၁၇-တိံသနိပါတ်

၁၇-တိံသနိပါတ်

၁-ဖုဿတ္ထေရဂါထာ

ပဒေသရာဇ်မင်းသားဖုဿသည် မင်းသားတို့တတ်အပ်သော အတတ်များကို သင်ကြား ပြီးနောက် တရားရ၍ မဟာထေရ်တပါးထံ တရားနာယူကာ ရဟန်းပြု၏။ စရိုက်အားလျော် သော ကမ္မဋ္ဌာန်းကိုအားထုတ်ရာ ဈာန်အသိညာဉ်ရ ပုဂ္ဂိုလ်ဖြစ်လေ၏။ တနေ့သ၌ ပဏ္ဍရဂေါတ္တရသေ့က ဖုဿမထေရ်ထံတွင် တရားနာစဉ် ဣနြေ္ဒငြိမ်သက်သော ရဟန်း များကို မြင်ရ၍ ''ဤသို့သော အကျင့်မျိုး ကြာရှည်တည်ပါမူကောင်းလေစွ''ဟု ကြံစည်ကာ ''အနာဂတ်ရဟန်းတို့၏ ပဋိပတ်သည် မည်သို့ ဖြစ်လိမ့်မည်နည်း''ဟုလျှောက်သဖြင့် ဖြေဆိုသော ဂါထာများ။

၉၄၉။ (မိမိအကျင့်ဖြင့်) ကြည်ညိုထိုက်ကုန်သော ပွါးများပြီးသော စိတ်ရှိကုန်သော (စက္ခု စသောဣနြေ္ဒကို) ကောင်းစွာ စောင့်စည်းကုန်သော များစွာသော ရဟန်းတို့ကို မြင်၍ ပဏ္ဍရ ရသေ့နှင့်အနွယ်တူ ဖြစ်သော ရသေ့သည် ဖုဿအမည်ရှိသော ရဟန်းကို မေးလျှောက်၏။

၉၅ဝ။ (ဤသာသနာတော်၌) အနာဂတ်ကာလ၌ (ရဟန်းတို့သည်) အဘယ်သို့သော အာသာဆန္ဒ, အဘယ်သို့သော အလိုအဇ္ဈာသယ, အဘယ်သို့သော အသွင်အပြင် ရှိကြကုန် လတ္တံ့နည်း၊ အရှင်ဘုရားအရှင်သည် အကျွန်ုပ် မေးအပ်သည်ဖြစ်၍ ထိုအကြောင်းကို ဖြေကြားတော်မူပါလော့။

၉၅၁။ ပဏ္ဍရမည်သော ရသေ့ သင်သည် ငါ၏ စကားကို နားထောင်လော့၊ ရိုသေစွာ မှတ်သားလော့၊ အနာဂတ်သာသနာ အကြောင်းအရာကို ပြောကြားပေအံ့။

၉၅၂။ နောင်အခါ၌ များစွာသော ရဟန်းတို့သည် အမျက်ထွက်ကြကုန်လတ္တံ့၊ ရန်ငြိုးဖွဲ့ ကြကုန်လတ္တံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ကြကုန်လတ္တံ့၊ ခက်ထန် (မာန်မူ) ကြကုန်လတ္တံ့၊ ကောက်ကျစ်စဉ်းလဲကြကုန်လတ္တံ့၊ ငြူစူကြကုန်လတ္တံ့၊ ဝါဒအမျိုးမျိုး ရှိကြကုန်လတ္တံ့။

၉၅၃။ နက်နဲသော (သူတော်ကောင်း) တရား၌ (မိမိကိုယ်ကို မိမိ) အထင်ကြီးကုန်လျက် (သူတော်ကောင်းတရား၏)

ဤမှာဘက်ကမ်း၌ ကျက်စားကုန်လတ္တံ့၊ သူတော်ကောင်းတရား၌ပေါ့လျော့ကုန်လတ္တံ့၊ မလေးစားကြကုန်လတ္တံ့၊ အချင်းချင်း ရိုသေမှု ကင်းကြကုန်လတ္တံ့။

၉၅၄။ အနာဂတ်ကာလ၌ သတ္တလောကဝယ် များစွာသော အပြစ်ဒေါသတို့ ဖြစ်ကုန်လတ္တံ့၊ ပညာမဲ့သောရဟန်းတို့သည် (မြတ်စွာဘုရား) ကောင်းစွာ ဟောတော်မူအပ်သော ဤတရား တော်ကိုညစ်နွမ်းစေကြကုန်လတ္တံ့။

၉၅၅။ နှုတ်ကြမ်းကုန်သော အကြားအမြင်မရှိကုန်သော အလဇ္ဇီဒုဿီလရဟန်းတို့သည် (သီလစသော) ဂုဏ်မှ ယုတ်လျော့ကုန်သော်လည်း သံဃာ့အလယ်၌ ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်သည်ဖြစ်၍ နောက်လိုက်အင်အားကြီးမားကြကုန်လတ္တံ့။

၉၅၆။ လဇ္ဇီသီလဝန္တ ရဟန်းတို့သည် (သီလစသော) ဂုဏ်ရှိကြကုန်သော်လည်း သံဃာ့ အလယ်၌ဟုတ်မှန်သောအားဖြင့် ပြောဆိုကြကုန်သော် ရှက်သော စိတ်ရှိကြကုန်သည်ဖြစ်၍ ဆန့်ကျင်ဘက်မပြုလိုကြကုန်သောကြောင့် နောက်လိုက်အင်အား နည်းပါးကြကုန်လတ္တံ့။

၉၅၇။ အနာဂတ်အခါ၌ ပညာမဲ့ရဟန်းတို့သည် ငွေကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း၊ လယ်ကိုလည်းကောင်း၊ ယာကိုလည်းကောင်း၊ သိုး, ဆိတ်စသည်ကိုလည်းကောင်း၊ ကျွန်ထီး, ကျွန်မကိုလည်းကောင်း လက်ခံသာယာကြကုန်လတ္တံ့။

၉၅၈။ သူတစ်ပါးကို ကဲ့ရဲ့လိုစိတ်ရှိကုန်သော မသိမလိမ္မာကုန်သော ရဟန်းတို့သည် စတုပါရိသုဒ္ဓိသီလတို့၌ မတည်ကြကုန်ဘဲ ကျူပင်အလား ထောင်လွှားမော်မောက်ကြကုန်သည်ဖြစ်၍ ငြင်းခုံမှု၌သာမွေ့လျော်ကြကာ သားတိရစ္ဆာန်တို့ကဲ့သို့ သွားလာလှည့်ပတ်ကြကုန် လတ္တံ့။

၉၅၉။ အနာဂတ်ကာလ၌ ရဟန်းဆိုးတို့သည် ပျံ့လွင့်သောစိတ် ရှိကြကုန်လတ္တံ့၊ (မအပ် သောဆိုးရည်ဖြင့် ဆိုးအပ်သည့်) ညိုမှိုင်းသော သင်္ကန်းကို ဝတ်ရုံကြကုန်လတ္တံ့၊ ကြည်ညိုစေမှုဟန်ဆောင်ပြုကြကုန်လျက် ခက်ထန်ကြမ်းကြုတ်သော စိတ်နှလုံးရှိကြကုန်လျက် ဒါယကာ တို့အားမြှောက်ပင့်ပြောဆိုကြကုန်သည်ဖြစ်၍ ကိလေသာအများ ထင်ရှားရှိကြကုန်လျက် အရိယာတို့အယောင်ဟန်ဆောင်လှည့်လည်ကြကုန်လတ္တံ့။

၉၆ဝ။ ဆံပင်တို့ကို ဖယောင်းဆီဖြင့် လိမ်းသပ်ကြကုန်လျက် (တန်ဆာဆင်ခြင်းစသည်ဖြင့်) လျှပ်ပေါ်လော်လည်ကြကုန်လျက် မျက်ကွင်းဆေး ရေးခြယ်ကြကုန်လျက် ဆင်စွယ်ရောင်သင်္ကန်း ကိုဝတ်ရုံကြကုန်လျက် မြို့ရွာခရီး လမ်းမကြီး၌ လှည့်လည်သွားလာကြကုန်လတ္တံ့။

၉၆၁။ အဝတ်ဖြူတို့၌ တပ်မက်မောကြကုန်သော ရဟန်းတို့သည် အရိယာတို့ မစက်ဆုပ် အပ်သော ကောင်းစွာ ဆိုးအပ်သော ဘုရားရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းကို စက်ဆုပ်ကြကုန်လတ္တံ့။

၉၆၂။ လာဘ်လာဘကို နှစ်သက်မက်မောကြကုန်လတ္တံ့၊ ပျင်းရိကြကုန်သည်ဖြစ်၍ ရော့ရဲသောလုံ့လရှိကုန်သည်ဖြစ်၍ တောကျောင်းတို့ကို (သီတင်းသုံးခြင်းငှါ) စိတ်ငြိုငြင်ကြကုန်သည်ဖြစ်၍ ရွာနီးကျောင်းတို့၌သာ နေကြကုန်လတ္တံ့။

၉၆၃။ အကြင်အကြင် ရဟန်းတို့သည် အခါခပ်သိမ်း မှားသော အသက်မွေးခြင်း၌မွေ့လျော်ကြကုန်သည်ဖြစ်၍ ပစ္စည်းလာဘ်လာဘကို ရကြကုန်လတ္တံ့၊ မစောင့်စည်းကုန်သော ရဟန်းငယ်တို့သည် ထိုထိုရဟန်းဆိုးတို့သို့ အတုယူကာ ကျင့်ကြကုန်သည်ဖြစ်၍ မင်းအိမ် စသည်တို့ကို ချဉ်းကပ်ခိုမှီကြကုန်လတ္တံ့။

၉၆၄။ အကြင်အကြင် ရဟန်းတို့သည် (မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်း, ဘုန်းကံနည်းခြင်း ကြောင့်) လာဘ်လာဘကို မရကြကုန်၊ ထိုထို ရဟန်းတို့သည် အနာဂတ်ကာလ၌ အပူဇော်ခံရ သူတို့မဖြစ်နိုင်ကြကုန်လတ္တံ့၊ တည်ကြည်မှု 'သမာဓိ'နှင့် ပြည့်စုံကြ၍ သီလကို အလွန်ချစ်ခင် ကြကုန်သော်လည်း ထိုရဟန်းတို့ကို မမှီဝဲကုန်လတ္တံ့။

၉၆၅။ အချို့သော ရဟန်းတို့သည် ညောင်ခေါက်ဆိုးရည်ဖြင့် ဆိုးအပ်သော မိမိတံခွန် အောင်လံဖြစ်သောသင်္ကန်းကို ကဲ့ရဲ့ရှုတ်ချ စက်ဆုပ်ကြကုန်သည်ဖြစ်၍ တိတ္ထိတို့၏ အလံ တံခွန်ဖြစ်သော အဝတ်ဖြူကိုဝတ်ရုံကြကုန်လတ္တံ့။

၉၆၆။ နောင်အနာဂတ်ကာလ၌ ထိုရဟန်းတို့အား (အရဟဒ္ဓဇဖြစ်သော) သင်္ကန်း၌ ရိုသေမှုမရှိကုန်လတ္တံ့၊ (အရဟဒ္ဓဇဖြစ်သော) သင်္ကန်း၌ (ပစ္စဝေက္ခဏာ) ဆင်ခြင်ကာမျှသည်လည်း မဖြစ်လတ္တံ့။

၉၆၇။ (ကြီးစွာသော ဆိပ်လူးမြားဖြင့် ပစ်အပ်သော ကြောင့် ) ကြီးစွာသော ဒုက္ခဖြင့်လွှမ်းမိုးနှိပ်စက်အပ်သည်ဖြစ်၍ ကိုယ်၏ ဖောက်ပြန်ခြင်းသို့ ရောက်နေသော ဆဒ္ဒန်ဆင်မင်း အားအကြီးအကျယ် ကြောက်မက်ဖွယ်သော (သူတစ်ပါးတို့) ကြံစည်ရုံမျှ မကြံစည်နိုင်သော ဆင်ခြင်ဉာဏ်ဖြစ်ဖူးလေပြီ။

၉၆၈။ ထိုစဉ်အခါက ဆဒ္ဒန်ဆင်မင်းသည် ကောင်းစွာ ဆိုးအပ်သော အရိယာတို့ အောင်လံတံခွန်ဖြစ်သောသင်္ကန်းကို မြင်ရ၍ သင်္ကန်းကို မြင်ရသော ထိုခဏ၌ပင်လျှင် အကျိုး စီးပွါးနှင့်စပ်သော ဂါထာတို့ကို မိန့်ဆိုတော်မူ၏။

၉၆၉။ ''အကြင်သူသည် ကိလေသာတည်းဟူသော ဖန်ရည်တို့ဖြင့် မကင်းသည်ဖြစ်၍ ဣနြေ္ဒကို ဆုံးမမှုမှန်ကန်စွာ ဆိုမှု သစ္စာနှင့် ကင်းကွာနေပါလျက် ဖန်ရည်စွန်းသော အဝတ် သင်္ကန်းကိုဝတ်ရုံသုံးဆောင်လတ္တံ့၊ ထိုသို့သောသူသည် စင်စစ် ဖန်ရည်ဆိုးသော အဝတ် သင်္ကန်းကို (ဝတ်ရုံရန်) မထိုက်တန်။

၉၇ဝ။ အကြင်သူသည်ကား ထွေးအန်, စွန့်ပယ်ပြီးသော ကိလေသာဖန်ရည် ရှိ၏၊ (စတုပါရိသုဒ္ဓိ) သီလတို့၌ ကောင်းစွာ တည်၏၊ ဣနြေ္ဒကို ဆုံးမမှု မှန်ကန်စွာ ဆိုမှု သစ္စာနှင့် ပြည့်စုံ၏၊ ထိုသူသည်သာ စင်စစ် ဖန်ရည်စွန်းသော အဝတ်သင်္ကန်းကို (ဝတ်ရုံရန်) ထိုက် တန်၏'' (ဟုဆဒ္ဒန်ဆင်မင်း ဆိုခဲ့၏)။

၉၇၁။ အကြင်သူသည် သီလ ပျက်စီး၏၊ ပညာ မရှိ၊ ဒုဿီလဟု ထင်ရှား၏၊ ပြုလိုရာ ပြုလုပ်နေ၏၊ ပျံ့လွင့်တတ်သော စိတ်ရှိ၏၊ ဖြူစင်သော ကုသိုလ်ဓမ္မမှ ကင်း၏၊ ထိုသို့သော သူသည် ဖန်ရည်စွန်းသောအဝတ်သင်္ကန်းကို (ဝတ်ရုံရန်) မထိုက်တန်။

၉၇၂။ အကြင်သူသည်ကား (စတုပါရိသုဒ္ဓိ) သီလနှင့် ပြည့်စုံ၏၊ ဆန္ဒရာဂ ကင်း၏၊ တည် ကြည်၏၊ စင်ကြယ်သန့်ရှင်းသော စိတ်အကြံရှိ၏၊ ထိုသူသည် ဖန်ရည်စွန်းသော အဝတ် သင်္ကန်းကို (ဝတ်ရုံရန်) ထိုက်တန်၏။

၉၇၃။ အကြင်သူသည်ကား (စတုပါရိသုဒ္ဓိ) သီလ မရှိ၊ ပျံ့လွင့်သော စိတ်ရှိ၏၊ ကျူပင် အလားထောင်လွှားမောက်မာ၏၊ မိုက်မဲ၏၊ ထိုသူသည် အဝတ်ဖြူနှင့်သာ ထိုက်တန်၏၊ ဖန်ရည်စွန်းသောအဝတ်သင်္ကန်းကို အဘယ်သို့ ပြုလုပ်လိမ့်မည်နည်း။

၉၇၄။ အနာဂတ်ကာလ၌ ရဟန်းယောက်ျားတို့သည်လည်းကောင်း၊ ရဟန်းမိန်းမတို့သည်လည်းကောင်း (ရာဂစသည်) ဖျက်ဆီးအပ်သော စိတ်ရှိကုန်သည်ဖြစ်၍ (ဘုရားစသည်၌) ရိုသေခြင်းကင်းကုန်သည်ဖြစ်၍ မေတ္တာဘာဝနာနှင့် ယှဉ်သော စိတ်ရှိကုန်သော (တာဒိ) ဂုဏ်နှင့် ပြည့်စုံကုန်သော သူတော်ကောင်းတို့ကို ညှဉ်းဆဲဖိနှိပ်ကုန်လိမ့်သတည်း။

၉၇၅။ မိုက်မဲကုန်သော ဒုဿီလဟု ထင်ရှားကုန်သော ပြုလိုရာ ပြုလုပ်နေကြကုန်သော ပညာမဲ့သောရဟန်းတို့သည် မထေရ်ကြီးတို့က (သင်္ကန်းဝတ်ရုံခြင်းစသည်ကို) သင်ပေးကြကုန် သော်လည်းနားမထောင်ကြကုန်လတ္တံ့။

၉၇၆။ မြင်းယုတ်မြင်းကြမ်းသည် ဆုံးမတတ်သော မြင်းဆရာ့ (စကား) ကို မနာယူ သကဲ့သို့ ထို့အတူ့ အချင်းချင်း ရိုသေမှု ကင်းကုန်သော မိုက်မဲသော ရဟန်းတို့သည် ဆုံးမ သင်ပြပါကုန်လျက်ဆရာဥပဇ္ဈာယ်တို့ (စကား) ကို မနာယူကြကုန်လတ္တံ့။

၉၇၇။ ဤသို့ဆိုအပ်ပြီးသော အပြားအားဖြင့် အနာဂတ်ကာလ၌ နောက်ပိုင်းကာလသို့ ရောက်လတ်သော်ရဟန်းယောက်ျားတို့၏လည်းကောင်း၊ ရဟန်းမိန်းမတို့၏လည်းကောင်း (ဖောက်ပြန်ချွတ်ယွင်းသော) အကျင့် ဖြစ်လတ္တံ့။

၉၇၈။ ထိုအနာဂတ်ဘေးကြီး မရောက်လာမီ (သင်တို့သည်) ဆိုဆုံးမလွယ်သူ၊ စိတ်နှလုံး နူးညံ့သူ၊ အချင်းချင်း ရိုသေခြင်းရှိကြသူ ဖြစ်ကြပါကုန်လော့။

၉၇၉။ (အလုံးစုံသော သတ္တဝါတို့၌) မေတ္တာစိတ်ရှိသူ၊ သနားခြင်းကရုဏာနှင့် ပြည့်စုံသူ၊ (စတုပါရိသုဒ္ဓိ) သီလတို့၌ စောင့်စည်းသူ၊ အားထုတ်သော လုံ့လရှိသူ၊ နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသူ၊ အမြဲမပြတ် ခိုင်ခံ့သော လုံ့လရှိသူတို့ ဖြစ်ကြပါကုန်လော့။

၉၈ဝ။ ငါ့ရှင်တို့ မေ့လျော့ခြင်းကို ဘေးကြီးဟူ၍ မမေ့မလျော့ခြင်ကိုလည်း ဘေးကင်း ကြောင်းဟူ၍ရှုမြင်ကုန်သည်ဖြစ်၍ အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများကြပါကုန်လော့၊ သေခြင်းကင်းသော နိဗ္ဗာန်ကိုမျက်မှောက်ပြုကုန်လျက် (မိမိသန္တာန်၌ ဖြစ်စေကြကုန်လော့)။

ဤသို့လျှင် ဖုဿမထေရ်သည် ရွတ်ဆို၏။

၂-သာရိပုတ္တတ္ထေရဂါထာ

အရှင်သာရိပုတြာသည် ရဟန်းပြုပြီးနောက် ၁၅-ရက် (လခွဲ) လွန်မှ ဘုရားရှင်နှင့်အတူ ရာဇဂဂြိုဟ်ပြည်သူကရခတ (ဝက်တူး) လိုဏ်၌ နေစဉ် တူတော်သူ ဒီဃနခပရိဗိုဇ်အား ဟောကြားသောဝေဒနာပရိဂ္ဂဟသုတ္တန်ကို နာယူရသဖြင့် သူတပါးချက်ပြီးထမင်းကို စားရ သကဲ့သို့ အရဟတ္တဖိုလ်ရရှိ၍ပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်ရ၏။ မဟာပညာ ဧတဒဂ်လည်း ရရှိ၏။ တနေ့သ၌သီတင်းသုံးဖော်ရဟန်းတို့အား မိမိ၏ အကျင့်ကို ဖွင့်ပြသောအားဖြင့် ဟောကြားသော ဂါထာများ။

၉၈၁။ အကြင်သူသည် ကာယစသည်တို့ဖြင့် စောင့်စည်းသည်ဖြစ်၍ နေ၏၊ အရိယာသူတော်ကောင်းတို့နှင့် မကွဲမပြားတစ်သားတည်း ဖြစ်နေ၏၊ လွန်ကဲသော သတိရှိ၏၊ မိစ္ဆာ သင်္ကပ္ပကိုပယ်ကာ (သမ္မာသင်္ကပ္ပ၏ အစွမ်းဖြင့်) ကောင်းသော အကြံရှိသည်ဖြစ်၍ ဈာန် ဝင်စားလေ့ရှိ၏၊ မမေ့မလျော့မူ၍ ဂေါစရဇ္ဈတ္တဟူသော ကမ္မဋ္ဌာန်းဘာဝနာ၌ မွေ့လျော်၏၊ တည်ကြည်သော စိတ်ရှိ၏၊ တစ်ယောက်ထီးတည်း ကောင်းစွာ ရောင့်ရဲ၏၊ ထိုသို့သဘောရှိ သောသူကို ရဟန်းဟူ၍ ဆိုကုန်၏။

၉၈၂။ ရဟန်းသည် စိုစွတ်သိမ်မွေ့သော အစာကိုလည်းကောင်း၊ ခြောက်သွေ့ကြမ်းတမ်း သောအစာကိုလည်းကောင်း အလွန်ဝမ်းဝအောင် မစားရာ။ လျော့သော ဝမ်းရှိသည်ဖြစ်၍ နှိုင်းချိန်သော စားမျိုခြင်းရှိလျက် သတိပြုကာ နေရာ၏။

၉၈၃။ နောက်ဆုံးဖြစ်သော လေးလုတ်ငါးလုတ်တို့ကို မသုံးဆောင်မူ၍ ရေကို သောက် ရာ၏၊ (ဤသို့လေးလုတ်ငါးလုတ် လျှော့စား၍ ရေသောက်ခြင်းသည်) နိဗ္ဗာန်သို့ စေလွှတ် ထားသော စိတ်ရှိသောရဟန်းအား ချမ်းသာစွာ နေခြင်းငှါ စွမ်းနိုင်၏။

၉၈၄။ ဤ (အချမ်းအပူစသည်ကို တားမြစ်ရုံမျှ) အကျိုးရှိသော အပ်သော သင်္ကန်းကို ဖုံးလွှမ်းဝတ်ရုံခဲ့မူနိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသော ရဟန်းအား ချမ်းသာစွာ နေခြင်းငှါ စွမ်းနိုင်၏။

၉၈၅။ (အကြင်ကျောင်း၌) ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော ရဟန်း၏ ပဆစ်ဒူး နှစ်ဖက် တို့ကို မိုးရေမစွတ်၊ (ထိုသို့သဘောရှိသော ကျောင်း၌ နေသည်ရှိသော်) နိဗ္ဗာန်သို့ စေလွှတ် ထားသော စိတ်ရှိသောရဟန်းအား ချမ်းသာစွာ နေခြင်းငှါ စွမ်းနိုင်၏။

၉၈၆။ အကြင် ရဟန်းသည် သုခဝေဒနာကို ဝိပရိဏာမဒုက္ခအားဖြင့် မြင်၏၊ ဒုက္ခဝေဒနာ ကို ငြောင့်တံသင်းအားဖြင့် မြင်၏၊ (သုခဝေဒနာ, ဒုက္ခဝေဒနာ) နှစ်ပါးတို့၏ အလယ်ဖြစ်သော အဒုက္ခမသုခဝေဒနာ၌ (အတ္တ, အတ္တနိယဟု မှားသော နှလုံးသွင်းခြင်း) မဖြစ်၊ ထိုရဟန်း သည်လောက၌အဘယ်မည်သော ကိလေသာဖြင့် အဘယ်သို့ ဖြစ်ရာပါတော့အံ့နည်း။

၉၈၇။ ယုတ်မာသော အလိုရှိသော, ပျင်းရိသော, လုံ့လဝီရိယ ဆုတ်ယုတ်သော, အကြားအမြင်နည်းသော, (အဆုံးအမသြဝါဒ၌) ရိုသေခြင်း ကင်းသော သူသည် ငါ၏ (အထံ၌) တစ်ရံတစ်ခါမျှ (မရှိပါစေသတည်း)၊ (အကြောင်းမူကား)လောက၌ ထိုသို့သဘော ရှိသော ပုဂ္ဂိုလ်အား အဘယ်မည်သော အဆုံးအမသြဝါဒဖြင့် အဘယ်သို့ ဖြစ်ရာပါတော့ အံ့နည်း။

၉၈၈။ (အကြင်ပုဂ္ဂိုလ်သည်) များသော အကြားအမြင်လည်း ရှိ၏၊ ပညာလည်း ရှိ၏၊ (စတုပါရိသုဒ္ဓိ) သီလတို့၌ ကောင်းစွာ တည်၏၊ စိတ်ကို ကောင်းစွာ ထားခြင်းနှင့် ယှဉ်၏၊ ထိုသို့သော ပုဂ္ဂိုလ်သည်ငါ၏ ဦးထိပ်၌သော်လည်း တည်ပါစေသတည်း။

၉၈၉။ အကြင်ပုဂ္ဂိုလ်သည်ကား သံသရာကို ချဲ့ထွင်တတ်သော (ပပဉ္စ) တရားနှင့် ယှဉ်၏၊ သံသရာကိုချဲ့ထွင်တတ်သော (ပပဉ္စ) တရား၌ (အပြစ်ကို မမြင်သဖြင့်) မွေ့လျော်၏၊ သားတိရစ္ဆာန်နှင့် တူ၏၊ ထိုပုဂ္ဂိုလ်သည် ယောဂလေးပါးတို့ကုန်ရာ အတုမရှိသော နိဗ္ဗာန်ကို ချွတ်ယွင်းစေ၏။

၉၉ဝ။ အကြင်ပုဂ္ဂိုလ်သည်ကား သံသရာကို ချဲ့ထွင်တတ်သော (ပပဉ္စ) တရားကို ပယ်၍ သံသရာကိုချဲ့ထွင်တတ်သော (ပပဉ္စ) တရား မရှိရာ နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းဖြစ်သော အရိယမဂ်၌မွေ့လျော်၏၊ ထိုပုဂ္ဂိုလ်သည် ယောဂလေးပါးတို့ကုန်ရာ အတုမရှိသော နိဗ္ဗာန် ကို ပြီးစေနိုင်၏။

၉၉၁။ ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း၊ ချိုင့်ဝှမ်းရာအရပ်၌သော်လည်းကောင်း၊ မြင့်မောက်ရာအရပ်၌သော်လည်းကောင်း အကြင်အရပ်၌ ရဟန္တာတို့သည် နေကုန်၏။

ထိုမြေအရပ်သည်နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင်တည်း။

၉၉၂။ တောကျောင်းတို့သည် မွေ့လျော်ဖွယ်ရှိကုန်၏၊ ယင်းတောကျောင်းတို့၌ (ကာမဂုဏ် ကိုရှာမှီးသော) လူသည် မမွေ့လျော်နိုင်၊ ရာဂကင်းသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည်ကား ကာမဂုဏ်ကိုရှာမှီးလေ့မရှိသောကြောင့် မွေ့လျော်ကုန်လတ္တံ့။

၉၉၃။ အပြစ်မြင်လေ့ရှိသော, နှိပ်၍ ပြောဆိုလေ့ရှိသော, ဓမ္မောဇပညာနှင့် ပြည့်စုံသော အကြင်ပုဂ္ဂိုလ်ကိုတွေ့မြင်ငြားအံ့၊ ထိုသို့သဘောရှိသော ပညာရှိကို 'ရွှေအိုးတို့ တည်ရာ အရပ်ကို ပြောကြားလာသူကဲ့သို့'ဆည်းကပ်ရာ၏၊ ထိုသို့သဘောရှိသော ပညာရှိကို ဆည်း ကပ်သောသူအား ကောင်းမြတ်၏၊ မယုတ်ညံ့။

၉၉၄။ သွန်သင်ရာ၏၊ ဆုံးမရာ၏၊ အကုသိုလ်တရားမှလည်း တားမြစ်ရာ၏၊ သူတော်ကောင်းတို့သည် သာလျှင် ထို (ဆိုခဲ့ပြီးသောဂုဏ်နှင့် ပြည့်စုံသော) ပုဂ္ဂိုလ်ကို ချစ်ခင်၏၊ သူတော်မဟုတ်သူယုတ်တို့သည် ထို (ဆိုခဲ့ပြီးသောဂုဏ်နှင့် ပြည့်စုံသော) ပုဂ္ဂိုလ်ကို မချစ်ခင်။

၉၉၅။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ၍ ဘုန်းတော်ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူသောမြတ်စွာဘုရားသည် (ဒီဃနခပရိဗိုဇ်စသော) တစ်ပါးသော သူအား တရားကို ဟောတော်မူ၏၊ တရားကို ဟောတော်မူအပ်သည်ရှိသော် ငါသည် အလိုရှိသည်ဖြစ်၍ နာကြား၏၊ ထိုတရား တော်ကိုနာကြားခြင်းသည် ငါ့အား အချည်းနှီး မဖြစ်၊ အာသဝေါမရှိသည်ဖြစ်၍ ကိလေသာမှ လွတ်၏။

၉၉၆။ ပုဗ္ဗေနိဝါသအဘိညာဉ်အကျိုးငှါ ငါ့အား တောင့်တမှု မရှိ၊ ဒိဗ္ဗစက္ခုအဘိညာဉ် အကျိုးငှါလည်းငါ့အား တောင့်တမှု မရှိ၊ စုတိပဋိသန္ဓေအနီးကို မြင်တတ်သော စေတောပရိယ အဘိညာဉ်အကျိုးငှါလည်းငါ့အား တောင့်တမှု မရှိ၊ ဒိဗ္ဗသောတအဘိညာဉ်အကျိုးငှါလည်း ငါ့အား တောင့်တမှု မရှိ။

၉၉၇။ သစ်ပင်ရင်းကို မှီ၍သာလျှင် ခေါင်းရိတ်ပြီးခါစဖြစ်သော ဒုကုဋ်သင်္ကန်းကို ရုံလျက် နေသောပညာဖြင့် မြတ်သော ဥပတိဿမထေရ်သည် စတုတ္ထဈာန် အခြေရှိသော ဖလ သမာပတ်ကို ဝင်စား၏။

၉၉၈။ ဝိတက်မရှိသော စတုတ္ထဈာန် အခြေရှိသော ဖလသမာပတ်ကို ဝင်စားသော ဘုရား တပည့်ဖြစ်သော ဥပတိဿထေရ်သည် (ဘီလူးက ဦးခေါင်းကို ရိုက်သော) ထိုခဏ၌ ဖလ သမာပတ်ကိုဝင်စားသည်ဖြစ်၍ မြတ်သော ဆိတ်ဆိတ် နေခြင်းနှင့် ပြည့်စုံခဲ့ပြီ။

၉၉၉။ ကျောက်တောင်သည် (ပကတိလေတို့ဖြင့်) မတုန်မလှုပ်မူ၍ ကောင်းစွာ တည် သကဲ့သို့ ထို့အတူ ရဟန်းသည် မောဟကုန်ခြင်းကြောင့် 'တောင်ကဲ့သို့' မတုန်မလှုပ် ကောင်းစွာ တည်၏။

၁ဝဝဝ။ ရာဂစသော (ကိလေသာ) အညစ်အကြေး ကင်းပြီးသော စင်ကြယ်၍ အပြစ်ကင်း သောတရားကို ရှာမှီးလေ့ရှိသော ယောက်ျားအား သားမြီးဖျားမျှလောက်သော မကောင်းမှုကိုတိမ်တိုက်ကြီးမျှလောက်ပင် အမြဲ ထင်နေ၏။

၁ဝဝ၁။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ ထင်သောသတိရှိကာ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန်ပြုချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏။

၁ဝဝ၂။ ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ သူရင်းငှါးသည်လုပ်ခရရန်အတွက် နေကုန်မည့် အချိန်ကိုသာ ငံ့လင့်စောင့်မျှော်သကဲ့သို့ ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏။

၁ဝဝ၃။ သေခြင်းသဘောသည် ရှေးငယ်ရွယ်စဉ်အခါ၌လည်းကောင်း၊ နောက် (အိုမင်းသောအခါ) ၌လည်းကောင်း မရှိသည် မဟုတ်၊ နှစ်ပါးစုံသော အခါတို့၌ပင် ဤသေခြင်းသဘောရှိသည်သာတည်း။ (ထို့ကြောင့်) ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်ကြကုန်လော့၊ အပါယ်ဘုံတို့သို့ ရောက်၍မပျက်စီးကြစေကုန်လင့်၊ စင်စစ်အားဖြင့် ဗုဒ္ဓုပ္ပါဒနဝမခဏသည် သင်တို့ကို ကျော် လွန် မသွားစေလင့်။

၁ဝဝ၄။ (မြို့နေလူတို့သည်) အစွန်အဖျားကျသော မိမိမြို့ကို အတွင်းရောအပြင်ပါ စောင့် ရှောက်လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို စောင့်ရှောက်လုံခြုံစေရာ၏၊ ဗုဒ္ဓုပ္ပါဒနဝ မခဏသည် သင်တို့ကို မလွန်စေလင့်။

၁ဝဝ၅။ ငြိမ်သက်သော ဣနြေ္ဒရှိသော၊ အကုသိုလ်အားလုံးကို ပြုခြင်းမှ ကြဉ်ရှောင်သော၊ ပညာဖြင့်ဆင်ခြင်၍ ဆိုလေ့ရှိသော၊ တုန်လှုပ်မှု မရှိသော ရဟန်းသည် 'လေသည် သစ်ရွက်ကိုတိုက်ဖျက်ချွေလွှင့်သကဲ့သို့' ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို လွှင့်နိုင် ပယ်နိုင်၏။

၁ဝဝ၆။ ငြိမ်သက်သော ဣနြေ္ဒရှိသော၊ အကုသိုလ်အားလုံးကို ပြုခြင်းမှ ကြဉ်ရှောင်သော၊ ပညာဖြင့်ဆင်ခြင်၍ ဆိုလေ့ရှိသော၊ တုန်လှုပ်မှု မရှိသော ရဟန်းသည် 'လေသည် သစ်ရွက် ကို ဖျက်ဆီးသကဲ့သို့'ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို ပယ်ပြီ။

၁ဝဝ၇။ ငြိမ်သက်သော ဣနြေ္ဒရှိသော၊ (ကိလေသာဟူသော) ဆင်းရဲမှ ကင်းသော၊ ကောင်းစွာကြည်လင်သော စိတ်ရှိသော၊ ကောင်းသော အကျင့်သီလရှိသော ပညာရှိသည် ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုရာ၏။

၁ဝဝ၈။ မတည်သော သဘောရှိသော အချို့ပုထုဇဉ်တို့၌ အကျွမ်းမဝင်ရာ၊ ထို့အတူ အိမ်ရာထောင်သောလူတို့၌လည်းကောင်း၊ ရဟန်းတို့၌လည်းကောင်း အကျွမ်းမဝင်ရာ။ (အစ၌) သူတော်ကောင်းဖြစ်၍ တည်ကုန်သော်လည်း (နောက်၌) သူတော်မဟုတ် သူယုတ် ဖြစ်တတ်ကုန်၏၊ (အစ၌) သူတော်မဟုတ်သူယုတ်မာဖြစ်သော်လည်း (နောက်၌) တစ်ဖန် သူတော်ကောင်း ဖြစ်တတ်ကုန်၏။

၁ဝဝ၉။ ကာမဂုဏ်တို့ကို လိုလားမှု 'ကာမစ္ဆန္ဒ'၊ စီးပွါးချမ်းသာကို ဖျက်ဆီးလိုမှု 'ဗျာပါဒ'၊ စိတ်စေတသိက်တို့၏ မခံ့မှု 'ထိနမိဒ္ဓ'၊ စိတ်မငြိမ်သက်မှု ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ အာရုံကို မဆုံးဖြတ်နိုင်မှု 'ဝိစိကိစ္ဆာ'ဟူသော ထိုတရားငါးပါးတို့သည် ရဟန်း၏ စိတ်ကို ညစ်ညူးစေတတ်ကုန်၏။

၁ဝ၁ဝ။ မမေ့မလျော့ နေလေ့ရှိသော၊ အပူဇော်ခံရသော အကြင်ပုဂ္ဂိုလ်၏ သမာဓိသည် အရိုအသေပြုခြင်းကြောင့်လည်းကောင်း၊ အရိုအသေ မပြုခြင်းကြောင့်လည်းကောင်း နှစ်ပါးစုံ တို့ကြောင့် မတုန်လှုပ်။

၁ဝ၁၁။ အမြဲ ဈာန်ဝင်စားလေ့ရှိသော၊ သိမ်မွေ့သော ပညာဖြင့် ရှုတတ်သော၊ ဥပါဒါန့်တရားတို့၏ကုန်ရာ (အရဟတ္တဖိုလ် နိဗ္ဗာန်) ၌ မွေ့လျော်ခြင်းရှိသော ထိုသူကို သူတော်ကောင်းဟူ၍ဆိုကြကုန်၏။

၁ဝ၁၂။ (စေတနာ မရှိ၍သာ ဣဋ္ဌ အနိဋ္ဌတို့၌ သည်းခံနိုင်သော) မဟာသမုဒ္ဒရာ, မြေကြီး, ကျောက်တောင်, လေတို့သည် (စေတနာရှိလျက် ဣဋ္ဌအနိဋ္ဌတို့၌ သည်းခံနိုင်သော) မြတ်စွာဘုရား၏ အရဟတ္တဖိုလ်ဟူသော ဝိမုတ္တိနှင့် ဥပမာအဖြစ်ဖြင့် နှိုင်းယှဉ်ခြင်းငှါ မသင့်တော်ကုန်သည်သာတည်း။

၁ဝ၁၃။ ဥပတိဿမထေရ်သည် တရားတည်းဟူသော စကြာရတနာကို အတုလိုက်၍ လည်စေနိုင်၏၊ ကြီးမြတ်သော ပညာရှိ၏၊ တည်ကြည်၏၊ မြေ, ရေ, မီးနှင့် တူသည်ဖြစ်၍ တပ်မက်ခြင်း မရှိ၊ ပြစ်မှားခြင်းမရှိ။

၁ဝ၁၄။ (ဥပတိဿမထေရ်သည်) သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်ပြီဖြစ်၍ ကြီးမြတ်သောပညာရှိ၏၊ (ပညာအားဖြင့်) မထိုင်းမှိုင်း မအသည် ဖြစ်လျက် ထိုင်းမှိုင်းသူ အသူကဲ့သို့ ဖြစ်၏၊ အခါခပ်သိမ်း ကိလေသာငြိမ်း၍ လှည့်လည်နေထိုင်၏။

၁ဝ၁၅။ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်ပြီးပြီ။ပ။ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာကိုစွန့်ပယ်အပ်ပြီ။

၁ဝ၁၆။ မမေ့မလျော့ခြင်းနှင့် ပြည့်စုံစေကြကုန်လော့၊ ဤသည်လျှင် ငါ၏ အဆုံးအမတည်း၊ ယခုအခါငါသည် ပရိနိဗ္ဗာန်ပြုတော့အံ့၊ ငါသည် အလုံစုံသော ပြည့်စုံမှု၏ တည်ရာ 'ဥပဓိ'မှ လွတ်မြောက်၏။

ဤသို့လျှင် သာရိပုတ္တရာမထေရ်သည် ရွတ်ဆို၏။

၃-အာနန္ဒတ္ထေရဂါထာ

ဘုရားရှင့်ဘထွေးတော် အမိတ္တောဒနမင်း၏သား အာနန္ဒာသည် ဘဒ္ဒိယမင်းသားတို့ နှင့်အတူဘုရားရှင့်ထံရဟန်းပြု၍ မကြာခင် ရှင်ပုဏ္ဏမထေရ်၏ တရားကိုနာရသဖြင့် သောတာပန်ဖြစ်၏။ ဧတဒဂ်ငါးချက်ကိုလည်း ရရှိ၏။

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် ပဌမ သင်္ဂါယနာတင်ခါနီးမှ အဘိဉာဏ်ရရဟန္တာဖြစ်၍ သင်္ဂါယနာပွဲသို့ ဝင်ရ၏။

သင်္ဂါယနာ တင်ပွဲတွင် ထိုထိုရဟန်းတို့အားသြဝါဒပေးသောအားဖြင့် မိမိ၏ ပဋိပတ်ကို ဖွင့်ပြရွတ်ဆို သော ဂါထာများ။

၁ဝ၁၇။ ပညာရှိသည် ချောပစ်ကုန်းတိုက်တတ်သူနှင့်လည်းကောင်း၊ အမျက်ထွက်လေ့ရှိသူနှင့်လည်းကောင်း၊ ဝန်တိုသူနှင့်လည်းကောင်း၊ (သတ္တဝါတို့) ပျက်စီးခြင်းကို လိုလားနှစ်သက်သူနှင့်လည်းကောင်း ပေါင်းဖော်ခြင်းကို မပြုရာ။ သူယုတ်မာနှင့် ပေါင်းဖော်ရခြင်းသည် ယုတ် မာ၏။

၁ဝ၁၈။ ပညာရှိသူသည် (ကံ, ကံ၏ အကျိုးကို) ယုံကြည်မှု 'သဒ္ဓါ' ရှိသူနှင့်လည်းကောင်း၊ သီလကိုချစ်မြတ်နိုးသူနှင့်လည်းကောင်း၊ ဉာဏ်ပညာပြည့်စုံသူနှင့်လည်းကောင်း၊ အကြားအမြင်များသူနှင့်လည်းကောင်း ပေါင်းဖော်ခြင်းကို ပြုရာ၏။ ပညာရှိသူတော်ကောင်းနှင့် ပေါင်းဖော်ရခြင်းသည် ကောင်းမြတ်လှ၏။

၁ဝ၁၉။ အဆန်းတကြယ် ပြုအပ်သော၊ အိုင်းအမာတို့၏ စုဝေးတည်နေရာဖြစ်သော၊ (သုံးရာသောအရိုးတို့ဖြင့်) စိုက်ထူ၍ ထားအပ်သော၊ အမြဲနာကျင်သော၊ (လူမိုက်တို့) အထူးထူးအထွေထွေကြံစည်အပ်သော ခန္ဓာကိုယ် 'အတ္တဘော' ကို ရှုပါလော့၊ ယင်းခန္ဓာကိုယ် 'အတ္တဘော'၏ခိုင်မြဲတည်တံ့သော အဖြစ်သည် မရှိချေ။

၁ဝ၂ဝ။ ကျောက်သံပတ္တမြားဖြင့်လည်းကောင်း၊ ပုတီးနားတောင်းဖြင့်လည်းကောင်း၊ အဆန်းတကြယ်ပြုပြင်အပ်သော ခန္ဓာကိုယ်ကြီးကိုလည်းကောင်း၊ (စိုသော) အရေဖြင့် မြှေး ယှက်ဖုံးလွှမ်းအပ်သော အရိုးစုဖြစ်သော ရုပ်ကိုယ်ကြီးကိုလည်းကောင်း ရှုပါလော့။ (ယင်းခန္ဓာ ကိုယ်သည်) အဝတ်တို့နှင့်တကွ့ (ဖုံးလွှမ်းမှသာ) တင့်တယ်နိုင်၏။

၁ဝ၂၁။ ချိပ်ရည်ဖြင့် ဆိုးအပ်သော ခြေတို့သည်လည်းကောင်း၊ မျက်နှာချေမှုန့်ဖြင့် လိမ်း အပ်သော မျက်နှာသည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏။ (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းကို ရှာမှီးလေ့ရှိသော သူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

၁ဝ၂၂။ ရှစ်စုခွဲ၍ ပြု ပြင်အပ်သော ဆံပင်တို့သည်လည်းကောင်း၊ မျက်ကွင်းဆေးတို့ဖြင့်လိမ်းခြယ်အပ်ကုန်သော မျက်စိတို့သည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါစွမ်းနိုင်ကုန်၏။ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကို ရှာမှီးလေ့ရှိသော သူအား (တွေဝေစေခြင်း ငှါ) မစွမ်းနိုင်။

၁ဝ၂၃။ 'အသစ်ဖြစ်၍ ဆန်းကြယ်သော မျက်ကွင်းဆေးကျည်တောက်ကဲ့သို့' တန်ဆာ ဆင်အပ်သော အကောင်ပုပ်သည် အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကိုရှာမှီးလေ့ရှိသော သူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

၁ဝ၂၄။ များသော အကြားအမြင်ရှိသော၊ ဆန်းကြယ်သော တရားစကားကို ဟောတတ် သော၊ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော၊ ဂေါတမအနွယ်ဖြစ်သော အသျှင်အာနန္ဒာ သည် ချအပ်သော ခန္ဓာဝန်ရှိသည်ဖြစ်၍ (သြဃလေးပါးနှင့်) မယှဉ်မူ၍ အိပ်ခြင်းကို ပြု၏။

၁ဝ၂၅။ အာသဝေါကုန်ပြီးသော၊ (သြဃလေးပါးနှင့်) မယှဉ်သော၊ (ရာဂအစရှိသော) ငြိတွယ်တတ်သောတရားကို လွန်ပြီးသော၊ (ကိလေသာပူလောင်ခြင်းမှ) ကောင်းစွာ ငြိမ်းပြီး သော (အာနန္ဒာသည်) ပဋိသန္ဓေနေခြင်း, သေခြင်းတို့၏ ကမ်းတစ်ဖက် (နိဗ္ဗာန်) သို့ ရောက် သည်ဖြစ်၍ အဆုံးစွန်သောခန္ဓာကိုယ်ကို ဆောင်၏။

၁ဝ၂၆။ အကြင်ပုဂ္ဂိုလ်ထူး၌ နေမင်းအဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား၏ တရားတို့ သည်တည်ကုန်၏၊ ဂေါတမအနွယ်ဖြစ်သော ထိုအသျှင်အာနန္ဒာသည် (သဥပါဒိသေသနိဗ္ဗာန်ကိုရပြီးဖြစ်သောကြောင့် အနုပါဒိသေသ) နိဗ္ဗာန်သို့ သွားရောက်ရာ လမ်းခရီး၌ တည်၏။

၁ဝ၂၇။ (ဂေါပကပုဏ္ဏား ငါသည် ) မြတ်စွာဘုရား အထံတော်မှ ရှစ်သောင်းနှစ်ထောင်ကုန် သောဓမ္မက္ခန္ဓာတို့ကို သင်ယူခဲ့၏၊ (အသျှင်သာရိပုတ္တရာအစရှိသော သာဝက) ရဟန်းတို့ထံမှ နှစ်ထောင်သောဓမ္မက္ခန္ဓာတို့ကို သင်ယူခဲ့၏၊ ရှစ်သောင်းလေးထောင် အတိုင်း အရှည်ရှိကုန် သော ယင်းတရားတို့ကို (ငါ၏နှုတ်၌) လေ့လာအပ်ကုန်၏။

၁ဝ၂၈။ အကြားအမြင်နည်းပါးသော ဤယောက်ျားသည် 'နွားလားကြီးကဲ့သို့' ကြီးပွါး၏၊ ထိုသူအားအသားတို့သာ တိုးပွါးကုန်၏၊ ပညာသည်ကား မတိုးပွါး။

၁ဝ၂၉။ အကြားအမြင်များသော အကြင်သူသည် အကြားအမြင်နည်းသူကို အကြားအမြင် ဖြင့် မထီမဲ့မြင်ပြု၏၊ သူကန်းသည် (အမိုက်တိုက်၌) ဆီမီးအိမ်ကို ဆောင်သကဲ့သို့ ထို့အတူ (သူကန်းကဲ့သို့) ငါ၏ဉာဏ်၌ ထင်လာ၏။

၁ဝ၃ဝ။ အကြားအမြင်များသူကို မှီဝဲဆည်းကပ်ရာ၏၊ (မှီဝဲဆည်းကပ်၍ ရအပ်သော ) အကြားအမြင်ကိုလည်း မပျောက်မပျက်စေရာ၊ ထိုအကြားအမြင်သည် (မဂ်ဟူသော) မြတ် သောအကျင့်၏ ပြဋ္ဌာန်းသော အကြောင်းအရင်း မူလဖြစ်၏၊ ထို့ကြောင့် (ရှေးဦးစွာ) ပရိယတ္တိဓမ္မကိုဆောင်ရာ၏။

၁ဝ၃၁။ (တစ်ခုသော ဂါထာ၏) ရှေ့အဖို့ နောက်အဖို့ကို သိ၍လည်းကောင်း၊ အနက်ကိုသိ၍လည်းကောင်း၊ သဒ္ဒါပုဒ်တို့၌ လိမ္မာ၍လည်းကောင်း တရားကို ကောင်းစွာ သင်ယူအပ် သည်ကိုပြု၍ မှတ်ယူ၏။ (ကြားအပ် သင်ယူအပ်သော ) တရား၏ အနက်ကိုလည်း အဖန်ဖန် ရှု၏။

၁ဝ၃၂။ (စိတ်ဖြင့် အဖန်ဖန်ရှုအပ်သော ထိုတရားတို့၌) အယူကို လက်ခံကျေနပ်ခြင်းဖြင့် အလိုဆန္ဒရှိသည်ကို ပြုအပ်၏၊ (ဝိပဿနာမှု ပြုလုပ်သူသည် နာမ်ရုပ်ကို ရှုသည်၏အစွမ်း ဖြင့်) အားထုတ်၍ (အနိစ္စ ဒုက္ခ အနတ္တဟူ၍လည်း) ထိုနာမ်ရုပ်ကို ကြည့်ရှုနှိုင်းချိန်၏၊ (ဤသို့ကြည့်ရှုနှိုင်းချိန်သော) ထိုပုဂ္ဂိုလ်သည် ကောင်းစွာ တည်ကြည်သည်ဖြစ်၍ စိတ်ကို ချီးမြှောက် သင့်သောအခါစသည်၌ (ချီးမြှောက်ခြင်းစသည်ဖြင့်) အားထုတ်၏။

၁ဝ၃၃။ (ဆိုအပ်ခဲ့ပြီးသော ဂုဏ်ကျေးဇူးသည်) အကြားအမြင်များသော ပရိယတ္တိဓမ္မကို ဆောင်သောမဂ်ပညာနှင့် ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကကို (ဆည်းကပ်သော သူအားသာ ဖြစ်၏)၊ သစ္စာလေးပါးတို့၌ ပိုင်းခြားသိတတ်သော ဓမ္မဉာဏ်ကို လိုလားတောင့်တ သူသည် ထိုသို့ဆိုအပ်ပြီးသောအပြားရှိသော ထိုမိတ်ဆွေကောင်းကို မှီဝဲဆည်းကပ်ရာ၏။

၁ဝ၃၄။ အကြားအမြင်များသော ပရိယတ္တိဓမ္မကို ဆောင်သည်ဖြစ်၍ မြတ်စွာဘုရား၏ (တရားတည်းဟူသော) ဘဏ္ဍာတိုက်ကို စောင့်နိုင်သော ပုဂ္ဂိုလ်သည် (နတ်နှင့်တကွသော)လောကအားလုံး၏ မျက်စိသဖွယ် ဖြစ်၏၊ (ထို့ကြောင့်) အကြားအမြင်များသော သူကို ပူဇော် ထိုက်၏။

၁ဝ၃၅။ တရားလျှင် မွေ့လျော်ရာရှိသော တရား၌ မွေ့လျော်သော တရားကို အဖန်ဖန်ဆင်ခြင်သောတရားကို အဖန်ဖန်အောက်မေ့သော ရဟန်းသည် သူတော်ကောင်းတို့၏ တရားမှမဆုတ်ယုတ်။

၁ဝ၃၆။ အကြင်ရဟန်းသည် (ခဏတိုင်းခဏတိုင်း) အသက်အပိုင်းအခြား နည်းပါးကုန် ခန်းနေသည်ဖြစ်ပါလျက် (ရဟန်းတရားကို) အားမထုတ်ငြားအံ့၊ ခန္ဓာကိုယ်ကို မြတ်နိုးမှု၌သာ အလေးပြုနေသော (မွန်မြတ်သော အာဟာရစသည်ဖြင့်) မိမိကိုယ်၏ ချမ်းသာမှု၌ တပ်မက် နေသော ထိုရဟန်းအားရဟန်းအဖြစ်ဖြင့် ချမ်းသာစွာ နေရခြင်းသည် အဘယ်မှာ ရှိပါအံ့ နည်း။

၁ဝ၃၇။ အဆွေခင်ပွန်းကောင်း (အသျှင်သာရိပုတြာ) သည် အနုပါဒိသေသပရိနိဗ္ဗာန်စံလွန်တော်မူသည်ရှိသော် အရပ်မျက်နှာအားလုံးတို့သည် ငါ့အား မထင်မရှား ဝိုးဝါး ဖြစ်နေ၏၊ (ကောင်းစွာလေ့လာထားသော) ပရိယတ္တိတရားတို့သည်လည်း ငါ၏ ဉာဏ်၌ မထင်လာကုန်၊ ဤလောကအားလုံးသည် 'အမိုက်တိုက်ကဲ့သို့' ထင်၏။

၁ဝ၃၈။ မြတ်စွာဘုရားတည်းဟူသော ဆရာကွယ်လွန်ခြင်းကြောင့် အဆွေခင်ပွန်းကောင်းမှကင်းကွာရသော ငါ့အား 'ကာယဂတာသတိကဲ့သို့' အကျိုးစီးပွါးကို ဆောင်တတ်သောအဆွေခင်ပွန်းကောင်း မရှိတော့ချေ။

၁ဝ၃၉။ (အသျှင်သာရိပုတ္တရာစသော) အဆွေခင်ပွန်းဟောင်းတို့သည် ကွယ်လွန်ကုန်ပြီ၊ ငါ၏ (စိတ်သည်) သီတင်းငယ်တို့နှင့် မညီညွတ်၊ ထိုငါသည် ယခုအခါ (မိုးကာလ၌ အသိုက် သို့ နေခြင်းငှါ) 'ကပ်သောငှက်ကဲ့သို့' တစ်ယောက်ထီးတည်းသာလျှင် ဈာန်ဝင်စားရတော့အံ့။

၁ဝ၄ဝ။ (အာနန္ဒာ ငါ့အား) ဖူးမြော်ရန် လာကြကုန်သော အထူးထူးသော တိုင်းနိုင်ငံသား များစွာသောလူတို့ကို မတားမြစ်လင့်၊ (ထိုသူတို့သည်) တရားနာလိုကုန်၏၊ ငါ့အား ဖူးမြင် စေကုန်လော့၊ (ဤအခါသည် တရားဟောအံ့သော) အခါတည်း (ဟု မြတ်စွာဘုရား မိန့်တော် မူ၏)။

၁ဝ၄၁။ (မြတ်စွာဘုရားအား) ဖူးမြော်ရန် လာရောက်ကြကုန်သော အထူးထူးသော တိုင်းနိုင်ငံသားများစွာသော လူတို့ကို မြတ်စွာဘုရားသည် အခွင့်ပြုတော်မူ၏၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားသည် တားမြစ်တော်မမူ။

၁ဝ၄၂။ နှစ်ဆယ့်ငါးနှစ်တို့ပတ်လုံး သေက္ခမျှသာ ဖြစ်သေးသော ငါ့အား ကာမဂုဏ်၌ ဖြစ်သောအမှတ်သညာ မဖြစ်စဖူး၊ တရားတော်၏ ကောင်းသော တရားတော်၏ အဖြစ်ကို ရှုပါလော့။

၁ဝ၄၃။ နှစ်ဆယ့်ငါးနှစ်တို့ပတ်လုံး သေက္ခမျှသာ ဖြစ်သေးသော ငါ့အား ဒေါသနှင့် ယှဉ်သောအမှတ်သညာ မဖြစ်စဖူး၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို ရှုပါလော့။

၁ဝ၄၄။ ငါသည် 'သွားသူနောက်သို့ အစဉ်လိုက်သော အရိပ်ကဲ့သို့ နှစ်ဆယ့်ငါးနှစ်တို့ ပတ်လုံး ကာယကံမေတ္တာဖြင့် မြတ်စွာဘုရားသို့ အစဉ်လိုက်ကာ လုပ်ကျွေးခဲ့ပါ၏။

၁ဝ၄၅။ ငါသည် 'သွားသူနောက်သို့ အစဉ်လိုက်သော အရိပ်ကဲ့သို့' နှစ်ဆယ့်ငါးနှစ်တို့ ပတ်လုံး ဝစီကံမေတ္တာဖြင့် မြတ်စွာဘုရားသို့ အစဉ်လိုက်ကာ လုပ်ကျွေးခဲ့ပါ၏။

၁ဝ၄၆။ ငါသည် 'သွားသူနောက်သို့ အစဉ်လိုက်သော အရိပ်ကဲ့သို့' နှစ်ဆယ့်ငါးနှစ်တို့ ပတ်လုံး မနောကံမေတ္တာဖြင့် မြတ်စွာဘုရားသို့ အစဉ်လိုက်ကာ လုပ်ကျွေးခဲ့ပါ၏။

၁ဝ၄၇။ (ငါသည် ) မြတ်စွာဘုရား စင်္ကြံကြွတော်မူသည်ရှိသော် မြတ်စွာဘုရား၏ နောက် တော်ကလိုက်၍စင်္ကြံသွားခဲ့ပါ၏၊ မြတ်စွာဘုရား တရားဟောတော်မူသည်ရှိသော် ငါ့အား (တရားကို သိသောသောတာပတ္တိမဂ်) ဉာဏ် ဖြစ်ခဲ့ပါ၏။

၁ဝ၄၈။ ငါသည် (အထက်မဂ်သုံးခုအလို့ငှါ) ပြုဖွယ်ကိစ္စ ရှိနေသေး၏၊ အရဟတ္တဖိုလ်သို့ မရောက်သေးမူ၍သေက္ခမျှသာ ဖြစ်နေသေး၏၊ ငါ့အား သနားစောင့်ရှောက်တော်မူသော မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည်လည်း နီးကပ်ခဲ့လေပြီတကား။

၁ဝ၄၉။ မွန်မြတ်သော ဂုဏ်တော်အားလုံးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူလတ်သော် ထိုအခါဝယ် (မြေငလျင်လှုပ်ခြင်း, တော်လဲခြင်းစသော) ကြောက်မက်ဖွယ်သည်ဖြစ်လေပြီတကား၊ ထိုအခါ ကြက်သီးမွေးညင်းထခြင်းသည် ဖြစ်လေ ပြီတကား။

၁ဝ၅ဝ။ အကြားအမြင်များသော ပရိယတ္တိဓမ္မကို ဆောင်နိုင်သည်ဖြစ်၍ မြတ်စွာဘုရား၏ (တရားတည်းဟူသော) ဘဏ္ဍာတိုက်ကို စောင့်နိုင်သော (နတ်နှင့်တကွသော)လောကအားလုံး၏မျက်စိသဖွယ် ဖြစ်၍ ဖြစ်သော အာနန္ဒာမထေရ်သည် ပရိနိဗ္ဗာန်ပြုတော်မူ၏။

၁ဝ၅၁။ အကြားအမြင်များသော ပရိယတ္တိဓမ္မကို ဆောင်နိုင်သည်ဖြစ်၍ မြတ်စွာဘုရား၏ (တရားတည်းဟူသော) ဘဏ္ဍာတိုက်ကို စောင့်နိုင်သော (နတ်နှင့်တကွသော)လောကအားလုံး၏မျက်စိသဖွယ် ဖြစ်၍ ဖြစ်သော အာနန္ဒာမထေရ်သည် (အဝိဇ္ဇာတည်းဟူသော) အမိုက်တိုက်၌ (အဝိဇ္ဇာဟူသော) အမိုက်ကို ပယ်ဖျောက်တော်မူပေ၏။

၁ဝ၅၂။ မြတ်သော သီလက္ခန္ဓစသည်ကို ရှာမှီးလေ့ရှိသော အာနန္ဒာမထေရ်သည် (အတုမရှိ သော) ဉာဏဂတိနှင့် ပြည့်စုံ၏၊ မြတ်သော သတိ၏ ရင့်ကျက်ခြင်းနှင့် ပြည့်စုံ၏၊ (သဒ္ဒါအနက် ကိုပိုင်းခြားသတ်မှတ်ခြင်းငှါ စွမ်းနိုင်သော) တည်ကြည်မှုနှင့် ပြည့်စုံ၏၊ ပရိယတ်, ပဋိပတ်, ပဋိဝေဓဟုဆိုအပ်သော သူတော်ကောင်းတရားကို ဆောင်၏၊ တရားရတနာတို့၏ တည်ရာ ဖြစ်၏။

၁ဝ၅၃။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီး မြတ်စွာဘုရား ဆုံးမတော်မူသော အတိုင်း လိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌မဖြစ်ရတော့ပြီ။

ဤသို့လျှင် အာနန္ဒာမထေရ်သည် ရွတ်ဆို၏။

တိံသနိပါတ် ပြီး၏။

၁၈-စတ္တာလီသနိပါတ်

၁-မဟာကဿပတ္ထေရဂါထာ

ပိပ္ပလုလင်ဟု အမည်ရခဲ့သော သျှင်မဟာကဿပသည် တောထွက်လာစဉ်ကလည်း မြေလှုပ်ခဲ့၏။ ဘုရားသျှင်နှင့် သင်္ကန်းလဲသောအခါလည်း မြေလှုပ်ခဲ့၏။ ဘုရားရှင်၏ သင်္ကန်းတော်ကိုဝတ်ရုံရသော်လည်း စိတ်ထားတက်ကြွခြင်းမရှိ၊ ဘုရားရှင့်ထံ၌ ဓုတင် တစ်ဆယ့်သုံးပါးတို့ကို ဆောင်တော်မူသဖြင့် ဧတဒဂ်ရ ဖြစ်တော်မူ၏။ ရဟန်းပြုပြီးနောက် ခုနစ်ရက်မျှသာ ပုထုဇဉ်အဖြစ်တည်၍့ရှစ်ရက်မြောက်၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏။ ထိုအရှင်မြတ်၏ ဆိတ်ငြိမ်ရာ၌မွေ့လျော်ခြင်းကို အဦးပြုသောအားဖြင့် ရဟန်း တို့အား ဆုံးမသော ဂါထာများ။

၁ဝ၅၄။ ပရိသတ်အပေါင်း ခြံရံလျက် မနေရာ၊ ပရိသတ်အပေါင်း အခြံအရံဖြင့် နေသည်ရှိ သော်စိတ်အနှောင့်အယှက် ရှိသည်ဖြစ်၍ အလိုဆန္ဒ အမျိုးမျိုးရှိသော လူအပေါင်းကို ချီးမြှောက်ရခြင်းသည် ဆင်းရဲ၏၊ ဤသို့ (အပြစ်ကို) မြင်၍ ဂိုဏ်းဂဏအသင်းအပင်းကို အလို မရှိရာ။

၁ဝ၅၅။ (ဤသာသနာတော်၌) ရဟန်းသည် (မင်းမျိုးစသော) အမျိုးတို့သို့ နီးနီးစပ်စပ် မချဉ်းကပ်ရာ၊ စိတ်အနှောင့်အယှက် ရှိသူသည် တည်ကြည်မှု 'သမာဓိ'ကို ရခဲ၏၊ မိမိ၏ ချမ်းသာကို ဆောင်ရွက်နိုင်သောအကြင်ရဟန်းသည် အရသာ၌ တပ်မက်မောသည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်း၌ကြောင့်ကြစိုက်သူ ဖြစ်၏၊ ထိုရဟန်းသည် (သီလစသော) အကျိုးကို ဆိတ်သုဉ်းစေ၏။

၁ဝ၅၆။ ဒါယကာတို့၏ ရှိခိုးပူဇော်မှုကို ရွှံ့ညွန်ဟူ၍လည်းကောင်း၊ သိမ်မွေ့၍ အနုတ်ခက် သောဆူးငြောင့်တံသင်းဟူ၍လည်းကောင်း ဘုရားစသော အရိယာသူတော်ကောင်းတို့ ပြော ကြားကုန်၏။

ထိုပူဇော်သက္ကာရမျိုးကို စိတ်နေစိတ်ထား ယုတ်ညံ့သူသည် စွန့်နိုင်ခဲ၏။

၁ဝ၅၇။ ငါသည် တောင်ပေါ်ကျောင်းမှ ဆင်းသက်၍ မြို့တွင်းသို့ ဆွမ်းခံ ဝင်ခဲ့၏၊ ထမင်း စားနေဆဲဖြစ်သော နူနာစွဲကပ်သူ ယောက်ျားထံသို့ လေးလေးစားစား ဆွမ်းရပ်ခဲ့ပြီ။

၁ဝ၅၈။ ထိုနူနာစွဲသူသည် (အရိုးခိုက်သော နူနာရောဂါရှိသည်၏ အဖြစ်ကြောင့်) ပြတ်လု နီးပါးသွေးပြည်စားထားသော လက်ဖြင့် တလုတ်စာ ဆွမ်းကို ငါ့အားလောင်းလှူလိုက်၏၊ ဆွမ်းကို (သပိတ်တွင်းသို့)လောင်းထည့်လိုက်စဉ် နူနာစွဲသူ၏ လက်ချောင်းသည်လည်း ဤ သပိတ်၌ (ဆွမ်းနှင့်အတူ) ပြတ်ကျ၏။

၁ဝ၅၉။ ငါသည် အိမ်နံရံအနီးအပါး၌ ထိုင်၍ ပြတ်ကျသော လက်ချောင်းနှင့်တကွသော ဆွမ်းကို စားပြီ၊ ဆွမ်းစားဆဲ၌လည်းကောင်း၊ ဆွမ်းစားပြီး၌လည်းကောင်း ငါ့အား စက်ဆုပ် ရွံ့ရှာခြင်း မဖြစ်။

၁ဝ၆ဝ။ (သူတစ်ပါးတို့၏ အိမ်တံခါး၌) ရပ်၍ ခံယူရသော ဆွမ်းသည် (ငါ၏) စားမျို အပ်သော အာဟာရတည်း၊ နွားကျင်ငယ်ပုပ်သည်လည်း ငါသုံးဆောင်အပ်သော ဆေးတည်း၊ သစ်ပင်ရင်းသည် (ငါ၏) နေရာကျောင်းတည်း၊ မြေမှုန့်အလိမ်းလိမ်းကပ်သော (ပံ့သကူ) အဝတ် သည် (ငါ၏) သင်္ကန်းတည်း၊ အကြင်ရဟန်းသည် ထိုပစ္စည်းလေးပါးတို့ကို နှစ်နှစ်ခြိုက်ခြိုက် သုံးဆောင်၏၊ ထိုရဟန်းသည် စင်စစ်အရပ်လေးမျက်နှာ သွားလိုရာ သွားနိုင်သူ (စတုဒ္ဒိသာ) ရဟန်းမည်၏။

၁ဝ၆၁။ အကြင်ပစ္ဆိမအရွယ်၌ အချို့သူတို့သည် တောင်ကို တက်ကုန်လတ်သော် ပင်ပန်းခြင်းသို့ရောက်ကုန်၏၊ ထိုပစ္ဆိမအရွယ်၌ မြတ်စွာဘုရား၏ အမွေခံဖြစ်သော ကဿပသည် ပညာအဆင်အခြင်နှင့်ပြည့်စုံကာ ထင်သော သတိရှိသည် ဖြစ်လျက် တန်ခိုးအစွမ်းဖြင့် ထောက်ပံ့ထားသည်ဖြစ်၍ (တောင်သို့) တက်နိုင်၏။

၁ဝ၆၂။ ကဿပသည် ဆွမ်းခံရွာမှ ပြန်ခဲ့ပြီးသော် တောင်ပေါ်သို့ တက်၍ စွဲလန်းမှု 'ဥပါဒါန်' မရှိဘဲကြောက်မက်ဖွယ်ဘေးရန်ကို ပယ်ဖျောက်လျက် ဈာန်ဝင်စားကာ နေ၏။

၁ဝ၆၃။ ကဿပသည် ဆွမ်းခံရွာမှ ပြန်ခဲ့ပြီးသော် တောင်ပေါ်သို့ တက်၍ စွဲလန်းမှု 'ဥပါဒါန်' မရှိဘဲ (ရာဂမီးစသော တစ်ဆယ့်တစ်ပါးသော) မီးတို့သည် သတ္တဝါတို့ကိုလောင် မြိုက်နေကုန်စဉ်ကိလေသာအပူ မရှိသည်၏ အဖြစ်ဖြင့် ငြိမ်းသည်ဖြစ်၍ ဈာန်ဝင်စားကာ နေ၏။

၁ဝ၆၄။ ကဿပသည် ဆွမ်းခံရွာမှ ပြန်ခဲ့ပြီးသော် စွဲလန်းမှု 'ဥပါဒါန်' မရှိဘဲ (မဂ်) ကိစ္စကို ပြုပြီးသည်ဖြစ်၍ အာသဝေါကင်းလျက် တောင်ပေါ်သို့ တက်၍ ဈာန်ဝင်စား၏။

၁ဝ၆၅။ ရေခတက်ပင်အစဉ်တို့ဖြင့် ကောင်းစွာ ရောက်ကုန်သော နှလုံးမွေ့လျော်ဖွယ်မြေအဖို့လည်းရှိကုန်သော ဆင်အော်သံတို့ဖြင့်လည်း မွေ့လျော်ဖွယ်ရှိကုန်သော ထိုတောင်တို့ သည် ငါ့ကို မွေ့လျော်စေကုန်၏။

၁ဝ၆၆။ မိုးတိမ်ညိုအဆင်းနှင့် တူသော နှစ်လိုဖွယ်ရှိကုန်သော၊ အေးမြသော ရေလည်းရှိကုန်သော၊ စင်ကြယ်သော မြေအဖို့ကို ဆောင်ကုန်သော၊ (သန္တာအဆင်းနှင့် တူသော နီသော အဆင်းရှိသောသိကြားကွမ်းသွေးကောင် ဣန္ဒဂုပ်ကောင်ဟု အမည်ရသော ) ပိုးပရန်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ထိုတောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏။

၁ဝ၆၇။ မိုးတိမ်ညို၏ အထွတ်နှင့် တူသော အထွတ်လည်းရှိကုန်သော၊ မြတ်သောပြာသာဒ်ဆောင်နှင့်လည်း တူကုန်သော၊ ဆင်အော်သံတို့ဖြင့်လည်း မွေ့လျော်ဖွယ်ရှိကုန်သော ထိုတောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏။

၁ဝ၆၈။ မိုးရွာခြင်းကြောင့် (မြူစသည်ကင်းသဖြင့်) မွေ့လျော်ဖွယ်သော အပြင်ရှိကုန်သော၊ ရသေ့ရဟန်းတို့ မှီဝဲအပ်ကုန်သော၊ ဥဒေါင်းတွန်သံတို့ဖြင့် ပဲ့တင်ထပ်ကုန်သော ထိုတောင်တို့ သည် ငါ့ကိုမွေ့လျော်စေကုန်၏။

၁ဝ၆၉။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ ဈာန်ဝင်စားလိုသော သတိရှိ သော ငါ့အား (ထိုတောင်တို့သည် ချမ်းသာစွာ နေခြင်းငှါ) လျောက်ပတ်၏၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ ကိလေသာကို ဖျက်ဆီးပြီးသော အကျိုးကို အလိုရှိသော ငါ့အား (ထိုတောင်တို့သည် ချမ်းသာစွာနေခြင်းငှါ) လျောက်ပတ်၏။

၁ဝ၇ဝ။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ ကိလေသာကို ဖျက်ဆီးပြီးသော၊ ချမ်းသာစွာနေခြင်းကို အလိုရှိသော ငါ့အား (ထိုတောင်တို့သည် ချမ်းသာစွာ နေခြင်းငှါ) လျောက်ပတ်၏၊ (ကမ္မဋ္ဌာန်းကို ပွါးစေခြင်၌) အားထုတ်လိုသော နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ ဣဋ္ဌာရုံအနိဋ္ဌာရုံစသည်တို့၌ တုန်လှုပ်ခြင်း မရှိသော ကျေးဇူးနှင့် ပြည့်စုံ သော ငါ့အား (ထိုတောင်တို့သည် မွေ့လျော်ခြင်းငှါ) လျောက်ပတ်၏။

၁ဝ၇၁။ အောင်မဲညိုပွင့်နှင့် တူသည်ဖြစ်၍ မိုးတိမ်ပြာတို့ ဖုံးလွှမ်းအပ်သည်ဖြစ်၍ (တန်ဆောင်မုန်းလ) ကောင်းကင်နှင့်တူသော အမျိုးမျိုးသော ငှက်အပေါင်းတို့ဖြင့် ပြွမ်းကုန် သော ထိုတောင်တို့သည် ငါ့ကိုမွေ့လျော်စေကုန်၏။

၁ဝ၇၂။ လူတို့နှင့်လည်း မရောပြွမ်းကုန်သော၊ သားကောင်အပေါင်းတို့ မှီဝဲရာလည်း ဖြစ်ကုန်သော၊ အမျိုးမျိုးသော ငှက်အပေါင်းတို့ဖြင့် ပြွမ်းကုန်သော ထိုတောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏။

၁ဝ၇၃။ ကြည်လင်သော ရေရှိကုန်သော၊ ကျယ်ပြန့်၍ နူးညံ့သည့် ကျောက်ရှိကုန်သော၊ မျောက်, ချေ (ဂျီ), သမင်စသော သားကောင်တို့ဖြင့် ရောပြွမ်းကုန်သော၊ (ထိုထိုအရပ်၌) ရေမှော်တို့ဖြင့်ဖုံးလွှမ်းအပ်ကုန်သော ထိုတောင်တို့သည် ငါ့ကို မွေ့လျော်စေကုန်၏။

၁ဝ၇၄။ တည်ကြည်သော စိတ်ရှိ၍ ခန္ဓာတို့၏ သဘောတရားကို ရှုသော ယောဂါဝစရ ပုဂ္ဂိုလ်အားတရား၌ မွေ့လျော်မှုဖြစ်သကဲ့သို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော တူရိယာဖြင့် ကာမဂုဏ်ငါးပါးခံစားသောသူအား ထိုသို့သဘောရှိသော မွေ့လျော်မှုမျိုး မဖြစ်နိုင်။

၁ဝ၇၅။ (ရဟန်းတရား အားထုတ်မှု၏ ဘေးရန်ဖြစ်သော) အမှုကြီးငယ် အသွယ်သွယ်ကို မပြုရာ၊ ကလျာဏမိတ္တမဟုတ်သူကို ရှောင်ကြဉ်ရာ၏၊ လူဒါယကာတို့အတွက် ကြောင့်ကြ မစိုက်ရာ၊ မိမိချမ်းသာကို ဆောင်ရွက်နိုင်သော အကြင်ရဟန်းသည် အရသာ၌ တပ်မက်မော သည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်း၌ ကြောင့်ကြစိုက်သူ ဖြစ်၏၊ ထိုရဟန်းသည် သီလစသော အကျိုးကိုဆိတ်သုဉ်းစေ၏။

၁ဝ၇၆။ (ရဟန်းတရား အားထုတ်မှု၏ ဘေးရန်ဖြစ်သော) အမှုကြီးငယ် အသွယ်သွယ်ကို မပြုရာ၊ မိမိအကျိုးကို မဆောင်နိုင်သော ဤအမှုကြီးငယ်ပြုခြင်းစသည်ကို ရှောင်ကြဉ်ရာ၏၊ (အမှုသစ်ကို ဆောင်ရွက်ရသော ပုဂ္ဂိုလ်၏) ကိုယ်သည် ငြိုငြင်ဆင်းရဲရ၏၊ ပင်ပန်းရ၏၊ ငြိုငြင်ပင်ပန်းသောထိုပုဂ္ဂိုလ်သည် စိတ်တည်ကြည်ခြင်းကို မရနိုင်။

၁ဝ၇၇။ နှုတ်ခမ်းလှုပ်၍ ရွတ်ဖတ်သရဇ္ဈာယ်ကာမျှဖြင့်လည်း မိမိ၏ အကျိုးကို မသိမမြင်၊ (ဦးခေါင်းမော့ကာ) ခိုင်မာသော လည်ပင်းရှိသည်ဖြစ်၍ လှည့်လည်သွားလာလျက် ငါသည် သာ လျှင်မြတ်၏ဟု အောက်မေ့မှတ်ထင်၏။

၁ဝ၇၈။ မသိမလိမ္မာသူသည် မမြင့်မြတ်သူ ဖြစ်ပါလျက် မြင့်မြတ်သူနှင့် ထပ်တူပြု၍ မိမိ ကိုယ်ကိုအောက်မေ့မှတ်ထင်၏၊ ထိုသို့သဘောရှိသော ခက်မာတောင့်တင်းသော စိတ်ရှိသူကို ပညာရှိတို့မချီးမွမ်းကုန်။

၁ဝ၇၉။ အကြင်ပညာရှိသည်ကား ငါသည် မြင့်မြတ်သူဟူ၍လည်းကောင်း၊ ငါသည် မြင့်မြတ်သူမဟုတ်ယုတ်ညံ့သူဟူ၍လည်းကောင်း၊ ငါသည် ထိုမြင့်မြတ်သူနှင့် တူသူဟူ၍လည်းကောင်း မာန်ကိုးပါးတို့တွင်တစ်ခုခုသော မာန်ကြောင့် မတုန်လှုပ်။

၁ဝ၈ဝ။ (အရဟတ္တဖိုလ်ပညာ၏ အစွမ်းဖြင့်) ပညာရှိသော ထိုမှတစ်ပါး ဣဋ္ဌာရုံစသည် တို့၌ သည်းခံခြင်းတာဒိဂုဏ်နှင့် ပြည့်စုံသော သီလတို့၌ ကောင်းစွာ တည်သော စိတ်၏ တည်ကြည်မှုနှင့် ယှဉ်သောထိုပုဂ္ဂိုလ်ကို ပညာရှိတို့ ချီးမွမ်းကုန်၏။

၁ဝ၈၁။ အကြင် သူသည် သီတင်းသုံးဖော်တို့အပေါ်၌ ရိုသေလေးမြတ်မှု မရှိ၊ မြေကြီး သည်ကောင်းကင်မှ ဝေးသကဲ့သို့ ထိုသူသည် သူတော်ကောင်းတရားမှ ဝေး၏။

၁ဝ၈၂။ အကြင်ပုဂ္ဂိုလ်တို့အား အခါခပ်သိမ်း (မကောင်းမှုမှ) ရှက်ခြင်း'ဟိရီ' ကြောက်ခြင်း 'သြတ္တပ္ပ'သည်ကောင်းစွာ တည်၏၊ ထိုပုဂ္ဂိုလ်အား စည်ပင်သော အကျင့်မြတ်ရှိကုန်သည်ဖြစ်၍ ဘဝသစ်၌ဖြစ်ခြင်းကုန်ပြီ။

၁ဝ၈၃။ အကြင်ရဟန်းသည် ပံ့သကူသင်္ကန်းကို ဝတ်ရုံလျက် တုန်လှုပ်ပျံ့လွင့်၏၊ လျှပ်ပေါ်လော်လည်၏၊ ထိုရဟန်းသည် 'ခြင်္သေ့ရေခြုံသော မျောက်ကဲ့သို့' (အရိယာတို့၏ တံခွန် ဖြစ်သော) ထိုပံ့သကူသင်္ကန်းဖြင့် မတင့်တယ်။

၁ဝ၈၄။ အကြင်ရဟန်းသည် (ပံ့သကူသင်္ကန်းကိုဝတ်ရုံကာ) တုန်လှုပ်ပျံ့လွင့်ခြင်း ကင်း သော စိတ်ရှိ၏၊ လျှပ်ပေါ်လော်လည်ခြင်းလည်း မရှိ၊ ရင့်ကျက်သော ပညာလည်း ရှိ၏၊ ဣနြေ္ဒတို့ကို စောင့်စည်း၏၊ ထိုရဟန်းသည် 'တောင်ခေါင်းတောင်ဝှမ်း၌ အောင်းသော ခြင်္သေ့ကဲ့သို့' ပံ့သကူသင်္ကန်းဖြင့် တင့်တယ်၏။

၁ဝ၈၅-၆။ တန်ခိုးကြီးကုန်သော များသော အခြံအရံရှိကုန်သော များစွာကုန်သော ထို ဗြဟ္မာတို့သည် တစ်သောင်းနှင်နှင် ရှိကုန်၏၊ ခပ်သိမ်းကုန်သော ထိုဗြဟ္မာအပေါင်းတို့သည် လုံ့လရှိ၍ မြတ်သောဈာန်ဝင်စားမှုရှိသော တည်ကြည်သော သမာဓိရှိသော တရားစစ်သူ ကြီးဖြစ်သည့် သာရိပုတ္တရာမထေရ်ကိုလက်အုပ်ချီမိုး ရှိခိုးလျက် ရပ်တည်ကုန်၏။

၁ဝ၈၇။ ယောက်ျားအာဇာနည်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားသည် အကြင်အာရုံကို အမှီပြု၍ ဈာန်ဝင်စား၏၊ ထိုအရှင်ဘုရား ဝင်စားနေသော ဈာန်၏ အာရုံကို အကျွန်ုပ်တို့မသိပါကုန်။

၁ဝ၈၈။ ဘုရားရှင်တို့၏ ကျက်စားရာ အာရုံဖြစ်၍ အလွန်နက်နဲသော ကိုယ်ပိုင်တရား တော်သည်အံ့သြဖွယ် ရှိပါပေစွတကား၊ အကျွန်ုပ်တို့သည် သားမြီးဖျားကို မှန်အောင်ပစ်နိုင် သည့်လေးသမားနှင့်တူသော ပညာရှိဖြစ်ပါကုန်လျက်လည်း ယင်းတရားတော်ကို မသိနိုင်ကြပါကုန်။

၁ဝ၈၉။ ထိုအခါ ပူဇော်ခြင်းငှါ ထိုက်သော ထိုအသျှင်သာရိပုတ္တရာကို နတ်ဗြဟ္မာအပေါင်း တို့သည် ယင်းသို့ ပူဇော်နေသည်ကို မြင်ရ၍ အသျှင်မဟာကပ္ပိနအား ပြုံးခြင်းသည် ဖြစ်လေ၏။

၁ဝ၉ဝ။ (စကြဝဠာကုဋေတစ်သိန်းဟူသော) ဗုဒ္ဓခေတ်ရှိသမျှ အတွင်း၌ မြတ်စွာဘုရားကို ထား၍ဓုတင်အရာဝယ် ငါသည် ထူးချွန်၏၊ (ဓုတင်ကို ဆောင်ရာ၌) ငါနှင့် တူသူ မရှိ။

၁ဝ၉၁။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်း လိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ် မရှိတော့ပြီ။

၁ဝ၉၂။ သင်္ကန်း၌ (တဏှာဟူသော) လိမ်းကျံမှု မရှိ၊ ကျောင်းအိပ်ရာနေရာ၌ (တဏှာဟူ သော) လိမ်းကျံမှု မရှိ၊ အစာဘောဇဉ်၌ (တဏှာဟူသော) လိမ်းကျံမှု မရှိ၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သောကိလေသာကင်းပြီးသော ဂေါတမအနွယ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် အညစ်အကြေးကင်းသောကြာပွင့်သည် ရေဖြင့် မလိမ်းကျံသကဲ့သို့ ထို့အတူ (တဏှာလိမ်း ကျံခြင်းစသည်ဖြင့်) လိမ်းကျံတော် မမူ၊ တဏှာမှ ထွက်ခြင်း၌ ညွတ်တော်မူသည်ဖြစ်၍ ဘဝသုံးပါးမှ ကျွတ်လွတ်တော်မူ၏။

၁ဝ၉၃။ ထိုမြတ်စွာဘုရားသည် သတိပဋ္ဌာန်တည်းဟူသော လည်ပင်း ရှိတော်မူ၏၊ သဒ္ဓါတည်းဟူသောလက်ရှိတော်မူ၏၊ ပညာတည်းဟူသော ဦးခေါင်းရှိတော်မူ၏၊ မြတ်သော (သဗ္ဗညုတ) ဉာဏ်ရှိတော်မူ၏၊ အခါခပ်သိမ်း ငြိမ်းအေးခြင်းသို့ ရောက်၍ လှည့်လည် တော်မူ၏။

ဤသို့လျှင် မဟာကဿပမထေရ်သည် ရွတ်ဆို၏။

စတ္တာလီသနိပါတ် ပြီး၏။

၁၉-ပညာသနိပါတ်

၁-တာလပုဋတ္ထေရဂါထာ

ကချေသည် ဘဝတွင် ကြီးပွါး တိုးတက်ခဲ့သော တာလပုဋ သဘင်ဆရာကြီးသည် ဘုရားရှင့်ထံရောက်သောအခါ သဘင်သည်များ အပါယ်လားရကြောင်း ဟောတော်မူသည်တွင် သံဝေဂရ သဒ္ဓါတရားဖြစ်၍ ရဟန်းပြုကာ ဝိပဿနာပွါးရာ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ရှေးအခါက မိမိ၏ ယောနိသောမနသိကာရနှင့် ယှဉ်သောစိတ်ကို အမျိုးမျိုးခွဲခြား၍ အနီးရှိရဟန်းတို့အား သြဝါဒပေးသောအားဖြင့် ဟောကြားသော ဂါထာများ။

၁ဝ၉၄။ ငါသည် အဘယ်အခါ တောင်မြောင်ချောက်ကြားတို့၌ တစ်ယောက်ထီးတည်း တဏှာ အဖော်မရှိဘဲ အလုံးစုံသော ဘဝကို အနိစ္စဟု ရှုလျက် နေရပါအံ့နည်း၊ ငါ့အား ထိုသို့ သော အကြံထမြောက်အောင်မြင်မှုသည် အဘယ်အခါ၌ ဖြစ်ပါလတ္တံ့နည်း။

၁ဝ၉၅။ ငါသည် အဘယ်အခါ၌ ဆိုးရည်ဖြင့် အဆင်းကို ဖျက်၍ ဓားငယ်ဖြင့် အပိုင်းပိုင်း ဖြတ်အပ်သော သင်္ကန်းကို ဆောင်သော ဖန်ရည်စွန်းသော အဝတ်သင်္ကန်းကို ဝတ်သော မြတ်နိုးမှုမှ ကင်းသော (တစ်စုံတစ်ခုသော အာရုံ၌) တောင့်တမှုမရှိသော ရဟန်းဖြစ်၍ စွဲမက်မှု 'ရာဂ'ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ'ကိုလည်းကောင်း၊ တွေဝေမှု 'မောဟ' ကိုလည်းကောင်း (အရိယမဂ်ဖြင့်) ဖြတ်တောက်ပြီးလျှင် တောအုပ်ကြီးသို့ ချဉ်းကပ်ကာ ချမ်းသာစွာ နေရပါအံ့နည်း။

၁ဝ၉၆။ ငါသည် အဘယ်အခါ၌ သေခြင်း နာခြင်းတို့၏ အသိုက်သဖွယ်ဖြစ်သော သေခြင်း အိုခြင်းတို့ဖြင့် နှိပ်စက်အပ်သော ဤ (ခန္ဓာ) ကိုယ်ကို အနိစ္စဟု အထူးရှုလျက် ကြောက်ရွံ့ခြင်း ကင်းကာ တော၌ တစ်ယောက်ထီးတည်း နေရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင် မြင်မှုသည် အဘယ်အခါ၌ ဖြစ်ပါလတ္တံ့နည်း။

၁ဝ၉၇။ ငါသည် အဘယ်အခါ၌ (နှစ်ဆယ့်ငါးပါးသော) ဘေးတို့၏ ဖြစ်ကြောင်း ဖြစ်၍ ဆင်းရဲခြင်းကိုဆောင်တတ်သော များစွာသော အာရုံ များစွာသော ဘဝသို့ အစဉ်လိုက် တတ်သော တဏှာဟုဆိုအပ်သော နွယ်ကို (ပညာဖြင့် ပြီးသော) ထက်လှစွာသော သန်လျက်ကို စွဲကိုင်၍ ဖြတ်တောက်ခုတ်စဉ်းကာ နေရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁ဝ၉၈။ ငါသည် အဘယ်အခါ၌ ထက်သော တန်ခိုးရှိသော (ဘုရား, ပစ္စေကဗုဒ္ဓါ အရိယာ သာဝက) ဣသိတို့၏ (မဂ်ပညာဟူသော) ဓားလက်နက်ကို အဆောတလျင် ဆွဲယူ၍ (ကိလေ သာ) စစ်သည်နှင့်တကွသော မာန်ကို သီဟာသနပလ္လင်ထက်၌ အလျင်အမြန် ဖျက်ဆီးရပါ အံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁ဝ၉၉။ ငါသည် အဘယ်အခါ၌ တရားကို အလေးပြုကုန်သော , တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော , မဖောက်မပြန် မြင်စွမ်းနိုင်ကုန်သော ဣနြေ္ဒတို့ကို အောင်ပြီးကုန်သော ဘုရားအစ ရှိသောသူတော်ကောင်းတို့ အစုအဝေးတို့၌ တရားအားထုတ်ကာ တွေ့မြင်ရသူ ဖြစ်ပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁၁ဝဝ။ ပျင်းရိခြင်းသည်လည်းကောင်း၊ ဆာလောင်ခြင်းသည်လည်းကောင်း၊ ရေမွတ်သိပ်ခြင်းသည်လည်းကောင်း၊ လေ, နေပူ, တံလျှပ်တို့သည်လည်းကောင်း၊ ပေါက်ဖတ်, ကင်း, သန်းတို့သည်လည်းကောင်း တောင်မြောင်ချောက်ကြား၌ အကျိုးစီးပွါးကို အလိုရှိသည်ဖြစ်၍ နေသော ငါ့ကို အဘယ်အခါ မနှိပ်စက်နိုင်ပါလတ္တံ့နည်း။ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁၁ဝ၁။ ငါသည် အဘယ်အခါ ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ သတိနှင့် ပြည့်စုံလျက် မြတ်စွာဘုရားသည် သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်သော မြင်နိုင်ခဲသော သစ္စာလေးပါးတို့ကို အရိယမဂ်ပညာဖြင့် ထိုးထွင်း၍ သိရပါလတ္တံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁၁ဝ၂။ ငါသည် အဘယ်အခါ ဈာန်, ဝိပဿနာ, မဂ်သမာဓိနှင့် ပြည့်စုံလျက် ဉာဏ်ဖြင့်မပိုင်းခြားနိုင်သော ရူပါရုံတို့ကိုလည်းကောင်း၊ သဒ္ဒါရုံတို့ကိုလည်းကောင်း၊ ဂန္ဓာရုံတို့ကိုလည်းကောင်း၊ ရသာရုံတို့ကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်းကောင်း၊ ဓမ္မာရုံတို့ကိုလည်းကောင်း (မီးတစ်ဆယ့်တစ်ပါးတို့ဖြင့်) တောက်လောင်နေ၏ဟူ၍ ဝိပဿနာပညာနှင့်တကွသော မဂ်ပညာဖြင့်ရှုမြင်နိုင်ပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁၁ဝ၃။ ငါသည် အဘယ်အခါ၌ ရင့်သီးသော စကားဖြင့် (ထိခိုက်ချုပ်ချယ်၍) ပြောဆိုခံရ သော် ထိုပြောဆိုခြင်းဟူသော အကြောင်းကြောင့် စိတ်အနှောင့်အယှက်ရှိသူ မဖြစ်ဘဲ ရှိပါအံ့ နည်း၊ ထို့ပြင် တစ်စုံတစ်ယောက်သောသူက ချီးမွမ်းအပ်သော်လည်း ထိုချီးမွမ်းခြင်းဟူသော အကြောင်းကြောင့် နှစ်လိုဝမ်းမြောက်သူ မဖြစ်ဘဲ ရှိပါအံ့နည်း၊ ထိုအကြံအစည် ထမြောက် အောင်မြင်မှုသည် အဘယ်အခါဖြစ်ပါလတ္တံ့နည်း။

၁၁ဝ၄။ ငါသည် အဘယ်အခါ၌ ထင်းတုံးတို့ကိုလည်းကောင်း၊ မြက်စည်းတို့ကို လည်းကောင်း၊ နွယ်ပင်တို့ကိုလည်းကောင်း၊ (ငါ၏ သန္တာန်၌ အကျုံးဝင်ကုန်သော ) ဤခန္ဓာငါးပါး တို့ကိုလည်းကောင်း၊ မရေတွက်နိုင်အောင် များပြားသော အနိနြ္ဒိယဗဒ္ဓရုပ်တရားတို့ကို လည်းကောင်း၊ အဇ္ဈတ္တတရားတို့ကိုလည်းကောင်း၊ ဗာဟိရတရားတို့ကိုလည်းကောင်း (အနိစ္စစသည်တို့၏ အစွမ်း အသာရ အစရှိသည်တို့၏ အစွမ်းအားဖြင့်) ထပ်တူထပ်မျှ ပြု၍ နှိုင်းချိန်နိုင်ပါအံ့နည်း။ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁၁ဝ၅။ အဘယ်အခါ၌ တောအုပ်ကြီးအတွင်းဝယ် မိုးတွင်းအခါ ရွာသွန်းသော မိုးကြီးသည် ဘုရားအစရှိသော သူတော်ကောင်းတို့ သွားလာရာ သမထဝိပဿနာလမ်းခရီး၌ သွားလာလှည့်လည်နေသော ငါ့ကို သင်္ကန်းနှင့်တကွ မိုးရေဖြင့် စိုစွတ်စေလတ္တံ့နည်း၊ ထိုအကြံ အစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁၁ဝ၆။ ငါသည် အဘယ်အခါ၌ တောအုပ်အတွင်း တောင်မြောင်ချောက်ကြားဝယ် ဦးစွန်းအမောက်ရှိသော ဥဒေါင်းငှက်တွန်သံကို ကြားရသော် (အခါကို မှတ်၍) အိပ်ရာမှ ထလျက် နိဗ္ဗာန်ကိုရခြင်းငှါ (အနိစ္စ အစရှိသောအားဖြင့်) ကြံစည်နှလုံးသွင်းရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁၁ဝ၇။ ငါသည် အဘယ်အခါ၌ ဂင်္ဂါမြစ်သို့လည်းကောင်း၊ ယမုံနာမြစ်သို့လည်းကောင်း၊ သရဿတိမြစ်သို့လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသော သမုဒ္ဒရာအတွင်း နက်ရှိုင်းစွာ တည်သော ဝဲသို့လည်းကောင်း၊ မဟာသမုဒ္ဒရာ၌ ကြီးစွာလည်သော ဗလဝါမုခဝဲအဝတွင်း သို့လည်းကောင်း တန်ခိုးဖြင့် မငြိမတွယ်ဘဲ ဆင်းနိုင်ရပါအံ့နည်း။ ထိုအကြံအစည် ထမြောက် အောင်မြင်မှုသည် အဘယအ် ခါ ဖြစ်ပါလတံ္တ့နည်း။

၁၁ဝ၈။ ဆင်ပြောင်ကြီးသည် မငြိမကပ်မူ၍ သွားလာလှည့်လည်သကဲ့သို့ ထို့အတူ ငါသည် အဘယ်အခါ၌ တင့်တယ်၏ဟု နှလုံးသွင်းသော သုဘနိမိတ်အားလုံးကို အကြွင်းမဲ့ ရှောင်ကြဉ် သည်ဖြစ်၍ ဈာန်၌အားထုတ်ကာ ကာမဂုဏ်တို့၌ အလိုဆန္ဒကို ဖောက်ခွဲဖျက်ဆီးရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်နိုင်ပါအံ့နည်း။

၁၁ဝ၉။ ကြွေးမြီရှင်တို့က နှိပ်စက်အပ်သည်ဖြစ်၍ ကြွေးမြီ အနှိပ်စက်ခံနေရသော သူဆင်းရဲသည် ရွှေအိုးကို ရသဖြင့် (တင်သောကြွေးကို ပေးဆပ်၍) နှစ်သက်ခြင်း ဖြစ်သကဲ့သို့ ထို့အတူ ကာမစ္ဆန္ဒကြွေးမြီဖြင့် အနှိပ်စက်ခံနေရသော ငါသည် အဘယ်အခါ မြတ်စွာဘုရား၏ (ရွှေအိုးနှင့်တူသော) သာသနာကို (လက်ဆုပ်လက်ကိုင်) ရရှိ၍ နှစ်သက်ခြင်း ဖြစ်ရပါအံ့နည်း၊ ထိုအကြံအစည် ထမြောက်အောင်မြင်မှုသည် အဘယ်အခါ ဖြစ်ပါလတ္တံ့နည်း။

၁၁၁ဝ။ ဟယ်စိတ် အိမ်၌ နေခြင်းဖြင့် သင့်အား အကျိုးမရှိဟူသော ဤစကားဖြင့် သင်သည် နှစ်ပေါင်းများစွာတို့ပတ်လုံး ငါ့ကို တောင်းပန်တိုက်တွန်းဘိ၏၊ ယခုအခါ သင်တောင်းပန် တိုက်တွန်းချက်အရ ရဟန်းပြုပြီးသည် ဖြစ်ပါလျက် သင်စိတ်သည် အဘယ်ကြောင့် တရား အားမထုတ်ဘိသနည်း။

၁၁၁၁။ မိုးချုန်းသံကြောင့် တွန်ကျူးကြွေးကြော်လေ့ရှိကြကုန်သော ဆန်းကြယ်သော အတောင်ရှိကုန်သော ဥဒေါင်းငှက် စသော ထိုငှက်အပေါင်းတို့သည် တောင်တို့ခြံရံသော တော၌ ဈာန်ဝင်စားသော သင့်ကို မွေ့လျော်စေပါကုန်လတ္တံ့ (ဟု သင်သည် ငါ့ကို တောင်းပန်ခဲ့သည် မဟုတ်ပါလော)၊ (ဟယ်စိတ် ယခုအခါတောင်းပန်သည်နှင့် လျော်ညီစွာ အဘယ်ကြောင့် မကျင့်ပါသနည်း)။

၁၁၁၂။လောကဝယ် မျိုးရိုးဇာတ်အတွင်း၌ အဆွေခင်ပွန်းကောင်းတို့ကိုလည်းကောင်း၊ ချစ်ခင်မြတ်နိုးအပ်သော သားမယားတကို့ လို ည်း ကောင်း ၊ အဆေအွ မျိုး တကို့လည်းကောင်း၊ ရငွှ်မြူးမွေ့လျော်ခံစားအပ်သော ကာမဂုဏ်ကိုလည်းကောင်း (ဆိုအပ်ပြီး) အလုံးစုံကို စွန့်လွှတ် ပယ်ရှား၍ ဤတောအရပ်သို့ ကပ်ရောက်ခဲ့၏။ ယင်းသို့ ဖြစ်ပါလျက် သင့်အလိုသို့ လိုက်၍ တည်သော ငါ့ကိုအဘယ်ကြောင့် နှစ်သက်အောင် မပြုဘိသနည်း။

၁၁၁၃။ ထိုစိတ်သည် ငါ၏ စိတ်သာလျှင် ဖြစ်ခဲ့၏၊ သူတစ်ပါးတို့၏ စိတ် မဟုတ်၊ ဟယ် စိတ်သင်သည်မူကား (သူတစ်ပါးတို့၏ စိတ်ကဲ့သို့ပြု၍) ဘာဝနာဖြင့် ဖွဲ့ချည်သောအခါ ငိုကြွေးမြည်တမ်းဘိ၏၊ ထိုသို့ ငိုကြွေးခြင်းဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း။ ဤစိတ်သည်လည်းကောင်း၊ တေဘူမကသင်္ခါရတရားအားလုံးသည်လည်းကောင်း အမြဲမတည် တုန်လှုပ်သော တရားမည်၏။ ဤသို့ (ပညာမျက်စိဖြင့်) ရှုသည်ဖြစ်၍ သေခြင်းကင်းရာ နိဗ္ဗာန်ကိုသာလျှင် ရှာမှီးလျက် ကာမဂုဏ်တို့မှ ငါထွက်မြောက်ခဲ့ပြီ။

၁၁၁၄။ ရာဂမကင်းသဖြင့် အလွန်တားမြစ်နိုင်ခဲသော တုန်လှုပ်သော စိတ်သည် တော မျောက်နှင့်တူ၏ဟူ၍ အသင့်ယုတ္တိရှိသော စကားကို ကောင်းစွာ ဆိုတော်မူတတ်သော, အခြေ နှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်တော်မူသော, မြတ်သော ဆေးသမားသဖွယ် ဖြစ် တော်မူသော, လူနတ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ဟောတော်မူ၏။

၁၁၁၅။ ကာမတို့သည် ဆန်းကြယ်ကုန်၏၊ သာယာဖွယ်ဖြစ်ကုန်၏၊ နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော ထိုဗာလပုထုဇဉ်တို့သည် ယင်းကာမတို့၌ ကပ်မှီတွယ်တာကုန် သည်ဖြစ်၍ ဘဝသစ်၌ တစ်ဖန်ဖြစ်မှုကို ရှာမှီးကုန်လျက် ဆင်းရဲဒုက္ခကို လိုလားကြကုန်၏၊ ယင်းသို့ လိုလားသူ ဗာလပုထုဇဉ်တို့သည် မိမိစိတ်သည်ပင် ငရဲသို့ ဆောင်အပ်ကုန်သည်ဖြစ်၍ (ချမ်းသာသုခမှ) ကင်းကွာကြကုန်၏။

၁၁၁၆။ ဥဒေါင်း ကြိုးကြာတို့ တွန်ကျူးရာဖြစ်သော တော၌ သစ်ကျားတို့ဖြင့် ခြံရံအပ် သည်ဖြစ်၍ နေသော သင်သည် ခန္ဓာကိုယ်၌ ငဲ့ကွက်မှုကို စွန့်လော့၊ ဟယ်စိတ် ဤ (ဗုဒ္ဓုပ္ပါဒနဝမခဏကို) မလွဲချော်ပါစေလင့်၊ ဟယ်စိတ်

ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏။

၁၁၁၇။ ဈာန်တို့ကိုလည်းကောင်း၊ ဣနြေ္ဒတို့ကိုလည်းကောင်း၊ ဗိုလ်တို့ကိုလည်းကောင်း၊ ဗောဇ္ဈင် သမာဓိ ဘာဝနာကိုလည်းကောင်း ပွါးများပါလေလော့။ မြတ်စွာဘုရားသာသနာတော်၌ ဝိဇ္ဇာသုံးပါးတို့သို့ ရောက်ပါလေလော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏။

၁၁၁၈။ အမြိုက်နိဗ္ဗာန်သို့ ရောက်ခြင်း၏ အကြောင်းဖြစ်သော, (ဝဋ်ဆင်းရဲမှ) ထွက်မြောက်စေတတ်သော, ခပ်သိမ်းသော ဝဋ်ဆင်းရဲတို့၏ကုန်ရာ (နိဗ္ဗာန်) လျှင် အာရုံရှိသော, ကိလေသာ အညစ်အကြေးအားလုံးကို သုတ်သင်တတ်သော, အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ပွါးများပါလေလော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်း ခဲ့ဖူး၏။

၁၁၁၉။ သင့်သောအကြောင်းအားဖြင့် ဥပါဒါနက္ခန္ဓာတို့ကို ဒုက္ခဟူ၍ ရှုလော့၊ အကြင် တရားကြောင့် ဒုက္ခသည် ဖြစ်ပေါ်၏၊ ထိုဒုက္ခဖြစ်ပေါ်ကြောင်းတရားကို စွန့်လေလော့၊ ဤ အတ္တဘော၌သာလျှင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုလော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏။

၁၁၂ဝ။ သင့်သောအကြောင်းအားဖြင့် (ဥပါဒါနက္ခန္ဓာတို့ကို) အနိစ္စဟူ၍လည်းကောင်း၊ ဒုက္ခဟူ၍လည်းကောင်း၊ (အတ္တမှ) ဆိတ်သုဉ်း၏ဟူ၍လည်းကောင်း၊ အနှစ်သာရမှ ကင်း၏ဟူ၍လည်းကောင်း၊ ဆင်းရဲဟူ၍လည်းကောင်း၊ သူသတ်နှင့် တူ၏ဟူ၍လည်းကောင်း ရှုလေလော့။ စိတ်၏ လေ့လာကျက်စားရာ ကာမဂုဏ်ကို မှီသော ဝမ်းမြောက်မှု၌ စိတ်ကို တားမြစ်ပိတ်ပင်လေလော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော် တိုက်တွန်းခဲ့ဖူး၏။

၁၁၂၁။ ဦးပြည်းခေါင်းတုံးရိတ်ပြီးလျှင် ဖောက်ပြန်သော အဆင်းရှိသည်ဖြစ်၍ သပိတ် လက်စွဲလျက် ဒါယကာအိမ်တို့၌ ဆွမ်းကို ရှာမှီးလေလော့၊ မြတ်သော သီလကျေးဇူးစသည်ကို ရှာတော်မူပြီးသော မြတ်စွာဘုရား၏ စကားတော်၌ အားထုတ်လော့၊ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏။

၁၁၂၂။ သင်သည် (ကိုယ်နှုတ်စိတ်တို့ကို) ကောင်းစွာ စောင့်စည်းခြင်းသဘောရှိသည်ဖြစ်၍ ဆွမ်းခံရန် လမ်းကြိုလမ်းကြား၌ ကြွသွားသည်ရှိသော် အညစ်အကြေးကင်းသော လပြည့်နေ့ည လပြည့်ဝန်းကဲ့သို့ ဒါယကာ ဒါယိကာမတို့အပေါ်၌လည်းကောင်း၊ ကာမဂုဏ်တို့၌လည်းကောင်း ကပ်ငြိသော စိတ်မရှိဘဲ လှည့်လည်သွားလာလေလော့။

ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏။

၁၁၂၃။ သင်သည် အရညကင်ဓူတင် ဆောက်တည်သူ ဖြစ်ပါလော့။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သူဖြစ်ပါလော့၊ သုသာန်ဓူတင် ဆောက်တည်သူ ဖြစ်ပါလော့၊ ပံ့သကူဓူတင် ဆောက်တည်သူ ဖြစ်ပါလော့၊ နိသဇ်ဓူတင် ဆောက်တည်သူ ဖြစ်ပါလော့၊ ဓူတင်၌ အခါခပ်သိမ်း မွေ့လျော်သူ ဖြစ်ပါလော့။ ဟယ်စိတ် ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော် တိုက်တွန်းခဲ့ဖူး၏။

၁၁၂၄။ အသီးတို့ကို အလိုရှိသော ယောက်ျားသည် သစ်ပင်တို့ကို စိုက်ပျိုးပြီး၍ (အသီး မရှိလတ်သော်) ထိုသစ်ပင်ကို အမြစ်မှ ဖြတ်ခြင်းငှာ အလိုရှိသကဲ့သို့ သင်အလိုရှိဘိ၏၊ ဟယ် စိတ် ဤဥပမာနှင့် တူသောဤအမှုကို သင် ပြုဘိ၏၊ အမြဲမရှိသော တုန်လှုပ်ခြင်းရှိသော သံသရာ၌ ငါ့ကို တိုက်တွန်းဘိ၏။

၁၁၂၅။ အဆင်းရုပ်မရှိသော အဝေးသို့ သွားတတ်သော တစ်ခုတည်းသာ ဖြစ်လေ့ရှိသော ဟယ်စိတ် (မြတ်စွာဘုရား အဆုံးအမကို ရသော ) ယခုအခါ၌ ငါသည် သင်၏ စကားကို မလိုက်နာတော့အံ့၊ ကာမတို့သည် (ရှေးအတိတ်ကလည်း) ဆင်းရဲသော သဘောရှိကုန်၏၊ (နောင်အခါလည်း) စပ်ခါးသော အကျိုးရှိကုန်၏၊ (အတ္တာနုဝါဒဘေးစသော) များသော ဘေး ရန်ရှိကုန်၏၊ (ထို့ကြောင့်) နိဗ္ဗာန်ကိုသာလျှင် ရှေးရှုသော စိတ်ရှိသည်ဖြစ်၍ လှည့်လည် သွားလာနေတော့အံ့။

၁၁၂၆။ ငါသည် ကျက်သရေ မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အရှက်မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း အိမ်မှ ထွက်ခဲ့သည် မဟုတ်။ စိတ်ဟူသော အကြောင်းကြောင့် အိမ်မှထွက်ခဲ့သည် မဟုတ်၊ မင်းဘေးဒဏ်ကြောင့် အိမ်မှ ထွက်ခဲ့သည် မဟုတ်၊ ဟယ်စိတ် (ရဟန်းပြုသောကာလမှ စ၍ သင့်အလိုကို ငါမလိုက်တော့အံ့)ဟု သင့်အား ဝန်ခံခြင်းကို ငါပြုခဲ့သည် မဟုတ်ပါလော။

၁၁၂၇။ ဘုရားစသော သူတော်ကောင်းတို့သည် (ပစ္စည်းလေးပါးတို့၌) အလိုနည်းခြင်းကို ချီးမွမ်းအပ်၏၊ သူတစ်ပါးတို့၏ ကျေးဇူးချေဖျက်ခြင်းကို ပယ်ခြင်းကို ချီးမွမ်းအပ်၏၊ ဆင်းရဲ၏ ငြိမ်းအေးရာကို ချီးမွမ်းအပ်၏၊ ဟယ်စိတ်

ဤသို့လျှင် သင်သည် ငါ့ကို ရှေးအခါက နှိုးဆော်တိုက်တွန်းခဲ့ဖူး၏၊ ယခုအခါ၌မူကား သင်သည် ရှေး၌ ဖြစ်သော အလေ့အကျင့်ကို ကျင့်သုံးနေပြန်ဘိ၏။

၁၁၂၈။ (ပစ္စည်းလေးပါးတို့၌) တပ်မက်မှု ''တဏှာ'', မသိမှု ''အဝိဇ္ဇာ'', (သားမယား စသည်တို့၌) ချစ်ခင်မှုနှင့် (ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်းဟူသော) မချစ်ခင်မှုကိုလည်းကောင်း၊ တင့်တယ်သောရူပါရုံတို့ကိုလည်းကောင်း၊ ဣဋ္ဌာရုံကို စွဲ၍ ဖြစ်သော သုခဝေဒနာ ကိုလည်းကောင်း၊ ချစ်မြတ်နိုးအပ်ကုန်သော (ကြွင်းသော) ကာမဂုဏ်အစုတို့ကိုလည်းကောင်း ငါ ထွေးအန်စွန့်ပစ်အပ်ကုန်ပြီ။ ထွေးအန်စွန့်ပစ်အပ်ပြီးသော တရားတို့ကို ငါသည် နောက်ထပ် အန်ထုတ်ခြင်းငှါ မစွမ်းနိုင်တော့ပြီ။

၁၁၂၉။ ဟယ်စိတ် အလုံးစုံသော ဘဝယောနိ စသည်တို့၌ သင့်စကားကို ငါ လိုက်နာ ပြုလုပ်ခဲ့မိပြီ၊ (ပြုသော်လည်း) များစွာသော ဘဝတို့၌ ငါသည် သင့်ကို အမျက် မထွက်နိုင်ခဲ့၊ အတွင်း ''အဇ္ဈတ္တ'' ၌ ကောင်းစွာ ဖြစ်သော်လည်း သင်၏ သူ့ကျေးဇူးကို မသိသည်၏ အဖြစ် ကြောင့် သင်ပြုလုပ်ဖြစ်စေအပ်သော သံသရာဆင်းရဲ၌ ကြာမြင့်စွာသော ကာလပတ်လုံး ငါ ကျင်လည်ခဲ့ရလှလေပြီ။

၁၁၃ဝ။ ဟယ်စိတ် သင်သည်သာလျှင် ငါတို့အား ပုဏ္ဏားဖြစ်လော့ဟူ၍လည်း ပြုစီရင်ဘိ၏၊ ခတ္တိယဇာတ် မင်းမြတ်ဖြစ်လော့ဟူ၍လည်း ပြုစီရင်ဘိ၏၊ ငါတို့သည် သင်၏ အစွမ်းကြောင့်ပင် တစ်ရံတစ်ခါ ကုန်သည်တို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း ဖြစ်ကြရကုန်၏။ တစ်ရံတစ်ခါ၌ နတ်အဖြစ်သည်လည်း ဖြစ်ကြရကုန်၏။

၁၁၃၁။ သင်စိတ်ဟူသော အကြောင်းကြောင့်သာလျှင် (ငါတို့သည်) အသုရာ ဖြစ်ကြရကုန်၏၊ သင်ဟူသော အကြောင်းကြောင့်ပင်လျှင် ငရဲသူတို့ ဖြစ်ကြရကုန်၏၊ ထိုမှတစ်ပါး တစ်ရံတစ်ခါ သင်၏အစွမ်းကြောင့်ပင် တိရစ္ဆာန်တို့သည်လည်းကောင်း၊ ပြိတ္တာတို့သည်လည်းကောင်း ဖြစ်ကြကုန်၏။

၁၁၃၂။ ဟယ်စိတ် အဖန်တလဲလဲ ငါ့ကို ဖျက်ဆီးခဲ့သည် မဟုတ်ပါလော၊ ယခုအခါ မပြတ်လှည့်လည်ခြင်းငှါ ထိုက်သကဲ့သို့ ပြုလျက် သူရူးသဖွယ်ဖြစ်သော ငါ့အား ဖြားယောင်း ဘိ၏၊ ဟယ်စိတ် သင်သည် ငါ့ကို အဘယ်ကြောင့် ချွတ်ယွင်းစေဘိသနည်း။

၁၁၃၃။ ဤစိတ်သည် ရှေးအခါက အလိုရှိရာ အာရုံတို့၌ အလိုရှိတိုင်းသော အခြင်းအရာ အားဖြင့် ချမ်းသာသည်အားလျော်စွာ လှည့်လည်ကျက်စားခြင်းကို ပြု၍ လှည့်လည်သွားလာခဲ့၏၊ 'ဆင်ဦးစီးသည် အမုန်ယစ်သော ဆင်ကို နှိပ်ကွပ်သကဲ့သို့' သင့်လျော်သော အကြောင်းအားဖြင့် သင့်ကို ငါနှိပ်ကွပ်တော့အံ့။

၁၁၃၄။ ငါ၏ ဆရာ မြတ်စွာဘုရားသည် ဤ (ခန္ဓာဟူသော)လောကကို အမြဲ မရှိသောအားဖြင့်လည်းကောင်း၊ အမြဲ မတည်သောအားဖြင့်လည်းကောင်း၊ အနှစ်သာရ မရှိသောအားဖြင့်လည်းကောင်း (ဉာဏ်ဖြင့်) ဆောက်တည်တော်မူ၏။

ဟယ်စိတ် မြတ်စွာဘုရား၏ အဆုံးအမတော်၌ (အဟုတ်အမှန် သိခြင်းငှါ) ငါ့ကို ပြေးဝင်စေလော့၊ အလွန်ကူးမြောက်နိုင် ခဲသော ကြီးစွာသော သံသရာဝဲသြဃမှ ငါ့ကို ကူးမြောက်စေလော့။

၁၁၃၅။ ဟယ်စိတ် ဤအတ္တဘောဟူသော အိမ်သည် သင်၏ ရှေးအိမ်ဟောင်းကဲ့သို့ မဖြစ်၊ ငါသည် သင့်အလိုသို့ ပြန်လည် ဆုတ်နစ်ခြင်းငှါ မသင့်၊ ငါသည် မြတ်စွာဘုရား၏ သာသနာ တော်၌ ရဟန်းပြုပြီးဖြစ်၏၊ ငါကဲ့သို့သော သူတို့သည် ပျက်စီးခြင်းကို ဆောင်သူတို့ မဖြစ်နိုင် တော့ကုန်။

၁၁၃၆။ တောင်တို့သည်လည်းကောင်း၊ သမုဒ္ဒရာတို့သည်လည်းကောင်း၊ မြစ်တို့သည်လည်းကောင်း၊ မြေကြီးတို့သည်လည်းကောင်း၊ အရပ်လေးမျက်နှာတို့သည်လည်းကောင်း၊ အထောင့်အရပ်တို့သည်လည်းကောင်း၊ အောက်အရပ်သည်လည်းကောင်း၊ နတ်ပြည်လောက စသောသတ္တဝါသင်္ခါရတို့သည်လည်းကောင်း၊ ဘဝသုံးပါးတို့သည်လည်းကောင်း ဤအလုံးစုံ တို့သည် အမြဲမရှိကုန်၊ နှိပ်စက်ကုန်၏။ ဟယ်စိတ် သင်သည် အဘယ်အရပ်သို့ သွား၍ ချမ်းသာစွာ မွေ့လျော်လတ္တံ့နည်း။

၁၁၃၇။ ဟယ်စိတ် သင်သည် လွန်စွာ တည်ကြည်သော ငါ့ကို အသို့ပြုနိုင်အံ့နည်း၊ ဟယ် စိတ် သင်၏အလိုသို့ လိုက်သူ ဖြစ်ရန် မသင့်၊ အဝနှစ်ဖက်ရှိသော (မစင်ဖြင့်ပြည့်သော) အိတ်ကို စင်စစ် (ခြေဖြင့်သော်လည်း) မထိရသကဲ့သို့ ထို့အတူ မစင်ဖြင့် ပြည့်သော အမာဝ ကိုးပေါက်တို့မှ ယိုစီးသော ကိုယ်ကို တွေ့ထိရခြင်းသည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်ပေစွတကား။

၁၁၃၈။ တောဝက်, ဧဏီမည်သော သားတို့ သက်ဝင်မှီဝဲရာ ဖြစ်သော ပြကတေ့အားဖြင့် သာလျှင် ကောင်းသော ချိုင့်ဝှမ်းရာ အရပ်နှင့် တောင်ထွတ်တောင်ဖျား၌ ရွာသော မိုးရေအသစ် ဖြင့် သွန်းဖျန်းအပ်သော တောတောင်အတွင်းဝယ် လိုဏ်ဂူဟုဆိုအပ်သော ကျောင်းသို့ ကပ်လျက် ထိုလိုဏ်ဂူကျောင်း၌ (ဘာဝနာဖြင့်) သင် မွေ့လျော်ရလိမ့်မည်။

၁၁၃၉။ ကောင်းစွာ စိမ်းညိုသော လည်ရှိကုန်သော ကောင်းသော အမောက် (ဦးစွန်း) လည်းရှိကုန်သော ကောင်းသော အမြီးဖြန်းလည်းရှိကုန်သော ကောင်းစွာ ဖုံးအုပ်ထားသော လွန်စွာဆန်းကြယ်သည့် အတောင်လည်းရှိကုန်သော ကောင်းစွာ သာယာသော အသံအပေါင်း ဖြင့် တွန်ကျူးကြွေးကြော်လေ့လည်းရှိကုန်သော (ဥဒေါင်းအစရှိကုန်သော ) ထိုငှက်အပေါင်းတို့ သည် တော၌ဈာန်ဝင်စားလေ့ရှိသော သင့်ကို မွေ့လျော်စေပါကုန်လတ္တံ့။

၁၁၄ဝ။ မိုးရွာသည်ဖြစ်၍ (ထိုထိုအရပ်၌) ပေါက်သော မြက်သည် လက်လေးသစ် ရှိလတ်သော် မိုးတိမ်ညိုအဆင်းနှင့်တူသော ကောင်းစွာ ပွင့်သော တောအုပ်ကြီး၌ တောင်ကြား အတွင်းဝယ် သစ်ပင်နှင့်တူသည်ဖြစ်၍ (သိမ်းဆည်းခြင်း မရှိဘဲ) အိပ်စက်အံ့၊ ထိုမြက်အခင်း သည် ငါ့အတွက် နူးညံ့သော အတွေ့ရှိသည်ဖြစ်၍ လဲဝါဂွမ်းနှင့်တူစွာ ဖြစ်လိမ့်မည်။

၁၁၄၁။ အရှင်သခင်သည် (မိမိစကားကို လိုက်နာသော ကျွန်စသည်ကို) အလိုသို့ လိုက် စေသကဲ့သို့ ဟယ်စိတ် ထို့အတူ အလိုသို့ လိုက်သည်ကို ငါပြုလုပ်တော့အံ့၊ (ပစ္စည်းလေးပါး တို့တွင်) ရရသမျှသော ပစ္စည်းဖြင့်ပင် ငါ့အား သင့်လျော်လျောက်ပတ်သည် ဖြစ်စေလော့၊ (ဘာဝနာ) ၌ မပျင်းမရိသူသည် (မိမိစိတ်ကို ကမ္မဋ္ဌာန်း စီးဖြန်းခြင်းအမှု၌ ခံ့သည်ကို) ပြုသကဲ့သို့ ဟယ်စိတ် ထို့အတူ ငါသည် သင့်ကို 'ကောင်းစွာ နယ်အပ်သော ကြောင်သားရေအိတ်ကဲ့သို့' အမှု၌ ခန့်သည်ကို ပြုအံ့။

၁၁၄၂။ အရှင်သခင်သည် (မိမိစကားကို လိုက်နာသော ကျွန်စသည်ကို) အလိုသို့ လိုက် စေသကဲ့သို့ ဟယ်စိတ် ထို့အတူ အလိုသို့ လိုက်သည်ကို ငါပြုလုပ်တော့အံ့၊ (ပစ္စည်းလေးပါး တို့တွင်) ရရသမျှသော ပစ္စည်းဖြင့်ပင် ငါ့အား သင့်လျော်လျောက်ပတ်သည် ဖြစ်စေလော့၊ လိမ္မာသော ဆင်ဦးစီးသည် အမုန်ယစ်သော ဆင်ကို မိမိအလိုသို့ ဆောင်သကဲ့သို့ ဟယ်စိတ် သင့်ကို မိမိ၏ ဝီရိယဖြင့် ဘာဝနာဗိုလ်ကို ဖြစ်စေ၍ ငါ၏ အလိုသို့ ဆွဲဆောင်တော့အံ့။

၁၁၄၃။ ဟယ်စိတ် မြင်းထိန်းသည် ကောင်းစွာ ဆုံးမထားသော ဖြောင့်ဖြောင့်သွားသော မြင်းဖြင့် ဘေးကင်းရာအရပ်သို့ သွားခြင်းငှါ စွမ်းနိုင်သကဲ့သို့ ထို့အတူ (သမထ, ဝိပဿနာ ဘာဝနာတို့ဖြင့်) ကောင်းစွာ ယဉ်ကျေးပြီးသော တည်ကြည်သော သင် စိတ်ဖြင့်ပင် စိတ်ကို အစဉ်စောင့်ရှောက်သော ဘုရားအစရှိသည်တို့ အခါခပ်သိမ်း မှီဝဲအပ်သော အေးမြသော အရိယမဂ်ခရီးကို ငါသည် လျှောက်သွားခြင်းငှါ စွမ်းနိုင်၏။

၁၁၄၄။ ဆင်ထိန်းသည် ဆင်ပြောင်ကြီးကို ဆင်ချည်တိုင်၌ မြဲမြံလှသော ကြိုးဖြင့် ဖွဲ့ချည် သကဲ့သို့ ထို့အတူ ငါသည် သင်စိတ်ကို ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာ၏ အစွမ်းဖြင့် ချည်အံ့၊ ဟယ်စိတ် သင်သည်ငါ၏ သတိဖြင့် ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာ ပွါးများအပ်သည်ဖြစ်၍ အလုံးစုံသော ဘဝတို့၌ (တဏှာစသော မှီရာတို့ဖြင့်) မမှီရသည် ဖြစ်လတ္တံ့။

၁၁၄၅။ ခရီးမဟုတ်သည်ကို သွားသော စိတ်ကို ပညာဖြင့် ဖြတ်တောက်၍ (ဝိပဿနာဟူသော) အားထုတ်ခြင်း လုံ့လဖြင့် နှိပ်ကွပ်၍ (ဝိပဿနာ) ခရီး၌ တည်စေ၍ အာယတနဖြစ်ကြောင်းတရားကိုလည်းကောင်း၊ ကင်းခြင်းကိုလည်းကောင်း၊ ဖြစ်ခြင်းကိုလည်းကောင်း (မတွေဝေသောအားဖြင့်) သိမြင်၍ သင်သည် မြတ်သော နိဗ္ဗာန်ကို ဟောကြားတော်မူတတ်သော မြတ်စွာဘုရား၏ အမွေခံဖြစ်ပေလတ္တံ့။

၁၁၄၆။ ဟယ်စိတ် သင်သည် (အနိစ္စ၌ နိစ္စ၊ အသုဘ၌ သုဘ၊ ဒုက္ခ၌ သုခ၊ အနတ္တ၌ အတ္တဟု) လေးပါးသော ဖောက်ပြန်မှု 'ဝိပလ္လာသ'တို့၏ အလိုသို့ လိုက်လျက် တည်သော ငါ့ကို ရွာသူသားငယ်များကဲ့သို့ ထိုမှ ဤမှ ဆွဲဆောင်ဘိ၏၊ သံယောဇဉ်အနှောင်အဖွဲ့တို့ကို ဖြစ်စေ တတ်သော သနားခြင်းကရုဏာရှိတော်မူသော မြတ်စွာဘုရားကို မှီဝဲဆည်းကပ်သင့်သည် မဟုတ်တုံလော။

၁၁၄၇။ သမင်သည် (သစ်ပင်ချုံနွယ်တို့ဖြင့်) ကောင်းစွာ ဆန်းကြယ်အပ်သော တော၌ မိမိအလိုရှိသည့်အတိုင်း မွေ့လျော်သကဲ့သို့ ထို့အတူ မိုးကာလ၌ မိုးတိမ်တည်းဟူသော ပန်းကုံးရှိ၍ နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်ကို (အမှီရ၍) အနှောက်အယှက် မရှိသော ထိုတောင်၌ ငါမွေ့လျော်လတ္တံ့၊ ဟယ်စိတ် သင်သည် မချွတ် ပျက်စီးရလတ္တံ့။

၁၁၄၈။ ဟယ်စိတ် အကြင်ယောက်ျားတို့သည်လည်းကောင်း၊ အကြင်မိန်းမတို့သည်လည်းကောင်း သင်၏အလိုဆန္ဒဖြင့် ဖြစ်ကြရကုန်၍ အကြင်ကာမဂုဏ်ကို မှီသော ချမ်းသာကို ခံစားကြကုန်၏၊ ပညာမဲ့ကုန်သော မာရ်၏ အလိုသို့ အစဉ်လိုက်ကုန်သော ကာမဘဝစသည်ကို နှစ်သက်ကုန်သော သင်၏တပည့်ဖြစ်ကုန်သော ထိုလူမိုက်တို့သည် သင်၏ အဆုံးအမအတိုင်း ပြုကြကုန်၏။

ဤသို့လျှင် တာလပုဋမထေရ်သည် ရွတ်ဆို၏။

ပညာသနိပါတ် ပြီး၏။

၂ဝ-သဋ္ဌိနိပါတ်

၁-မဟာမောဂ္ဂလ္လာနတ္ထေရဂါထာ

သျှင်သာရိပုတြာနှင့်အတူ ရဟန်းပြုခဲ့သော သျှင်မောဂ္ဂလ္လာန်သည် ရဟန်းပြုသည်မှ ခုနစ်ရက်မြောက်နေ့၌မဂဓတိုင်း ကလ္လဝါလရွာကို အမှီပြု၍ တရားအားထုတ်နေစဉ် ထိနမိဒ္ဓဝင်နေသည်ကို ဘုရားရှင်က့တရားဖြင့်ထိတ်လန့်စေတော်မူမှ ထိနမိဒ္ဓကိုပယ်ရှားကာ ဓာတုကမ္မဋ္ဌာန်းကို ကြားနာလျက် ဝိပဿနာကိုပွါးသည်တွင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

တန်ခိုးအရာ၌ ဧတဒဂ်ရဖြစ်တော်မူ၏။ သာဝကပါရမီအထွတ်အထိပ်သို့ ရောက်သော ထိုအသျှင်သည် ထိုထိုအကြောင်းကိုစွဲ၍ ထိုထိုအရပ်၌ဟောကြားရွတ်ဆိုသော ဂါထာများ။

၁၁၄၉။ (ငါတို့သည်) အရညကင်ဓုတင် ဆောက်တည်ကြသူ ပိဏ္ဍပါတ်ဓုတင်ကို ဆောက် တည်ကြသူဆွမ်းခံလှည့်လည်ခြင်းဖြင့် သပိတ်သို့ ရောက်လာသော ဆွမ်း၌ မွေ့လျော်ကြသူ ကမ္မဋ္ဌာန်းအာရုံ၌ကောင်းစွာ တည်ကြည်သူတို့ ဖြစ်ကြကုန်၍ သေမင်း၏ (ကိလေသာ) စစ်သည်ကိုဖြိုခွဲဖျက်ဆီးကြကုန်အံ့။

၁၁၅ဝ။ (ငါတို့သည်) အရညကင်ဓုတင် ဆောက်တည်ကြသူ ပိဏ္ဍပါတ်ဓုတင်ကို ဆောက် တည်ကြသူဆွမ်းခံလှည့်လည်ခြင်းဖြင့် သပိတ်သို့ ရောက်လာသော ဆွမ်း၌ မွေ့လျော်ကြသူတို့ ဖြစ်ကုန်၍ ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့ သေမင်း၏ (ကိလေသာ) စစ်သည်ကိုဖြိုခွဲဖျက်ဆီးကြကုန်အံ့။

၁၁၅၁။ (ငါတို့သည်) (ဘာဝနာဖြင့်) အမြဲဖြစ်သော လုံ့လရှိကုန်၍ ရုက္ခမူဓုတင် ဆောက် တည်ကြသူဆွမ်းခံလှည့်လည်ခြင်းဖြင့် သပိတ်သို့ ရောက်လာသော ဆွမ်း၌ မွေ့လျော်ကြသူ ကမ္မဋ္ဌာန်းအာရုံ၌ကောင်းစွာ တည်ကြည်ကြသူတို့ ဖြစ်ကြကုန်၍ သေမင်း၏ (ကိလေသာ) စစ်သည်ကိုဖြိုခွဲဖျက်ဆီးကြကုန်အံ့။

၁၁၅၂။ (ငါတို့သည်) (ဘာဝနာဖြင့်) အမြဲဖြစ်သော လုံ့လရှိကုန်၍ ရုက္ခမူဓုတင် ဆောက် တည်ကြသူဆွမ်းခံလှည့်လည်ခြင်းဖြင့် သပိတ်သို့ ရောက်လာသော ဆွမ်း၌ မွေ့လျော်ကြသူတို့ ဖြစ်ကုန်၍ ဆင်ပြောင်ကြီးသည် ကျူအိမ်ကို ဖျက်ဆီးသကဲ့သို့ သေမင်း၏ (ကိလေသာ) စစ်သည်ကိုဖြိုခွဲဖျက်ဆီးကြကုန်အံ့။

၁၁၅၃။ အရိုးအဆက်ဖြင့် ပြီးသော အိမ်ရှိသော အသားအကြောတို့ဖြင့် (ထက်ဝန်းကျင်မှ) ချုပ်စပ်ဖွဲ့ချည်အပ်သော မစင်မကြယ် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်သော မကောင်းသော အနံ့ ရှိသော (ခန္ဓာကိုယ်၌) စက်ဆုပ်ဖွယ်ဟု ဖြစ်စေလော့၊ (သင်သည်ကား) သူတစ်ပါးတို့၏ ခန္ဓာ ကိုယ်၌မြတ်နိုးဘိ၏။

၁၁၅၄။ မစင်ဖြင့် ပြည့်သော သားရေအိတ်နှင့် တူသော အရေဖြင့် ဖွဲ့အပ်သော ရင်၌ အိုင်းအမာနှင့်တူသော သားမြတ်နှစ်ခု ရှိသည်ဖြစ်၍ (အကျိုးမဲ့ကို ဆောင်တတ်သည်၏ အဖြစ် ကြောင့်) မြေဘုတ်ဘီလူးနှင့်လည်း တူသော သင်၏ ကိုယ်၌ အကြင်ကိုးမျိုးသော အလျဉ်တို့ သည် (ကိုးပေါက်သောအမာဝတို့မှ) အခါခပ်သိမ်း ယိုစီးကုန်၏။

၁၁၅၅။ ကိုးမျိုးသော အလျဉ်ရှိသော သင်၏ ကိုယ်သည် (သင်၏) မကောင်းသော အနံ့ကို ပြုတတ်၏၊ (ကောင်းသော အကျင့်၏) ဘေးရန်ဖြစ်၏၊ စင်ကြယ်ခြင်းကို အလိုရှိသော သူသည် မစင်ကိုရှောင်ကြဉ်သကဲ့သို့ ထို့အတူ ရဟန်းတို့သည် ထိုကိုယ်ကို (အဝေးမှ) ရှောင် ကြဉ်ရာ၏။

၁၁၅၆။ ဤသို့လျှင် ကိုယ်ဟု မှတ်အပ်သော ဤမစင်ကြယ်သော အစုကို ငါသည် (ဟုတ်မှန်သည့်အတိုင်း) သိသကဲ့သို့ ထို့အတူ လူများအပေါင်းသည် ထိုကိုယ်ကို သိရာ၏၊ (စင် ကြယ်ခြင်းကို အလိုရှိသူသည်) 'မိုးကာလအခါ၌ စိုစွတ်သော မစင်ရှိရာအရပ်ကို (အဝေးမှ) ရှောင်ကြဉ်သကဲ့သို့' ဝေးစွာရှောင်ကြဉ်ရာ၏ (ဟု ဖြားယောင်းလာသော ပြည့်တန်ဆာမကို မထေရ်က ဆို၏)။

၁၁၅၇။ ကြီးသော လုံ့လရှိသော ရှင်ရဟန်း ရှင်ရဟန်းပြောဆိုသော စကားသည် ဤသို့ ရှင်ရဟန်းပြောဆိုတိုင်း မှန်၏၊ အချို့သော သတ္တဝါတို့သည် (စက်ဆုပ်ရွံရှာဖွယ် သဘောရှိ သော) ဤကိုယ်၌'နွားအိုကြီးသည် ညွန်၌ နစ်မြုပ်သကဲ့သို့' နစ်မြုပ်ကြကုန်၏ (ဟု ပြည့် တန်ဆာမက ဆို၏)။

၁၁၅၈။ အကြင်ပုဂ္ဂိုလ်သည် နနွင်းဖြင့်လည်းကောင်း၊ တစ်ပါးသော ဆိုးရေဖြင့်လည်းကောင်းကောင်းကင်ကို ဆိုးခြင်းငှါ တတ်ကောင်း၏ဟု မှတ်ထင်အံ့။ ထိုပုဂ္ဂိုလ်၏ မှတ်ထင်ခြင်းသည် စိတ်ပင်ပန်းခြင်းသာလျှင် ဖြစ်ရာ၏။

၁၁၅၉။ ထိုငါ၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကောင်းစွာ တည်သည်ဖြစ်၍ ကောင်းကင်နှင့် တူ၏၊ ထို့ကြောင့် 'ပိုးဖလံသည် မီးပုံကို ထိပါးမိသကဲ့သို့' ယုတ်မာသော စိတ်ဖြင့် ငါကဲ့ သို့သော သူတို့ကို မထိပါးမိစေလင့်။

၁၁၆ဝ။ အဆန်းတကြယ် ပြုအပ်သော အိုင်းအမာတို့၏ စုဝေးတည်နေရာ ဖြစ်သော (သုံးရာသောအရိုးတို့ဖြင့်) စိုက်ထူထားအပ်သော အမြဲနာကျင်သော (လူမိုက်တို့) အထူးထူး အထွေထွေကြံစည်အပ်သော ခန္ဓာကိုယ်အတ္တဘောကို ရှုပါလော့၊ ယင်းခန္ဓာကိုယ်အတ္တဘော၏ ခိုင်မြဲတည်တံ့သောအဖြစ်သည် မရှိချေ။

၁၁၆၁။ ကျောက်သံပတ္တမြားဖြင့်လည်းကောင်း၊ ပုတီးနားတောင်းတို့ဖြင့်လည်းကောင်း အဆန်းတကြယ်ပြုပြင်အပ်သော ခန္ဓာကိုယ်ကြီးကိုလည်းကောင်း၊ (စိုသော) အရေဖြင့် မြှေး ယှက်ဖုံးလွှမ်းအပ်သော အရိုးစုဖြစ်သော ရုပ်ကိုယ်ကြီးကိုလည်းကောင်း ရှုပါလော့။ (ယင်းခန္ဓာ ကိုယ်သည်) အဝတ်တို့နှင့်တကွဖုံးလွှမ်းမှသာ တင့်တယ်နိုင်၏။

၁၁၆၂။ ချိပ်ရည်ဖြင့် ဆိုးအပ်သော ခြေတို့သည်လည်းကောင်း၊ မျက်နှာချေမှုန့်ဖြင့် လိမ်း အပ်သော မျက်နှာသည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ (တွေဝေစေခြင်းငှါ) စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကို ရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

၁၁၆၃။ ရှစ်စုခွဲ၍ ပြုပြင်အပ်သော ဆံပင်တို့သည်လည်းကောင်း၊ မျက်ကွင်းဆေးတို့ဖြင့်လိမ်းခြယ်အပ်ကုန်သော မျက်စိတို့သည်လည်းကောင်း အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါစွမ်းနိုင်ကုန်၏။ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကို ရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်းငှါ) မစွမ်းနိုင်။

၁၁၆၄။ 'အသစ်ဖြစ်၍ ဆန်းကြယ်သော မျက်ကွင်းဆေးကျည်တောက်ကဲ့သို့' တန်ဆာ ဆင်အပ်သော အကောင်ပုပ်သည် အန္ဓပုထုဇဉ်အားသာ တွေဝေစေခြင်းငှါ စွမ်းနိုင်၏၊ (နိဗ္ဗာန်ဟူသော) ကမ်းတစ်ဖက်ကိုရှာမှီးလေ့ရှိသောသူအား (တွေဝေစေခြင်ငှါ) မစွမ်းနိုင်။

၁၁၆၅။ 'မုဆိုးသည် ကျော့ကွင်းကို ထောင်၏၊ သားသမင်သည် ကျော့ကွင်းကို မတိုးမူ၍မုဆိုးမြည်တမ်းစဉ် (ပစ်ချထားသော) အစာကို စား၍ သွားသကဲ့သို့' ငါတို့ သွားပါကုန်အံ့။

၁၁၆၆။ 'သမင်သည် ကျော့ကွင်းကို မတိုးမူ၍ မုဆိုး၏ ကျော့ကွင်းကို ဖြတ်ပြီးလျှင် မုဆိုးပစ်ချထားသော အစာကို စား၍ မုဆိုး စိုးရိမ်ပူဆွေးနေစဉ် (သွားသကဲ့သို့)' ငါတို့ သွားကုန်အံ့။

၁၁၆၇။ များစွာသော (သီလသံဝရစသော) အပြားတို့နှင့် ပြည့်စုံတော်မူသော အသျှင်သာရိပုတ္တရာပရိနိဗ္ဗာန်ပြုတော်မူသော် ထိုအခိုက်ဝယ် ကြောက်မက်ဖွယ် မြေငလျင်လှုပ်ခြင်း သည် ဖြစ်လေပြီတကား၊ ကြက်သီးမွေးညင်းထဖွယ် (မြေငလျင်လှုပ်ခြင်း) သည် ဖြစ်လေပြီ တကား။

၁၁၆၈။ ဖြစ်ခြင်းပျက်ခြင်းသဘောရှိ၍ ပြုပြင်ရသော ''သင်္ခါရ''တရားတို့သည် မမြဲလေကုန်စွ တကား၊ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထို (သင်္ခါရတရား) တို့၏ ငြိမ်းခြင်း သည်သာလျှင် ချမ်းသာပေလိမ့်မည်တကား။

၁၁၆၉။ အကြင်ယောဂီပုဂ္ဂိုလ်တို့သည် ခန္ဓာငါးပါးတို့ကို အနတ္တအားဖြင့် မြင်ကုန်၏၊ အတ္တအားဖြင့်မမြင်ကုန်၊ ထိုယောဂီပုဂ္ဂိုလ်တို့သည် (အစိတ်တစ်ရာစိတ်၍ တစ်စိတ်မျှသော) သားမြီးဖျားကို မြားဖြင့် (မှန်အောင်) ပစ်နိုင်သကဲ့သို့ ထို့အတူ အလွန်သိမ်မွေ့သော အနက် အဓိပ္ပာယ်ကို ထိုးထွင်း၍ သိကုန်၏။

၁၁၇ဝ။ အကြင်ယောဂီပုဂ္ဂိုလ်တို့သည် သင်္ခါရတရားတို့ကို အနတ္တအားဖြင့် မြင်ကုန်၏၊ အတ္တအားဖြင့်မရှုမြင်ကုန်၊ (ထိုယောဂီပုဂ္ဂိုလ်တို့သည်) (အစိတ်တစ်ရာစိတ်၍ တစ်စိတ်မျှ သော) သားမြီးဖျားကို မြားဖြင့် (မှန်အောင်) ပစ်နိုင်သကဲ့သို့ ထို့အတူ သိမ်မွေ့သော တရား ကို ထိုးထွင်း၍ သိကြကုန်၏။

၁၁၇၁။ လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း ဦးခေါင်းမီးလောင်ခံရသူကဲ့သို့လည်းကောင်း ထို့အတူ ရဟန်းသည် ကာမရာဂကို ပယ်ခြင်းငှာ သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏။

၁၁၇၂။ လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း မီးလောင်ခံရသူကဲ့သို့လည်းကောင်း ထို့အတူ ရဟန်းသည် ဘဝရာဂကို ပယ်ခြင်းငှါ သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏။

၁၁၇၃။ (အသျှင်မဟာမောဂ္ဂလ္လာန်သည်) ပွါးများစေအပ်ပြီးသော စိတ်ရှိတော်မူသော အဆုံးစွန်သောကိုယ်တော်ကို ဆောင်တော်မူသော မြတ်စွာဘုရားက တိုက်တွန်းတော်မူအပ် သည်ဖြစ်၍ မိဂါရမာတာ (ဝိသာခါ)၏ ပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်စေပြီ။

၁၁၇၄။ အလုံးစုံသော ဂန္ထတရားတို့မှ လွတ်မြောက်ရာ ဤနိဗ္ဗာန်ကို ပေါ့ပေါ့လျော့လျော့ အားထုတ်၍မရနိုင်၊

ဤနိဗ္ဗာန်ကို အနည်းငယ်သော ဝီရိယအားအစွမ်းဖြင့် မရနိုင်။

၁၁၇၅။ ဤရဟန်းသည်ကား ငယ်သေး၏၊ ယောက်ျားမြတ်ဖြစ်သော ဤရဟန်းငယ်သည်စစ်သည်ဗိုလ်ပါနှင့်တကွသော (ဒေဝပုတ္တစသော) မာရ်ကို အောင်ပြီး၍ အဆုံးစွန်သော ကိုယ် ကိုဆောင်၏။

၁၁၇၆။ လျှပ်စစ်တို့သည် ဝေဘာရတောင် ပဏ္ဍဝတောင်တို့၏ အကြား၌ ယှက်သန်းကုန်၏၊ အတုမရှိမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ သားတော် (အသျှင်မဟာမောဂ္ဂလ္လာန်) သည် (ဝေဘာရတောင် ပဏ္ဍဝ) တောင်တို့၏ အကြားသို့ ကပ်လျက် ဈာန် ဝင်စား၏။

၁၁၇၇။ ငြိမ်သက်သော ဣနြေ္ဒရှိသော ဈာန်ဖြင့် မွေ့လျော်သော ဆိတ်ငြိမ်ရာ အစွန်ဖြစ် သော ကျောင်း၌နေလေ့ရှိသည့်ပြင် ဘုရားမြတ်၏ တရားအမွေခံလည်း ဖြစ်သော ရဟန်းမြတ် အသျှင်မဟာမောဂ္ဂလ္လာန်ကိုမဟာဗြဟ္မာမင်းသည် ရှိခိုးအပ်၏။

၁၁၇၈။ ပုဏ္ဏား၁ ငြိမ်သက်သော ဣနြေ္ဒရှိသော ဈာန်ဖြင့် မွေ့လျော်သော ဆိတ်ငြိမ်ရာ အစွန်ဖြစ်သောကျောင်း၌ နေလေ့ရှိသည့်ပြင် ဘုရားမြတ်၏ တရားအမွေခံလည်းဖြစ်သော ရဟန်းမြတ်ဖြစ်သော အသျှင်မဟာကဿပကို ရှိခိုးလော့။

၁၁၇၉-၈ဝ။ အကြင်သူသည်ကား ဗေဒင်ကို သင်ယူသူ ဗေဒင်ပညာနှင့် ပြည့်စုံသူဖြစ်၍ လူ့ပြည်တို့၌အဖန်ဖန် ဘဝတစ်ရာပတ်လုံး အားလုံးသော ဗြာဟ္မဏဇာတ်တို့သို့ ကပ်ရောက် စေကာမူ ဗေဒင်ကိုရွတ်ဖတ်သရဇ္ဈာယ်၍ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်စေကာမူ ထိုသူ၏ ဗေဒင်စသည်ကိုအားထုတ်မှုသည် ထိုအသျှင်မဟာကဿပမထေရ်အား ရှိခိုးခြင်း ကောင်းမှု၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍တစ်စိတ်မျှ မမီနိုင်။

၁၁၈၁။ ပုဏ္ဏား အကြင်ရဟန်းသည် ဆွမ်းမစားမီ ရူပဈာန်စသော ရှစ်ပါးသော ဝိမောက္ခ တို့ကို အနုလုံ ပဋိလုံ (အကြိမ်များစွာ) ဝင်စား၏၊ ထိုသမာပတ်ဝင်စားပြီးသည်မှ နောက်၌ ဆွမ်းခံလှည့်လည်၏။

၁၁၈၂။ ထိုသို့သဘောရှိသော (ရဟန္တာဖြစ်သော) ရဟန်းကို မထိပါး မခြုတ်ခြယ်လင့်၊ ပုဏ္ဏားမိမိကိုယ်ကို မတူးမဖြိုလင့်၊ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၌ (သင်၏) စိတ်ကိုအလွန် ကြည်လင်စေလော့၊ လျင်မြန်စွာ လက်အုပ်ချီလျက် ရှိခိုးလေလော့၊ သင်၏ ဦးခေါင်းကို (မကွဲစေလင့်)။

၁၁၈၃။ ဤပေါဋ္ဌိလရဟန်းသည် သူတော်ကောင်းတရားကို မမြင်၊ သံသရာအနှောင်အဖွဲ့ ဖြစ်သောအဝိဇ္ဇာစသည်ဖြင့် ခြံရံလျက် အောက်အပါယ်ဘုံတို့၌ ဖြစ်စေတတ်သော လမ်း ကောက်လမ်းမှားသို့ပြေးဝင်နေ၏။

၁၁၈၄။ ဤပေါဋ္ဌိလရဟန်းသည် 'မစင်လိမ်းကျံသော ပိုးလောက်ကဲ့သို့' (ကိလေသာအညစ်အကြေးရောသော) သင်္ခါရတရား၌ နစ်မျောလျက် လာဘ်ပူဇော်သကာ၌ (တဏှာ၏ အစွမ်းဖြင့်)့ အပြားအားဖြင့် သက်ဝင်လျက် အချည်းနှီးသာ ဖြစ်၏။

၁၁၈၅-၈၆။ ကောင်းသော ဉာဏ်အမြင်ရှိသော နှစ်ဖက်သော အဖို့တို့ဖြင့် (ကိလေသာတို့ မှ) လွတ်ပြီးသော ကမ္မဋ္ဌာန်းအာရုံ၌ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ရာဂစသောငြောင့်တံသင်းတို့မှ ကင်းပြီးသော ယောဂလေးပါးကုန်ပြီးသော ဝိဇ္ဇာသုံးပါးရှိသော သေခြင်း တရားကိုစွန့်တော်မူပြီးသော မြတ်သောအလှူကို ခံတော်မူထိုက်သော လူတို့၏ အတုမရှိသောကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်လည်းဖြစ်သော ဤအသျှင်သာရိပုတ္တရာ ကြွလာတော်မူသည်ကို ရှုလော့။

၁၁၈၇။ တန်ခိုးကြီးမားကုန်သော များသော အခြံအရံရှိကုန်သော များစွာကုန်သော ထို ဗြဟ္မာတို့သည် တစ်သောင်းနှင်နှင် ရှိကုန်၏၊ ခပ်သိမ်းကုန်သော ဗြဟ္မပုရောဟိတာဗြဟ္မာတို့ သည်အသျှင်မဟာမောဂ္ဂလ္လာန်ကို လက်အုပ်ချီမိုး ရှိခိုးလျက် ရပ်တည်ကုန်၏။

၁၁၈၈။ ယောက်ျားအာဇာနည်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားအား အာသဝေါတရားတို့သည် ကုန်ပါပြီ၊ အရှင်ဘုရား အရှင်ဘုရားသည် မြတ်သော အလှူကို ခံတော်မူထိုက်ပါ၏။

၁၁၈၉။ လူနတ်အပေါင်းသည် (မြတ်သော ပူဇော်ခြင်းဖြင့်) ပူဇော်အပ်သော အသျှင်မဟာမောဂ္ဂလ္လာန်သည် (လောကထဲ၌ ဖြစ်လျက်) သေခြင်းကို နှိမ်နင်းလွှမ်းမိုး၍ တည်၏၊ 'ကြာပုဏ္ဍရိတ်သည်ရေနှင့် မလိမ်းကျံ မကပ်ငြိသကဲ့သို့' သင်္ခါရတရားအပေါင်း၌ (တဏှာဒိဋ္ဌိဟူသော လိမ်းကျံခြင်းဖြင့်) လိမ်းကျံ ကပ်ငြိတော်မမူ။

၁၁၉ဝ။ (တန်ခိုးကြီးသော) အကြင်အသျှင်မဟာမောဂ္ဂလ္လာန်သည် တစ်ခဏချင်းအားဖြင့် သာလျှင် ဗြဟ္မာနှင့်တကွသော အထောင်မက အပြားရှိသော သြကာသလောကကို (မျက်မှောက် ပြုသောအားဖြင့်) သိအပ်၏၊ တန်ခိုးအရာ၌လည်းကောင်း၊ (သတ္တဝါတို့၏) စုတိပဋိသန္ဓေ၌လည်းကောင်း သိသောဒိဗ္ဗစက္ခုအဘိညာဉ်၌ လေ့လာခြင်းသို့ ရောက်၏။ ထိုအသျှင်မဟာ မောဂ္ဂလ္လာန်သည် နတ်တို့ကပ်ရောက်ဆဲသောကာလ၌ နတ်တို့ကို မြင်နိုင်၏။

၁၁၉၁။ အကြင်ရဟန်းသည် ပညာပြည့်စုံခြင်းဖြင့် လည်းကောင်း၊ သီလပြည့်စုံခြင်းဖြင့် လည်းကောင်း၊ ကိလေသာငြိမ်းခြင်းဖြင့် လည်းကောင်း 'အသျှင်သာရိပုတ္တရာကဲ့သို့' ကမ်းတစ်ဖက်သို့ ရောက်၏။ ထိုရဟန်းသည် ထိုအသျှင်သာရိပုတ္တရာအတိုင်းသာလျှင် ဖြစ်ရာ၏။

၁၁၉၂။ ငါသည် ကုဋေတစ်သိန်း အရေအတွက်ရှိသော အတ္တဘောကို ခဏချင်းဖြင့် ဖန် ဆင်းနိုင်၏၊ တန်ခိုးအထူး ဖန်ဆင်းခြင်းတို့၌ လိမ္မာ၏၊ (အလုံးစုံသော) တန်ခိုး၌ လေ့လာခြင်း သို့ ရောက်ပြီးသူဖြစ်၏။

၁၁၉၃။ မောဂ္ဂလ္လာနပုဏ္ဏားအနွယ်ဖြစ်သော အသျှင်မဟာမောဂ္ဂလ္လာန်သည် တဏှာဟူသောမှီရာကင်းတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ (သဝိတက္က သဝိစာရစသော) သမာဓိ (ချမ်းသာ) (ပုဗ္ဗေနိဝါသဉာဏ်စသော) ဝိဇ္ဇာတို့၌ လေ့လာသည်၏အဖြစ်ဖြင့် အပြီး အဆုံးသို့ ရောက်၏၊ မြဲမြံတည်ကြည်သော သမာဓိရှိ၏၊ ကောင်းစွာ တည်ကြည်သော ဣနြေ္ဒလည်းရှိ၏၊ ဆင်ပြောင်ကြီးသည်မိမိအား နှောင်ဖွဲ့ထားသော ပုပ်ပွဆွေးမြေ့နေသည့် နွယ်ကြိုးကို (လွယ်ကူစွာ) ဖြတ်သကဲ့သို့ (ထို့အတူ အလုံးစုံသော ကိလေသာဟူသော အနှောင်အဖွဲ့ကို) အကြွင်းမဲ့ ဖြတ်အပ်ပြီ။

၁၁၉၄။ ငါသည် မြတ်စွာဘုရားသို့ ဆည်းကပ်အပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်းလိုက်နာပြုကျင့်ပြီးပြီ၊ လေးလံလှစွာသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာကိုအကြွင်းမဲ့ ပယ်နုတ်အပ်ပြီ။

၁၁၉၅။ အကြင်အရဟတ္တဖိုလ်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု)၏၊ အလုံးစုံသော နှောင်ကြိုးသံယောဇဉ်တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြစ်သော ထို အကျိုးကိုလည်း ငါရပြီ။

၁၁၉၆။ ဒုဿီမာရ်နတ်သည် ဝိဓုရမည်သော (ကကုသန်မြတ်စွာဘုရား၏) အဂ္ဂသာဝကကိုလည်းကောင်း၊ ကကုသန်မြတ်စွာဘုရာကိုလည်းကောင်း ထိပါးပုတ်ခတ်၍ အကြင်ငရဲ၌ ကျက် ရ၏၊ ထိုငရဲသည် အဘယ်သို့ သဘောရှိသနည်း။

၁၁၉၇။ ဒုဿီမာရ်နတ်သည် ဝိဓုရမည်သော (ကကုသန်မြတ်စွာဘုရား၏) အဂ္ဂသာဝကကိုလည်းကောင်းကကုသန်မြတ်စွာဘုရားကိုလည်းကောင်း ထိပါးပုတ်ခတ်၍ အကြင်ငရဲ၌ ကျက်ရ၏၊ ထိုငရဲ၌ (ငရဲထိန်းများကိုင်သော) တစ်ရာသော သံချောင်းရှိ၏၊ ငရဲသူသတ္တဝါအားလုံးတို့ သည် အသီးအသီးဝေဒနာခံစားကြရကုန်၏၊ ထိုငရဲသည် ဤသို့ သဘောရှိ၏။

၁၁၉၈။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤကံ ကံ၏အကျိုးကို ရှေးရှုမျက်မှောက်သိ၏၊ မာရ်နတ် သင်သည် ထိုသို့သဘောရှိသော အဂ္ဂသာဝကရဟန်းကိုထိပါးပုတ်ခတ်သောကြောင့် (ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲကို ရလတ္တံ့သတည်း။

၁၁၉၉။ မဟာသမုဒ္ဒရာအလယ်၌ (ရေကို အမှီပြု၍ ဖြစ်သော) ဗိမာန်တို့သည် ကပ္ပဋ္ဌိတိ ဖြစ်၍ တည်ကုန်၏၊ (ထိုဗိမာန်တို့၏ အရောင်အဆင်းတို့သည်) ကြောင်မျက်ရွဲအဆင်း ရှိကုန်၏၊ နှစ်သက်စဖွယ်တင့်တယ်ကုန်၏၊ အလျှံရှိကုန်၏၊ ပြိုးပြိုးပြက်သော အရောင်နှင့် ပြည့်စုံကုန်၏၊ ထိုဗိမာန်တို့၌အဆင်းအမျိုးမျိုးရှိကုန်သော များစွာသော နတ်သမီးတို့သည် ကကြကုန်၏။

၁၂ဝဝ။ မြတ်စွာဘုရား၏ တပည့် အကြင်ရဟန်းသည် ဤဝိမာနဝတ္ထုကို ရှေးရှု မျက်မှောက် သိ၏။ပ။ မာရ်နတ် သင်သည် ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော ဆင်းရဲကို ရလတ္တံ့သတည်း။

၁၂ဝ၁။ အသျှင်မဟာမောဂ္ဂလ္လာန်သည် မြတ်စွာဘုရား တိုက်တွန်းတော်မူအပ်သည်ဖြစ်၍ ရဟန်းသံဃာတို့ကြည့်ရှုစဉ် မိဂါရမာတာဝိသာခါ ပြာသာဒ်ကျောင်းကို ခြေမဖျားဖြင့် တုန်လှုပ် စေ၏။

၁၂ဝ၂။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤတန်ခိုးဖြင့် တုန်လှုပ် စေခြင်းကို ရှေးရှု (မျက်မှောက်) သိ၏။ပ။ မာရ်နတ် (ထိုဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲ ကို ရလတ္တံ့သတည်း။

၁၂ဝ၃။ အသျှင်မဟာမောဂ္ဂလ္လာန်သည် တန်ခိုးအစွမ်းဖြင့် ထောက်ပံ့အပ်သည်ဖြစ်၍ ဝေဇယန္တာပြာသာဒ်ကိုခြေမဖျားဖြင့် တုန်လှုပ်စေ၏၊ နတ်အပေါင်းတို့ကိုလည်း ထိတ်လန့် စေ၏။

၁၂ဝ၄။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤတန်ခိုးဖြင့် တုန်လှုပ် စေခြင်းကို ရှေးရှု (မျက်မှောက်) သိ၏။ပ။ မာရ်နတ် (ထိုဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲ ကို ရလတ္တံ့သတည်း။

၁၂ဝ၅။ အကြင်ရဟန်းသည် ဝေဇယန္တာပြာသာဒ်၌ တည်သော သိကြားမင်းအား သိကြား မင်းတဏှာကုန်ခြင်း ကိလေသာမှ လွတ်မြောက်ခြင်း ''ဝိမုတ္တိ''တို့ကို (မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း ) သိပါ၏လောဟု မေး၏၊ ပြဿနာအမေးခံရသော သိကြားမင်းသည်ထိုအသျှင်မဟာမောဂ္ဂလ္လာန်အား မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ဖြေကြား၏။

၁၂ဝ၆။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤမေးအပ်သော အနက် အဓိပ္ပါယ်ကိုမျာက်မှောက်သိ၏။ပ။ မာရ်နတ် (ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲကို ရလတ္တံ့သတည်း။

၁၂ဝ၇။ အကြင်ရဟန်းသည် မဟာဗြဟ္မာတို့၏ သုဓမ္မာသဘင်၌ တည်လျက် (အမေးပုစ္ဆာ ပြဿနာ) ကိုမေး၏၊ အချင်းဗြဟ္မာ (ဘုရားမကြွလာမီ) ရှေးအခါက (ဗြဟ္မာ့ပြည်သို့ လာနိုင် သောတစ်စုံတစ်ယောက်သော သမဏဗြာဟ္မဏဟု သင့်အား ဖြစ်ပေါ်ဖူးသော အယူသည် ယခုလည်းရှိပါသေးသလော၊ ဗြဟ္မာ့ဘုံ၌ ထိုမှ ဤမှ လှည့်လည်လျက် ပြိုးပြိုးပြက်ထွက်သော အရောင်ကိုမြင်၏လော (ဟု မေး၏)။

၁၂ဝ၈။ အရှင်ဘုရား (ဤဗြဟ္မာ့ပြည်သို့ ဘုရားကြွမလာမီ) ရှေးအခါက (ဗြဟ္မာ့ပြည်သို့ လာနိုင်သောတစ်စုံတစ်ယောက်သော သမဏဗြာဟ္မဏ မရှိဟု) အကျွန်ုပ်အား ဖြစ်ပေါ်ဖူးသော အယူသည် ယခုအခါ့မရှိတော့ပါဟု အမေးခံရသော ဗြဟ္မာသည် ထိုရဟန်း (အသျှင်မဟာ မောဂ္ဂလ္လာန်) အား အမှန်အတိုင်းဖြေကြား၏။

၁၂ဝ၉။ ဗြဟ္မာ့ဘုံ၌ ထိုမှ ဤမှ လှည့်လည်လျက် ပြိုးပြိုးပြက်ထွက်သော မြတ်စွာဘုရား၏ အရောင်ကိုမြင်ရပါ၏၊ ထိုအကျွန်ုပ်သည် ယခုအခါ ငါသည် (မသေခြင်းအားဖြင့်) မြဲ၏၊ (လနေမြင့်မိုရ်သမုဒ္ဒရာကဲ့သို့) အမြဲတည်၏ဟူ၍ အသို့ ဆိုနိုင်ပါတော့အံ့နည်း။

၁၂၁ဝ။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ဤဗြဟ္မာတို့၏ အသံကို မျက်မှောက်သိ၏။ပ။ မာရ်နတ် (ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲကို ရလတ္တံ့သတည်း။

၁၂၁၁။ အကြင်ရဟန်းသည် မြင်းမိုရ်တောင်မင်း၏ အထွတ်ကို ဈာနဝိမောက္ခဟူသော မှီရာရှိသောအဘိညာဉ်ဖြင့် တွေ့ထိ (သိမြင်) နိုင်၏။ ဇမ္ဗူဒိပ်ကျွန်းကိုလည်းကောင်း၊ အရှေ့ ကျွန်းကိုလည်းကောင်း၊ မြေလျှင် အိပ်ရာရှိကုန်သော အနောက်ကျွန်း မြောက်ကျွန်းသားတို့ကိုလည်းကောင်း တွေ့ထိ (သိမြင်) နိုင်၏။

၁၂၁၂။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော အကြင်ရဟန်းသည် ထိုအခြင်းအရာကို (မျက် မှောက်) သိ၏၊ မာရ်နတ် သင်သည် ထိုသို့သဘောရှိသော အဂ္ဂသာဝကရဟန်းကို ထိပါး ပုတ်ခတ်သောကြောင့် (ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော) ဆင်းရဲကို ရလတ္တံ့သတည်း။

၁၂၁၃။ ငါသည် မိုက်သောသူကိုလောင်စေအံ့ဟု မီးက (လောင်ခြင်းငှါ) လုံ့လမပြု၊ သူမိုက်ကအလျှံပြောင်ပြောင် တောက်သော မီးကို ထိခိုက်သောကြောင့် သာ ထိုလူမိုက်ကိုလောင်စေ၏။

၁၂၁၄။ မာရ်နတ် ဤအတူသာလျှင် (ငါတို့သည် မထိခိုက် မညှဉ်းဆဲလိုကုန်)၊ သင်သည် သာ 'မီးကိုထိပါးမိသော လူမိုက်ကဲ့သို့' အရိယာတပည့်ရဟန်းကို ထိခိုက်၍ မိမိကိုယ်တိုင်လောင်စေလတ္တံ့။

၁၂၁၅။ မာရ်နတ်သည် မီးနှင့်တူသော အရိယာတပည့်ရဟန်းကို ထိပါးမိသောကြောင့် မကောင်းမှုကို ရ၏၊ မာရ်နတ် မကောင်းမှုသည် ငါ့အား အကျိုးမပေးဟု သင် ထင်မှတ် သလော။

၁၂၁၆။ မာရ်နတ် မကောင်းမှုကို ပြုသော သင်သည် မကောင်းမှုကို ကြာမြင့်စွာသော ကာလပတ်လုံး ပွါးစေအပ်၏၊ မာရ်နတ် သစ္စာလေးပါးကို သိသော ရဟန်းထံမှ ထွက်ခွာ ရှောင်လွဲလေလော့၊ ရဟန်းတို့ကို (ခြုတ်ခြယ်အံ့ ညှဉ်းဆဲအံ့ဟူသော) အလိုအာသာကို မပြု လေလင့်။

၁၂၁၇။ ဤသို့ (အသျှင်မဟာမောဂ္ဂလ္လာန်) ရဟန်းသည် ဘေသကဠာမည်သော တော၌ မာရ်နတ်ကိုခြိမ်းခြောက်၏၊ ယင်းသို့ ခြိမ်းခြောက်ခြင်းကြောင့် ထိုမာရ်နတ်သည် နှးလုံး မသာယာသည်ဖြစ်၍ ထိုအရပ်၌သာ ကွယ်ပျောက်လေ၏။

ဤသို့လျှင် အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ရွတ်ဆို၏။

သဋ္ဌိနိပါတ် ပြီး၏။

၁။ အသျှင်သာရိပုတ္တရာ၏တူ မိစ္ဆာတိတ္ထိဖြစ်သော ပုဏ္ဏား။

၂၁-မဟာနိပါတ်

၁-ဝင်္ဂိသတ္ထေရဂါထာ

ဝင်္ဂိသကပုဏ္ဏားသည် ဆဝသီသမနံ္တဖြင့် သုံးနှစ်ပြည့်ကြာပြီးသော လူ့ခေါင်းရိုးကို ခေါက်၍ လားရာဂတိကိုပြောနိုင်၏။

ဤနည်းဖြင့် လှည့်လည်ဟောပြောနေစဉ် ဘုရားရှင်ထံ ရောက်၍ ပရိနိဗ္ဗာန်စံသွားသူ၏ ခေါင်းရိုးကို မနံ္တဖြင့်ခေါက်၍ မသိနိုင်မှ ထိုပညာကို စွန့်ကာ ဘုရားရှင်ထံတွင် ရဟန်းပြု၏။ ဝင်္ဂိသမထေရ်သည် ဝိပဿနာပွါး၍ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ဘုရားရှင်အား ဥပမာအမျိုးမျိုးဖြင့် ချီးကျူးရွတ်ဆိုသော ဂါထာများ, ထိုမထေရ်၏ အရဟတ္တဖိုလ်ရပြီးမှရှေ့နောက်အခါတို့၌ ထိုထိုစိတ်ဖြစ်ပုံကို အစွဲပြု၍ မထေရ်ကို ရည်စူးလျက် သျှင်အာနန္ဒာ အစရှိသောမထေရ်တို့ ရွတ်ဆိုသော ဂါထာများ။

၁၂၁၈။ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုသော ငါ့ကို (ကာမဝိတက်စသော ယုတ်မာသော) ဝိတက်တို့သည် ကပ်ရောက်ကုန်၏၊ မည်းညစ်သောအားဖြင့် ကြမ်းတမ်းကုန် သောဤကာမဝိတက်တို့သည် (အရှက်မရှိလေကုန်စွတကား)။

၁၂၁၉။ (ဆရာအထံ၌) သင်အပ်ပြီးသော လေးအတတ်ရှိကုန်သော၊ အတင်ခက်သော၊ ဗိုလ်ချိန်နှစ်ထောင်အားကို ဆောင်သည့် လေးကို တင်နိုင်ကုန်သော၊ စစ်မြေပြင်ဝယ် ထွက် ပြေးလေ့မရှိကုန်သော ထင်ရှားသော လေးသမားအထောင်တို့သည် ငါ့ကို ထက်ဝန်းကျင်မှ မြားတို့ဖြင့် ပစ်ကုန်ရာ၏။

၁၂၂ဝ။ ဤမျှအတိုင်း အရှည်ရှိကုန်သော ထို့ထက် အပိုလွန်သော်လည်းဖြစ်ကုန်သော မိန်းမတို့သည် အကယ်လာကြလိမ့်မည် ဖြစ်စေကာမူ ငါ့ကို ညှဉ်းဆဲနိုင်ကြလိမ့်မည် မဟုတ်ကုန်၊ ငါသည်ကား မိမိဥစ္စာဖြစ်သော မဂ်ဖိုလ်တရား၌ တည်ပြီးသူ ဖြစ်၏။

၁၂၂၁။ ငါသည် နေမင်း၏ အဆွေတော်ဖြစ်တော်မူသော မြတ်စွာဘုရား၏ မျက်မှောက် တော်မှနိဗ္ဗာန်ရောက်ကြောင်းဖြစ်သော (ဝိပဿနာ) ဤခရီးကို ကြားနာရဖူး၏၊ ထိုနိဗ္ဗာန် ရောက်ကြောင်း (ဝိပဿနာ) ခရီး၌ ငါ၏ စိတ်သည် မွေ့လျော်ပျော်ပိုက်၏။

၁၂၂၂။ မာရ်ယုတ် ဤဆိုခဲ့ပြီးသော (ဝိပဿနာ) ခရီးဖြင့်သာလျှင် နေသော ငါ့ကို အကယ် ၍ သင်ချဉ်းကပ်ခဲ့မူ (ငါ၏) ခရီးကို အကြင်အခြင်းအရာအားဖြင့် (ပြုလုပ်သည်ရှိသော်) သင် မမြင်နိုင်၊ ထိုအခြင်းအရာအားဖြင့် သေခြင်းအဆုံးကို ငါ ပြုအံ့။

၁၂၂၃။ မမွေ့လျော်ခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း ပယ်စွန့်၍သားမယားစသည်နှင့် စပ်ယှဉ်သော မိစ္ဆာဝိတက်ကို အကြွင်းမဲ့ ပယ်စွန့်ပြီးလျှင် တစ်စုံတစ်ခု သောအာရုံ၌ တပ်မက်မှု တဏှာကို မပြုရာ။ အကြင်သူသည် တပ်မက်မှု မရှိ၊ နှစ်သက်မှု မရှိ၊ ထိုသူသည်ဘိက္ခုမည်၏။

၁၂၂၄။ ဤလောက၌ အလုံးစုံသော မြေ၌တည်သော အရာဝတ္ထုသည်လည်းကောင်း၊ ကောင်းကင်၌တည်သော အရာဝတ္ထုသည်လည်းကောင်း၊ ရုပ်သဘောသည်လည်းကောင်း၊ ဘဝ သုံးပါး၌အကျုံးဝင်သော သင်္ခတတရားသည်လည်းကောင်း ဆွေးမြေ့တတ်၏။ ထိုဆွေးမြေ့ တတ်သောသဘောတရား အားလုံးသည် အမြဲ မရှိ၊

ဤသို့သိတတ်သော သဘောရှိသော ပညာရှိတို့သည် မဂ်ပညာဖြင့် ပိုင်းခြားသိကြကုန်၍ နေကြကုန်၏။

၁၂၂၅။ အန္ဓပုထုဇဉ်တို့သည် (ခန္ဓုပဓိစသော) ဥပဓိတို့၌ တပ်မက်သော စိတ်ရှိကုန်၏၊ မြင်အပ်သော ရူပါရုံ၌လည်းကောင်း၊ ကြားအပ်သော သဒ္ဒါရုံ၌လည်းကောင်း၊ တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း၊ နမ်းအပ်သော ဂန္ဓာရုံ၌လည်းကောင်း၊ လျက်အပ်သော ရသာရုံ၌လည်းကောင်း (အထူအားဖြင့်) ဤ (ကာမဂုဏူပဓိ) ၌ အလိုဆန္ဒကို ပယ်ဖျောက်သော တဏှာတည်းဟူသော မြူကင်းသူဖြစ်ပါလော့။ အကြင်သူသည် ဤကာမဂုဏ်ငါးပါး၌ (တဏှာ ဟူ သော လမိး ကျြံခင်း ဖြင)့် လမိး ကျြံခင်း မရှိ၊ ထိုပုဂ္ဂိုလ်ကို မုနိဟူ၍ (ပညာရှိတို့) ဆိုကုန်၏။

၁၂၂၆။ မိစ္ဆာဝိတက်ရှိသူ အချို့တို့သည် ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူကို မှီကုန် လျက်ဓမ္မသဘောမှ ကင်းကုန်သည်ဖြစ်၍ ပုထုဇဉ်အဖြစ်၌ သက်ဝင်တည်ကုန်၏၊ အကြင်သူ သည်တစ်စုံတစ်ခုသောဝတ္ထု၌ (သဿတစသော) မိစ္ဆာအစုသို့ ရောက်သော အယူရှိသူ မဖြစ် ရာ၊ ရုန့်ရင်းကုန်သော မိစ္ဆာဝါဒတို့ကို ယူလေ့ရှိသူလည်း မဖြစ်ရာ၊ ထိုသူသည် ဘိက္ခုမည်၏။

၁၂၂၇။ ပညာရှိသော ကြာမြင့်စွာသော ကာလပတ်လုံး တည်ကြည်သော မာန်ထောင်မှု မရှိသော ရင့်ကျက်သော ပညာရှိသော တပ်မက်မှု 'တဏှာ' ကင်းသော ရဟန်းသည် ငြိမ်းအေး သော နိဗ္ဗာန်ကိုရ၏၊ (အာရုံပြုသည်၏ အစွမ်းဖြင့်) နိဗ္ဗာန်ကို စွဲ၍ (သဥပါဒိသေသနိဗ္ဗာန ဓာတ်ဖြင့်) ပရိနိဗ္ဗာန်ပြု၏၊ ထိုရဟန်းသည် (အနုပါဒိသေသနိဗ္ဗာန်အလို့ငှါ) အခါကာလကို ငံ့လင့်၏။

၁၂၂၈။ ဂေါတမ၁ (သေယျမာန်စသော ကိုးပါးသော) မာန်မာနကို ပယ်စွန့်လော့၊ မာန် မာန၏ဖြစ်ရာဌာနဖြစ်သော (အယောနိသောမနသိကာရ ခြံရံအပ်သော ) ဇာတ်စသည်ကို အကြွင်းမဲ့စွန့်လော့၊ ထိုသင်သည် မာန်မာန၏ အကြောင်း၌ တွေဝေခြင်းသို့ မရောက်သည်ဖြစ်၍ ကြာမြင့်စွာသောကာလပတ်လုံး နှလုံးမသာယာမှု ဖြစ်ခဲ့ရလေပြီ။

၁၂၂၉။ သူတစ်ပါးကျေးဇူးကို ချေဖျက်ခြင်းဖြင့် ချေဖျက်တတ်ကုန်သော သတ္တဝါတို့သည် မာန်မာနကဖျက်ဆီးအပ်သော ကြောင့် ငရဲသို့ ကျရောက်ကြရကုန်၏၊ မာန်မာန ဖျက်ဆီးအပ်ကုန်သည်ဖြစ်၍ ငရဲ၌ဖြစ်ကြရကုန်သော် လူတို့သည် ရှည်မြင့်စွာသော ကာလပတ်လုံး စိုးရိမ်ကြရကုန်၏။

၁၂၃ဝ။ မဂ်ဖြင့်အောင်အပ်ပြီးသော ကိလေသာရှိသော ကောင်းသော အကျင့်ရှိသော ရဟန်းသည်တစ်ရံတစ်ခါမျှ မပူဆွေးရ၊ (ပညာရှိတို့၏) ချီးမွမ်းခြင်းကိုလည်းကောင်း၊ (ကိုယ် စိတ်၌ဖြစ်သော) ချမ်းသာခြင်းကိုလည်းကောင်း ရရှိခံစားနိုင်၏။ မှန်သော သဘောရှိသော ထို သူကို တရားကိုမြင်သောသူဟူ၍ (ပညာရှိတို့) ဆိုကုန်၏။

၁၂၃၁။ ထို့ကြောင့် ဤလောက၌ ငြောင့်တံသင်းငါးပါးမှ ကင်းပြီးသော သမ္မပ္ပဓာန်လုံ့လ နှင့် ပြည့်စုံသောအထူးသဖြင့် စင်ကြယ်သော စိတ်ရှိသော ရဟန်းသည် နီဝရဏတရားတို့ကို ပယ်စွန့်၍ ကိုးပါးသောမာန်မာနကိုလည်း အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်စွန့်၍ အကြွင်းမဲ့ ငြိမ်းပြီးသောကိလေသာရှိသည်ဖြစ်၍ ဝိဇ္ဇာသုံးပါးဖြင့် ဘဝအဆုံးကို ပြုတတ်၏ (ဟု မိမိကိုယ် ကို ဆုံးမ၏)။

၁၂၃၂။ (အရှင်ဘုရား အာနန္ဒာ တပည့်တော်သည်) ကာမရာဂဖြင့် ပူလောင်နေပါ၏၊ အကျွန်ုပ်၏စိတ်သည် ကာမရာဂဖြင့် အဖန်တလဲလဲလောင်မြိုက်နေပါ၏၊ ဂေါတမအနွယ်ဖြစ် သော အရှင်ဘုရားတောင်းပန်ပါ၏၊ အကျွန်ုပ်အား သနားသဖြင့် (ရာဂအပူ) ငြိမ်းအေး ကြောင်းဖြစ်သော အဆုံးအမသြဝါဒကိုဟောကြားတော်မူပါလော့ (ဟု ဝင်္ဂိသက လျှောက်၏)။

၁၂၃၃။ (အသုဘ၌ သုဘဟုဖြစ်သော ဖောက်ပြန်စွာ စွဲယူမှု) အမှတ်သညာ၏ ဖောက်ပြန်ခြင်းကြောင့်သင်၏ စိတ်သည် ပူလောင်နေ၏၊ ရာဂပွါးကြောင်းဖြစ်သော သုဘနိမိတ်ကို ပယ် စွန့်လော့။

၁၂၃၄။ အသုဘကို အဖန်တလဲလဲ ရှုခြင်းဖြင့် စိတ်ကို တစ်ခုတည်းသော အာရုံရှိအောင် ကောင်းစွာတည်ကြည်သည်ကို ပြု၍ ပွါးများလေလော့၊ သင့်အား သုံးဆယ့်နှစ်ကောဋ္ဌာသ ကိုယ်အစု၌သတိဖြစ်လေလော့၊ အလုံးစုံသော အတ္တဘော၌ ငြီးငွေ့မှုတရား များပြားသည် ဖြစ်ပါစေလော့။

၁၂၃၅။ အကြောင်းနိမိတ်ကင်းမှု (အနိမိတ္တာနုပဿနာ) ကိုလည်း ပွါးများလေလော့၊ မာနာနုသယကိုပယ်စွန်လော့၊ ယင်းသို့ မာနကို ပယ်ခြင်းကြောင့် (ရာဂစသည်တို့) ငြိမ်း သည်ဖြစ်၍ နေရလတ္တံ့ (ဟုအသျှင်အာနန္ဒာက မိန့်၏)။

၁၂၃၆။ အကြင်စကားဖြင့် မိမိကိုယ်ကို မပူပန် မနှိပ်စက်ရာ၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းဆဲမနှိပ်စက်ရာ၊ ထိုစကားသည်သာ ကောင်းစွာ ဆိုအပ်သော စကားမည်၏၊ ထို စကားကိုသာပြောဆိုရာ၏။

၁၂၃၇။ ချစ်ဖွယ်သော စကားကိုသာလျှင် ဆိုရာ၏၊ အကြင်စကားသည် နှစ်လိုဖွယ် ဖြစ်၏၊ ထိုစကားကိုသာ ဆိုရာ၏၊ သူတစ်ပါးတို့အား ပြောဆိုသည်ရှိသော် သူ မနှစ်မြို့ဖွယ် ယုတ်ညံ့သောစကားတို့ကို မယူမူ၍ ချစ်ဖွယ်သော စကားကို ပြောဆိုရာ၏။

၁၂၃၈။ မှန်သော စကားသည် စင်စစ် အမြိုက်သုဓာဘုတ်နှင့် တူ၏၊ ဤမှန်သော စကား ကိုပြောဆိုခြင်းသဘောသည် ရှေးသူဟောင်းတို့ ထုံးဟောင်းတံထွာ ဖြစ်၏၊ သူတော်ကောင်း တို့သည့် မှန်သော စကား၌လည်းကောင်း၊ အကျိုးတရား၌လည်းကောင်း၊ အကြောင်းတရား၌လည်းကောင်းတည်ကုန်၏ဟု ဆိုကြကုန်ပြီ။

၁၂၃၉။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ဝဋ်ဆင်းရဲအဆုံးကို ပြုခြင်းငှါ ဘေး မရှိသောအကြင်စကားကို ဆိုတော်မူ၏၊ ထိုစကားသည် စကားတကာတို့ထက် လွန်မြတ်၏။

၁၂၄ဝ။ နက်နဲသော ပညာလည်းရှိတော်မူသော, အကျိုးအကြောင်းကို သိသော ပညာရှိ သော, အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာတော်မူသော, (သာဝကပါရမီဉာဏ်တို့၏ အထွတ်အထိပ်သို့ရောက်သဖြင့်) ကြီးမြတ်သော ပညာလည်းရှိသော အသျှင်သာရိပုတ္တရာသည် ရဟန်းတို့အားတရားဟောတော်မူ၏။

၁၂၄၁။ (ထိုအသျှင်သာရိပုတ္တရာသည်) တရားကို အကျဉ်းအားဖြင့်လည်း ဟောတော်မူ၏၊ အကျယ်အားဖြင့်လည်း ဟောတော်မူ၏၊ 'သာလိကာ၏ သာယာစွာ ကြွေးကြော်သံကဲ့သို့'အသျှင်သာရိပုတ္တရာ၏ (သာယာသော) အသံသည် ဖြစ်ပေါ်လာ၏၊ (သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့) အဆင့်ဆင့်အဆုံးမရှိသော ဉာဏ်ပဋိဘာန်ထင်လာ၏။

၁၂၄၂။ ရဟန်းတို့သည် ထိုတရားကို ဟောသော ထိုအသျှင်သာရိပုတ္တရာ၏ သာယာ စွာသော အသံကိုနာကြားရကုန်၏၊ တပ်နှစ်သက်ဖွယ်ရှိသော နာပျော်ဖွယ်ရှိသော သာယာ သော အသံကြောင့်တက်ကြွသော စိတ်ရှိကုန်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်လျက် နားထောင်ကြကုန်၏။

၁၂၄၃။ ယနေ့ တစ်ဆယ့်ငါးရက်မြောက်သော ဥပုသ်နေ့၌ သံယောဇဉ်အနှောင်အဖွဲ့ကို ဖြတ်၍တည်ကုန်သော ဆင်းရဲမရှိကုန်သော တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိကုန်သော ရဟန္တာတို့ချည်းဖြစ်ကုန်သော ရဟန်းငါးရာတို့သည် စင်ကြယ်သော ဝိသုဒ္ဓိပဝါရဏာ ပြုခြင်း အကျိုးငှါ အညီအညွတ်စည်းဝေးရောက်လာကြကုန်၏။

၁၂၄၄-၄၅။ စကြဝတေးမင်းသည် အမတ်အပေါင်း ခြံရံလျက် ပတ်ဝန်းကျင် သမုဒ္ဒရာ အဆုံးရှိသောဤမြေပြင်ကို အစဉ်လှည့်လည်သကဲ့သို့ ထိုအတူ ကိလေသာဟူသော စစ်မြေ အရပ်ကို အောင်ပြီးသောယာဉ်မှူးသဖွယ် ဖြစ်တော်မူသော အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရားကို သေခြင်းတရားပယ်ကုန်ပြီးသော ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်သော တပည့် သာဝကတို့သည် ဆည်းကပ်ကြကုန်၏။

၁၂၄၆။ အလုံးစုံသော ရဟန္တာငါးရာတို့သည် မြတ်စွာဘုရား၏ သားတော်များ ဖြစ်ကြကုန်၏၊

ဤရဟန္တာငါးရာအပေါင်း၌ အချည်းနှီး (သီလကင်းသော) ရဟန်းမရှိ၊ တဏှာတည်းဟူသော ငြောင့်ကိုနုတ်ပယ်တော်မူတတ်သော နေမင်းအဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား ကို အကျွန်ုပ် ရှိခိုးပါ၏။

၁၂၄၇။ တစ်ထောင်မကသော ရဟန်းတို့သည် ကိလေသာမြူ ကင်းသည်ဖြစ်၍ တစ်စုံ တစ်ခုမျှဘေးမခသည့် နိဗ္ဗာန်နှင့် စပ်သောတရားကို ဟောတော်မူသော မြတ်စွာဘုရားကို ဆည်းကပ်ကြကုန်၏။

၁၂၄၈။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော အညစ်အကြေး ကင်းသောတရားတော်ကို နာကြကုန်၏၊ ရဟန်းအပေါင်း ခြံရံအပ်သော မြတ်စွာဘုရားသည် တင့်တယ်ပါပေစွတကား။

၁၂၄၉။ မြတ်စွာဘုရား အရှင်ဘုရားသည် (မကောင်းမှုကို ပြုတော်မမူတတ်သောကြောင့် ) နာဂအမည်ရှိတော်မူပါ၏၊ ဝိပဿီစသောဘုရား (ဣသိ) တို့၏ ခုနစ်ဆူမြောက်ဘုရား (ဣသိ) ဖြစ်တော်မူသော အရှင်ဘုရားသည် မိုးကြီးကဲ့သို့ ဖြစ်၍ တပည့်သာဝကတို့အား (တရားတည်းဟူသောမိုးကို) ရွာသွန်းတော်မူ၏။

၁၂၅ဝ။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ တပည့်သာဝက ဝင်္ဂိသသည်မြတ်စွာဘုရားကို ဖူးမြင်လိုသောကြောင့် နေ့သန့်စင်ရာမှ ထွက်ခဲ့၍ အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏။

၁၂၅၁။ (အကြင်မြတ်စွာဘုရားသည် ) မာရ်မင်း၏ ကိလေသာဖြစ်ခြင်း၏ အကြောင်းကို လွှမ်းမိုး၍ (ရာဂအစရှိသော) တံသင်းတို့ကို ဖျက်ဆီးလျက် ကြွသွားတော်မူ၏၊ အနှောင်အဖွဲ့မှ လွတ်ခြင်းကို ပြုတော်မူတတ်သော ရာဂစသည်ကို မမှီဘဲ (သတိပဋ္ဌာန်စသော) အဖို့အစုအား ဖြင့် ခွဲခြမ်းဝေဖန်၍ (ဟောတော်မူသော) ထိုမြတ်စွာဘုရားကို ရှုကြပါကုန်လော့။

၁၂၅၂။ မြတ်စွာဘုရားသည် သြဃလေးပါးမှ ထွက်မြောက်ခြင်းအကျိုးငှါ (သတိပဋ္ဌာန် စသည်တို့၏အစွမ်းဖြင့်) များသော အပြားရှိသော အကြောင်း (မဂ်) တရားကို ဟောတော်မူ၏၊ မြတ်စွာဘုရားဟောကြားတော်မူအပ်သော ထိုအမြိုက်နိဗ္ဗာန်၌ တရားကို ရှုမြင်လေ့ရှိကုန်သော သူတို့သည် တွန့်တိုခြင်းမရှိကုန်မူ၍ တည်ကုန်၏။

၁၂၅၃။ ထွန်းလင်းတောက်ပခြင်းကို ပြုတော်မူတတ်သော မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူပြီး၍အလုံးစုံသော ဒိဋ္ဌိဌာနတို့ကို လွန်မြောက်ရာ နိဗ္ဗာန်ကို မြင်တော်မူပြီ။ ထို မြတ်စွာဘုရားသည် မြတ်သောတရားကို သိမြင်ပြီး၍လည်းကောင်း၊ မျက်မှောက်ပြုပြီး၍လည်းကောင်း ပဉ္စဝဂ္ဂီတို့အားဟောကြားတော်မူ၏။

၁၂၅၄။ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် (မြတ်စွာဘုရားသည် ) တရားကို ကောင်းစွာဟောတော်မူသည်ရှိသော် တရားကို သိသော သူတို့အား အဘယ်မေ့လျော့ခြင်း ဖြစ်နိုင်ပါအံ့ နည်း၊ ထို့ကြောင့်ပင် ထိုမြတ်စွာဘုရား သာသနာတော်၌ ရှိခိုးလျက် အခါခပ်သိမ်း မမေ့ မလျော့ ကျင့်ရာ၏။

၁၂၅၅။ မြဲမြံသော လုံ့လရှိသော အကြင်ကောဏ္ဍညမထေရ်သည် ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဝိဝေကသုံးပါးတို့ကို အမြဲမပြတ် ရခြင်းရှိ၏၊ ထိုကောဏ္ဍညမထေရ်သည် (သာဝကအားလုံးတို့၏ရှေးဦးစွာ) မြတ်စွာဘုရားသို့ အတုလိုက်၍ သစ္စာလေးပါးကို သိတော် မူ၏။

၁၂၅၆။ မမေ့မလျော့ ကျင့်သော ထိုကောဏ္ဍညမထေရ်သည် မြတ်စွာဘုရား အဆုံးအမ အတိုင်းလိုက်နာပြုကျင့်လေ့ရှိသော တပည့်သာဝကတို့ ရောက်သင့် ရောက်ထိုက်သော တရား အားလုံးသို့အစဉ်ရောက်အပ်ပြီ။

၁၂၅၇။ ကြီးသော တန်ခိုးအာနုဘော်ရှိသော ဝိဇ္ဇာသုံးပါးနှင့်လည်း ပြည့်စုံသော စေတောပရိယအဘိညာဉ်၌လည်း လိမ္မာသော မြတ်စွာဘုရား၏ အမွေခံဖြစ်သော ကောဏ္ဍညမထေရ် သည်မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၏။

၁၂၅၈။ သေခြင်းကို ပယ်စွန့်ကုန်ပြီးသော ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်သော တပည့် သာဝကတို့သည် ဣသိဂိလိတောင်နံပါး (ကျောက်ညိုအပြင်) ၌ နေတော်မူသော ဝဋ်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) သို့ရောက်တော်မူသော မြတ်စွာဘုရားကို ဆည်းကပ်ကြကုန်၏။

၁၂၅၉။ တန်ခိုးကြီးသော အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုရဟန်းတို့၏ စိတ်ကို စုံစမ်းဆင်ခြင်သည်ရှိသော် (စေတောပရိယအဘိညာဉ်) ဖြင့် ဥပဓိအားလုံးတို့၏ ကင်းခြင်း ကိလေသာ မှလွတ်မြောက်ခြင်းကို အစဉ်အတိုင်း ပိုင်းခြား၍ သိ၏။

၁၂၆ဝ။ ဤသို့ဆိုအပ်ပြီးသည့်အတိုင်း အလုံးစုံသော အင်္ဂါတို့နှင့် ပြည့်စုံသော ဝဋ်ဆင်းရဲ အပေါင်း၏အဆုံး (နိဗ္ဗာန်) သို့ ရောက်တော်မူပြီးသော များသော ဂုဏ်အပေါင်းနှင့် ပြည့်စုံ တော်မူသောဂေါတမမြတ်စွာဘုရားကို (တပည့်သာဝကအပေါင်းတို့သည်) ဆည်းကပ်ကြကုန်၏။

၁၂၆၁။ တိမ်တိုက်ကင်းသော ကောင်းကင်၌ လပြည့်ဝန်းသည် တင့်တယ်သကဲ့သို့လည်းကောင်း၊ (တိမ်တိုက်စသော) အညစ်အကြေးကင်းသော နေမင်းသည် တင့်တယ်သကဲ့သို့လည်းကောင်းထို့အတူ သာလျှင် ကိုယ်တော်မှ ပြိုးပြိုးပြက်ထွက်သော အရောင်ရှိတော်မူသော မြတ်စွာဘုရားအရှင်ဘုရားသည် အခြံအရံဖြင့် အလုံးစုံသောလောကကို လွန်၍ တင့်တယ် တော်မူပါပေ၏။

၁၂၆၂။ ငါတို့သည် ရှေးအခါက ကဗျာဖွဲ့ခြင်းမျှ ရှိကုန်သည်ဖြစ်၍ တစ်ရွာမှ တစ်ရွာ တစ်မြို့မှ့တစ်မြို့သို့ သွားလာလှည့်လည်ကြရပါကုန်၏၊ ထိုစဉ်အခါဝယ် ခပ်သိမ်းသော တရားတို့၏အဆုံးတိုင်အောင် သိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပါကုန်ပြီ။

၁၂၆၃။ ဝဋ်ဆင်းရဲအပေါင်း၏ အဆုံးသို့ ရောက်တော်မူပြီးသော ထိုမြတ်စွာဘုရားသည် အကျွန်ုပ်အားတရားကို ဟောတော်မူပါ၏၊ (ဟောတော်မူသော) တရားတော်ကို ကြားနာရ သောကြောင့် (ရတနာသုံးပါးအပေါင်း၌) အကျွန်ုပ်တို့ ကြည်ညိုကြရပါကုန်၏။

၁၂၆၄။ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၏ တရားစကားကို ကြားနာရ၍ ခန္ဓာငါးပါးတို့ ကိုလည်းကောင်း၊ အာယတနတစ်ဆယ့်နှစ်ပါးတို့ကိုလည်းကောင်း၊ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကိုလည်းကောင်း၊ သိ၍အိမ်ရာမထောင် ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏။

၁၂၆၅။ အကြင်သတ္တဝါတို့သည် မြတ်စွာဘုရား အဆုံးအမတော်အတိုင်း လိုက်နာပြုကျင့် ကြကုန်၏၊ ထိုမိန်းမယောက်ျား သတ္တဝါအများတို့၏ အကျိုးငှါ ဘုရားရှင်တို့ ပွင့်တော်မူကြပေကုန်စွတကား။

၁၂၆၆။ အကြင်ရဟန်းယောက်ျား ရဟန်းမိန်းမတို့သည် မဖောက်ပြန်သော သဘောရှိ သည်ဖြစ်၍ မိမိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော မဂ်လေးပါးကို ရကုန်၏၊ ထိုရဟန်းယောက်ျားရဟန်းမိန်းမတို့၏ အကျိုးငှါ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ် ကို ရတော်မူပါပေသည်တကား။

၁၂၆၇-၈။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော နေမင်း၏ အဆွေတော်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့အား အစဉ်သနားတော်မူသဖြင့် ဒုက္ခသစ္စာ, ဒုက္ခ၏ဖြစ်ကြောင်း သမုဒယသစ္စာ, ဒုက္ခကိုလွန်မြောက်ရာ နိရောဓသစ္စာ, ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်းဖြစ်သော မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာဟူသော

ဤလေးပါးသော အရိယ သစ္စာတို့ကို ဟောတော်မူအပ်ကုန်၏။

၁၂၆၉။ ဤဒုက္ခသစ္စာစသော အရိယသစ္စာတို့သည် ဤသို့ ဒုက္ခစသော အပြားအားဖြင့်မဖောက်မပြန်ကုန်၊ ထိုအရိယသစ္စာတို့ကို မြတ်စွာဘုရားသည် အကြင်အခြင်းအရာအားဖြင့်ဟောတော်မူအပ်ကုန်၏၊ ထိုအခြင်းအရာအားဖြင့် ငါသည် မြင်အပ်ကုန်၏၊ ငါသည် အရဟတ္တဖိုလ်ဟူသော မိမိအကျိုးကို အစဉ်ရအပ်ပြီ၊ မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း လိုက်နာပြုကျင့်ပြီးပြီ။

၁၂၇ဝ။ မြတ်စွာဘုရား၏ အထံသို့ ငါ၏ လာခြင်းသည် ကောင်းသော လာခြင်း ဖြစ်လေ စွတကား၊ ခွဲခြမ်းစိတ်ဖြာ၍ ဟောတော်မူအပ်ကုန်သော တရားတို့တွင် အကြင်တရားသည် အထူးသဖြင့် ချီးမွမ်းအပ်၏၊ ထိုအထူးသဖြင့် ချီးမွမ်းအပ်သော မဂ်ဖိုလ်တရားသို့ ငါ ကပ်ရောက်ရပြီ။

၁၂၇၁။ ငါသည် အဘိညာဉ်တို့၏ အထွတ်အထိပ်သို့ ရောက်ပြီ၊ ဒိဗ္ဗသောတအဘိညာဉ်ကိုသုတ်သင်ပြီးပြီ၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံပြီ၊ ဣဒ္ဓိဝိဓအဘိညာဉ်သို့ ရောက်ပြီ၊ စေတောပရိယ အဘိညာဉ်၌လိမ္မာပြီ။

၁၂၇၂။ မယုတ်လျော့သော ပညာရှိတော်မူသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ ယခု ဘဝ၌ပင်တွေးတောမှု ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်ဖြတ်သူ ထင်ရှားသူ အခြံအရံများသူ ငြိမ်း အေးပြီးသော စိတ်ရှိသူအကြင်ရဟန်းသည် အဂ္ဂါဠဝစေတီ၌ စုတေရွေ့လျောခဲ့ပါပြီ။

၁၂၇၃။ မြတ်စွာဘုရား ဗြာဟ္မဏဖြစ်သော ထိုရဟန်း၏ အမည်ကို နိဂြောဓကပ္ပဟူ၍ အရှင်ဘုရားမှည့်ခေါ်ပါ၏၊ မြဲမြံသော သဘောရှိသော နိဗ္ဗာန်ကို မြင်တော်မူသော မြတ်စွာဘုရား နိဗ္ဗာန်ဝိမုတ္တိကိုတောင့်တ၍ ထက်သန်သော လုံ့လရှိသော ထိုနိဂြောဓကပ္ပရဟန်းသည် အရှင်ဘုရားကို ရှိခိုးလျက်လှည့်လည် သွားလာနေပါ၏။

၁၂၇၄။ သာကီဝင်မင်းမျိုးဖြစ်တော်မူသော ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့ အားလုံးသည်လည်း ထို (နိဂြောဓကပ္ပအမည် ရှိသော) သာဝကကို သိလိုပါကုန်၏၊ အကျွန်ုပ်တို့၏ နားတို့သည် နာကြားရန် ကောင်းစွာ တည်ပါကုန်၏၊ အရှင်ဘုရားသည် အကျွန်ုပ်တို့၏ ဆရာပါတည်း၊ အရှင်ဘုရားသည် အတုမရှိ မြတ်တော်မူပါပေ၏။

၁၂၇၅။ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့၏ ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ဖြတ်တော်မူပါ၊ ထိုနိဂြောဓကပ္ပ ပရိနိဗ္ဗာန်ပြုသည်ကို ဟောကြားသိစေ တော်မူဘိလော၊ ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရား 'မျက်စိတစ်ထောင်ရှိသောသိကြားမင်းသည် နတ်တို့ အလယ်၌ ပြောဆိုဘိသကဲ့သို့' အကျွန်ုပ်တို့ အလယ်၌ဟောကြားတော်မူပါလော့။

၁၂၇၆။ ဤခန္ဓာငါးပါးတည်းဟူသောလောက၌ တွေဝေမှု 'မောဟ'၏ လမ်းကြောင်း, မသိမှု 'အဝိဇ္ဇာ'၏အသင်းအပင်း, တွေးတောမှု 'ဝိစိကိစ္ဆာ'၏ တည်ရာ ဖြစ်ကြသည့် အထုံး အဖွဲ့'ဂန္ထ'ဟူသမျှအားလုံးတို့သည် မြတ်စွာဘုရားထံမှောက် ရောက်ကြကုန်သော် မဖြစ်ပေါ် တော့ကုန်၊ ဤဘုရားတည်းဟူသော စက္ခုသည် သတ္တဝါတို့၏ အမြတ်ဆုံး စက္ခုပါတည်း။

၁၂၇၇။ 'လေသည် တိမ်စိုင်တိမ်ခဲကို မဖျောက်လွှင့်နိုင်ခဲ့မူလောကအားလုံးသည် တိမ်တိုက်လွှမ်းသည်ဖြစ်၍ အမိုက်တိုက်သာလျှင် ဖြစ်ရာသကဲ့သို့' ယောက်ျားမြတ် ဖြစ်တော်မူသောမြတ်စွာဘုရားသည် ကိလေသာတို့ကို မဖြတ်ခဲ့မူလောကအားလုံးသည် စင်စစ် အမိုက်တုံးကြီး သာလျှင် ဖြစ်ရာ၏၊ ပညာရောင် ထွန်းပကုန်သော သူတို့သော်လည်း မထွန်းပနိုင်ကုန်ရာ။

၁၂၇၈။ ပညာရှိတို့သည် သာ ပညာအရောင်ကို ပြုတတ်သူတို့ ဖြစ်ပါကုန်၏၊ လုံ့လရှိတော် မူသောမြတ်စွာဘုရား အကျွန်ုပ်သည် အရှင်ဘုရားကို ပညာအရောင်ပြုတတ်သူ ပုဂ္ဂိုလ်ဟူ၍ သာလျှင် အောက်မေ့ပါ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို အထူးမြင်တတ်သူဟူ၍ သိကြကုန်သည်ဖြစ်၍ သာလျှင် ချဉ်းကပ်လာရောက်ကြပါကုန်၏၊ ထို့ကြောင့် ပရိသတ်အလယ်၌ အကျွန်ုပ်တို့အားနိဂြောဓကပ္ပမထေရ်ကို ထင်ရှားအောင် ပြတော်မူပါလော့။

၁၂၇၉။ သာယာဖွယ် အသံရှိတော်မူသော မြတ်စွာဘုရား သာယာဖွယ်ရှိသော စကားကို လျင်မြန်စွာမြွက်ဆိုတော်မူပါလော့၊ 'ဟင်္သာသည် လည်ကို မြှောက်၍ ဖြည်းညှင်းစွာ ကျူးရင့် သကဲ့သို့' ကောင်းစွာပြုပြင်အပ်သော လုံးသောအသံတော်ဖြင့် ကျူးရင့်တော်မူပါလော့၊ အလုံး စုံသော ထိုတပည့်တော်တို့သည် မပျံ့လွင့်သော စိတ်ရှိလျက် နာကြားပါကုန်အံ့။

၁၂၈ဝ။ ပဋိသန္ဓေနေမှု သေမှုကို အကြွင်းမဲ့ ပယ်တော်မူပြီးသော မြတ်စွာဘုရားကိုလျှောက်ထားတောင်းပန်ပြီးလျှင် (ကိလေသာကို) ဆေးကြောတတ်သော တရားကို ဟောကြား စေအံ့၊ ပုထုဇဉ်, သေက္ခ, အသေက္ခတို့သည် အလိုရှိရာကို ပြုလုပ်ပေးစွမ်းနိုင်မှု မရှိ၊ မြတ်စွာဘုရားတို့မူကားပညာဖြင့် နှိုင်းချိန်၍ ပြုနိုင်သည်သာ ဖြစ်၏။

၁၂၈၁။ မယုတ်လျော့သော ပညာရှိတော်မူသော မြတ်စွာဘုရား ကောင်းစွာ ဖြောင့်မတ် သောပညာရှိတော်မူသော မြတ်စွာဘုရားသည် (ကောင်းစွာ ဖြစ်စေအပ်သော ) အပြည့်အစုံဖြေကြားတော်မူအပ်သော ဤစကားတော်ကို ကောင်းစွာ သင်ယူအပ်ဖူးပါပြီ၊ နောက်တစ်ဖန်ဤလက်အုပ်ကို ကောင်းစွာ ညွတ်ကာ ရှိခိုးပါ၏၊ (နိဂြောဓကပ္ပ၏ လားရာဂတိကို) သိတော်မူ သောမြတ်စွာဘုရားသည် အကျွန်ုပ်တို့အား မတွေဝေပါစေလင့်။

၁၂၈၂။ မယုတ်လျော့သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား (လောကီလောကုတ္တရာ အားဖြင့်) မြတ်ထက် မြတ်ဖြစ်သော အရိယသစ္စာတရားကို ထိုးထွင်သိတော်မူပြီး၍ (ဉေ ယျဓံတရားအားလုံးကိုသိတော်မူသော) မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား မတွေဝေပါစေ လင့်၊ 'နွေအခါ၌နေပူနှိပ်စက်ခံရသော ယောက်ျားသည် ရေကို အလိုရှိသကဲ့သို့' အရှင် ဘုရား၏ စကားတော်ကိုအလိုရှိပါ၏၊ အကြားအမြင်သုတတည်းဟူသော ဒေသနာမိုးကို ရွာသွန်းတော်မူပါလော့။

၁၂၈၃။ အကြင်အကျင့်မြတ်ကို နိဂြောဓကပ္ပသည် လိုလိုချင်ချင် ကျင့်ပါ၏၊ ထို နိဂြောဓကပ္ပ၏ အကျင့်မြတ်သည် အချည်းနှီး မဖြစ်ဘဲ ရှိပါ၏လော၊ ထိုနိဂြောဓကပ္ပသည် ကိလေသာ အကြွင်းရှိသေးသည်ဖြစ်၍ ခန္ဓာချုပ်ငြိမ်းလေသလော၊ သို့မဟုတ် 'အချင်းခပ် သိမ်း ကိလေသာမှ လွတ်မြောက်ပြီးသူရဟန္တာကဲ့သို့' ပရိနိဗ္ဗာန်ပြုပါလေသလော၊ ထို နိဂြောဓကပ္ပ၏ အကြောင်းကို နာကြားလိုပါကုန်၏။

၁၂၈၄။ မြတ်စွာဘုရားသည် ဤသို့ဟောတော်မူ၏၊ ဤနာမ်ရုပ်နှစ်ပါး၌ ကဏှအမည်ရ သော မာရ်၏အလျဉ်ဖြစ်သော ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး အစဉ်မပြတ် ကိန်းအောင်း နေသော တဏှာကိုကပ္ပရဟန်းသည် အကြွင်းမဲ့ ဖြတ်ပြီ၊ ပဋိသန္ဓေနေခြင်း သေခြင်းမှ အကြွင်းမဲ့ ကူးမြောက်ပြီဟုပဉ္စဝဂ္ဂီတို့ထက် မြတ်သော မြတ်စွာဘုရား ဟောတော်မူ၏။

၁၂၈၅။ (ဝိပဿီအစရှိသော ဘုရားရှင်တို့တွင်) ခုနစ်ဆူမြောက် ဣသိဖြစ်တော်မူသော မြတ်စွာဘုရားအရှင်ဘုရား၏

ဤစကားတော်ကို ကြားနာရသောကြောင့် အရှင်ဘုရားအား အကျွန်ုပ် ကြည်ညိုလှပါ၏၊ စင်စစ် အကျွန်ုပ် မေးအပ်သော ပြဿနာသည် အချည်းနှီး မဟုတ်ပါ (အကျိုးရှိပါ၏)၊ ပုဏ္ဏားမျိုးကပ္ပသည် အကျွန်ုပ် အလိုကို မချွတ်ယွင်းစေပါ။

၁၂၈၆။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ပြောဆိုသည့်အတိုင်း ပြုလုပ်လေ့ရှိသူ ဖြစ်ပါ၏၊ မာယာများသော သေမင်း၏ ဝဋ်ဆင်းရဲကို ချဲ့တတ်သော မြဲမြံသော တဏှာကွန်ရက် ကိုဖြတ်တောက်လေပြီ။

၁၂၈၇။ မြတ်စွာဘုရား နိဂြောဓကပ္ပသည် ကံ ကိလေသာတို့ စွဲလမ်းအပ်သော ဝဋ်၏ အစကို မြင်လေပြီ၊ ကပ္ပမထေရ်သည် အလွန်ကူးမြောက်နိုင်ခဲသော သေခြင်း၏ တည်ရာဝဋ်ကို စင်စစ်လွန်မြောက်လေပြီတကား။

၁၂၈၈။ နတ်တကာတို့ထက် လွန်သော နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ် ရှိခိုးပါ၏၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသို့ အတုလိုက်၍ဖြစ်သော ကြီးသော လုံ့လရှိသော နာဂမည်တော်မူသော ဘုရား ရှင်၏ ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်၍ နာဂမည်သော ထိုနိဂြောဓကပ္ပကို ရှိခိုးပါ၏။

ဤသို့လျှင် အရှင်ဝင်္ဂိသမထေရ်သည် ဤဂါထာတို့ကို ရွတ်ဆို၏။

မဟာနိပါတ် ပြီး၏။

ထေရဂါထာပါဠိတော် မြန်မာပြန် ပြီး၏။






<< Home

This page is powered by Blogger. Isn't yours?

Subscribe to Posts [Atom]