှင်ဘုရားသည် လူ နတ်တို့၏ ဆရာဖြစ်တော်မူပါပေ၏၊ အရှင်ဘုရားသည် မာရ် ငါးပါးကိုနှိမ်နင်းနိုင်သော ဘုရားဖြစ်တော်မူပါပေ၏၊ အရှင်ဘုရားသည် အနုသယတို့ကို ဖြတ်တောက်လျက် (သံသရာဝဲမှ) ကူးမြောက်ပြီး၍ ဤသတ္တဝါအပေါင်းကို သံသရာမှ ကယ် တင်တော်မူပါပေ၏။

၈၄ဝ။ အရှင်ဘုရားသည် ဥပဓိလေးပါးတို့ကို ကောင်းစွာ လွန်မြောက်တော်မူပါပြီ၊ အာသဝတရားတို့ကို (မဂ်ဖြင့်) ဖောက်ခွဲဖျက်ဆီးအပ်ပါကုန်ပြီ၊ အရှင်ဘုရားသည် ခြင်္သေ့သဖွယ် ဖြစ်တော်မူပါပေ၏၊ တစ်စုံတစ်ရာ စွဲလမ်းမှု မရှိသူ၊ ကြောက်ခြင်း, ထိတ်လန့်ခြင်းတို့ကို ပယ် ပြီးသူ ဖြစ်တော်မူပါပေ၏။

၈၄၁။ သုံးရာသော ဤရဟန်းတို့သည် လက်အုပ်ချီလျက် တည်နေကြပါကုန်၏၊ လုံ့လ ရှိတော်မူသောမြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ဆန့်တန်းတော်မူပါလော့၊ ရဟန္တာတို့သည် မြတ်စွာဘုရားအား ရှိခိုးကြပါစေကုန်သတည်း။

ဤသို့လျှင် သေလမထေရ်သည် ရွတ်ဆို၏။

၇-ကာဠိဂေါဓာပုတ္တဘဒ္ဒိယတ္ထေရဂါထာ

သာကီဝင်မင်းသား ဘဒ္ဒိယသည် အနုရုဒ္ဓါစသော မင်းသားငါးဦးတို့နှင့်အတူ အနုပိယ သရက်ဥယျာဉ်၌သီတင်းသုံးတော်မူသော ဘုရားရှင့်ထံ ရောက်လာရဟန်းပြုကြ၍ ရဟန္တာ ဖြစ်ကြ၏။

ဥစ္စာကုလိကဧတဒဂ်ရဖြစ်၏။ အစဉ်မပြတ် ''ချမ်းသာလေစွ၊ ချမ်းသာလေစွ''ဟု ဥဒါန်းကျူးနေသည်ကိုရဟန်းများကအထင်မှား၍ ဘုရားထံလျှောက်သဖြင့် ခေါ်ယူမေးစစ်ရာ ရှေးအခါမင်းဖြစ်စဉ်ကအစောင့်အရှောက်တွေ ရှိပါလျက် ထိတ်လန့်နေရ၏။ ယခုအခါ ရဟန်းဖြစ်၍

ဤသို့မထိတ်လန့်ရကြောင်းဘုရားရှင်မျက်မှောက်တွင် ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ။

၈၄၂။ (မြတ်စွာဘုရား အကျွန်ုပ်သည် ရှေးအခါက ) ဆင်ဦးကင်း၌ ထိုင်၍ သွားလာခဲ့ပါ၏၊ နူးညံ့သောအဝတ်ပုဆိုးတို့ကို သာ ဝတ်ခဲ့ပါ၏၊ စင်ကြယ်သော သားပြွမ်းသလေးထမင်းကိုသာ စားခဲ့ပါ၏။

၈၄၃။ ယခုအခါ (ရဟန်းအဖြစ်၌ တည်သော) ကောင်းမြတ်သော (မျက်မှောက်ဘဝဝယ် ချမ်းသာစွာနေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည် သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် သပိတ်၌ရောက်လာသော ဆွမ်းဖြင့်သာ မွေ့လျော်ရောင့်ရဲပါ၏၊ (ကာဠိ) ဂေါဓာ (မည်သော မင်းသမီး)၏သားဖြစ်သော ဘဒ္ဒိယသည် (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ (ဖလသမာပတ်ဈာန်ဖြင့်) ဈာန်ဝင်စား၏။

၈၄၄။ ပံ့သကူဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည် သပိတ် လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် သပိတ်၌ရောက်လာသော ဆွမ်းဖြင့်သာ မွေ့လျော်ရောင့်ရဲပါ၏၊ (ကာဠိ) ဂေါဓာ (မည်သော မင်းသမီး)၏သားဖြစ်သော ဘဒ္ဒိယသည် (တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ (ဖလသမာပတ် ဈာန်ဖြင့်) ဈာန်ဝင်စား၏။

၈၄၅။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၄၆။ တိစီဝရိက်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၄၇။ အိမ်စဉ်မပြတ် ဆွမ်းရပ်ခြင်း'သပဒါန'ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက် မှောက်ဘဝဝယ်ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၄၈။ ဧကာသနိက်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၄၉။ ပတ္တပိုဏ်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅ဝ။ အတိရိက်ဝိနည်းကံ ပြု၍ ဘောဇဉ်ကို ဘုဉ်းပေးခြင်းကို ပယ်သော 'ခလုပစ္ဆာဘတ္တိက'ဓူတင်ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း ၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သောအကျွန်ုပ်သည်။ပ။

၈၅၁။ အရညကင်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌)့ မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅၂။ ရုက္ခမူဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅၃။ အဗ္ဘောကာသိကဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅၄။ သုသာန်ဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅၅။ ရှေးဦးစွာ ညွှန်သော နေရာ၌ နေလေ့ရှိသော ယထာသန္တတိကဓူတင် ဆောက် တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅၆။ နေသဇ္ဇိကဓူတင် ဆောက်တည်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅၇။ ပစ္စည်းလေးပါး၌ အလိုနည်းသည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅၈။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏ အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၅၉။ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်သည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၆ဝ။ လူတို့နှင့် ရောနှောခြင်း မရှိသည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၆၁။ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ (မျက်မှောက်ဘဝဝယ် ချမ်းသာစွာ နေခြင်း၌) မြဲသည်၏အဖြစ်နှင့် ယှဉ်သော အကျွန်ုပ်သည်။ပ။

၈၆၂။ ပိုလ်အချိန်တစ်ရာရှိသော အနားရေးတစ်ရာရှိသော ရွှေလင်ပန်းကို ပယ်စွန့်၍ မြေသပိတ်ကိုစွဲကိုင်ခဲ့ပြီ၊

ဤရွှေလင်ပန်းကို ပယ်စွန့်၍ မြေသပိတ်ကို စွဲကိုင်ခြင်းသည် နှစ်ကြိမ်မြောက်သောအဘိသိက်သွန်းခြင်းပါတည်း။

၈၆၃။ ငါသည် မင်းဖြစ်စဉ် ရှေးအခါက တံတိုင်းဝန်းတို့ဖြင့် ခြံရံအပ်သော ခိုင်မြဲသော ပြအိုးပစ္စင်တံခါးမုခ်တို့နှင့်ပြည့်စုံသော မြို့၌ မြင့်သောပြာသာဒ်ထက်ဝယ် သန်လျက်လက်စွဲကုန်သော ယောက်ျားတို့စောင့်ရှောက်အပ်သည်ဖြစ်လျက် ထိတ်ထိတ်လန့်လန့် နေခဲ့ရ၏။

၈၆၄။ ယခုအခါ (ရဟန်းအဖြစ်၌ တည်သော) ကောင်းမြတ်သော ငါသည် မထိတ်မလန့် ရတော့ဘဲပယ်အပ်ပြီးသော ဘေးဘျမ်းရှိသည်ဖြစ်၍ (နေရပြီ)၊ (ကာဠိ) ဂေါဓာ (မည်သော မင်းသမီး)၏သားဖြစ်သော ဘဒ္ဒိယသည် တောသို့ သက်ဝင်၍ (ဖလသမာပတ်ဈာန်ဖြင့်) ဈာန်ဝင်စား၏။

၈၆၅။ သီလကျေးဇူး၌ တည်၍ သတိကိုလည်းကောင်း၊ ပညာကိုလည်းကောင်း ပွါးစေ လျက်အစဉ်သဖြင့် သံယောဇဉ်အားလုံးတို့၏ကုန်ခြင်းသို့ ရောက်ပြီ။

ဤသို့လျှင် ကာဠိဂေါဓာ (မည်သော မင်းသမီး)၏ သားဖြစ်သော ဘဒ္ဒိယမထေရ်သည် ရွတ်ဆို၏။

၈-အင်္ဂုလိမာလတ္ထေရဂါထာ

ကောသလမင်းကြီး၏ ပရောဟိတ်သား အင်္ဂုလိမာလသည် ဆင်ပြောင်ခုနစ်စီးအားကို ဆောင်နိုင်၏။ တက္ကသိုလ်ပြည် ဆရာ့ထံတွင် ပညာသင်ကြားစဉ် မလိုသူတို့၏ ပြောစကားကြောင့် လူသတ်သမားဖြစ်ရ၏။ အမိကိုပင် သတ်ရန်လိုက်နေဆဲ ဘုရားရှင် ကြွလာရာ ဘုရားကို ဆက်၍လိုက်ပြန်၏။ မမှီနိုင်၍့ရပ်လော့ဟုဆိုသည်တွင် ''သင်သာ မရပ်၊ ငါကားရပ်၏''ဟု မိန့်တော်မူသော စကားအရဖြေရှင်းဟောပြသည်ကို သဘောကျ၍ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ခံယူပြီးနောက် ဝိပဿနာကို ပွါးများရာအရဟတ္တဖိုလ်သို့ ရောက်၏။ ထိုအခါ ဝိမုတ္တိချမ်းသာကို ခံစားရင်း ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာများ။

၈၆၆။ ရှင်ရဟန်း သင်သည် သွားနေသည်သာ ဖြစ်ပါလျှက် ငါ ရပ်နေသူ ဖြစ်၏ဟု ဆိုဘိ၏၊ ရပ်နေသောအကျွန်ုပ်ကိုမူကား မရပ်ဟု ဆိုဘိ၏၊ ရှင်ရဟန်း ရှင်ရဟန်းအား ထို အကြောင်းကို မေးပါ၏၊ အဘယ်အကြောင်းကြောင့် ရှင်ရဟန်းသည် ရပ်နေသူဖြစ်၍ အကျွန်ုပ် ကား ရပ်နေသူ မဟုတ် (ပြေးသွားနေသူ) ဖြစ်ရပါသနည်း (ဟု အင်္ဂုလိမာလက လျှောက်၏)။

၈၆၇။ အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း သတ္တဝါအားလုံးတို့၌ တုတ်လက်နက်ကို စွန့်ပယ်ချထား၍ရပ်တည်၏၊ သင် (အင်္ဂုလိမာလ) မူကား သတ္တဝါတို့၌ (ကိုယ်နှုတ်ဖြင့်) စောင့်စည်းမှုမှ ကင်းသူဖြစ်၏၊ ထို့ကြောင့် ငါသည် (ဘဝထိုထို၌ မသွားတော့ဘဲ) ရပ်တည် နေသူမည်၏၊ သင်သည်မူကား မရပ်မတည် (ဘဝထိုထို၌) သွားနေသူဖြစ်၏ (ဟု မြတ်စွာဘုရား မိန့်တော်မူ၏)။

၈၆၈။ ပူဇော်အပ်သော သီလက္ခန္ဓစသည့် မြတ်သော တရားကို ရှာပြီးသော ကိလေသာ တို့ကို ငြိမ်းစေအပ်ပြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား (ချီးမြှောက်တော်မူခြင်းငှါ) တောအုပ်ကြီးသို့ကြာမြင့်မှပင် ကြွလာတော်မူပေစွတကား၊ အကျွန်ုပ်သည် အရှင်ဘုရား၏ တရားနှင့် စပ်သော ဂါထာကိုကြားနာရသောကြောင့် အထောင်မက များပြားသော မကောင်း မှုကို စွန့်ပါတော့အံ့။၊

၈၆၉။ ဤသို့ ဆိုပြီးသည့် အခြားမဲ့၌လျှင် (အင်္ဂုလိမာလ) ခိုးသူသည် သန်လျက်ကိုလည်းကောင်း၊ (ကြွင်းသော လေး, လှံစသော) လက်နက်ကိုလည်းကောင်း တောင်ကြားချောက် ကမ်းပါး၌ ပစ်စွန့်လေ၏၊ (ထိုလက်နက်တို့ကို စွန့်ပြီးလျှင်) (အင်္ဂုလိမာလ) ခိုးသူသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ထိုအရပ်၌ပင်လျှင် မြတ်စွာဘုရားအား ရဟန်းအဖြစ် ကို တောင်းပန်၏။

၈၇ဝ။ ထိုအခါ စင်စစ် သနားခြင်း 'ကရုဏာ'ရှိတော်မူသော၊ မြတ်သော သီလက္ခန္ဓစသောတရားအပေါင်းကို ရှာတော်မူပြီးသော၊ နတ်နှင့်တကွသော သတ္တလောက၏ ဆရာဖြစ်တော်မူ သောမြတ်စွာဘုရားသည် ထိုအင်္ဂုလိမာလကို ''ရဟန်း လာလှည့် (ဧဟိဘိက္ခု)''ဟူ၍ မိန့်တော်မူ၏၊ ဤသို့''ဧဟိဘိက္ခု''ဟု မိန့်တော်မူခြင်းသည် ပင်လျှင် ထိုအင်္ဂုလိမာလ၏ ရဟန်း အဖြစ် ဖြစ်လေ၏။

၈၇၁။ အကြင်သူသည် ရှေးအခါက မေ့လျော့ခဲ့၍ နောက်အခါ၌ မမေ့မလျော့၊ ထိုသူသည် တိမ်တိုက်မှလွတ်သောလကဲ့သို့ ဤ (သြကာသ)လောကကို ထွန်းလင်းစေ၏။

၈၇၂။ အကြင်သူသည် ပြုအပ်ပြီးသော မကောင်းမှုကံကို ကုသိုလ်ကံဖြင့် ပိတ်ပင်အပ်၏၊ ထိုသူသည်တိမ်တိုက်မှ လွတ်သော လကဲ့သို့ ဤ (သြကာသ)လောကကို ထွန်းလင်းစေ၏။

၈၇၃။ ပျိုမျစ်နုနယ်သော ရဟန်းသည် ဘုရားရှင်သာသနာတော်၌ စင်စစ် လုံ့လကြိုး ကုတ် အားထုတ်၏၊ ထိုပျိုမျစ်နုနယ်သော ရဟန်းသည် 'တိမ်တိုက်မှ လွတ်သော လကဲ့သို့' ဤ (သြကာသ)လောကကိုထွန်းလင်းစေ၏။

၈၇၄။ (ငါ၏) ရန်သူတို့သည်လည်း ငါ၏ တရားစကားကို နာစေကုန်သတည်း၊ ငါ၏ ရန်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ကျင့်စေကုန်သတည်း၊ အကြင်သူတော်ကောင်း တို့သည် ကုသိုလ်တရားကိုသာလျှင် ယူစေကုန်၏၊ ငါ၏ ရန်သူဖြစ်ကုန်သော ထိုသူတို့သည် ထိုသူတော်ကောင်းတို့သို့ ဆည်းကပ်စေကုန်သတည်း။

၈၇၅။ ငါ၏ ရန်သူတို့သည် သည်းခံမှုကျေးဇူးကို ဆိုတတ်ကုန်သော (တစ်စုံတစ်ယောက် သောသူနှင့်) မဆန့်ကျင်သည့် မေတ္တာဖြင့်သာ ချီးမွမ်းလေ့ရှိကုန်သော သူတို့၏ တရားကို လျောက်ပတ်သော အခါဝယ်နာစေကုန်သတည်း၊ ထိုတရားကိုလည်း (ကောင်းစွာ သင်ယူ၍) အတုလိုက်၍ ကျင့်စေကုန်သတည်း။

၈၇၆။ (ငါ၏) ထိုရန်သူသည် စင်စစ်သဖြင့် ငါ့ကို မညှဉ်းဆဲစေသတည်း၊ အခြားတစ်ပါး သောတစ်စုံတစ်ယောက်သော သတ္တဝါကိုလည်း မညှဉ်းဆဲစေသတည်း၊ မြတ်သော နိဗ္ဗာန်သို့ ရောက်ပြီးလျှင်အလုံးစုံသော သတ္တဝါတို့ကို (မြတ်သော စောင့်ရှောက်ခြင်းဖြင့်) စောင့်ရှောက် စေသတည်း။

၈၇၇။ ရေကို ဆောင်သော သူတို့သည် (မိမိလိုရာ အရပ်သို့) ရေကို ဆောင်ကုန်၏၊ လေးသမားတို့သည် မြားကို (မီးကင်၍) ဖြောင့်အောင် ပြုကုန်၏၊ တစည်းသစ်ရွေသမား တို့သည် သစ်ကို (အလိုရှိသလို) ရွေကုန်၏၊ ဤအတူ ကောင်းသော အကျင့်ရှိကုန်သော ပညာရှိတို့သည် (သောတာပတ္တိမဂ် စသည်ကိုဖြစ်စေကုန်လျက်) မိမိကိုယ်ကို ဆုံးမကုန်၏။

၈၇၈။ (မင်းစသော) အချို့သော သူတို့သည် တုတ်လှံကန်ဖြင့်လည်းကောင်း၊ (ဆင်ဆရာ သည်) ချွန်းတောင်းတို့ဖြင့်လည်းကောင်း၊ (မြင်းဆရာသည်) ကြိမ်လုံးတို့ဖြင့်လည်းကောင်း ဆုံးမကုန်၏၊ ငါ့ကိုမူကား တုတ်လှံကန်မရှိဘဲ လက်နက်မရှိဘဲလျက် တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသောမြတ်စွာဘုရားသည် ဆုံးမတော်မူပြီ။

၈၇၉။ (မြတ်စွာဘုရားနှင့် မတွေ့ဆုံမီ) ရှေးအခါက ငါ၏ အမည်သည် ညှဉ်းဆဲတတ်သူ 'ဟိံသက'ဖြစ်ပါလျက် မညှဉ်းဆဲတတ်သူ 'အဟိံသက'ဟူ၍ အမည်ရှိ၏၊ ယခု မညှဉ်းဆဲ တတ်သူ 'အဟိံသက'ဟုမှန်သော အမည်ရှိပြီ၊ (ထို့ကြောင့်) တစ်စုံတစ်ယောက်သော သတ္တဝါ ကို ငါ မညှဉ်းဆဲ။

၈၈ဝ။ ငါသည် ရှေးအခါက အင်္ဂုလိမာလဟူ၍ ထင်ရှားကျော်စောသော ခိုးသူဖြစ်ခဲ့ပါ၏၊ (ကာမောဃစသော) ကြီးပွါးသော သြဃဖြင့် မျောနေစဉ် မြတ်စွာဘုရားကို ဆည်းကပ် ကိုးကွယ်ခြင်းသို့ ရောက်ခဲ့ပါ၏။

၈၈၁။ (ငါသည် ) ရှေးအခါက အင်္ဂုလိမာလဟူ၍ ထင်ရှားကျော်စောလျက် (သူတစ်ပါးတို့၏) သွေးဖြင့်စွန်းပေသော လက်ရှိခဲ့၏၊ (မြတ်စွာဘုရားအား) ကိုးကွယ်ရာဟု ဆည်းကပ်သည်ကို ရှုပါလော့၊ ငါသည် ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာ ကို ကောင်း စွာ ပယ် နတုြ်ပီး ပြ။ီ

၈၈၂။ (ငါသည် ) များစွာသော ဒုဂ္ဂတိသို့ လားရောက်ကြောင်း ဖြစ်သော ထိုသို့သဘော ရှိသော (အကုသိုလ်) ကံကို ပြုခဲ့၍ အကုသိုလ်ကံ၏ အကျိုးဖြင့် တွေ့ထိခံစားရသော်လည်း (ကိလေသာကြွေးမြီ) ကင်းလျက် တိုင်းသူပြည်သားတို့၏ ဘောဇဉ်ကို သုံးဆောင်ရ၏။

၈၈၃။ ပညာမဲ့ကုန်သော လူမိုက်တို့သည် မေ့လျော့ခြင်းကို အဖန်ဖန် အားထုတ်ကုန်၏၊ ပညာရှိသည်သာမမေ့မလျော့မှုကို 'မြတ်သော ဥစ္စာပစ္စည်းကဲ့သို့' စောင့်ရှောက်၏။

၈၈၄။ (ငါ့ရှင်တို့ သင်တို့သည်) ကုသိုလ်ကောင်းမှု၌ မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်၊ (ဝတ္ထုကာမ, ကိလေသာ) ကာမတို့၌ မွေ့လျော်မှု 'တဏှာ'ဟူသော ပေါင်းဖော်ခြင်းကို အားမထုတ်ကြကုန်လင့်၊ မမေ့မလျော့သော သူသည် ကိလေသာတို့ကို ရှို့မြှိုက်လျက် မြတ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်၏။

၈၈၅။ (မြတ်စွာဘုရားထံတော်သို့ ငါ၏ လာခြင်း၊ ငါ့ထံသို့ မြတ်စွာဘုရား ကြွလာ တော်မူခြင်းသည်) ကောင်းသော လာခြင်းပါတည်း၊ အကျိုးစီးပွါးမှ ကင်းသော လာခြင်း မဟုတ်ပါ၊ (မြတ်စွာဘုရားထံတော်၌ ရဟန်းပြုအံ့ဟု) ငါ၏

ဤတိုင်ပင်ပြောဆိုခြင်းသည် မကောင်းသောတိုင်ပင်ပြောဆိုခြင်း မဟုတ်ပါ၊ (အဘယ့်ကြောင့်နည်းဟူမူ) ဝေဖန်အပ်ကုန်သော တရားတို့တွင်အကြင်တရားသည် မြတ်၏၊ ထိုမြတ်သော တရားသို့သာလျှင် ငါ ကပ်ရောက်ပြီ။

၈၈၆။ (မြတ်စွာဘုရားထံတော်သို့ ငါ၏ လာခြင်း၊ ငါ့ထံသို့ မြတ်စွာဘုရား ကြွလာတော် မူခြင်းသည်) ကောင်းသော လာခြင်းပါတည်း၊ အကျိုးစီးပွါးမှ ကင်းသော လာခြင်း မဟုတ် ပါ၊ (မြတ်စွာဘုရားထံတော်၌ ရဟန်းပြုအံ့ဟု) ငါ၏

ဤတိုင်ပင်ပြောဆိုခြင်းသည် မကောင်း သောတိုင်ပင်ပြောဆိုခြင်း မဟုတ်ပါ၊ (အဘယ့်ကြောင့်နည်းဟူမူ) ငါသည် ဝိဇ္ဇာသုံးပါးတို့သို့ ရောက်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

၈၈၇။ ထိုလူဖြစ်စဉ် ရှေးအခါက တော၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ တောင်ခေါင်းလိုဏ်ဂူတို့၌လည်းကောင်း ထိုထိုသို့သော အရပ်၌သာလျှင် ထိတ်လန့်သော စိတ်ရှိ လျက်ရပ်တည်ခဲ့ရ၏။

၈၈၈။ (ယခု ရဟန်းဖြစ်သော အခါ၌မူကား) ချမ်းသာစွာ အိပ်ရ၏၊ ချမ်းသာစွာ ရပ်တည် ရ၏၊ ချမ်းသာစွာ အသက်မွေးရ၏၊ မာရ်မင်း၏ အနီးအပါး စားကျက်တွင်း၌ မရှိတော့ပြီ၊ မြတ်စွာဘုရား၏ သတ္တဝါတို့၌ သနားတော်မူသော အဖြစ်သည် သြော် အံ့ဖွယ်ရှိပါပေစွ။

၈၈၉။ ငါသည် ရှေးအခါက (အမျိုးဇာတ်အားဖြင့်) ဗြာဟ္မဏဇာတ် ဖြစ်၏၊ အမိအဖ နှစ်ပါးစုံအားဖြင့်မြတ်သော အမျိုး၌ ဖြစ်၏၊ ထိုငါသည် ယခု ရဟန်းဖြစ်သော အခါ၌မူကား ကောင်းသော စကားကိုဆိုတော်မူတတ်သော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သားတော်ဖြစ်၏။

၈၉ဝ။ (ငါသည် ယခုအခါ) တဏှာကင်းပြီ၊ စွဲယူမှု မရှိတော့ပြီ၊ စက္ခုဒွါရစသည်၌ လုံခြုံစွာစောင့်ရှောက်ပြီးသော တံခါးရှိပြီ၊ ကောင်းစွာ စောင့်စည်းအပ်ပြီ၊ ငါသည် အိုခြင်း သေခြင်းဆင်းရဲ၏အရင်းမူလဖြစ်သော အဝိဇ္ဇာစသော အမြစ်ကို နုတ်ပယ်သတ်ဖြတ်ပြီး၍ အာသဝေါတရားတို့၏ကုန်ရာနိဗ္ဗာန်သို့ ရောက်ပြီ။

၈၉၁။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား၏ ဆုံးမတော်မူသော အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သောတဏှာကို အကြွင်းမဲ့ ပယ်နုတ်ပြီးပြီ။

ဤသို့လျှင် အင်္ဂုလိမာလမထေရ်သည် ရွတ်ဆို၏။

၉-အနုရုဒ္ဓတ္ထေရဂါထာ

မဟာနာမ်မင်း၏ညီ အနုရုဒ္ဓါသည် ကြီးကျယ်သော စည်းစိမ်ကို ခံစားနေရာမှ ဘုရားရှင်ထံရောက်၍ရဟန်းပြု တစ်ဝါတွင်း၌ပင် ဒိဗ္ဗစက္ခုအဘိဉာဏ်ကို ဖြစ်စေလျက် တဖန် ရှင်သာရိပတြာထံမှကမ္မဋ္ဌာန်းယူကာ စေတိယတိုင်း အရှေ့တော၌ တရားအားထုတ် နေစဉ် မဟာပုရိသဝိတက်နှင့် စပ်လျှဉ်း၍မဟာအရိယဝံသပဋိပဒါကို ဘုရားရှင်ဟော တော်မူသော အခါ ဝိပဿနာပွါးလျက် ပဋိသမ္ဘိဒါဖြင့် ခြံရံသောအရဟတ္တဖိုလ်သို့ ရောက်လေ၏။ ဒိဗ္ဗစက္ခုဧတဒဂ်ဖြင့် ချီးကျူးခံရ၏။ ထိုအရှင်နှင့် စပ်လျဉ်း၍ ဘုရားဟောသော ဂါထာများ ပါဝင်သော်လည်း ထိုအရှင်ဟောဟူ၍သာ ဆိုရသော ဂါထာများ။

၈၉၂။ အသျှင်အနုရုဒ္ဓါသည် အမိ အဖတို့ကိုလည်းကောင်း၊ အစ်မ နှမ ဆွေမျိုး အစ်ကိုတို့ကိုလည်းကောင်း ပယ်စွန့်၍ ကာမဂုဏ်ငါးပါးတို့ကို စွန့်ပြီး၍သာလျှင် ဈာန်ဝင်စားနေ၏။

၈၉၃။ ကခြင်း, သီခြင်းတို့ဖြင့် အပြည့်အစုံ စည်းစိမ်ခံစားလျက် ကြေးနင်းခွက်ခွင်းသံ တို့ဖြင့် (နံနက်အခါတိုင်း၌) နိုးကြားစေအပ်သော ငါသည် ကိလေသာမာရ်၏ အာရုံ (ဖြစ်သော ကာမဂုဏ်) ၌မွေ့လျော်နေသည် ဖြစ်ရကား ထိုကာမဂုဏ်ကို ခံစားခြင်းဖြင့် သံသရာမှ စင်ကြယ်မှုကို မရနိုင်လေ။

၈၉၄။ အသျှင်အနုရုဒ္ဓါသည် ဤကာမဂုဏ်ငါးပါးကိုလည်း ကျော်လွန်၍ မြတ်စွာဘုရား သာသနာတော်၌သြဃအားလုံးကို လွန်မြောက်ပြီး၍သာလျှင် ဈာန်ဝင်စားနေ၏။

၈၉၅။ အသျှင်အနုရုဒ္ဓါသည် နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူကုန်သော

ဤကာမဂုဏ်ငါးပါးတို့ကိုလည်း လွန်မြောက်ပြီး၍သာလျှင် ဈာန်ဝင်စားနေ၏။

၈၉၆။ အာသဝေါကင်းပြီးသော အနုရုဒ္ဓါရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့သည်ရှိသော် တစ်ယောက်ထီးတည်းအပေါင်းအဖော် မရှိမူ၍ ပံ့သကူသင်္ကန်းတို့ကို ရှာမှီး၏။

၈၉၇။ ပညာရှိသော အာသဝေါကင်းပြီးသည့် အနုရုဒ္ဓါရဟန်းသည် ရွေးချယ်စိစစ်၍ ကောက်ယူကာဖွပ်လျှော်ချုပ်ဆိုးပြီးလျှင် ပံ့သကူသင်္ကန်းတို့ကို ဆောင်၏။

၈၉၈။ အကြင်ပုဂ္ဂိုလ်သည် အလိုလည်း ကြီး၏၊ ရောင့်ရဲခြင်းမှလည်း ကင်း၏၊ လူ, ရဟန်းတို့နှင့် (မလျော်သော) ရောနှောခြင်းဖြင့် ရောနှောလျက် ပျံ့လွင့်သော စိတ်ရှိသည်ဖြစ်၍ နေ၏၊ ထိုပုဂ္ဂိုလ်အား (စိတ်၏ ) ညစ်နွမ်းခြင်းကို ပြုတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ ဖြစ်ကုန်၏။

၈၉၉။ (အကြင်အခါ၌ ဤပုဂ္ဂိုလ်သည်) သတိနှင့်လည်း ပြည့်စုံ၏၊ (ပစ္စည်းလေးပါးတို့၌) အလိုနည်း၏၊ (ရရသမျှသော ပစ္စည်းဖြင့်) ရောင့်ရဲလွယ်၏၊ စိတ်ပျံ့လွင့်ခြင်းမှ ကင်း၏၊ ဝဋ်ကို ငြီးငွေ့သော တရား၌မွေ့လျော်သည်ဖြစ်၍ နှစ်လိုဝမ်းမြောက်၏၊ အမြဲ အားထုတ်အပ်သော လုံ့လရှိ၏။

၉ဝဝ။ ထိုပုဂ္ဂိုလ်အား ကုသိုလ်ဖြစ်ကုန်သော သစ္စာလေးပါးကို သိခြင်းအဖို့၌ ဖြစ်ကုန် သောဤ (သတိပဋ္ဌာန်စသော) တရားတို့ ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် အာသဝေါ ကင်း၏၊ ဤသို့မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။

၉ဝ၁-၂။ အကြင်အခါ၌ (ရှစ်ခုမြောက်သော မဟာပုရိသဝိတက်ဟူသော) အကြံအစည်သည် ငါ့အားဖြစ်၏၊ ထိုအခါလောကသုံးပါး၌ အတုမရှိသော မြတ်စွာဘုရားသည် ငါ၏ အကြံကို သိတော်မူလျက်စိတ်ဖြင့် ဖန်ဆင်းအပ်သော ကိုယ်ရှိသည်ဖြစ်၍ တန်ခိုးတော်ဖြင့် ချဉ်းကပ် တော်မူလာပြီးလျှင်ထိုကြံစည်ထားပြီးသော မဟာပုရိသဝိတက်ခုနစ်မျိုးထက် အလွန် ရှစ်ခု မြောက်သော မဟာပုရိသဝိတက်ကို ဟောတော်မူ၏၊ သံသရာချဲ့တတ်သော ပပဉ္စတရားမှ ကင်းသည့် (လောကုတ္တရာ) တရား၌မွေ့လျော်တော်မူသော မြတ်စွာဘုရားသည် သံသရာဝဋ်ကို မချဲ့ထွင်သောလောကုတ္တရာတရားကို ဟောကြားတော်မူ၏။

၉ဝ၃။ ငါသည် ထိုမြတ်စွာဘုရား၏ တရားကို သိ၍ သာသနာတော်၌ မွေ့လျော်နေပြီ၊ ဝိဇ္ဇာသုံးပါးတို့ကို အစဉ်အတိုင်း ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

၉ဝ၄။ ငါသည် အကြင်အခါမှစ၍ နေသဇ္ဇိကဓူတင်ကို ဆောက်တည်ကျင့်သုံး၏၊ ထို နေသဇ္ဇိကဓူတင်ဆောက်တည်ကျင့်သုံးသော နှစ်တို့သည် ငါးဆယ့်ငါးနှစ်တို့ ဖြစ်ကုန်၏၊ အကြင်အခါမှစ၍ငိုက်မျဉ်းခြင်း'မိဒ္ဓ'ကို ပယ်စွန့်အပ်၏၊ ထိုမိဒ္ဓကို ပယ်စွန့်သော နှစ်တို့သည် နှစ်ဆယ့်ငါးနှစ်တို့ ဖြစ်ကုန်၏။

၉ဝ၅။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ၍ တဏှာကင်းတော်မူသော မြတ်စွာဘုရားသည် (ငြိမ်းအေးသော) နိဗ္ဗာန်ကို (ကြွရန်) ရည်စူးလျက် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ (ထို့ကြောင့်) စိတ်ဓာတ်ကြံ့ခိုင်၍ ကောင်းဆိုးနှစ်ပါးကို အတူထားလျက် ရှုတော်မူနိုင်သော မြတ်စွာဘုရာ၏ ထွက်လေဝင်လေတို့သည် မရှိတော့ပြီ။

၉ဝ၆။ (မြတ်စွာဘုရားသည် ) ညှိုးငယ်ခြင်း မရှိသော စိတ်ဖြင့် ဝေဒနာကို သည်းခံတော်မူ လေပြီ၊ ထိုမြတ်စွာဘုရား၏ စိတ်တော်သည် ဆီမီးလျှံငြိမ်းသကဲ့သို့ (ချုပ်ငြိမ်း) လွတ်မြောက် တော်မူလေပြီတကား။

၉ဝ၇။ ယခုအခါဝယ် မြတ်စွာဘုရားအား ဖဿလျှင် ငါးခုမြောက်ရှိကုန်သော ထိုတရား တို့သည် နောက်ဆုံးဖြစ်ကုန်၏၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပြီးသည်ရှိသော် တစ်ပါးသောစိတ်စေတသိက်တရားတို့သည် မဖြစ်ကုန်လတ္တံ့။

၉ဝ၈။ ဇာလိနီနတ်သမီး နတ်အပေါင်း၌ (ပဋိသန္ဓေအစွမ်းဖြင့်) ဖြစ်နေရခြင်းသည် ယခု အခါ၌ ငါ့အားမရှိတော့ပြီ၊ ပဋိသန္ဓေနေရခြင်းဟူသော သံသရာဝဋ်ဆင်းရဲကုန်ပြီ၊ နောင် တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ။

၉ဝ၉။ အကြင်ရဟန္တာပုဂ္ဂိုလ်သည် တစ်ခဏချင်းဖြင့်သာလျှင် ဗြဟ္မာ့ပြည်နှင့်တကွသော အထောင်မကအပြားရှိသော သြကာသလောကကို (မျက်မှောက်ပြုသောအားဖြင့်) သိအပ်၏၊ တန်ခိုးအရာ၌လည်းကောင်း၊ (သတ္တဝါတို့၏) စုတိပဋိသန္ဓေ၌လည်းကောင်း သိသော ဒိဗ္ဗစက္ခုအဘိညာဉ်၌ လေ့လာခြင်းသို့ ရောက်၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် နတ်တို့ ကပ်ရောက်လာဆဲ သောကာလ၌ နတ်တို့ကို မြင်နိုင်၏။

၉၁ဝ။ ရှေးဘဝ၌ (ငါသည် ) စားရရုံမျှအကျိုးငှါ အခယူ၍ အသက်မွေးရသော အန္နဘာရ မည်သော သူဆင်းရဲ ဖြစ်ခဲ့ဖူး၏၊ ကျော်စောခြင်းရှိသော ဥပရိဋ္ဌမည်သော ပစ္စေကဗုဒ္ဓါအား အာဟာရအလှူကို လှူခဲ့၏။

၉၁၁။ ထိုငါသည် သာကီဝင်မင်းမျိုး၌ ဖြစ်လာ၍ ကခြင်း သီဆိုခြင်းတို့ဖြင့် အပြည့်အစုံစည်းစိမ်ခံစားလျက် ကြေးနင်းခွက်ခွင်းသံတို့ဖြင့် (နံနက်အခါ၌) နိုးကြားစေအပ်သူ 'အနုရုဒ္ဓါ'ဟူ၍ ငါ့ကိုသိကြကုန်၏။

၉၁၂။ ထိုအခါ ၌ တစ်စုံတစ်ခုမျှ ဘေးမရှိသော လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကိုဖူးမြင်ရပြီ၊ ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေ၍ လူ့ဘောင်မှ ရဟန်း ဘောင်၌ဝင်ရောက် (ရဟန်းပြု) ပြီ။

၉၁၃။ ရှေးဘဝက အကြင်အရပ်၌ ငါ နေခဲ့ဖူး၏၊ ထိုရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိ၏၊ တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်းအဖြစ်ဖြင့် တည်နေခဲ့ပြီ။

၉၁၄။ ငါသည် သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသော မြေအပြင်ကို အောင်နိုင်ရသော လူတို့ကို အစိုးရသော စကြာမင်းအဖြစ်ကို ခုနစ်ကြိမ် ပြုခဲ့ဖူးပြီ၊ ဇမ္ဗူဒိပ်ကျွန်းကို အစိုးရသော မင်းဖြစ်၍ တုတ်, လှန်ကန်ဖြင့် မရိုက်မပုတ်ရဘဲ ဓားလှံလက်နက်ဖြင့် မညှဉ်းဆဲမနှိပ်စက်ရဘဲ တရားသဖြင့် ဆုံးမခဲ့ဖူး၏။

၉၁၅။ ဤလူ့ပြည်မှ (စုတေ၍ နတ်ပြည်၌ သိကြားမင်းအဖြစ်ဖြင့်) ခုနစ်ကြိမ် ထိုနတ် ပြည်မှ (စုတေ၍လူ့ပြည်၌ စကြာမင်းအဖြစ်ဖြင့်) ခုနစ်ကြိမ် ဤသို့ တစ်ဆယ့်လေးကြိမ်တို့ ပတ်လုံး ကျင်လည်ခဲ့ရကုန်၏၊ ထိုအခါ နတ်ပြည်၌ တည်လျက် နေဖူးသည်ကို သိဖူးပြီ။

၉၁၆။ ငါသည် အင်္ဂါငါးပါးရှိသော (အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထဈာန်) သမာဓိ သည်ငြိမ်သက်သည်ဖြစ်၍ သမာဓိ၏ ပွါးခြင်းသို့ ရောက်လတ်သော် ငြိမ်းခြင်းကို ရသည်ရှိ သော် ငါ၏ဒိဗ္ဗစက္ခုအဘိညာဉ်သည် စင်ကြယ်၏။

၉၁၇။ ငါသည် အင်္ဂါငါးပါးရှိသော ဈာန်၌ တည်၍ သတ္တဝါတို့၏ (ထိုလောကမှ) လာခြင်း (ဤလောကမှ) သွားခြင်းဟူသော စုတိပဋိသန္ဓေကို သိ၏၊ (ယင်းသို့ သိလတ်သော်) ဤလူ့ အဖြစ်ကိုလည်းကောင်း၊ တစ်ပါးသော တိရစ္ဆာန်အဖြစ်ကိုလည်းကောင်း သိ၏။

၉၁၈။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ခဲ့ပြီ။ပ။ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာကိုစွန့်ပယ်အပ်ပြီ။

၉၁၉။ ငါသည် ဝဇ္ဇီတိုင်းသားတို့၏ ဝါးတောရွာ ဝါးချုံအောက်၌ အသက်ကုန်ခြင်းကြောင့်အာသဝကင်းသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုလတ္တံ့။

ဤသို့လျှင် အနုရုဒ္ဓါမထေရ်သည် ရွတ်ဆို၏။

၁ဝ-ပါရာပရိယတ္ထေရဂါထာ

ပါရာပရိယမထေရ်၏ ဂါထာများကို အောက်ကပြဆိုခဲ့ပြီးဖြစ်၏။ ဤ၌ကား ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် တွင် ထိုအရှင် ပရိနိဗ္ဗာန်စံခါနီး၌ အနာဂတ်သာသနာတွင် ဖြစ်ပေါ် လာမည့်ရဟန်းတို့၏ အကျင့်ပျက်စီးပုံကို ပြသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။

၉၂ဝ။ (ပင်လုံးကျွတ်) ပွင့်လျက် တည်ရှိနေသော အင်ကြင်းတောကြီး၌ တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ဆိတ်ငြိမ်မှု 'ဝိဝေက'ကို ပွါးလျက် ဈာန်ဝင်းစားကာ နေတော်မူသော (ပါရာပရိယ) ရဟန်းအားကြံစည်မှု ဖြစ်ပေါ်လာ၏။

၉၂၁။ ယောက်ျားတကာတို့ထက် မြတ်တော်မူသော လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော် မူသောမြတ်စွာဘုရားသည် သက်တော်ထင်ရှားရှိတော်မူစဉ်က ရဟန်းတို့၏ အကျင့်သည် တစ်မျိုးဖြစ်၏၊ ယခုအခါ၌မူကား ရဟန်းတို့၏အကျင့် တစ်မျိုးတစ်ဖုံ ဖြစ်လာသည်ကို တွေ့ မြင်ရ၏။

၉၂၂။ ရှေးအခါက ရဟန်းတို့သည် ချမ်းအေးသော လေကို တားမြစ်၍ အရှက်အကြောက် ကို ဖျက်ဆီးတတ်သည့် အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းရုံ မျှတရုံမျှသာ အကျိုးရှိသော သင်္ကန်းကို ရတတ်သမျှဖြင့်ရောင့်ရဲကြကုန်လျက် သုံးဆောင်ကြကုန်၏။

၉၂၃။ မွန်မြတ်သော အစာကိုသော်လည်းကောင်း၊ ထိုမှတစ်ပါး ကြမ်းတမ်းသော အစာကိုသော်လည်းကောင်း၊ အနည်းငယ်သော အစာကိုသော်လည်းကောင်း၊ ထိုမှတစ်ပါး များစွာ သောအစာကိုသော်လည်းကောင်း မမက်မောကုန်ဘဲ တဏှာ ဖြင့် တောငတ့် မှု ကင်း ကနု သ် ည်ြဖစ၍် မျှတရုံမျှအကျိုးငှါ သုံးဆောင်ကြကုန်၏။

၉၂၄။ (ရှေးအခါက ) ထိုရဟန်းတို့သည် အာသဝေါတရားတို့ကုန်ခြင်း၌ လုံ့လပြုကုန် သကဲ့သို့ ထို့အတူ (ရောဂါနှိပ်စက်ကုန်သော်လည်း) အသက်၏ အရံအတားဖြစ်သော ဆေး၌လည်းကောင်း၊ ထိုမှတစ်ပါး (အသက်၏) အထောက်အပံ့ဖြစ်သော ပစ္စည်း၌လည်းကောင်း အလွန်လုံ့လပြုကြကုန်သည် မဟုတ်ကုန်။

၉၂၅။ (ထိုရဟန်းတို့သည်) တော၌လည်းကောင်း၊ သစ်ပင်ရင်းတို့၌လည်းကောင်း၊ တောင်ခေါင်း, လိုဏ်ဂူတို့၌လညးကောင်း ဝိဝေကကို ပွါးစေကုန်လျက် ထိုဝိဝေကလျှင် လဲလျောင်းရာရှိကုန်သည်ဖြစ်၍ နေကြကုန်၏။

၉၂၆။ (ထိုရဟန်းတို့သည် မိမိကိုယ်ကို ပလွှားမှု, သူတစ်ပါးအား ရှုတ်ချမှုကို မပြုမူ၍) နှိမ့်ချသောအကျင့်ရှိကုန်၏၊ (သာသနာ၌) သက်ဝင်၍ တည်သော သဒ္ဓါတရား ရှိကုန်၏၊ (အလိုနည်းသည်၏အဖြစ်စသောအားဖြင့်) မွေးမြူလွယ်ကုန်၏၊ (ဝတ်ကြီး ဝတ်ငယ်၌လည်းကောင်း၊ အလုံးစုံမြတ်သောအကျင့်၌လည်းကောင်း) နူးညံ့ကုန်၏၊ မကြမ်းတမ်းသော စိတ်ရှိကုန်၏၊ (ကိလေသာတို့နှင့်) ရောယှက်မှုကင်းကုန်၏၊ နှုတ်လည်း မကြမ်းကုန်၊ အကျိုး စီးပွါးကို ကြံစည်ခြင်းသို့သာ အစဉ်လိုက်ကုန်၏။

၉၂၇။ ထို့ကြောင့် (ရှေ့သို့ တက်ခြင်း, နောက်သို့ ဆုတ်ခြင်းစသော) သွားခြင်းသည်လည်းကောင်း၊ (ပစ္စည်းလေးပါးကို) သုံးဆောင်ခြင်းသည်လည်းကောင်း၊ (ကျက်စားရာအာရုံကို) မှီဝဲခြင်းသည်လည်းကောင်း ကြည်ညိုဖွယ်ကို ဆောင်နိုင်၏။

(ကျွမ်းကျင်သူသည် သွန်းလောင်း အပ်သော ) ဆီအလျဉ်သည် ပြေပြစ်သကဲ့သို့ (ထို့အတူ ထိုရဟန်းတို့၏) ဣရိယာပုထ်သည် ပြေပြစ်၏၊ ကြည်ညိုဖွယ်ကို ဆောင်နိုင်၏။

၉၂၈။ အာသဝတရားအားလုံးကုန်ပြီးကုန်သော၊ များစွာဈာန်ဝင်စားလေ့ရှိကုန်သော၊ များမြတ်သောအကျိုးစီးပွါးတို့နှင့် ပြည့်စုံကုန်သော ထိုမထေရ်တို့သည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူကြကုန်ပြီ၊ ယခုလက်ရှိကာလ၌ကား ထိုသို့သဘောရှိကုန်သော မထေရ်တို့သည် အနည်းငယ်မျှသာ ကြွင်းကျန်ကုန်၏။

၉၂၉။ (ဝဋ်မှ ထွက်မြောက်ခြင်း၏ အားကြီးသော မှီရာအကြောင်းဖြစ်ကုန်သော ) ကုသိုလ်တရားတို့၏လည်းကောင်း၊ (ဝဋ်မှ ထွက်မြောက်ကြောင်း) ပညာ၏လည်းကောင်းကုန်ခြင်း ကြောင့်အလုံးစုံသော အခြင်းအရာအထူးတို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသာသနာတော် သည် ပျက်ဆီးရချေ၏။

၉၃ဝ။ (ဤလောကကြီးသည်) ယုတ်ညံ့သော ဒုစရိုက်တို့၏လည်းကောင်း၊ (လောဘ စသော) ကိလေသာတရားတို့၏လည်းကောင်း ဖြစ်ပေါ်လာရာ ကာလကြီးပေတည်း။ အကြင် သူတို့သည်ကား (ဤသို့သဘောရှိသော ကာလ၌) (ကာယ, စိတ္တ, ဥပဓိဟူသော) ဝိဝေက အကျိုးငှါ လုံ့လကြိုးကုတ်အားထုတ်ကုန်၏၊ (ထိုသူတို့သည်) (ပဋိဝေဓမှ) ကြွင်းကျန်သော ကျင့်ဝတ်ပဋိပတ် သူတော်ကောင်းတရားသာ ရှိကုန်၏။

၉၃၁။ ထိုကိလေသာတို့သည် (ယခုအခါ အခွင့်ရကုန်သည်ဖြစ်၍ ရဟန်းတို့၌) ပွါးကုန် သည်ရှိသော် (ကလျဏမိတ္တကင်းသော) များစွာသော လူအပေါင်းကို ပူးဝင်နိုင်ကုန်၏၊ ရက္ခိုက်ဘီလူးတို့သည် သူရူးတို့ကို (ပူးဝင်) ကစားကုန်သကဲ့သို့ (ထို့အတူ ရဟန်းမိုက်တို့ကို ပူးဝင်၍) ကစားကြကုန်ယောင်တကား။

၉၃၂။ စစ်မြေပြင်၌ (စစ်ရှုံးပြီဟု) ကြွေးကြော်သည်ရှိသော် စစ်သားတို့သည် ထိုထို အရပ်သို့ပြေးသွားကြကုန်သကဲ့သို့ ကိလေသာ၏တည်ရာ စစ်မြေပြင်၌ စစ်ထိုးကြကုန်သော ထိုသတ္တဝါတို့သည် ကိလေသာ နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ထိုထိုဘဝသို့ ပြေးသွားကြရကုန်၏။

၉၃၃။ (ဤသို့ ပြေးသွားကြကုန်သော ထိုသူတို့သည်) သူတော်ကောင်းတရားကို စွန့်၍ အချင်းချင်းငြင်းခုံကြကုန်၏၊ မိစ္ဆာအယူတို့သို့ အစဉ်လိုက်ကြကုန်လျက် ဤအယူသည်သာ မြတ်၏ဟုလည်းမှတ်ထင်ကြကုန်၏။

၉၃၄။ ရဟန်းတို့သည် ဥစ္စာကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်းစွန့်ပစ်ကြကုန်၍ အိမ်မှ ထွက်လာကြကုန်လျက် တစ်ဇွန်းတစ်ယောက်မမျှသော ဆွမ်းဟူသောအကြောင်းကြောင့်လည်း ရဟန်းတို့ မပြုအပ်သော အမှုတို့ကို ပြုလုပ်မှီဝဲကုန်၏။

၉၃၅။ (ထိုရဟန်းတို့သည်) ဝမ်းဝဗိုက်ကား ဝအောင်စား၍ ပက်လက် အိပ်ကြကုန်ပြီးလျှင် အိပ်ရာမှနိုးကြကုန်သော် မြတ်စွာဘုရား ကဲ့ရဲ့ဖွယ်ဖြစ်သော စကားကိုသာ ပြောဆိုကြကုန်၏။

၉၃၆။ ထိုရဟန်းတို့သည် အဇ္ဈတ္တသန္တာန်၌ မငြိမ်းသော စိတ်ရှိကြကုန်သည်ဖြစ်၍ အတတ်ပညာသည်တို့ပြုလုပ်အပ်သော အတတ်ပညာမျိုးစုံတို့ကို စိတ်ဝင်စားကုန်လျက် သင်ကြားကြကုန်၏၊ ရဟန်းတရားသည်ကား (ထိုရဟန်းတို့နှင့်) သီးခြား ဖြစ်နေတော့၏။

၉၃၇။ အလွန့်အလွန် များစွာ အလိုရှိကုန်သည်ဖြစ်၍ မြေညက်, ခြေနယ်ဆီ, ကသယ် မှုန့်, ရေ, နေရာ, စားဖွယ်တို့ကို လူတို့အား ပေးကမ်းဆောင်နှင်းကြကုန်၏။

၉၃၈။ တံပူကိုလည်းကောင်း၊ သီးသီးကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ ခဲဖွယ်အထူးတို့ကိုလည်းကောင်း၊ (အဆင်းအရသာနှင့် ပြည့်စုံသော) ဆွမ်းအထူးတို့ကိုလည်းကောင်း၊ သရက်သီးတို့ကိုလည်းကောင်း၊ သျှစ်သျှားသီးတို့ကိုလည်းကောင်း လူတို့အား ပေးကမ်းဆောင်နှင်းကုန်၏။

၉၃၉။ ဆေးနှင့် သက်ဆိုင်ရာတို့၌ ဆေးဆရာတို့ကဲ့သို့လည်းကောင်း၊ ကိစ္စကြီးငယ် ပြုလုပ်ဖွယ်တို့၌လူတို့ကဲ့သို့လည်းကောင်း၊ (မိမိကိုယ်ကို) တန်ဆာဆင်ရာ၌ ပြည့်တန်ဆာမကဲ့ သို့လည်းကောင်း၊ အုပ်ချုပ်စိုးမိုးရာ၌ မင်းတို့ကဲ့သို့လည်းကောင်း ပြုမူကြကုန်၏။

၉၄ဝ။ စဉ်းလဲကြကုန်သည်ဖြစ်၍ လည်းကောင်း၊ လှည့်ပတ်ကြကုန်သည်ဖြစ်၍ လည်းကောင်း၊ မုသားသက်သေ ဖြစ်ကြကုန်၍ လည်းကောင်း၊ မစောင့်စည်းသော အသက်မွေးမှုရှိကြကုန်သည်ဖြစ်၍ လည်းကောင်း ဤသို့များစွာသော မိစ္ဆာဇီဝစသော အသက်မွေးမှုတို့ဖြင့် (ဆွမ်းပစ္စည်းစသော) အာမိသကို သုံးဆောင်ကြကုန်၏။

၉၄၁။ အပ်၏ဟူသော အမြွက်ထောင်ခြင်း၌လည်းကောင်း၊ (ပစ္စည်းတို့၌) ပရိယာယ် တစ်ပါးနှင့်ယှဉ်ရာ၌လည်းကောင်း၊ (ကြီးပွါးရေးစသည်ကို) ကြံစည်ရာ၌လည်းကောင်း (ယုတ် မာသောတရားတို့ဖြင့်) အစဉ်ပြေးကုန်သည်ဖြစ်၍ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပစ္စည်းဖြစ်မည့် နည်းလမ်းဖြင့်များစွာသော ဥစ္စာကို စုဆောင်းကြကုန်၏။

၉၄၂။ မိမိအမှုကြီးငယ်ဟူသော အကြောင်းကြောင့် ပရိသတ်ကို မိမိအား လုပ်ကျွေးစေကုန်၏၊ ဓမ္မဟူသော အကြောင်းကြောင့် လုပ်ကျွေးစေသည် မဟုတ်ကုန်၊ လာဘ်ဟူသော အကြောင်းကြောင့်သူတစ်ပါးတို့အား တရားဟောကုန်၏၊ အကျိုးစီးပွါးဟူသော အကြောင်း ကြောင့် တရားဟောသည်မဟုတ်ကုန်။

၉၄၃။ အရိယာသံဃာမှ အပဖြစ်သော ရဟန်းတို့သည် သံဃာ့လာဘ်ဟူသော အကြောင်း ကြောင့်ငြင်းခုံကြကုန်၏၊ တစ်ပါးသူတို့၏ လာဘ်ကို မှီ၍ အသက်မွေးကုန်သော ရဟန်းတို့ သည် မကောင်းမှုကိုစက်ဆုပ်ခြင်း မရှိသောကြောင့် မရှက်ကုန်။

၉၄၄။ အချို့သူတို့သည် ထို့အတူ ပင် တရားတို့နှင့် မယှဉ်ကုန်သည်ဖြစ်၍ ဦးပြည်းကြကာ သင်္ကန်းကိုဝတ်ရုံကြကုန်လျက် လာဘ်ပူဇော်သကာ၌ တွေဝေကုန်သည်ဖြစ်၍ ချီးမွမ်း မြှောက်စားခြင်းကိုသာလျှင့် အလိုရှိကုန်၏။

၉၄၅။ ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် အထူးထူးအပြားပြားသော အခြင်းအရာဖြင့် ကိလေသာဖြစ်စိမ့်သောငှါ အားထုတ်အပ်သည်ရှိသော် ယခုအခါ၌ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါကကဲ့သို့ စောင့်စည်ခြင်းငှါ ပြုလျက် မရအပ်သေးသော (ဈာန်ဝိပဿနာ) တရားကိုရခြင်းငှါလည်းကောင်း၊ ရပြီးသော (ဈာန်ဝိပဿနာ) တရားတို့ကို ကောင်းစွာစောင့်ရှောက်ခြင်းငှါလည်းကောင်း မလွယ်ကူတော့ချေ။

၉၄၆။ (ယောက်ျားသည်) ဆူးရှိရာ အရပ်၌ ဖိနပ်မစီးဘဲ (လှည့်လည်သည်ရှိသော်) (ငါ့ကို ဆူးမစူးစေလင့်ဟု သတိထား၍) လှည့်လည်သွားလာသကဲ့သို့ ထို့အတူ (ကိလေသာဆူးရှိရာ) ရွာ၌ (လှည့်လည်သော) ရဟန်းသည် သတိကို ဖြစ်စေလျက် လှည့်လည်သွားလာရာ၏။

၉၄၇။ (အားထုတ်အပ်သော ဝိပဿနာရှိသော) ရှေးယောဂီတို့ကို အောက်မေ့၍ ထိုယောဂီ တို့၏ကျင့်ဝတ်ဘာဝနာအစီအရင်ကို အစဉ်အောက်မေ့လျက် မြတ်စွာဘုရားကွယ်လွန်၍ နောက် ဆုံးအခါကာလဖြစ်စေကာမူ (တရားတော်အား လျော်စွာသာလျှင် ကျင့်သည်ရှိသော်) သေခြင်း ကင်းရာ နိဗ္ဗာန်ကိုရနိုင်ရာ၏။

၉၄၈။ ဤအကျင့်ပဋိပတ်အစီအရင်ကို ဆိုပြီး၍ အင်ကြင်းတော၌ (သဒ္ဓါစသော) ဣနြေ္ဒကို ပွါးစေပြီးသောမကောင်းမှုကို အပပြုပြီးသော တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ကင်းပြီးသော သီလက္ခန္ဓစသောတရားအပေါင်းကို ရှာမှီးပြီးသော (ပါရာပရိယမည်သော ) ရဟန်းသည် ပရိနိဗ္ဗာန်ပြုတော်မူ၏။

ဤသို့လျှင် ပါရာပရိယမထေရ်သည် ရွတ်ဆို၏။

ဝီသတိနိပါတ် ပြီး၏။






<< Home

This page is powered by Blogger. Isn't yours?

Subscribe to Posts [Atom]